ဗုဒ္ဓဘာသာဝင်တစ်ဦးကို သင်မည်သို့ပြောမည်နည်း
၁ နိုင်ငံအချို့တွင် နှစ်ခြင်းခံသည့်သူများထဲမှတစ်ဝက်ကျော်သည် ဗုဒ္ဓဘာသာနောက်ခံမှဖြစ်၏။ မည်သည့်အရာက ဤသူများကို သမ္မာတရားသို့ဆွဲဆောင်နေသနည်း။ ဗုဒ္ဓဘာသာဝင်တစ်ဦးကို သင် မည်သို့သတင်းကောင်းဟောပြောနိုင်သနည်း။
၂ စစ်မှန်သောစိတ်ဝင်စားမှုပြပါ– ယခင်ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ဖူးသူများစွာက သူတို့သည် လေးနက်သည့်ကျိုးကြောင်းဆင်ခြင်မှုကြောင့် သမ္မာတရားသို့ဆွဲဆောင်ခံခဲ့ရခြင်းမဟုတ်ဟု ဆိုကြသည်။ ယင်းအစား သူတို့အပြခံရသည့် စစ်မှန်သောပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုက သူတို့ကိုထိမိစေခဲ့သည်။ ယူနိုက်တက်စတိတ်တွင်နေထိုင်သော အာရှအမျိုးသမီးတစ်ဦးသည် မိမိထံလာလည်ပတ်သည့် ညီအစ်မ၏ဖော်ရွေမှုကြောင့် အလွန်စိတ်စွဲမှတ်သွားကာ သင်အံမှုကိုလက်ခံခဲ့သည်။ သူမသည် အင်္ဂလိပ်စကားကို ကောင်းကောင်းမပြောနိုင်သော်လည်း ညီအစ်မသည် စိတ်ရှည်သည်းခံခဲ့သည်။ အမျိုးသမီးသည် ပင်ပန်းနွမ်းလျပြီး သင်အံမှုမလုပ်နိုင်သည့်အခါ ညီအစ်မသည် ဖော်ဖော်ရွေရွေဖြင့် လည်ပတ်ရုံသာပြုပြီး နောက်တစ်ကြိမ်အတွက် စီစဉ်သည်။ နောက်ဆုံးတွင် အမျိုးသမီး၊ သူမ၏သားနှစ်ယောက်နှင့် သူမ၏အမေအိုတို့သည် နှစ်ခြင်းခံခဲ့ကြသည်။ သူမ၏မွေးရပ်ဌာနေသို့ပြန်ကာ အခြားသူများစွာအား သမ္မာတရားကိုသိရှိရန် ကူညီခဲ့သည်။ ယခု သူမ၏သားတစ်ယောက်သည် ဌာနခွဲရုံးတွင် အမှုဆောင်နေသည်။ ယေဟောဝါ၏ ’လူသားအပေါ်ထားရှိသည့် ကြင်နာမှုနှင့်မေတ္တာတော်’ ကိုရောင်ပြန်ဟပ်ခြင်းမှရရှိခဲ့သည့် ကောင်းချီးများပါတကား!—တိ. ၃:၄။
၃ ဗုဒ္ဓဘာသာအယူအဆ– ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် အခြားယူဆချက်များနှင့်ပတ်သက်၍ သဘောထားကြီးသော်လည်း သတ်သတ်မှတ်မှတ်ဖြစ်သော အယူဝါဒကိုစွဲကိုင်ရန် လိုအပ်သည်ဟု မယူမှတ်ကြချေ။ ထို့ကြောင့် သူတို့၏ယုံကြည်ချက်များသည် အမျိုးမျိုးကွဲပြားသည်။ ဗုဒ္ဓဘာသာသွန်သင်ချက်အခွဲတစ်ခုတွင် တူညီသောအဓိကအချက်တစ်ခုမှာ ဘဝသည် ဆင်းရဲဒုက္ခနှင့်ပြည့်လျက်ရှိသော်လည်း သဗ္ဗညုတဉာဏ်အလင်းအားဖြင့် လူတစ်ဦးသည် မနှစ်မြို့ဖွယ်ဘဝများသို့ ပြန်ဝင်စားသည့် အမျှင်မပြတ်သောသံသရာကို ရပ်စဲစေနိုင်သည်ဟူ၍ဖြစ်၏။ လူတစ်ဦးသည် ဤသံသရာမှလွတ်မြောက်ရန် နိဗ္ဗာန်သို့ရောက်ရမည်ဟုဆိုကြသည်၊ ယင်းနိဗ္ဗာန်သည် နေရာဒေသတစ်ခု သို့မဟုတ် အဖြစ်အပျက်တစ်ခုမဟုတ်ဘဲ ဝေဒနာခံခြင်းနှင့် မကောင်းမှုဒုစရိုက်မရှိသည့် ဟင်းလင်းပြင်ဖြစ်သောကြောင့် မဖော်ပြနိုင်သည့်အခြေအနေတစ်ခုဖြစ်၏။ (ကျွန်ုပ်တို့သေသောအခါ မည်သို့ဖြစ်သွားသနည်း၊ စာမျက်နှာ ၉-၁၀ [လိပ်] ရှု။) ယင်းက ကျွန်ုပ်တို့ကို ဘာပြောသနည်း။ ဗုဒ္ဓဘာသာအတွေးအခေါ်နှင့်ပတ်သက်၍ အချေအတင်ငြင်းခုံပြောဆိုမှုများတွင် လူတို့ကိုပါဝင်စေခြင်းသည် မလိုလားဖွယ်သောရလဒ်ကို ဖြစ်စေမည်ဟူ၍ဖြစ်သည်။ ယင်းအစား အားလုံးနှင့်သက်ဆိုင်သည့် တူညီသောပြဿနာများကို ဆွေးနွေးပါ။
၄ နှစ်ဦးနှစ်ဖက်စိတ်ဝင်စားရာများကို အလေးပေးတင်ပြပါ– ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် မြေကြီးအသက်တာကို ဒုက္ခဆင်းရဲနှင့်တန်းတူထားသောကြောင့် မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ခြင်းအယူအဆသည် သဘာဝမကျဟူ၍ သူတို့သဘောထားပေမည်။ သို့တိုင် ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်သောမိသားစုဘဝကိုမွေ့လျော်ရန်၊ ဆင်းရဲဒုက္ခဖယ်ရှားခံရသည်ကိုတွေ့မြင်ရန်နှင့် ဘဝ၏အဓိပ္ပာယ်ကိုသိရှိရန်ဆန္ဒရှိကြသည်။ ထိုကဲ့သို့သော နှစ်ဦးနှစ်ဖက်လိုအပ်ရာများကို မည်သို့ပေါ်လွင်စွာတင်ပြနိုင်သည်ကို သတိပြုပါ။
၅ ဤနိဒါန်းကို သင်စမ်းကြည့်နိုင်သည်–
▪ “အပြစ်မဲ့တဲ့လူသားများစွာ ဒုက္ခခံနေရတဲ့လောကထဲမှာ ယနေ့ ကျွန်တော်တို့အသက်ရှင်နေရပါတယ်။ လူအားလုံးအတွက် ဝေဒနာခံစားရခြင်းနဲ့ စိတ်ဆင်းရဲမှုကို အဆုံးတိုင်စေဖို့ ဘယ်အရာလိုမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့အတွက် အလွန်နှစ်သိမ့်မှုဖြစ်စေတဲ့ ရှေးကတိတော်တစ်ခုရှိတယ်။ [ဗျာဒိတ် ၂၁:၄ ဖတ်။] အမှန်တော့ အဲဒီအချိန်ရောက်မလာသေးပေမဲ့ ရောက်လာတဲ့အခါ ကျွန်တော်တို့တွေ့မြင်ချင်ကြတယ်မဟုတ်လား။” ထို့နောက် ဆင်းရဲဒုက္ခ မည်သို့အဆုံးတိုင်မည်ကို ရှင်းပြသည့်စာပေတစ်ခုကို ဝေငှပါ။
၆ သက်ကြီးရွယ်အိုတစ်ဦးကို သင် ဤသို့ပြောနိုင်သည်–
▪ “လက်ရှိသိမ်ဖျင်းတဲ့အယူအဆတွေရဲ့လွှမ်းမိုးမှုနဲ့ အဲဒါတွေကြောင့် ကျွန်တော်တို့ရဲ့သားသမီးတွေအပေါ် သက်ရောက်နေတဲ့အကျိုးဆက်နဲ့ပတ်သက်ပြီး ကျွန်တော့်လိုပဲ မိတ်ဆွေလည်း စိုးရိမ်မကင်းဖြစ်မှာပါ။ လူငယ်တွေရဲ့အလယ်မှာ အဲဒီလိုမျိုး စာရိတ္တယိုယွင်းမှု ဘာကြောင့်တိုးများနေရသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] မွတ်စလင်၊ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာတွေကို မတည်ထောင်မီ ကြာမြင့်စွာကတည်းက စတင်ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ထဲမှာ အဲဒါကို ကြိုဟောထားတယ်ဆိုတာ မိတ်ဆွေသိသလား။ [၂ တိမောသေ ၃:၁-၃ ဖတ်။] အသိပညာအဆက်မပြတ်တိုးပွားနေတဲ့ကြားက ဒီအခြေအနေတွေဖြစ်ပျက်နေတာကို သတိပြုပါ။ [အခန်းငယ် ၇ ကိုဖတ်ပါ။] လူအများစု ဘယ်တုန်းကမှမသိကြတဲ့အမှန်တရားကို နားလည်ဖို့ ဒီစာအုပ်က ကျွန်တော့်ကိုကူညီပေးခဲ့ပါတယ်။ မိတ်ဆွေလည်းဖတ်ချင်ပါသလား။” သင့်လျော်သည့်စာအုပ် သို့မဟုတ် ဘရိုရှာတစ်အုပ်ကို ဝေငှပါ။
၇ ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် သမ္မာကျမ်းစာကို မြင့်မြတ်သောစာပေကျမ်းဂန်တစ်ဆူအဖြစ် လေးစားကြသည်။ ထို့ကြောင့် ယင်းမှ တိုက်ရိုက်ဖတ်ပြပါ။ (ဟေဗြဲ ၄:၁၂) ထိုသူသည် အနောက်တိုင်းယဉ်ကျေးမှု၏သြဇာလွှမ်းမိုးမှုနှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်လျှင် သမ္မာကျမ်းစာကိုရေးသူအားလုံးသည် အာရှတိုက်သားများဖြစ်ကြောင်း ပြောပြပါ။
၈ မည်သည့်စာအုပ်များသည် အထိရောက်ဆုံးဖြစ်သနည်း။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များအတွက်ထုတ်ဝေသည့်ဆင်းရဲဒုက္ခတစ်နေ့နေ့အဆုံးတိုင်မည်လော [လိပ်] ဝေစာကို တရုတ်၊ ဂျပန်၊ စင်ဟာလီနှင့် ထိုင်းဘာသာစကားတို့ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထို့အပြင် ကြေညာသူများစွာသည် အောက်ပါစာပေများကို အောင်မြင်စွာအသုံးပြုခဲ့ကြသည်– ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်]၊ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် [လိပ်] နှင့် လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်; “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” နှင့် ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်းဘရိုရှာ; နှင့် ရှိဦးမည်ဆိုလျှင် နိုင်ငံတော်သတင်းနံပါတ် ၃၅၊ လူခပ်သိမ်းတို့တစ်ဦးကိုတစ်ဦးချစ်ခင်ကြပါဦးမည်လော။ ယခု သမ္မာတရားကိုလေ့လာနေသော ဗုဒ္ဓဘာသာအများစုသည် တောင်းဆိုဘရိုရှာကို ဦးဆုံးလေ့လာကာ ယင်းနောက်တွင် အသိပညာစာအုပ်ကိုလေ့လာကြသည်။
၉ ဗုဒ္ဓဘာသာသာသနာပြုများသည် အေသင်မြို့တွင် ပေါလုမဟောပြောမီ အနှစ် ၄၀၀ နီးပါးကရောက်ခဲ့ကြသည်ဟုဆိုသော်လည်း ဗုဒ္ဓဘာသာအတွေးအခေါ်လွှမ်းမိုးခံရသူတစ်ဦးကို သူ တွေ့ခဲ့ဖူးသည်၊ မတွေ့ခဲ့ဖူးသည်ဆိုသည်မှာ မသေချာပေ။ သို့သော် လူအပေါင်းကိုသက်သေခံခြင်းနှင့်ပတ်သက်၍ ပေါလုမည်သို့ယူမှတ်ခဲ့သည်ကို ကျွန်ုပ်တို့သိကြသည်။ သူသည် “အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်” ရန်မိမိကိုယ်ကို “လူတကာတို့၏ကျွန်” ဖြစ်စေခဲ့သည်။ (၁ ကော. ၉:၁၉-၂၃) ကျွန်ုပ်တို့သည်လည်း လူတို့ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်း၊ တွေ့သည့်လူတိုင်းကိုသက်သေခံစဉ် ကျွန်ုပ်တို့စွဲကိုင်ထားသည့် တူညီသောမျှော်လင့်ချက်ကို အလေးအနက်ဖော်ပြခြင်းတို့ဖြင့် အလားတူပြုလုပ်နိုင်ပါသည်။