ရှေ့ဆောင်လုပ်ရန် သင့်အတွက် ယခုလမ်းပွင့်ပြီလော
ပန်းတိုင်– မှန်မှန်ရှေ့ဆောင်၁၂၅ ယောက်!
၁ ၁၉၉၉ နှစ်ချုပ်ကျမ်းချက်က ကျွန်ုပ်တို့သည် ယေဟောဝါ၏ “ကယ်တင်ရာနေ့ရက်” အတွင်း၌ပင် ရှိနေသေးကြောင်း သတိပေး၏။ (၂ ကော. ၆:၂) သို့သော် ကိုယ်တော်၏ကယ်တင်ရာနေ့ရက်သည် မကြာမီကုန်ဆုံးတော့မည်။ ၎င်းနောက် ကိုယ်တော်၏ ‘တရားစီရင်ရာနေ့’ စတင်မည်ဖြစ်သည်။ (၂ ပေ. ၂:၉၊ ၁၀) ယေဟောဝါသည် လူသားတို့အား ကယ်တင်ခြင်းအခွင့်အရေးကို ဆက်၍ကမ်းလှမ်းပေးစဉ် တုံ့ပြန်သူအရေအတွက် အစဉ်တိုးများလာနေသည်ကို တွေ့မြင်ရခြင်းအတွက် မည်မျှပီတိဖြစ်စရာပါတကား!
၂ ယေဟောဝါ၏လူမျိုးသည် တုံ့ပြန်ရန်အသင့်ရှိသူများထံ နောက်မကျမီရောက်ရှိရန်စိန်ခေါ်ချက်ကို ရင်ဆိုင်ကြရသည်။ နိုင်ငံတော်ကြေညာသူများစွာအတွက် ယင်းသည် ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ရှေ့ဆောင်လုပ်ရန် သင့်အတွက် ယခုလမ်းပွင့်ပြီလော။ ကျွန်ုပ်တို့ အဘယ်ကြောင့်မေးရသနည်း။
၃ ဖွင့်ဟဖော်ပြခဲ့ကြသည့် ကျေးဇူးတင်လေးမြတ်မှု– ဇန်နဝါရီ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင်ကြေညာခဲ့သည့်အတိုင်း မှန်မှန်နှင့်အရန်ရှေ့ဆောင်နှစ်ခုစလုံးအတွက် တောင်းဆိုသည့်နာရီကို လျှော့ပေးထားပါသည်။ တောင်းဆိုချက်အသစ်ကိုပြည့်မီရန် မှန်မှန်ရှေ့ဆောင်များသည် လုပ်ငန်းတော်နှစ်တစ်နှစ်လျှင် စုစုပေါင်းနာရီ ၈၄၀ အတွက် ဓမ္မအမှုတွင် လစဉ် နာရီ ၇၀ အသုံးပြုရန်လိုသည်။ အရန်ရှေ့ဆောင်များမူ လုပ်ငန်းတော်တွင် လစဉ် နာရီ ၅၀ အသုံးပြုရပါမည်။ ဤပြုပြင်မှုများ၏ရလဒ်အနေနှင့် ရရှိခဲ့သည့်ကျေးဇူးတင်လေးမြတ်ကြောင်း ဖွင့်ဟချက်များစွာမှအနည်းငယ်ကို ဤတွင်ဖော်ပြထားသည်–
“ကျွန်တော်တို့ရဲ့ကောင်းကင်ခမည်းတော်ထံက တကယ့်ကိုကောင်းတဲ့ လက်ဆောင်တစ်ခုပါပဲ!”
“ဒီပြင်ဆင်ပေးမှုအတွက် ခံစားရတဲ့ရွှင်လန်းမှု၊ မေတ္တာနဲ့ ကျေးဇူးတင်စိတ်တွေဟာ မဖော်ပြနိုင်လောက်အောင်ပါပဲ!”
“ကျွန်တော်တို့ရဲ့အချိန်ဇယားတွေကိုပြည့်မီဖို့ များစွာလွယ်ကူစေပါလိမ့်မယ်!”
“နောက်ထပ်များစွာသောသူတို့ဟာ အချိန်ပြည့်ဓမ္မအမှုမှာ အခုပါဝင်ကြဖို့နဲ့ ယေဟောဝါရဲ့အမှုတော်ကို ကြီးမားတဲ့အတိုင်းအတာနဲ့ ထမ်းဆောင်ခြင်းကနေရရှိတဲ့ ကောင်းချီးတွေကိုခံစားရဖို့ ကျွန်တော်တို့ဆုတောင်းပါတယ်။”
၄ ဘုရားသခင့်ကယ်တင်ရာနေ့ရက်၏ အထွတ်အထိပ်သို့ချဉ်းကပ်လာသည်နှင့်အမျှ ယေဟောဝါသည် မိမိ၏လူမျိုးအား နောက်ဆုံးအနေနှင့် ကျယ်လောင်သောအသံဖြင့် ချီးမွမ်းစေလိုကြောင်း ထင်ရှားသည်။ ဤသတင်းတရား၏အတိုင်းအတာနှင့်အရှိန်အဟုန်သည် (၁) နိုင်ငံတော်ကြွေးကြော်သူများ၏အရေအတွက် မှန်မှန်တိုးတက်ခြင်းအားဖြင့် (၂) နိုင်ငံတော်ဟောပြောခြင်းတွင် မိမိလုပ်ဆောင်နိုင်သည့်အရာကိုတိုးချဲ့ရန် တစ်ဦးစီ၏ကြိုးစားမှုအားဖြင့် တိုးတက်ခဲ့ပါသည်။ ‘ကြီးပွားစေတော်မူသောအရှင်’ ယေဟောဝါသည် ကယ်တင်ခြင်းကိုလက်ခံခဲ့သူအားလုံး၏ လိုလိုလားလားရှိသည့်စိတ်ဓာတ်ကို ကောင်းချီးပေးခြင်းဖြင့် နှစ်ခုစလုံးတွင် အောင်မြင်မှုရရှိစေခဲ့သည်။—၁ ကော. ၃:၆၊ ၇; ဆာ. ၁၁၀:၃။
၅ ယင်း၏ရည်ရွယ်ချက်ကို လက်မလွတ်စေနှင့်– ယေဟောဝါ၏ကယ်တင်ရာနေ့ရက်နှင့်ပတ်သက်၍ ပေါလုက ခရစ်ယာန်ချင်းများအား ဤသို့သတိပေးတိုက်တွန်းခဲ့သည်– “သင်တို့သည် ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုကိုလက်ခံပြီး ယင်း၏ရည်ရွယ်ချက်ကို မလွတ်နှင့်ဟု ငါတို့သည် ကိုယ်တော် [ယေဟောဝါ] ၏လုပ်ဖော်ဆောင်ဖက်များအနေနှင့် သင်တို့ကို အနူးအညွတ်တောင်းပန်ပါ၏။” ကျွန်ုပ်တို့သည် အခွင့်အရေးရတိုင်း အခြားသူများ၏ကယ်တင်ခြင်းအတွက်လုပ်ဆောင်ရန် “အထူးနှစ်သက်ဖွယ်သောအချိန်” အဖြစ် ယင်းကိုရှုမြင်မည်ဆိုလျှင် “ယင်း၏ရည်ရွယ်ချက်ကို လက်လွတ်” ကြမည်မဟုတ်ပေ။ (၂ ကော. ၆:၁၊ ၂၊ ကဘ) ယနေ့ ပေါလု၏စကားများသည် ပို၍အရေးတကြီးဖြစ်နေသည်။ ယေဟောဝါအတွက် လှိုက်လှဲသည့်မေတ္တာကို တင်ပြကြသောခရစ်ယာန်များသည် မိမိတို့အား ပေးအပ်ထားသည့်ဓမ္မအမှုတွင် အတတ်နိုင်ဆုံးအပြည့်အဝပါဝင်ရခြင်းကို အခွင့်ထူးတစ်ရပ်အဖြစ် ယူမှတ်ကြသည်။ ယခု သင်သည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် ဓမ္မအမှုတွင် ပို၍ပြည့်ဝစွာပါဝင်နိုင်သလော။
၆ ယင်းသည် အကျိုးသင့်အကြောင်းသင့်ရှိသော ပန်းတိုင်တစ်ခုဖြစ်– မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁ ရက်၌ မှန်မှန်ရှေ့ဆောင် ၁၂၅ ယောက်စာရင်းသွင်းသည်ကိုတွေ့ရဖို့ ကျွန်ုပ်တို့ပန်းတိုင်ထားသည်။ ယင်းသည် အကျိုးသင့်အကြောင်းသင့်ရှိပြီး ရရှိနိုင်သောပန်းတိုင်တစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။ ကျွန်ုပ်တို့ အဘယ်ကြောင့် ထိုသို့ယုံကြည်ကြသနည်း။ ဒီဇင်ဘာ ၁၉၉၇ တွင် အရန်ရှေ့ဆောင်ညီအစ်ကိုညီအစ်မ ၄၇ ယောက်ကိုတွေ့ခဲ့ရကာ ဒီဇင်ဘာ ၁၉၉၈ တွင်မူ အယောက် ၄၀ နီးပါးသည် ထိုသို့လုပ်ဆောင်သည်ကိုတွေ့ခဲ့ရသည်။ အများစုသည် နာရီ ၆၀—မှန်မှန်ရှေ့ဆောင်များအား တောင်းဆိုမှုအသစ်ထက် ၁၀ နာရီသာနည်း—မှတ်တမ်းသွင်းခဲ့ကြသည်တကား! အရန်ရှေ့ဆောင်ခဲ့ကြသူများထဲမှ အယောက် ၂၀ သာမှန်မှန်ရှေ့ဆောင်များအဖြစ် ဤလုပ်ငန်းတော်နှစ်မကုန်မီ စာရင်းသွင်းကြမည်ဆိုလျှင် အချိန်ပြည့်ရှေ့ဆောင် ၁၂၅ ယောက် သို့မဟုတ် ထိုထက်မကဖြင့် စက်တင်ဘာလကိုစတင်နိုင်ပါသည်!
၇ အချိန်ဇယားတစ်ခုလိုအပ်– တစ်လလျှင် လယ်ကွင်းလုပ်ငန်းတော်နာရီ ၇၀ သည် သင့်အတွက် အနည်းငယ်များပုံပေါက်နေဆဲလော။ တစ်ပတ်လျှင် ၁၇ နာရီသာဖြစ်သည်ဟူ၍ စဉ်းစားခြင်းက အကူအညီဖြစ်စေပါလိမ့်မည်။ နောက်စာမျက်နှာတွင်ပါသည့် နမူနာအချိန်ဇယားများကိုအသုံးပြု၍ သင့်ကိုယ်ပိုင်အခြေအနေများနှင့်အံဝင်မည့် မှန်မှန်ရှေ့ဆောင်အချိန်ဇယားတစ်ခုကို ဖန်တီးဖို့ကြိုးစားပါ။ ယင်းကိုရေးဆွဲရာတွင် ရှေ့ဆောင်လုပ်ငန်းကို ကိုယ်ရေးကိုယ်တာတာဝန်၊ မိသားစုတာဝန်များနှင့် ဟန်ချက်ညီစေနိုင်ပုံနှင့်စပ်လျဉ်း၍ အကြံဉာဏ်ရရှိရန် အတွေ့အကြုံရှိသောရှေ့ဆောင်များနှင့် ပြောဆိုဆွေးနွေးပါ။ သင့်တိုက်နယ်ကြီးကြပ်မှူးအား တိုက်နယ်အတွင်းရှိရှေ့ဆောင်များသည် သူတို့၏ပတ်စဉ်အမှုဆောင်လုပ်ငန်းကို မည်သို့အချိန်ဇယားဆွဲကြောင်း မေးကြည့်ပါ။ ထို့နောက် ရှေ့ဆောင်လုပ်ရန် သင့်အစီအစဉ်များကို ကောင်းချီးပေးဖို့ ယေဟောဝါကိုမျှော်ကိုးပါ။—သု. ၁၆:၃။
၈ ယင်းကို မိသားစုစီမံကိန်းတစ်ခုဖြစ်စေပါ– ရှေ့ဆောင်လုပ်ခြင်းကို မိသားစုစီမံကိန်းတစ်ခုဖြစ်စေဖို့ သင်စဉ်းစားဖူးသလော။ သင်သည် မိသားစုလိုက်ထိုင်ကာ မည်သို့—ဂရုတစိုက်အစီအစဉ်ဆွဲခြင်းနှင့် ပူးပေါင်းလုပ်ဆောင်မှုကောင်းဖြင့်—မိသားစုဝင်တစ်ဦး သို့မဟုတ် နှစ်ဦးသည် ရှေ့ဆောင်လုပ်နိုင်ကြောင်း ဆွေးနွေးနိုင်သည်။ အချို့သည် မိမိတို့၏အခြေအနေများကို ရိုးသားစွာစစ်ဆေးကြည့်ခြင်းဖြင့် ယခုပင် မှန်မှန်ရှေ့ဆောင်လုပ်ရန်မဖြစ်နိုင်ကြောင်း တွေ့ရှိကြလိမ့်မည်ကို နားလည်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် ရှေ့ဆောင်လုပ်ခြင်းကို အနာဂတ်ပန်းတိုင်တစ်ခုအဖြစ်ထားပါ။ သို့သော် ရှေ့ဆောင်စလုပ်မည့် တိကျသောနေ့စွဲတစ်ခုကိုသတ်မှတ်ရန် အစီအစဉ်များစလုပ်ပါ။ သင်သည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းသို့တက်လှမ်းရန် တစ်နှစ်အတွင်း အချိန်အတော်အတန်ကြာ အရန်ရှေ့ဆောင်လုပ်နိုင်ပေမည်။
၉ သင်သည် ရိုးရှင်းဖို့လိုအပ်သလော။ သင့်အသက်တာကိုရိုးရှင်းစွာထားခြင်းသည် သင့်အတွက် ရှေ့ဆောင်ခြင်းတံခါးကိုပွင့်စေသည့် သော့ချက်ဖြစ်နိုင်သည်။ သင့်အသက်တာသည် ကြည့်ရှုစောင့်ရှောက်ရန် အချိန်၊ ငွေနှင့် အလုပ်များစွာလိုမည့် မလိုအပ်သောအခန်းများနှင့် ပရိဘောဂများရှိသည့် အိမ်ကြီးတစ်လုံးနှင့်တူနေသလော။ ထိုသို့ဖြစ်ပါက ပို၍အသင့်အတင့်ဖြစ်သောအခြေအနေများသို့ပြောင်းလဲပေးခြင်းဖြင့် ရှေ့ဆောင်လုပ်နိုင်ပေမည်။ လောကီလုပ်ငန်းတွင် သင်အသုံးပြုသည့်အချိန်ကို လျှော့နိုင်မည်လော။ သင်သည် မလိုအပ်သောလုပ်ဆောင်မှုမှ အချိန်ကိုဝယ်ယူနိုင်မည်လော သို့မဟုတ် အပန်းဖြေရာတွင်သုံးသည့်အချိန်ကို ပို၍မျှမျှတတရှိစေနိုင်မည်လော။
၁၀ ၁ တိမောသေ ၆:၈ တွင် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “စားရန်ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဟုသတိပေးတိုက်တွန်း၏။ အနည်းငယ်နှင့်ရောင့်ရဲခြင်းသည် ယေဟောဝါ၏လုပ်ငန်းတွင် အစွမ်းကုန်လုပ်ဆောင်ရာ၌ အရေးကြီးသောအရာတစ်ခုဖြစ်ကာ ဝိညာဉ်ရေးရာများကို ဦးစားပေးဖို့ ပိုလွယ်ကူစေသည်။ (မ. ၆:၂၂၊ ၃၃) ၁၉၉၈ နှစ်ချုပ်စာအုပ်၏စာမျက်နှာ ၁၀၄ ပါဂျပန်နိုင်ငံ၏မှတ်တမ်း၌ ထိုနိုင်ငံတွင် ထိုကဲ့သို့သော ရှေ့ဆောင်စိတ်ဓာတ်ကောင်း အဘယ်ကြောင့်ရှိရခြင်းနှင့်စပ်လျဉ်းသည့် အဆိုပြုချက်အချို့ကိုတင်ပြထားသည်။ တစ်ခုကိုသုံးသပ်ကြည့်ပါ– “ယေဘုယျအားဖြင့် ဂျပန်အိမ်များသည် တော်သင့်ရုံမျှဖြစ်ကာ ပြုပြင်ထိန်းသိမ်းဖို့အချိန်အနည်းငယ်သာလိုပြီး များသောအားဖြင့် အသက်တာများကို အစဉ်အလာအရ ရိုးရိုးကလေးထားကြသည်။” ယင်းသည် ၁ တိမောသေ ၆:၈ ၏လိုရင်းချက်မဟုတ်ပေလော။
၁၁ ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်ကျေးကျွန်များသည် ယေဟောဝါ၏ကယ်တင်ရာနေ့ရက်မကုန်ဆုံးမီ အစဉ်တိုးမြှင့်နေသောအရှိန်အဟုန်ဖြင့် သတင်းကောင်းကိုဟောပြောနေကြသည်။ ချီးကျူးစရာမှာ လွန်ခဲ့သည့်နှစ်က ပျမ်းမျှ ၇၀၀,၀၀၀ နီးပါးသည် လစဉ် ရှေ့ဆောင်လုပ်ငန်းအသွင်အချို့တွင် ပါဝင်ခဲ့ကြသည်။ သူတို့အထဲတွင်ပါဝင်ရန် သင့်အသက်တာကို အလိုက်သင့်ပြုပြင်နိုင်မည်လော။ “ရှေ့ဆောင်လုပ်ရန် သင့်အတွက် ယခုလမ်းပွင့်ပြီလော” ဟူသည့်မေးခွန်းကိုဖြေဆိုစဉ် သင့်အခြေအနေများကို ဂရုတစိုက်နှင့်ဆုတောင်း၍ဆန်းစစ်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။