ယုံကြည်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း
၁ ယေဟောဝါ၏အဖွဲ့အစည်းနှင့် ကျွန်ုပ်တို့စတင်ပေါင်းသင်းခဲ့ကတည်းက ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုသည် ရွှင်လန်းမှု၏ရင်းမြစ်တစ်ခုဖြစ်ကြောင်း သက်သေထူခဲ့ပြီ! သို့သော် ‘ယုံကြည်ခြင်း၌အမြစ်စွဲလျက် တည်ဆောက်ကာ ခိုင်မြဲ’ နေဖို့ ဆက်၍ဝိညာဉ်ရေးတိုးတက်နေရန်လိုသည်။ (ကော. ၂:၆၊ ၇) အများစုသည် ဝိညာဉ်ရေးအရတိုးတက်ကြီးပွားနေစဉ် အချို့သည် ‘ယုံကြည်ခြင်းတွင် ခိုင်မြဲစွာရပ်တည်’ ရန်ပျက်ကွက်ခြင်းကြောင့် လမ်းလွဲခဲ့ကြပြီ။ (၁ ကော. ၁၆:၁၃) ကျွန်ုပ်တို့ ထိုသို့မဖြစ်ရန် တားဆီးနိုင်သည်။ မည်သို့အားဖြင့်နည်း။
၂ အဆက်မပြတ်ဝိညာဉ်ရေးလုပ်ဆောင်မှု– ယေဟောဝါ၏အဖွဲ့အစည်းအတွင်း ဝိညာဏလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုကိုချမှတ်ပါ။ ဤတွင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ရာများကို အလျှံပယ်ကြည့်ရှုဖြည့်စွက်ပေးခြင်းခံရကြသည်။ အကျိုးကျေးဇူးများရရှိရန် ပုံမှန်တက်မည်ဆိုလျှင် အသင်းတော်အစည်းအဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများသည် သာ၍ဝိညာဉ်ရေးတိုးတက်ခိုင်မြဲရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သမ္မာကျမ်းစာ၊ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ၊ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ကြေခဲသောအစာကို ဆွေးနွေးထားသည့်စာအုပ်များကို မှန်မှန်ဖတ်ရှုခြင်းလုပ်ရိုးလုပ်စဉ်သည် ကျွန်ုပ်တို့၏ဝိညာဏအမြစ်များကို နက်ရှိုင်းခိုင်ခံ့စေမည်ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ကိုယ်ပိုင်ဝိညာဏပန်းတိုင်များချမှတ်ကာ ယင်းတို့ကိုဝီရိယရှိရှိလုပ်ဆောင်ခြင်းက တည်မြဲသောအကျိုးများကိုလည်း ရရှိစေမည်ဖြစ်သည်။—ဖိ. ၃:၁၆။
၃ ရင့်ကျက်သူများထံမှအကူအညီ– အသင်းတော်ရှိ ဝိညာဉ်ရေးရင့်ကျက်သူများနှင့်ပေါင်းသင်းမှုကို တိုးချဲ့ရန်ကြိုးစားပါ။ အကြီးအကဲများနှင့်အကျွမ်းတဝင်ရှိပါ၊ အကြောင်းမှာ သူတို့သည် အဓိကအားဖြင့် ကျွန်ုပ်တို့ကိုခွန်အားပေးနိုင်သူများဖြစ်ကြသောကြောင့်ပင်။ (၁ သက်. ၂:၁၁၊ ၁၂) သူတို့ပေးမည့် မည်သည့်သွန်သင်ချက် သို့မဟုတ် အကြံပြုချက်ကိုမဆို ကြိုဆိုလက်ခံပါ။ (ဧ. ၄:၁၁-၁၆) ဓမ္မအမှုထမ်းများသည်လည်း ယုံကြည်ခြင်းတွင်ခိုင်မြဲစေဖို့ အခြားသူများအားကူညီပေးရသည်ကို စိတ်ဝင်စားကြသောကြောင့် အားပေးမှုအတွက် ဤညီအစ်ကိုများကို အားထားပါ။
၄ ဓမ္မအမှုတွင် သင်အကူအညီလိုသလော။ အကြီးအကဲများကိုပြောကာ အကူအညီတောင်းခံပါ။ ရှေ့ဆောင်များ အခြားသူများကိုထောက်ကူပေးသည့်အစီအစဉ်တွင် သင့်ကိုထည့်သွင်းပေးကောင်းပေးနိုင်သည်။ သင်သည် နှစ်ခြင်းခံပြီးခါစဖြစ်သလော။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်ကိုလေ့လာပြီး ယင်းတွင်ပါသည့်အရာများကို လက်တွေ့ကျင့်သုံးခြင်းသည် ဝိညာဉ်ရေးရင့်ကျက်မှုသို့ တိုးတက်စေမည်ဖြစ်သည်။ သင်သည် မိဘတစ်ဦးဖြစ်သလော။ သင့်သားသမီးများ၏ဝိညာဉ်ရေးကို ဆက်၍သန်စွမ်းစေပါ။—ဧ. ၆:၄။
၅ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတွင် အမြစ်စွဲပြီးခိုင်မြဲနေခြင်းဖြင့် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးနှင့် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ဖော်ရွေခင်မင်သောပေါင်းသင်းဆက်ဆံမှုကို ရရှိကြသည်။ ယင်းက စာတန့်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်စေပြီး ကျွန်ုပ်တို့၏ထာဝရအနာဂတ်မျှော်လင့်ချက်ကို ခိုင်ခံ့စေသည်။—၁ ပေ. ၅:၉၊ ၁၀။