ယေဟောဝါ၏နာမတော်နှင့်အမှုတော်တို့ကို သိရှိစေကြလော့
၁ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အားပြသကြလော့။ . . . ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။” (ဆာ. ၁၀၅:၁၊ ၃) ဤစကားများကို ရေးသားခဲ့သူဆာလံဆရာသည် ယေဟောဝါနှင့်ကိုယ်တော်၏ “အမှုတော်တို့” အကြောင်း အခြားသူတို့အားပြောပြရာ၌ ကြီးမားသည့်ရွှင်လန်းမှုခံစားခဲ့ရသည်။ အဘယ်အမှုတော်များနည်း။ ယင်းတို့သည် ဘုရားသခင်၏ဘုန်းရှိသောမင်းရိုက်ရာနှင့်သော်လည်းကောင်း၊ “ကယ်တင်တော်မူခြင်းတရား [“သတင်းကောင်း၊” ကဘ]” နှင့်သော်လည်းကောင်း ဆက်စပ်နေသည်မှာ ယုံမှားဖွယ်မရှိချေ။—ဆာ. ၉၆:၂၊ ၃; ၁၄၅:၁၁၊ ၁၂။
၂ ၂၀၀၁ ခုနှစ်သတိရအောက်မေ့ပွဲအချိန်အခါသို့ ချဉ်းကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့တွင် ယေဟောဝါပြုတော်မူသည့်အမှုများနှင့်ပတ်သက်၍ ရွှင်လန်းစရာအကြောင်းများစွာရှိသည်။ မည်သို့အားဖြင့်နည်း။ သခင့်ညစာစားပွဲသည် စစ်မှန်သောခရစ်ယာန်အားလုံးအတွက် နှစ်၏အကြီးမြတ်ဆုံးအထိမ်းအမှတ်ပွဲဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ အရေးကြီးမှု၊ ရည်ရွယ်ချက်၊ လုပ်ထုံးလုပ်နည်းတို့နှင့်ပတ်သက်လျှင် ယင်းနှင့်တူသည့် အခြားမည်သည့်အခါသမယမျှမရှိပေ။ ယင်းသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် နည်းလမ်းစီမံပေးရန် ယေဟောဝါနှင့် ယေရှုတို့လုပ်ဆောင်ခဲ့ရာများကို ကျွန်ုပ်တို့အားလုံး သတိရနေရမည့်အချိန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သတိရအောက်မေ့ပွဲအချိန်အခါအတွင်း ‘ကယ်တင်ခြင်းသတင်းကောင်း’ ကိုကြားသိစေကြသည်နှင့်အမျှ လယ်ကွင်းလုပ်ငန်းတွင် တိုး၍လုပ်ဆောင်သည်ကိုတွေ့မြင်ရန် မျှော်လင့်လေ့ရှိကြသည်မှာ အံ့ဩစရာမဟုတ်ပါလေ!
၃ သင် အရန်ရှေ့ဆောင်လုပ်မည်လော။ လွန်ခဲ့သည့်ဧပြီလ၌ အရန်ရှေ့ဆောင်များအဖြစ် ၁၆၄ ယောက်မှတ်တမ်းသွင်းခဲ့သည်။ ကျွန်ုပ်တို့သည် ဤနှစ် မတ်နှင့်ဧပြီလကို ဓမ္မအမှုတွင် တိုးချဲ့လုပ်ဆောင်သည့် အထူးလများဖြစ်စေနိုင်မည်လော။ မတ်လတွင် စနေငါးကြိမ်နှင့် ဧပြီလတွင် တနင်္ဂနွေငါးကြိမ်ရှိသည်။ စနေတနင်္ဂနွေနှစ်ရက်စလုံး အမှုဆောင်ရန်စီစဉ်ခြင်းဖြင့် အချိန်ပြည့်အလုပ်လုပ်သောကြေညာသူများစွာသည် အရန်ရှေ့ဆောင်လုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရပြီဖြစ်သည်။ တစ်လသတ်မှတ်နာရီ ၅၀ ပြည့်မီရန် အရန်ရှေ့ဆောင်တစ်ဦးသည် တစ်ပတ်လျှင်ပျမ်းမျှ ၁၂ နာရီခန့်လိုသည်။ စာမျက်နှာ ၄ ရှိလေးထောင့်ကွက်တွင် အ ကြံပြုထားသည့်ဇယားများကို သေသေချာချာသုံးသပ်ပါ။ ယင်းတို့ထဲမှတစ်ခုသည် သင့်အခြေအနေနှင့်ကိုက်ညီမည်လော။ မကိုက်ညီပါက ဤမတ်နှင့်ဧပြီလတွင် အရန်ရှေ့ဆောင်ရန် သင့်ကိုယ်ပိုင်ဇယားကို လိုသလိုပြုပြင်ရေးဆွဲနိုင်ပေမည်။
၄ အကြီးအကဲများသည် အမှုဆောင်လုပ်ငန်းတိုးချဲ့ခြင်းအတွက် စိတ်အားထက်သန်မှုတည်ဆောက်ပေးရန်နှင့် ထောက်ပံ့ကူညီရန် ယခုစတင်သင့်သည်။ လွန်ခဲ့သည့်နှစ်က ယူနိုက်တက်စတိတ်တွင် အကြီးအကဲနှင့်ဓမ္မအမှုထမ်းအားလုံး အရန်ရှေ့ဆောင်လုပ်ခဲ့ကြသည့်အသင်းတော်တစ်ခု၌ ကြေညာသူ ၁၂၁ ယောက်အနက် ၆၄ ယောက်သည် ဧပြီလတွင် ရှေ့ဆောင်လုပ်ခဲ့ကြသည်! အသင်းတော်သည် မတ်နှင့်ဧပြီလတွင် နှစ်ခြင်းမခံရသေးသောကြေညာသူခြောက်ယောက် မှတ်တမ်းစသွင်းခဲ့သည်ကို တွေ့မြင်ရ၍လည်း ဝမ်းမြောက်ခဲ့ကြသည်။ မှန်ပါသည်၊ ကလေးများနှင့်လူသစ်များအတွက် လူထုရှေ့သက်သေခံခြင်းလုပ်ငန်းတွင် စတင်ပါဝင်ရန် မိမိတို့အရည်အချင်းပြည့်မီ၊ မပြည့်မီ အကြီးအကဲများအားမေးမြန်းရန် အကောင်းဆုံးအချိန်ဖြစ်သည်။
၅ အထူးကြိုးစားအားထုတ်မှုက ကောင်းချီးများရရှိစေ– အထူးပန်းတိုင်များချမှတ်ပြီး အထူးကြိုးစားအားထုတ်ကြသည့် အသင်းတော်များသည် ကောင်းချီးများစွာခံစားကြရသည်။ အသင်းတော်အချို့သည် ရံဖန်ရံခါသာအမှုဆောင်သည့်ရပ်ကွက်ကို ပြီးစီးစေခြင်း၊ လမ်းများပေါ်တွင်၊ ပန်းခြံများတွင်၊ ဈေးများတွင်၊ လူတို့ကိုတွေ့နိုင်သည့်နေရာတိုင်းတွင် သက်သေခံခြင်းတည်းဟူသော အခြားသက်သေခံခြင်းအသွင်များတွင် အာရုံစိုက်ခြင်းတို့ကို အထူးအလေးပေးကြပေမည်။
၆ ကျန်းမာရေးချို့တဲ့မှု သို့မဟုတ် အိုမင်းခြင်းတို့က တစ်စုံတစ်ဦးအား အမှုဆောင်ခြင်းတွင် အတတ်နိုင်ဆုံးမပါဝင်နိုင်ရန် အဟန့်အတားဖြစ်စေသင့်သလော။ ကိစ္စရပ်တိုင်းတွင် ထိုသို့မဖြစ်သင့်ပါ။ ဥပမာ၊ ကင်ဆာရောဂါရှိသည့် အသက် ၈၆ နှစ်အရွယ်ညီအစ်မတစ်ဦးသည် သူ၏ခြေထောက်များရောင်ကိုင်းနေသည့်ကြားမှ ဧပြီလတွင် အရန်ရှေ့ဆောင်ခဲ့သည်။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းဖြင့် သူသည် အမှုဆောင်ခြင်းတွင် အပြည့်အဝပါဝင်ကာ ယေဟောဝါအား တိုး၍ချီးမွမ်းနိုင်ခဲ့သည်။ ယင်းက သူနှင့်အသင်းတော်နှစ်ခုစလုံးကို လှုံ့ဆော်မှုဖြစ်စေခဲ့သည်။
၇ သတိရအောက်မေ့ပွဲအတွက် ကောင်းစွာပြင်ဆင်ပါ– ဤနှစ်သတိရအောက်မေ့ပွဲသည် ဧပြီ ၈ ရက်တွင်ကျရောက်သည်။ ယင်းသည် တနင်္ဂနွေနေ့ဖြစ်သောကြောင့် ပိုမိုတက်ရောက်နိုင်သင့်သည်။ သတိရအောက်မေ့ပွဲတွင် (၁) ကျွန်ုပ်တို့ကိုယ်တိုင်တက်ရောက်ခြင်းနှင့် (၂) ကျွန်ုပ်တို့နှင့်အတူတက်ရောက်ရန် အခြားသူတို့အားဖိတ်ခေါ်ခြင်းဖြင့် ကျွန်ုပ်တို့၏အပိုင်းကိုလုပ်ဆောင်ကြလျှင် တစ်ခါနှင့်မျှမတူသည့် အများဆုံးတက်ရောက်မှုကိုရရှိနိုင်သည်။ မည်သူတို့ကို ကျွန်ုပ်တို့ဖိတ်ခေါ်သင့်သနည်း။
၈ သူတို့ထံ သင်ပုံမှန်သွားရောက်လည်ပတ်ခဲ့မည်မဟုတ်သော်လည်း သမ္မာတရားကို အတော်အတန်စိတ်ဝင်စားမှုပြခဲ့သူများ၏အမည်များကို သင့်ကိုယ်ပိုင်လယ်ကွင်းလုပ်ငန်းမှတ်တမ်းများတွင် ပြန်ကြည့်ပါ။ သတိရအောက်မေ့ပွဲမတိုင်မီ နှစ်ပတ်သုံးပတ်တွင် သတိရအောက်မေ့ပွဲဖိတ်စာနှင့်အတူ ၎င်းတို့အားလုံးထံလည်ပတ်ဖို့ အာရုံစိုက်ပါ။ သင့်အခြေအနေခွင့်ပြုလျှင် တက်ရောက်လိုသူများအတွက် သယ်ယူပို့ဆောင်ရေးစီစဉ်ပေးရန် ကမ်းလှမ်းပါ။
၉ အသင်းတော်အချို့တွင် ပုံနှိပ်ထားသည့်သတိရအောက်မေ့ပွဲဖိတ်စာများအားလုံးကို အသုံးမပြုကြပါ။ အသင်းတော်အတွင်းရေးမှူးများသည် ဖိတ်စာများအားလုံးကိုဖြန့်ဝေရန် အချိန်အလုံအလောက်ရရှိဖို့ သေချာစေသင့်သည်။ သင်သည် ဖိတ်စာ၏အောက်ခြေတွင် သတိရအောက်မေ့ပွဲအချိန်နှင့်တည်နေရာကို လက်နှိပ်စက်ဖြင့် သို့မဟုတ် သပ်ရပ်စွာရေးလိုပေမည်။ သို့မဟုတ် နိုင်ငံတော်ခန်းမသည် သတိရအောက်မေ့ပွဲကျင်းပသည့်နေရာဖြစ်လျှင် ၎င်း၏လိပ်စာကိုဖော်ပြထားသည့် လက်ကမ်းဝေစာတစ်စောင်ကိုပါ ထည့်ပေးနိုင်သည်။ သတိပေးချက်အနေနှင့် အခြေအနေအများစုတွင် သတိရအောက်မေ့ပွဲဖိတ်စာများကို အိမ်ရှင်အား ကိုယ်တိုင်ကိုယ်ကျ ပေးကမ်းသင့်သည်။
၁၀ မလှုပ်ရှားသူများကိုသတိရပါ– ကျမ်းစာသင်သားတစ်ဦးသည် မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ယင်းကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့်တင်ပြသည့်အခါ ပျော်ရွှင်စရာဖြစ်သည်။ သို့သော် နှစ်စဉ် ကျွန်ုပ်တို့ထဲမှအချို့သည် ကျွန်ုပ်တို့နှင့်ပေါင်းသင်းခြင်းရပ်ဆိုင်းကာ ယေဟောဝါ၏နာမတော်နှင့် အမှုတော်တို့ကို အခြားသူတို့အား မပြောပြကြတော့ချေ။ ကျွန်ုပ်တို့၌ စိုးရိမ်မကင်းဖြစ်ရန် အကြောင်းကောင်းရှိပါသည်။ မလှုပ်ရှားသူအများစုသည် သမ္မာတရားကို မစွန့်ပစ်ကြသော်လည်း စိတ်ဓာတ်ကျခြင်း၊ ကိုယ်ရေးကိုယ်တာပြဿနာများ သို့မဟုတ် ဘဝ၏အခြားသောစိုးရိမ်ပူပန်မှုများကြောင့် ဟောပြောခြင်းကိုရပ်ဆိုင်းခဲ့ကြခြင်းဖြစ်ပေမည်။ (မ. ၁၃:၂၀-၂၂) ဝိညာဉ်ရေးအားနည်းနေသူများသည် စာတန့်စနစ်၏ဝါးမျိုခြင်းမခံရမီ အသင်းတော်သို့ပြန်လှည့်လာရန် အကူအညီလိုသည်။ (၁ ပေ. ၅:၈) ဤသတိရအောက်မေ့ပွဲအချိန်အခါတွင် ကျွန်ုပ်တို့သည် အရည်အချင်းရှိမလှုပ်ရှားသူများအားလုံးကို သတင်းကောင်းဟောပြောခြင်းတွင် ပြန်ပါဝင်လာရန်အကူအညီပေးဖို့ အထူးကြိုးစားလိုကြသည်။
၁၁ အသင်းတော်အတွင်းရေးမှူးသည် အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများအား ၎င်းတို့၏အုပ်စုရှိ မလှုပ်ရှားသူမှန်သမျှနှင့်ပတ်သက်၍ သတိပေးသင့်သည်။ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် မလှုပ်ရှားသူများအားလုံးထံ သိုးထိန်းလည်ပတ်မှုများလုပ်ရန်စီစဉ်ရာတွင် ဦးဆောင်ပါမည်။ တစ်ဦးဦးသည် ကိုယ်ပိုင်ကျမ်းစာလေ့လာမှုတစ်ခုမှ အကျိုးခံစားရမည်ဟုဆုံးဖြတ်လျှင် မည်သူသည် သင်အံမှုကျင်းပရန် အသင့်လျော်ဆုံးဖြစ်မည်ကို အခြားလုပ်ငန်းတော်ကော်မတီဝင်များနှင့်ဆွေးနွေးကာ လုပ်ငန်းတော်ကြီးကြပ်မှူးသည် စီစဉ်ပါမည်။ သင်အံမှုကို အချိန်ကြာကြာလုပ်ရန်လိုမည်မဟုတ်သော်လည်း သင်အံမှုကျင်းပရန်တာဝန်ပေးခံရသူသည် အချိန်၊ ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုကို မှတ်တမ်းယူနိုင်ပါသည်။
၁၂ လွန်ခဲ့သည့်ဧပြီလက တစ်အိမ်မှတစ်အိမ်အမှုဆောင်နေသည့် ညီအစ်မတစ်ဦးသည် လမ်းပေါ်တွင် လူငယ်တစ်ဦးအား မဂ္ဂဇင်းများဝေငှခဲ့သည်။ သူက သူ၏ဇနီးသည် မလှုပ်ရှားသည့်သက်သေခံတစ်ဦးဖြစ်ကြောင်း ပြောပြသည်။ ထိုသူက နိုင်ငံတော်ခန်းမတည်နေရာကိုမေးကာ ညီအစ်မအား မိမိနှင့်မိမိ၏ဇနီးထံ လည်ပတ်ရန်ဖိတ်ခေါ်ခဲ့သည်။ ရလဒ်အနေနှင့် မောင်နှံစုံသည် နောက်ကျင်းပသည့်စည်းဝေးတစ်ခုကို တက်ရောက်ကာ ကျမ်းစာသင်ရန်သဘောတူခဲ့သည်။
၁၃ တိုးချဲ့လုပ်ဆောင်ရန်အတွက် အသင့်ပြင်ဆင်ပါ!– ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမတော်နှင့်အမှုတော်တို့ကို ကြားသိစေသင့်ကြောင်း ကြေညာခဲ့သည့်ဆာလံဆရာက ဤသို့ထပ်ဆင့်ခဲ့သည်– “ဆာလံသီချင်းကိုဆိုကြလော့။ အံ့ဖွယ်သောအမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ သန့်ရှင်းသောနာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။” (ဆာ. ၁၀၅:၂၊ ၃) ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် တိုး၍ကြိုးစားအားထုတ်ကာ ယင်းကို တစ်ခါနှင့်မျှမတူသည့် အကြီးမြတ်ဆုံးသတိရအောက်မေ့ပွဲအချိန်အခါဖြစ်စေခြင်းဖြင့် ယေဟောဝါ၏နာမတော်နှင့် ကိုယ်တော်၏ “အံ့ဖွယ်သောအမှုတော်” များအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ထင်ရှားပြကြစို့!
စာမျက်နှာ ၄ ပါလေးထောင့်ကွက်
အရန်ရှေ့ဆောင်အတွက် တစ်ပတ်လျှင် ၁၂ နာရီဇယားဆွဲရန် နည်းလမ်းအသွယ်သွယ်
နေ့ နာရီ
တနင်္လာ ၁ ၂ – –
အင်္ဂါ ၁ – ၃ –
ဗုဒ္ဓဟူး ၁ ၂ – ၅
ကြာသပတေး ၁ – ၃ –
သောကြာ ၁ ၂ – –
စနေ ၅ ၄ ၃ ၅
တနင်္ဂနွေ ၂ ၂ ၃ ၂
စုစုပေါင်း– ၁၂ ၁၂ ၁၂ ၁၂
၎င်းတို့အထဲမှတစ်ခုသည် သင့်အတွက် အံဝင်ခွင်ကျဖြစ်မည်လော။
မဖြစ်ပါက သင့်ကိုယ်ပိုင်ဇယားကို ရေးဆွဲပါလေ။