သင်၌ ကိုယ်ပိုင်သီအိုကရက်တစ် စာကြည့်တိုက်တစ်ခုရှိသလော
“စာများကိုစီရင်၍မကုန်နိုင်။ စာကိုကြိုးစား၍ကြည့်ရှုခြင်းအမှုသည် ကိုယ်ကိုနှောင့်ယှက်သောအမှုဖြစ်၏” ဟုဘုရင်ရှောလမုန်ကဆိုခဲ့သည်။ (ဒေ. ၁၂:၁၂) ထို့ကြောင့် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အိမ်တွင် အဘယ်စာအုပ်များကိုဖတ်သည်၊ စုဆောင်းသည်ကို ဂရုစိုက်ကြသည်။
သို့သော် ဘုရားသခင့်အဖွဲ့အစည်းကထုတ်ဝေသည့် ကျမ်းစာနှင့်ကျမ်းစာအခြေပြုစာပေများမှာ အသက်ကယ်ဆယ်သည့်အရာများဖြစ်သောကြောင့် ယင်းတို့သည် အလွန်တန်ဖိုးရှိ၏။ ယင်းတို့သည် ကျွန်ုပ်တို့အား ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တို့နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာပေး၏။ ယင်းစာပေများစုဆောင်းခြင်းသည် သီအိုကရက်တစ်စာကြည့်တိုက်တစ်ခုဖြစ်၏။ ယင်းစာပေများကို သင်စုဆောင်းသလော။ သင်စုဆောင်းရမည်ဖြစ်သည်။—ယော. ၁၇:၃။
ကျွန်ုပ်တို့သည် လစဉ် ကင်းမျှော်စင် နှစ်စောင်နှင့် နိုးလော့! နှစ်စောင် (မြန်မာလိုတစ်စောင်) အပြင် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တစ်စောင်ကိုရရှိကြသည်။ ကျွန်ုပ်တို့၏စာကြည့်တိုက်တွင် တစ်စောင်စီစုဆောင်းသင့်၏။ ကျွန်ုပ်တို့၌ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (အညွှန်းကျမ်းစာ) နှင့် ဖြစ်နိုင်လျှင် အခြားဘာသာပြန်ကျမ်းများလည်း ရှိသင့်သည်။ ၎င်းတို့တွင် မြန်မာကျမ်းစာတစ်အုပ်လည်း ပါဝင်သင့်သည်။
ကျေးဇူးပြု၍ သင့်စာကြည့်တိုက်တွင် စာအုပ်ကြီး၊ စာအုပ်ငယ်နှင့် ဘရိုရှာမှန်သမျှပါဝင်စေကာ စည်းဝေးကြီးတွင် စာပေအသစ်(များ) ထုတ်ဝေသည့်အခါတိုင်း ၎င်းတို့ကို သင့်စာကြည့်တိုက်တွင် ထပ်ထည့်ပါ။ မြန်မာနှင့် အင်္ဂလိပ်စာပေများအပြင် သင်နားလည်သည့် အခြားဘာသာစကားများဖြင့်လည်း စာပေများထားပါ။ အဘိဓာန်ကောင်းတစ်ခုကိုလည်း ထားနိုင်သည်။
စာကြည့်တိုက်တစ်ခုထားရခြင်းမှာ ကိုယ်ပိုင်လေ့လာမှု၊ သုတေသနပြုခြင်း၊ ဟောပြောချက်ပြင်ဆင်ခြင်း သို့မဟုတ် နံနက်ဝတ်ပြုခြင်းအတွက်ပြင်ဆင်သည့်အခါ ယင်းတို့ကိုအသုံးပြုရန်ဖြစ်သည်။ ယင်းသည် တစ်စုံတစ်ဦးက ကျွန်ုပ်တို့အား ကျမ်းစာမေးခွန်းတစ်ခုမေးကာ သူ့အား အဖြေမှန်ပေးလိုသည့်အခါ အလွန်တန်ဖိုးရှိသည်။
စာကြည့်တိုက်ရှိစာအုပ်များကို သန့်ရှင်းစွာထားသင့်သည်။ ယင်းတို့ကို တစ်လတစ်ခါ သန့်ရှင်းသောအဝတ်နှင့်သုတ်ပေးပါ။ ဤနည်းဖြင့် ပိုးများ၊ ခြများနှင့်ကင်းဝေးစေပါမည်။
သင်၌ သီအိုကရက်တစ်စာကြည့်တိုက်တစ်ခုရှိထားနှင့်ပြီးဖြစ်လျှင် နောက်ဆုံးထုတ်များထွက်လာသည်နှင့် ထည့်ပါ။ သင်၌မရှိပါက ယခုအစပြုလုပ်ဆောင်ပါ။ နောက်ဆုံးထုတ်များပါသော ကိုယ်ပိုင်သီအိုကရက်တစ်စာကြည့်တိုက် တစ်ခုထားကြစို့။