ဆက်၍ “ကောင်းမှုပြု” နေလော့
၁ သင်သည် ယေဟောဝါဘုရားသခင့်ကျေးကျွန်တစ်ဦးဖြစ်လာသောအခါ ကောင်းမွန်ရာကိုလုပ်ဆောင်ခဲ့သည်။ သို့သော် ဆက်၍ “ကောင်းမှုပြု” နေခြင်းသည် ယခု ဤခဲယဉ်းသောကာလတွင် စိန်ခေါ်ချက်ဖြစ်၏။ (ဂလ. ၆:၉၊ ကဘ) ယင်းသည် တကယ့်ကြိုးစားမှုလိုသော်လည်း ယင်းကို သင်လုပ်နိုင်ပါသည်။ မည်သို့အားဖြင့်နည်း။
၂ ယေရှု၏စိတ်သဘောကိုမွေးမြူပါ– သင်သည် ယေရှုနည်းတူ နိုင်ငံတော်မျှော်လင့်ချက်အပေါ် အာရုံစိုက်နေပါက စုံစမ်းခြင်းများကိုခံရပ်နိုင်ပါသည်။ (ဟေဗြဲ ၁၂:၂၊ ၃) ယေဟောဝါသည် သင့်ကိုချစ်မြတ်နိုးကာ အောင်မြင်စေလိုကြောင်း ယုံကြည်စိတ်ချပါ။ (၂ ပေ. ၃:၉) ကိုယ်တော်ကိုအပြည့်အဝယုံကြည်ကိုးစားပါ၊ ကိုယ်တော်သည် သင့်အား ကူညီတော်မူမည်ကို ယုံကြည်စိတ်ချပါ။ (၁ ကော. ၁၀:၁၃) ဆုတောင်းခြင်းတွင်စွဲမြဲကာ ခံနိုင်ရည်ရှိရန် ယေဟောဝါထံ အကူအညီတောင်းခံပါ။ (ရော. ၁၂:၁၂) သင်၏ခံနိုင်ရည်က ဘုရားသခင်ရှေ့တွင် မျက်နှာသာရအခြေအနေကို ရရှိစေမည်ဟူသောခံယူချက်၌ ဝမ်းမြောက်ပါ။ (ရော. ၅:၃-၅) “ခရစ်တော်ယေရှုတွင်ရှိသည့် ထပ်တူစိတ်သဘောမျိုး” ကိုမွေးမြူရာတွင် သင်၏သစ္စာရှိမှုက သင့်အား ကျေနပ်မှုရရှိစေကာ ယေဟောဝါ၏နှလုံးတော်ကို ရွှင်ပြုံးစေပါလိမ့်မည်။—ရော. ၁၅:၅၊ ကဘ; သု. ၂၇:၁၁။
၃ မှန်ကန်သောအရာများကို ဆက်၍လုပ်ဆောင်နေပါ– ဆက်၍ကောင်းမှုပြုနေနိုင်ရန် မိမိ၏လူမျိုးကိုကူညီပေးဖို့ ယေဟောဝါပြုလုပ်ထားသည့်ပြင်ဆင်ပေးချက်များမှ အကျိုးအပြည့်အဝရယူပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်ဖတ်ရှုခြင်းနှင့် သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစား၏ ကျမ်းစာအခြေပြုစာပေများအားလေ့လာသည့် ကိုယ်ပိုင်အလေ့အထကောင်းကို ထိန်းသိမ်းပါ။ အသင်းတော်စည်းဝေးငါးခုစလုံးကို သစ္စာရှိရှိပြင်ဆင်၊ တက်ရောက်၊ ပါဝင်ပါ။ ခရစ်ယာန်အစည်းအဝေးများ မတိုင်မီနှင့်ပြီးနောက်တွင် သင့်ဝိညာဏညီအစ်ကိုညီအစ်မများနှင့် ရင်းနှီးစွာပေါင်းသင်းပါ။ လယ်ကွင်းလုပ်ငန်းတွင် အဓိပ္ပာယ်ရှိရှိပါဝင်ရန်နှင့် အခြားသူတို့အား သတင်းကောင်းဟောပြောရာတွင် သင့်စွမ်းရည်များတိုးတက်စေရန် သင့်ဓမ္မအမှုအတွက် လက်တွေ့ကျပန်းတိုင်များချမှတ်ပါ။
၄ ဤသို့အားဖြင့် သင်သည် ဆက်၍ကောင်းမှုပြုနေနိုင်ကာ တစ်ချိန်တည်းတွင် ရွှင်လန်းမှုများစွာခံစားရနိုင်သည်။ ယင်းနှင့်ပတ်သက်၍ အီတလီရှိညီအစ်ကိုတစ်ဦးက ဤသို့ဆိုသည်– “ညနေပိုင်းရောက်လာပြီး ယေဟောဝါရဲ့လုပ်ငန်းမှာ တစ်နေ့တာဆောက်ရွက်ပြီးနောက် အိမ်ပြန်လာတဲ့အခါ ကျွန်တော်မောပန်းတာတော့မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပျော်တယ်၊ ဘယ်သူမှနုတ်ယူမသွားနိုင်တဲ့ရွှင်လန်းမှုကို ကျွန်တော့်ကိုပေးခဲ့တဲ့အတွက် ယေဟောဝါကိုကျေးဇူးတင်မိပါတယ်။” ထို့ကြောင့် ဆက်၍ကောင်းမှုပြုနေပါ၊ သင်လည်း ကြီးမားသောရွှင်လန်းမှု ခံစားရပါလိမ့်မည်။