နွမ်းပါးမှုကို ဖယ်ရှင်းရန် လက်တွေ့ကျနည်းလမ်းများ
သမ္မာကျမ်းစာသည် သတင်းအချက်အလက်များရရှိနိုင်သည့် အခြားပင်ရင်းများနှင့် ကွာခြားသည့်အရာမှာ ယင်းသည် အမြင့်ဆုံးအာဏာပိုင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံမှဖြစ်သည်ဟူသောအချက်ဖြစ်၏။ လူတိုင်း၊ နေရာတိုင်းနှင့် အချိန်တိုင်းတွင် လိုက်လျှောက်နိုင်သည့် အဖိုးမဖြတ်နိုင်သော ဉာဏ်ပညာဖြစ်သည့် လက်တွေ့ကျမူများကို သမ္မာကျမ်းစာတွင် ကိုယ်တော် ထည့်သွင်းရေးသားထားသည်။ ဤမူများကို လက်တွေ့ကျင့်သုံးကြမည်ဆိုပါက နွမ်းပါးသူများသည် ယခုပင်လျှင် ကျေနပ်ရောင့်ရဲသည့်ဘဝကို ပျော်မွေ့နိုင်၏။ ပုံနမူနာအချို့ကို ကြည့်ကြစို့။
ငွေအပေါ် အမြင်မှန်ရှိခြင်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “[“ဉာဏ်၊” ကဘ] ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။” (ဒေ. ၇:၁၂) အဘယ်အရာကို ဆိုလိုသနည်း။ ငွေသည် အဓိကမဟုတ်ပါ။ ယင်းသည် အတိုင်းအတာတစ်ခုအထိ အမှန်ပင် ကွယ်ကာပေးနိုင်၏။ ကျွန်ုပ်တို့လိုအပ်ရာတချို့ကို ငွေဖြင့် ဝယ်နိုင်သော်လည်း အကန့်အသတ်ရှိသည်။ ငွေဖြင့် မဝယ်နိုင်သည့် သာ၍တန်ဖိုးကြီးရာများရှိသည်။ ဤအချက်ကို အသိအမှတ်ပြုခြင်းသည် ရုပ်ပစ္စည်းများအပေါ် သင့်တင့်မျှတသောအမြင်ရှိစေသဖြင့် ငွေရရှိရေးကို အာရုံစိုက်သူများ၏ စိတ်အလိုမကျမှုများ မရှိစေပါ။ ငွေဖြင့် အသက်ကို မဝယ်နိုင်သော်လည်း ဉာဏ်ပညာရှိရှိလုပ်ဆောင်လျှင် ယခုပင် အသက်ကို ကွယ်ကာပေးနိုင်သည့်အပြင် ထာဝရအသက်ကိုလည်း ရရှိစေနိုင်သည်။
သင်၏ငွေကြေးနှင့်အညီ နေထိုင်ခြင်း။ ကျွန်ုပ်တို့လိုချင်ရာများသည် ကျွန်ုပ်တို့အမှန်တကယ်လိုအပ်ရာများ မဟုတ်ချေ။ လိုအပ်ရာများကို ဦးစားပေးသင့်သည်။ တစ်စုံတစ်ခုသည် လိုချင်ရာဖြစ်ပြီး လိုအပ်ရာမဟုတ်သည့်အခါ၌ပင် ယင်းကို လိုအပ်ရာပါဟု အလွယ်တကူ ယူမှတ်သွားစေနိုင်သည်။ ဉာဏ်ပညာရှိသူသည် သူ၏ဝင်ငွေကို လတ်တလောလိုအပ်ရာများဖြစ်သည့် စားဝတ်နေရေးအစရှိသည်တို့အတွက် ပထမဦးစွာ ခန့်ခွဲပေမည်။ ထို့နောက် အပိုပစ္စည်းမဝယ်မီ ကျန်ရှိသောငွေဖြင့် နောက်ထပ်ပစ္စည်းများဝယ်ဖို့ လောက်မလောက် ဆုံးဖြတ်ပေလိမ့်မည်။ ယေရှု၏ပုံဥပမာတစ်ခုတွင် လူတစ်ဦးသည် ‘ငွေလောက်မည်မလောက်မည်ကို သိခြင်းငှာ၊ ရှေးဦးစွာထိုင်၍ ကုန်စရိတ်ကို ချင့်တွက်မည်’ ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။—လု. ၁၄:၂၈။
ဖိလစ်ပိုင်နိုင်ငံမှ ကြင်ဖော်မဲ့ ကလေးသုံးဦးမိခင် ယူဖရိုဆီနာသည် မိမိကို ခင်ပွန်းစွန့်ပစ်သွားခဲ့သည့် နှစ်အနည်းငယ်ကတည်းက အသက်ဆက်ရေးအတွက် ဝင်ငွေရှာရပြီး ခြစ်ခြစ်ကုတ်ကုတ် အသုံးပြုခဲ့ရသည်။ ထိုသို့ပြုစဉ် သူသည် ဦးစားပေးအသုံးစရိတ်များကိုသိရှိစေရန် သားသမီးများကို လေ့ကျင့်ပေးခဲ့၏။ ဥပမာ၊ ကလေးများသည် သူတို့လိုချင်ရာတစ်ခုခုကို တွေ့ကြပေမည်။ ထိုအခါ မရဘူးဟုပြောမည့်အစား၊ သူက “ကောင်းပြီ၊ မင်းလိုချင်တယ်ဆိုရင် ဝယ်ပေးနိုင်တယ်၊ ဒါပေမဲ့ မင်းဆုံးဖြတ်ရလိမ့်မယ်။ အမေတို့ဆီမှာရှိတဲ့ငွေနဲ့ တစ်ခုပဲ ဝယ်နိုင်မယ်။ မင်းလိုချင်တာကို ဝယ်ပေးရမလား၊ ဒါမှမဟုတ် ဒီအပတ်စားဖို့ အသားနည်းနည်း၊ ဟင်းသီးဟင်းရွက်နည်းနည်း ဝယ်ရမလား။ အခု၊ မင်းဘာလိုချင်သလဲ ဆုံးဖြတ်ပါ” ဟုပြောကာ ကျိုးကြောင်းဆင်ခြင်ပြလေ့ရှိသည်။ ကလေးများသည် အများအားဖြင့် ဆိုလိုချက်ကို ချက်ချင်းနားလည်ကြပြီး အခြားတစ်စုံတစ်ခုထက် အစားအသောက်လိုချင်သည်ဟု သဘောတူလေ့ရှိ၏။
ရောင့်ရဲတင်းတိမ်ပါ။ သမ္မာကျမ်းစာမူနောက်တစ်ခုက “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့” ဟုဆိုသည်။ (၁ တိ. ၆:၈) ငွေသည် ပျော်ရွှင်မှုကို မဆောင်ကြဉ်းပေးနိုင်ချေ။ သူကြွယ်များစွာသည် မပျော်နိုင်ကြသော်လည်း အလွန်ပျော်ရွှင်ကြသည့် နွမ်းပါးသူများစွာရှိ၏။ နွမ်းပါးသူများသည် ဘဝလိုအပ်ရာများဖြင့်သာ ကျေနပ်ရောင့်ရဲတတ်ကြသည်။ သာ၍အရေးကြီးသောအရာများကို အာရုံစိုက်တတ်သည့် ‘ရိုးရှင်းသောမျက်စိ’ ရှိကြရန် ယေရှုမိန့်ဆိုခဲ့သည်။ (မ. ၆:၂၂) ထိုသို့ပြုခြင်းက လူတစ်ဦးစီကို ရောင့်ရဲတင်းတိမ်မှုရှိစေ၏။ နွမ်းပါးသူများစွာသည် ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိပြီး ပျော်ရွှင်သာယာသော မိသားစုဘဝကို ပိုင်ဆိုင်ထားကြသောကြောင့် အတော်အတန်ကျေနပ်ရောင့်ရဲမှုရှိသည်၊ ၎င်းအခြေအနေကို ငွေဖြင့်မဝယ်နိုင်ပါ။
ယင်းတို့သည် နွမ်းပါးသူများအား မိမိတို့၏အခြေအနေကို ကိုင်တွယ်ဖြေရှင်းတတ်ရန် ကူညီပေးသည့် လက်တွေ့ကျကျမ်းစာမူအချို့သာဖြစ်သည်။ ထို့ထက်မက များစွာရှိ၏။ ဥပမာ၊ ဥစ္စာအင်ခွင် ကုန်ခန်းသွားစေသည့် ဆေးလိပ်သောက်ခြင်းနှင့် လောင်းကစားခြင်း အစရှိသော အကျင့်ဆိုးများကိုရှောင်ပါ; ဘဝတွင် သာ၍အရေးကြီးရာများ၊ အထူးသဖြင့် ဝိညာဏပန်းတိုင်များကို ခွဲခြားသိမြင်ပါ; အလုပ်အကိုင်ရှားပါးသည့်ဒေသများတွင် အခြားသူများလိုအပ်ရာကို လုပ်ဆောင်ပေးနိုင်မည့် မိမိကျွမ်းကျင်ရာ သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ကမ်းလှမ်းကြည့်ပါ။ (သု. ၂၂:၂၉; ၂၃:၂၁; ဖိ. ၁:၉-၁၁) ဤသို့သော ‘လက်တွေ့ကျဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း’ တို့ကိုကျင့်သုံးခြင်းသည် “သင်၌အသက် ... ဖြစ်လိမ့်မည်” ဟုသမ္မာကျမ်းစာက အကြံပြုသည်။—သု. ၃:၂၁၊ ၂၂၊ သမ္မာ။
ကျမ်းစာအကြံပြုချက်များသည် နွမ်းပါးမှုနှင့် ရုန်းကန်နေကြရသူများအတွက် ယခု အတော်အတန် စိတ်သက်သာရာရရှိစေသော်လည်း အနာဂတ်တွင်မူ ဘုရားသခင်သည် နွမ်းပါးမှုအပါအဝင် လူ့ပြဿနာများကို ထာဝစဉ်ဖြေရှင်းပေးရန် ရည်ရွယ်ထားတော်မူသည်။
မိမိ၏သားတော်အားဖြင့် ယေဟောဝါလုပ်ဆောင်ပေးမည့်အရာကို ဆာလံ ၇၂:၁၂-၁၄ တွင် ဖော်ပြထားသည်။ (ဖတ်ပါ) အလွန်ကောင်းမွန်သည့် မျှော်လင့်ချက်ပါတကား! နောက်ဆုံးတွင် စိတ်ချမ်းသာလိုက်မည်ဖြစ်ခြင်း! ယခု ကျမ်းစာအကြံပြုချက်ကိုအသုံးပြု၍ နွမ်းပါးမှုကိုဖယ်ရှင်းကာ နွမ်းပါးမှု ထာဝစဉ်ပပျောက်သွားမည့် ဘုရားသခင့်ကမ္ဘာသစ်ကို အစဉ်စောင့်မျှော်နိုင်ကြပါစေ။