ရှေ့ဆောင်လုပ်ငန်းတွင် သင် ပါဝင်နိုင်မည်လော
“ရှေ့ဆောင်ခြင်းသည် အောင်မြင်သော လောကီအသက်မွေးဝမ်းကြောင်းလုပ်ငန်းထက် များစွာတန်ဖိုးရှိသည်။ ယေဟောဝါနှင့် ကိုယ်တော်၏သမ္မာတရားကို သိရှိနားလည်စေရန် လူတို့ကို ကူညီပေးခြင်းထက် ကျေနပ်မှုပေးသည့်လုပ်ငန်း မရှိပါ။” မိမိ၏အသက်မွေးဝမ်းကြောင်းအဖြစ် ရှေ့ဆောင်ခြင်း—အချိန်ပြည့် နိုင်ငံတော်သတင်းဟောပြောခြင်း—လုပ်ငန်းကိုရွေးချယ်ခဲ့သူ ခရစ်ယာန်အမျိုးသမီးတစ်ဦးက ထိုသို့ဆိုခဲ့သည်။ ဤသို့သောပျော်ရွှင်မှုမျိုးပေးနိုင်သည့် အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်း မည်မျှရှိသနည်း။
ရှေ့ဆောင်ခြင်းသည် မြင့်မားသောပန်းတိုင်ဖြစ်ရုံမက တန်ဖိုးရှိ အခွင့်ထူးလည်းဖြစ်၏။ ထိုသို့သောအသက်တာကို တစ်ယောက်ချင်း မည်သို့ရွေးချယ်နိုင်သနည်း။ ရှေ့ဆောင်ခြင်းကောင်းချီးများခံစားရရန် ယင်းကို မည်မျှကြာရှည်စွာ လုပ်ဆောင်ဖို့လိုသနည်း။
အရေးကြီးသည့်အရာနှစ်ခုရှိ၏။ ပထမမှာ အခြေအနေကောင်းဖြစ်သည်။ များစွာသောသူတို့သည် ရှေ့ဆောင်ရန် အလျှင်းမဖြစ်နိုင်သည့် အခြေအနေမျိုး၌ရှိကြသည်။ ဒုတိယကား သင့်လျော်သောဝိညာဏအရည်အချင်းများနှင့် စိတ်နေသဘောထားဖြစ်သည်။ တစ်ဦးတစ်ယောက်၏ လက်ရှိအခြေအနေက ရှေ့ဆောင်နိုင်ခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ရင့်ကျက်သော ခရစ်ယာန်အရည်အချင်းများတိုးပွားစေရန် အားလုံးကြိုးစားနိုင်ပါသည်။
အချို့သူတို့ အဘယ်ကြောင့် ရှေ့ဆောင်လုပ်ကြ
အောင်မြင်သောရှေ့ဆောင်ခြင်း၏ အရည်အချင်းများကား အဘယ်နည်း။ အမှန်မှာ ဟောပြောခြင်းစွမ်းရည်များသည် အရေးကြီးပါသည်။ ရှေ့ဆောင်များသည် သူစိမ်းတို့အား သတင်းကောင်းကို တင်ဆက်ပြောဆိုတတ်ရမည်၊ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှု ပြုလုပ်တတ်ရမည်၊ အိမ်တွင်းကျမ်းစာသင်အံမှုများကိုလည်း ကျင်းပတတ်ရမည်။ ဤစွမ်းရည်များ ကင်းမဲ့လျှင် ရှေ့ဆောင်သည် စိတ်ဓာတ်ကျလိမ့်မည်။ သို့သော် အခြားအရည်အချင်းများရှိဖို့လည်း အရေးကြီးသည်။
ဥပမာ၊ ကျွန်ုပ်တို့၏ဝတ်ပြုရေးနှင့်ပတ်သက်သောအရာအားလုံးသည် ယေဟောဝါနှင့်လည်းကောင်း၊ ကိုယ်တော်၏အဖွဲ့အစည်းနှင့်လည်းကောင်း ကျွန်ုပ်တို့ဆက်ဆံရေးနှင့်ဆက်နွှယ်နေသည်။ ယင်း၌ ရှေ့ဆောင်ခြင်းပါဝင်သည်။ ရာဒိုအမည်ရှိ ရှေ့ဆောင်ငယ်တစ်ဦး ဤသို့ရှင်းပြသည်– “လူငယ်တစ်ဦးအတွက် ယေဟောဝါကိုအောက်မေ့၍ သမ္မာတရားလမ်းပေါ်လျှောက်ခြင်းထက် ကောင်းမွန်သည့်အရာမရှိပါ။” မှန်ပါသည်၊ ရှေ့ဆောင်ခြင်းအားဖြင့် လူငယ်များသည် ယေဟောဝါကိုချစ်မြတ်နိုးပြီး ကိုယ်တော်နှင့် တရင်းတနှီးရှိကြောင်း သက်သေထူနိုင်ပါသည်။—ဒေ. ၁၂:၁။
အသိပညာနှင့် သိနားလည်ခြင်းလည်း မရှိ၍မဖြစ်ပါ။ (ဖိ. ၁:၉-၁၁) အမှန်မှာ ယင်းအရည်အချင်းများသည် ကျွန်ုပ်တို့၏ဝိညာဏစက်ယန္တရားကို လည်ပတ်နေစေသည့်လောင်စာဖြစ်သည်။ ဝိညာဉ်ရေးဘက်နွမ်းလျလာခြင်း၊ စိတ်တက်ကြွမှုနှင့် ယုံကြည်စိတ်ချမှုပျောက်ဆုံးခြင်းတို့ မဖြစ်စေရန် ကိုယ်ပိုင်လေ့လာမှုကို မှန်မှန်ပြုလုပ်ဖို့အရေးကြီးသည်။ ကျွန်ုပ်တို့ဆည်းပူးသော အသိပညာသည် အသိဉာဏ်ကိုသာမက နှလုံးကိုပါ ထိခိုက်လှုံ့ဆော်ပေးရန် လိုသည်။ (သု. ၂:၂) ထို့ကြောင့် ကိုယ်ပိုင်လေ့လာမှုအပြင် ကျွန်ုပ်တို့ဆည်းပူးသောအသိပညာသည် နှလုံးကိုထိမိစေရန် ဆုတောင်းခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းအတွက် အချိန်ပေးဖို့လိုသည်။ ထို့နောက် အခြေအနေခွင့်ပြုလျှင် ကျွန်ုပ်တို့ ရှေ့ဆောင်လုပ်လိုကြပါလိမ့်မည်။—ဧဇရ ၇:၁၀ နှိုင်းယှဉ်။
ရှေ့ဆောင်လုပ်ငန်းကိုလုပ်ဆောင်ခြင်းက ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရန်လည်းတောင်းဆိုသည်။ ရောန်အမည်ရှိ လူငယ်တစ်ဦးသည် ရှေ့ဆောင်လုပ်ရန် စီစဉ်ထားပြီဖြစ်၍ စတင်နိုင်ဖို့ အခွင့်အခါကောင်းကိုသာ စောင့်နေခဲ့သည်။ အတိအကျပြောရလျှင် သူသည် ရှေ့ဆောင်လည်းလုပ် တစ်ချိန်တည်းတွင် စည်းစိမ်အချို့ကိုလည်းခံစားခွင့်ပေးမည့် အလုပ်အကိုင်တစ်ခုရရှိလိုသည်။ ယင်းကို ရင့်ကျက်သောညီအစ်မတစ်ဦးအား ပြောပြသောအခါ သူမ၏အဖြေက လှုပ်ခါသွားစေခဲ့သည်။ သူမက “ယေဟောဝါဟာ ကတိတွေကိုမဟုတ် လက်တွေ့လုပ်ရပ်ကို ကောင်းချီးပေးတယ်” ဟုပြောသည်။ သို့နှင့် ထိုလူငယ်သည် လစာနည်းသော်လည်း ရှေ့ဆောင်လုပ်ခွင့်ရသော အလုပ်တစ်ခုကို ဝင်လုပ်လေသည်။ မဿဲ ၆:၂၅-၃၄ ကိုလက်တွေ့ကျင့်သုံးခြင်းက ဝင်ငွေအနည်းငယ်ဖြင့် အဆင်ပြေစေရန် အကူအညီပေးပါလိမ့်မည်။
အကြံဉာဏ်ကောင်းရသည့်အခါ လိုက်လျှောက်လိုသည့် နှိမ့်ချသောသဘောကလည်း ရှေ့ဆောင်လုပ်ငန်းကို ဝင်လုပ်ဆောင်ရန် အထောက်အကူပြုပေမည်။ ခရစ်ယာန်တစ်ဦးဖြစ်ခါစတွင် ဟာနာသည် ရှေ့ဆောင်စိတ်ဓာတ်ကို မွေးမြူပြုစုခဲ့သည်။ သို့သော် အိမ်ထောင်ကို ကြည့်ရှုပြုစုပေးရ၍ နောင်တွင် သူမသည် စီးပွားရေးဝင်ရောက်လုပ်ကိုင်စဉ် ရှေ့ဆောင်မဖြစ်နိုင်ခဲ့ပါ။ ထိုနောက် နိုးကြားသောအကြီးအကဲများ၏ အကြံဉာဏ်ကောင်းကို လိုက်နာကျင့်သုံးပြီး သူမ၏ စိတ်ဝင်စားရာ လောကီအသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ကာ ရှေ့ဆောင်လုပ်ခဲ့သည်။ ယခု ဟာနာသည် အခြားသူတို့အား ဆက်ကပ်အပ်နှံကြရန်နှင့် မလှုပ်ရှားသူများအား ကူညီပေးခြင်းမှ ပျော်ရွှင်မှုများစွာ ခံစားနေရပါသည်။
သမ္မာတရားကြောင့် မိမိ၏ဘဝပုံစံ ပြောင်းလာပုံကို ကျေးဇူးတင်စိတ်ကလည်း ရှေ့ဆောင်ရန် စေ့ဆော်ပေးနိုင်သည်။ အိမ်ထောင်ရေးပျက်ပြားနေသည့်အတွက် အလွန်စိတ်ဓာတ်ကျနေသော အမျိုးသမီးတစ်ဦး၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားရရှိ၍ လက်တွေ့ကျင့်သုံးလာသောအခါ သူ၏အခြေအနေ လုံးဝပြောင်းလဲသွားသည်။ သမ္မာတရားကြောင့် မိမိခံစားရသောပျော်ရွှင်မှုကို ကျေးဇူးတင်ကြောင်းတင်ပြရန် အကောင်းဆုံးနည်းကား ရှေ့ဆောင်လုပ်၍ သူတစ်ပါးအား ကူညီပေးခြင်းပင်ဖြစ်သည်ဟု သူမစိတ်ဆုံးဖြတ်ခဲ့သည်။ ထိုအတိုင်း သူမလုပ်ဆောင်ခဲ့ရာ ယခု ကျမ်းစာသင်အံမှုများစွာရှိသည့်အတွက် ကောင်းချီးခံစားရရုံမက ပျော်ရွှင်သောမိသားစုဘဝကိုလည်း ရရှိထားပြီဖြစ်သည်။
အခြားသူများ ကူညီပေးနိုင်
ရှေ့ဆောင်များသည် ရှေ့ဆောင်များကို ထပ်ဆင့်ထွက်ပေါ်စေတတ်သည်။ အစောပိုင်းတွင်ဖော်ပြခဲ့သည့် ရာဒိုသည် သူ၏မိဘများအား ရှေ့ဆောင်နှစ်ဦးက ကျမ်းစာသင်ပေးခဲ့ချိန်တွင် ခြောက်နှစ်အရွယ်သာရှိသေးသည်။ ငယ်ရွယ်ချိန်ကတည်းက ဤအချိန်ပြည့်ဟောပြောသူများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင် သူမှန်မှန်ပါဝင်ခဲ့သည်။ ရာဒိုကိုယ်တိုင်ပင် ၁၇ နှစ်အရွယ်တွင် မှန်မှန်ရှေ့ဆောင် ဖြစ်လာပါသည်။ အာနိုအမည်ရှိ အခြားလူငယ်တစ်ဦးသည် ခရစ်ယာန်အိမ်ထောင်တွင် ကြီးပြင်းလာသော်လည်း ဝိညာဉ်ရေးအရ အားနည်းလာသည်။ နောင်တွင် သူ၏ဝိညာဏခွန်အား ပြန်တိုးပွားလာစေရန် ကြိုးစားခဲ့၍ ယခုသူက “ရှေ့ဆောင်များရဲ့ အားပေးမှုကို ကျွန်တော် အများကြီးရရှိခဲ့တယ်။ အထူးသဖြင့် ကျောင်းပိတ်ချိန်မှာ သူတို့နဲ့ ပေါင်းပြီး လယ်ကွင်းလုပ်ငန်းမှာ တစ်လ နာရီ ၆၀ အထိ တစ်ခါတလေ မှတ်တမ်းသွင်းနိုင်ခဲ့တယ်။ အဲ့ဒီနောက်မှန်မှန်ရှေ့ဆောင်လုပ်ဖို့ [လစဉ်သတ်မှတ်နာရီ ၇၀] မခဲယဉ်းတော့ပါဘူး” ဟုဆိုသည်။ ဤလောကကို အပြည့်အဝအသုံးမပြုရန် ၁ ကောရိန္သု ၇:၂၉-၃၁ ပါသြဝါဒကို ဆင်ခြင်သုံးသပ်ခြင်းက ဤလူငယ်များအား အမှန်တကယ် အကူအညီပေးခဲ့ပါပြီ။
ဝိညာဏရေးရာများကိုဦးစားထားကာအချိန်ပြည့်ဓမ္မအမှုဆောင်ရွက်ရန် သားသမီးများအား တိုက်တွန်းပေးသည့် မိဘများရှိသော အိမ်ထောင်တွင် ရှေ့ဆောင်စိတ်ဓာတ်သည် အလွယ်တကူ အမြစ်စွဲနိုင်ပါသည်။ ဤသို့သောအိမ်ထောင်မျိုးတွင် ကြီးပြင်းလာသော ဖီလိုက “ပညာရေးကို ဆက်ဦးစားပေးဖို့၊ လောကီအသက်မွေးဝမ်းကြောင်းရှာဖို့ ကျွန်တော့်ကို အကြံပေးသူ များပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိဘများက အဲ့ဒါထက်ပညာရှိတဲ့ ရွေးချယ်မှုကိုပြုဖို့ ကူညီပေးခဲ့တယ်။ အနာဂတ်အကျိုးအတွက် ကျွန်တော် တကယ်ကြိုးစားချင်တယ်ဆိုရင် ကျွန်တော်ဦးစားပေးရမှာက ယေဟောဝါနဲ့ဆက်ဆံရေး တိုးတက်စေဖို့ဖြစ်တယ်လို့ သူတို့ဆုံးမခဲ့တယ်” ဟုပြောပြသည်။
တာမာအမည်ရှိ အမျိုးသမီးငယ်တစ်ဦးကလည်း သူမရှေ့ဆောင်လုပ်ခြင်းသည် မိဘနှစ်ပါး၏ ပုံသက်သေနှင့် ကြိုးစားမှုများကြောင့်ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ သူမက “ဝိညာဏအမြင် ကျွန်မမှာ ဘယ်အချိန်က ရှိလာတယ်ဆိုတာကိုတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ မွေးကတည်းက ပါလာတာတော့မဟုတ်ဘူး။ လယ်ကွင်းလုပ်ငန်းမှာ ကျွန်မမိဘများ မှန်မှန်ပါဝင်ပြီး စည်းဝေးတွေကို မှန်မှန်တက်ရုံမက သမ္မာတရားကို သူတို့အလွန်မြတ်နိုးတဲ့စိတ်က ကျွန်မရဲ့ဝိညာဏအမြင်ကို တကယ်ပဲ တိုးပွားစေခဲ့တယ်” ဟုပြောပါသည်။
မိဘတို့၊ သင့်သားသမီးများ၌ ရှေ့ဆောင်လုပ်ချင်စိတ်ရှိလာအောင် မွေးမြူပေးနေပါသလော။ ရှေ့ဆောင်တို့၊ ဤစိတ်ဓာတ်ကို အခြားသူများ၌ရှိစေရန် ကြိုးစားလှုံ့ဆော်ပေးပါသလော။ အကြီးအကဲတို့၊ အသင်းတော်ရှိ ရှေ့ဆောင်များကို ထောက်မကူညီပြီး အခြားသူများ၌လည်း ရှေ့ဆောင်စိတ်ဓာတ်ရှိစေရန် တည်ဆောက်ပေးပါသလော။ ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ကြစဉ် ဤသို့သောကြွယ်ဝသည့် ကောင်းချီးများလှမ်းယူကြရန် ယေဟောဝါ၏လူများ၌ လှုံ့ဆော်ခံရသူ များသည်ထက် များလာနိုင်ပါစေ။