ယခုအချိန်သည် ဟောပြောရမည့်အချိန်ဖြစ်!
၁။ အဘယ်ကြောင့် ယခုအချိန်သည် ဟောပြောရမည့်အချိန်ဖြစ်သနည်း။
၁ “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။” ကောင်းကင်တမန်၏ညွှန်ကြားချက်အရ ဤသတင်းစကားကို “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား” ကြေညာလျက်ရှိသည်။ အဘယ်ကြောင့် ကြေညာရသနည်း။ အကြောင်းမှာ “[ဘုရားသခင်၏] တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။” ယနေ့ ကျွန်ုပ်တို့သည် လက်ရှိအစီအစဉ်စနစ်ပျက်စီးခြင်းတွင် အထွတ်အထိပ်ရောက်မည့် ထို ‘တရားစီရင်ချိန်’ တွင် အသက်ရှင်နေကြသည်။ လူသားများသည် “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြ” ရန် အလွန်အရေးကြီးသည်။ အခြားမည်သည့်အလုပ်မျှ ‘ထာဝရသတင်းကောင်း’ ကြေညာခြင်းလောက် အရေးမကြီးနိုင်ပေ။ မှန်ပါသည် ယခုအချိန် သည် ဟောပြောရမည့်အချိန်ဖြစ်၏။—ဗျာ. ၁၄:၆၊ ၇။
၂။ ယေဟောဝါ၏ကျေးကျွန်များသည် အချိန်ကာလ၏အရေးကြီးမှုကို အသိအမှတ်ပြုကြောင်း မည်သို့တင်ပြနေကြသနည်း။
၂ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ယေဟောဝါ၏ကျေးကျွန်များသည် နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် နာရီ ၁၂ ဘီလီယံနီးပါးအသုံးပြုခဲ့ကြသည်။ များစွာသောသူတို့သည် ဝိညာဏရိတ်သိမ်းခြင်းတွင် ပို၍အပြည့်အဝပါဝင်ရန် မိမိတို့၏အသက်တာတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ကြသည်။ (မ. ၉:၃၇၊ ၃၈) ဥပမာ၊ လွန်ခဲ့သည့်နှစ်တွင် လစဉ် ပျမ်းမျှကြေညာသူ ၈၅၀,၀၀၀ ကျော်သည် ရှေ့ဆောင်များအဖြစ် အမှုဆောင်ခဲ့ကြသည်။ ထိုသို့ပြုရန် မှန်မှန်ရှေ့ဆောင်များသည် ဟောပြောခြင်းလုပ်ငန်းတွင် လစဉ် ပျမ်းမျှနာရီ ၇၀ အသုံးပြုဖို့လိုသည်။ အရန်ရှေ့ဆောင်များအတွက်မူ နာရီ ၅၀ သတ်မှတ်ထားသည်။
၃။ ကြေညာသူများသည် ရှေ့ဆောင်လုပ်ရန် အဘယ်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ လိုအပ်လေ့ရှိသနည်း။
၃ ရှေ့ဆောင်လုပ်နိုင်ပုံ– “ကာလအချိန်တိုလာပြီ” ကိုအသိအမှတ်ပြုခြင်းကြောင့် ရှေ့ဆောင်များသည် မိမိတို့၏ဘဝကို ရိုးရှင်းစေရန် ကြိုးစားကြသည်။ (၁ ကော. ၇:၂၉၊ ၃၁၊ သမ္မာ) သူတို့သည် လောကအလုပ်တွင် အချိန်များများမပေးရစေရန် ကုန်ကျစရိတ်များ လျှော့ချဖို့နည်းလမ်းများကို ရှာကြံကြသည်။ ဥပမာ၊ အချို့သူတို့သည် ပို၍ငယ်သောအိမ်များသို့ ပြောင်းရွှေ့ကြသည်။ အခြားသူတို့မူ မလိုအပ်သောဥစ္စာပစ္စည်းများကို ဖယ်ရှားပစ်ကြသည်။ (မ. ၆:၁၉-၂၁) များသောအားဖြင့် သူတို့သည် ကိုယ်ရေးကိုယ်တာလိုက်စားမှုများကိုလည်း လျှော့ချပစ်ကြရမည်။ ဓမ္မအမှုအတွက် ပိုမိုအချိန်ရရှိပြီး ပိုမိုအာရုံစိုက်နိုင်စေရန်ဟူသောပန်းတိုင်ဖြင့် ယင်းတို့အားလုံးကို ပြုလုပ်ခဲ့ကြသည်။ (ဧ. ၅:၁၅၊ ၁၆) မဆုတ်မနစ်ဇွဲ၊ ကိုယ်ကျိုးစွန့်စိတ်ဓာတ်နှင့် ယေဟောဝါကို ဆုတောင်း၍ မှီခိုအားထားခြင်းဖြင့် ကြေညာသူများစွာသည် ရှေ့ဆောင်လုပ်နိုင်စေသည့် လက်တွေ့ကျသောဇယားတစ်ခုကို စီစဉ်နိုင်ခဲ့ကြပြီ။
၄။ လက်တွေ့ကျသည့် အဘယ်နည်းလမ်းများက ရှေ့ဆောင်ပန်းတိုင်ရောက်ရှိရန် သင့်ကို ကူညီပေးနိုင်သနည်း။
၄ သင် ရှေ့ဆောင်လုပ်နိုင်မည်လော။ အောင်မြင်သောရှေ့ဆောင်များအား သူတို့ မည်သို့ရှေ့ဆောင်လုပ်နိုင်ကြောင်း မေးကြည့်ပါ။ လယ်ကွင်းဓမ္မအမှုတွင် သူတို့နှင့်အတူအမှုဆောင်ပြီး သူတို့၏ပျော်ရွှင်မှုကို ခံစားကြည့်ပါ။ ကျွန်ုပ်တို့၏စာပေများတွင် ပါရှိသည့် ရှေ့ဆောင်လုပ်ငန်းနှင့်သက်ဆိုင်သောဆောင်းပါးများကို လေ့လာပါ။ သင့်အတွက် လက်တွေ့ကျပြီး ရှေ့ဆောင်လုပ်ငန်းသို့ တက်လှမ်းနိုင်စေသည့် ပန်းတိုင်များချမှတ်ပါ။ ရှေ့ဆောင်မလုပ်နိုင်ရန် သင့်အား လောလောဆယ်တားဆီးနေသည့် အဟန့်အတားများရှိလျှင် ၎င်းတို့ကို ယေဟောဝါထံ ဆုတောင်းပြောပြကာ ဖြေရှင်းနိုင်ရန် အကူအညီတောင်းခံပါ။—သု. ၁၆:၃။
၅။ ရှေ့ဆောင်လုပ်ခြင်းက ဓမ္မအမှုတွင် ကျွန်ုပ်တို့၏စွမ်းရည်များကို တိုးတက်စေရန် မည်သို့ကူညီပေးနိုင်သနည်း။
၅ ကောင်းချီးများနှင့် ရွှင်လန်းမှု– ရှေ့ဆောင်လုပ်ခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုရာတွင် ကျွန်ုပ်တို့၏စွမ်းရည်များကို တိုးတက်စေပြီး ယင်းက တစ်ဖန် ရွှင်လန်းမှုကိုတိုးပွားစေသည်။ “ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်ကို မှန်ကန်စွာကိုင်တွယ်နိုင်ခြင်းဟာ တကယ့်ကောင်းချီးတစ်ခုပါပဲ။ ရှေ့ဆောင်လုပ်တဲ့အခါ ကျမ်းစာကို များများအသုံးပြုရတယ်။ ကျွန်မ တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ အိမ်ရှင်တစ်ဦးစီနဲ့သင့်တော်မယ့် ကျမ်းချက်တွေကို အခု စဉ်းစားတတ်ပြီ” ဟုရှေ့ဆောင်ညီမငယ်တစ်ဦးက ပြောပြသည်။—၂ တိ. ၂:၁၅။
၆။ ရှေ့ဆောင်လုပ်ခြင်းက အဘယ်လေ့ကျင့်မှုကို ရရှိစေသနည်း။
၆ ရှေ့ဆောင်လုပ်ခြင်းက အသုံးဝင်သော ဘဝအတတ်ပညာများစွာကိုလည်း သင်ပေး၏။ ယင်းက အချိန်ကို ပညာရှိရှိ အသုံးပြုတတ်ရန်၊ ငွေကြေးကို စီမံခန့်ခွဲတတ်ရန်၊ လူတို့နှင့်သင့်မြတ်စွာနေတတ်ရန် လူငယ်များကို ကူညီပေးနိုင်သည်။ များစွာသောသူတို့သည် ရှေ့ဆောင်လုပ်ခြင်းကြောင့် ဘဝနှင့်ပတ်သက်၍ ဝိညာဏအမြင် ပိုရှိလာသည်။ (ဧ. ၄:၁၃) ထို့ပြင် ရှေ့ဆောင်များသည် ယေဟောဝါ၏ကူညီမစမှုကို မကြာခဏခံစားခွင့် ရရှိကြသည်။—တ. ၁၁:၂၁; ဖိ. ၄:၁၁-၁၃။
၇။ ရှေ့ဆောင်လုပ်ခြင်းက ကျွန်ုပ်တို့ကို ယေဟောဝါနှင့် မည်သို့နီးကပ်စေသနည်း။
၇ ရှေ့ဆောင်လုပ်ခြင်း၏ အကြီးမြတ်ဆုံးကောင်းချီးများထဲမှ တစ်ခုမှာ ကျွန်ုပ်တို့ကို ယေဟောဝါနှင့်နီးကပ်စေခြင်းဖြစ်သည်။ ယင်းက စမ်းသပ်မှုများခံရစဉ် ကျွန်ုပ်တို့ကို ထောက်မပေးနိုင်သည်။ ကြီးမားသောအခက်အခဲများကို ခံရပ်နိုင်ခဲ့သည့်ညီအစ်မတစ်ဦးက ဤသို့ဆို၏– “ရှေ့ဆောင်လုပ်ခြင်းကနေရရှိထားတဲ့ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် အခက်အခဲအားလုံးကို ကျွန်မ ခံရပ်နိုင်ခဲ့တယ်။ ယေဟောဝါရဲ့အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ဖို့ ကျွန်မရဲ့ လူကြီးဘဝကို အသုံးပြုခဲ့ရလို့ အရမ်းပျော်တယ်။ လုပ်နိုင်မယ်လို့ ကျွန်မ တစ်ခါမှ မထင်ခဲ့တဲ့နည်းတွေနဲ့ ကိုယ့်ကိုယ်ကို အသုံးတော်ခံနိုင်ခဲ့တယ်။” (တ. ၂၀:၃၅) အရေးအကြီးဆုံးဟောပြောခြင်းလုပ်ငန်းကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်စဉ် ကျွန်ုပ်တို့လည်း အလားတူ ကြွယ်ဝသောကောင်းချီးများခံစားနိုင်ပါစေ။—သု. ၁၀:၂၂။