ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!
၁ “ဤပရောဖက်ကျမ်းစကားများကို ကျယ်စွာဖတ်သူနှင့် ကြားနာသူတို့အပြင် ၎င်း၌ရေးသားသောအရာများကို လိုက်နာသူတို့သည် ပျော်ရွှင်၏။ အကြောင်းမှာ သတ်မှတ်ချိန်နီးပြီ။” (ဗျာ. ၁:၃၊ ကဘ) ယင်းစကားများက ဗျာဒိတ်ကျမ်း၏တန်ဖိုးကို ပေါ်လွင်စေသည်။ အထူးသဖြင့် ယင်း၏ပရောဖက်ပြုချက်အများစု ပြည့်စုံရန် သတ်မှတ်ထားသည့်အချိန်အတွင်း ကျွန်ုပ်တို့အသက်ရှင်နေကြသောကြောင့်ဖြစ်၏။ သင့်လျော်စွာပင် ၂၀၀၇၊ ဇန်နဝါရီ ၈ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်ကို လေ့လာကြမည်ဖြစ်သည်။
၂ ဗျာဒိတ်ကျမ်းအထွတ်အထိပ် စာအုပ်ကို နောက်ဆုံးလေ့လာခဲ့ပြီးသည့်အချိန်မှစ၍ လောက၏အဆင်းသဏ္ဌာန်သည် များစွာပြောင်းလဲခဲ့ပေပြီ။ (၁ ကော. ၇:၃၁) ထို့ပြင် နိုင်ငံတော်သတင်းကောင်းကြွေးကြော်သူများနှင့် ပေါင်းသင်းလာသူများစွာသည် ဗျာဒိတ်ကျမ်း၏ အခန်းငယ်တစ်ခုချင်းစီကို လေ့လာခွင့်မရရှိခဲ့ကြပေ။ ဗျာဒိတ်ကျမ်းအထွတ်အထိပ်စာအုပ်ကို လေ့လာခြင်းက ရှေ့တွင်ကြုံရမည့်အရာအတွက် နိုးနိုးကြားကြားရှိနေနိုင်ရန် ကျွန်ုပ်တို့အားလုံးကို ကူညီပေးပါလိမ့်မည်။—ဗျာ. ၁၆:၁၅။
၃ အပတ်စဉ်တက်ရောက်ရန် ပန်းတိုင်ထားပါ။ ဤလေ့လာမှုသည် စောင့်နေကြရန် ကူညီပေးမည့်အပြင် အသင်းတော်ခုနစ်ခုထံ ယေရှုပေးပို့သောသတင်းများက ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် ဓမ္မအမှုတွင်ပါဝင်ခြင်းကို အကြီးအကျယ်ထိခိုက်စေသည့် အခြေအနေများကိုရှောင်ကြဉ်နိုင်ရန် ထောက်ကူပေးပါလိမ့်မည်။—ဗျာ. ၁:၁၁၊ ၁၉။
၄ ကောင်းစွာပြင်ဆင်ပါ– ဆွေးနွေးမည့် အခန်းငယ်များကို စာအုပ်ကြီးသင်တန်းမတိုင်မီဖတ်ပါ။ ရှင်းလင်းထားသည့် ကျမ်းစာကျိုးကြောင်းဆင်ခြင်မှုကို သတိပြုမှတ်သားပါ။ နှလုံးထိမိစေသည့် အဓိကအချက်များကို သဘောပေါက်နားလည်ရန် ကြိုးစားပါ။ (နေ. ၈:၈၊ ၁၂) တွေးတောဆင်ခြင်ရန်နှင့် မိမိကိုယ်ကို ဤသို့မေးရန် အချိန်ယူပါ– ‘ဒီအချက်က ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေ အကောင်အထည်ပေါ်လာပုံအကြောင်း ဘာပြောသလဲ။ ကိုယ်တော့်ရည်ရွယ်ချက်နဲ့အညီ ငါဘယ်လိုပြုမူနေထိုင်နိုင်မလဲ။ တခြားသူတွေကို ဘယ်လိုကူညီနိုင်မလဲ။’
၅ ၁၉၁၄ တွင် “သခင်ဘုရားနေ့” အစပြုခဲ့သည်မှာ ကိုးဆယ့်နှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ (ဗျာ. ၁:၁၀) ဗျာဒိတ်ကျမ်းတွင် ကြိုဟောထားသော ကမ္ဘာကြီးကိုတုန်လှုပ်သွားစေမည့်ဖြစ်ရပ်များ ဖြစ်လာရန် လက်တစ်ကမ်းသာလိုတော့သည်။ ဗျာဒိတ်ကျမ်းအထွတ်အထိပ်စာအုပ်ကို လေ့လာမှုက ကျွန်ုပ်တို့စိတ်နှလုံးကို လန်းဆန်းစေပြီး “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” နှင့်ကမ္ဘာသစ် နီးပြီဟူသည့် ယုံကြည်ခြင်းကို ခိုင်မာစေပါလိမ့်မည်။—ဗျာ. ၁၆:၁၄; ၂၁:၄၊ ၅။