အတော်အတန်စိတ်ဝင်စားမှုပြသူ အားလုံးထံ ပြန်လည်ပတ်ပါ
၁ ယနေ့ ကျွန်ုပ်တို့အများစု သမ္မာတရားတွင် ရှိနေကြခြင်းမှာ နိုင်ငံတော်သတင်းကို ကျွန်ုပ်တို့လိုလိုလားလား တုံ့ပြန်သည်ကို တစ်စုံတစ်ဦးက ဂရုပြုမိကာ စိတ်ဝင်စားမှုကို ပျိုးထောင်ပေးရန် စိတ်ရှည်ရှည်ဖြင့် ကြိမ်ဖန်များစွာ ပြန်လည်ပတ်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့လည်း ထိုနည်းထပ်တူ အတော်အတန် စိတ်ဝင်စားမှုပြသူ အားလုံးထံ တာဝန်သိသိ ပြန်လည်ပတ်သင့်သည်။ ကျွန်ုပ်တို့၏ “တပည့်ဖြစ်စေခြင်း” တာဝန်တွင် ပြန်လည်ပတ်မှုများပြုလုပ်ခြင်း အမှန်ပင်ပါဝင်သည်။—မ. ၂၈:၁၉၊ ၂၀။
၂ စိတ်ဝင်စားမှုကို ပိုင်းခြားသိမြင်ခြင်း– လူတစ်ဦးသည် စာပေများကို လက်မခံသော်လည်း ထိုသူ၏မျက်နှာထား၊ အသံနေအသံထားနှင့် စကားလုံးအသုံးအနှုန်းတို့က နိုင်ငံတော်သတင်းကို အတော်အတန် စိတ်ဝင်စားကြောင်း ဖော်ပြပေမည်။ ယင်းကြောင့် ကျွန်ုပ်တို့ ပြန်လည်ပတ်မှုပြုလုပ်ပေမည်။ ညီအစ်ကိုတစ်ဦးသည် အမျိုးသားတစ်ဦးထံ စာပေမဝေငှဘဲ ရက်သတ္တပတ် ငါးပတ်ဆက်တိုက် လည်ပတ်ခဲ့သည်။ ခြောက်ပတ်မြောက်တွင် ထိုပုဂ္ဂိုလ်သည် စာပေများကိုလက်ခံခဲ့ပြီး နောက်ဆုံးတွင် ကျမ်းစာသင်အံမှုကိုပါ လက်ခံခဲ့သည်။
၃ စိတ်ဝင်စားကြောင်း သင်တွေ့ရှိပါက ရက်အနည်းငယ်အတွင်း ချက်ချင်း ပြန်လည်ပတ်ပါ။ လူတစ်ဦး၏နှလုံးထဲ ကြဲလိုက်သည့်အရာကို နုတ်ယူသွားရန် “နတ်ဆိုး” အားအခွင့်မပေးပါနှင့်။ (မ. ၁၃:၁၉) သတ်မှတ်ထားသောအချိန်တွင် ပြန်သွားမည်ဟု သင်စီစဉ်ထားပါက သင့်ကတိအတိုင်း ဆက်လုပ်ဆောင်ရန်သေချာစေပါ။—မ. ၅:၃၇။
၄ အလွတ်သဘောသက်သေခံခြင်း– သင်အလွတ်သဘောသက်သေခံစဉ် စိတ်ဝင်စားသူတွေ့ရှိပါက ယင်းကို ဆက်လိုက်ဖို့ သင်ကြိုးစားပါသလော။ သင့်စကားအဆုံးတွင် “ခုလိုဆွေးနွေးရတာ ဝမ်းသာတယ်။ နောက်ထပ်စကားပြောဆိုနိုင်ဖို့ ခင်ဗျားကို ဘယ်မှာတွေ့ရမလဲ” ဟုပြောနိုင်သည်။ စိတ်ဝင်စားသူ၌ တယ်လီဖုန်းရှိပါက အချို့ကြေညာသူများသည် ဖုန်းနံပါတ်ကို မေးပေမည်။ လူတို့သည် သင့်အား တစ်နေရာတည်းတွင်သာ အမြဲတွေ့နေပါက သူတို့၏လိပ်စာကို သင့်အား ပေးလိုပေမည်။ သူတို့ထံမှ ဆက်သွယ်ရန်လိပ်စာမရသော်လည်း နောက်တစ်ကြိမ် သူတို့နှင့်တွေ့ဆုံသည့်အခါတွင် သူတို့၏စိတ်ဝင်စားမှုကို တိုးပွားစေရန် ဆက်ကြိုးစားနိုင်သေးသည်။
၅ ကျွန်ုပ်တို့ရေလောင်းပြီး ပြုစုပျိုးထောင်ထားသော ပျိုးပင်ပေါက်ကလေးများ ရှင်သန်ကြီးထွားလာသည်ကို တွေ့မြင်ရခြင်းက ကျွန်ုပ်တို့ကို ပျော်ရွှင်စေ၏။ အလားတူပင် လူတို့ထံ ပြန်လည်ပတ်မှုများပြုလုပ်ပြီး ဝိညာဉ်ရေးတိုးတက်ရန် ကူညီပေးခြင်းဖြင့် ပျော်ရွှင်မှုများစွာရရှိနိုင်သည်။ (၁ ကော. ၃:၆) ထိုရည်ရွယ်ချက်ဖြင့် အတော်အတန်စိတ်ဝင်စားမှုပြသူ အားလုံးထံ ပြန်လည်ပတ်ပါလေ။