ကိုယ်တော်သည် “မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏”
၁ ကျွန်ုပ်တို့အားလုံး မကြာခဏဆိုသလို မောပန်းနွမ်းနယ်ကြသည်။ အလုပ် သို့မဟုတ် အခြားကာယပိုင်းလုပ်ဆောင်မှုများကြောင့်သာမဟုတ်ဘဲ “ခဲယဉ်းသောကာလ” တွင်ရင်ဆိုင်ရသော ပြဿနာများကြောင့်လည်း ထိုသို့မောပန်းကြသည်။ (၂ တိ. ၃:၁) ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ဓမ္မအမှုတွင် အရှိန်မလျှော့သွားစေရန် လိုအပ်သော ဝိညာဏခွန်အားကို မည်သို့ရရှိနိုင်သနည်း။ “တန်ခိုးနှင့်ပြည့်စုံတော်မူသော” ယေဟောဝါကို မှီခိုအားထားခြင်းဖြင့်ဖြစ်သည်။ (ဟေရှာ. ၄၀:၂၆) ကိုယ်တော်သည် ကျွန်ုပ်တို့၏လိုအပ်ရာများကို ကောင်းစွာသိရှိပြီး ကျွန်ုပ်တို့ကို ကူညီပေးရန် အမှန်တကယ် စိတ်ဝင်စားတော်မူသည်။—၁ ပေ. ၅:၇။
၂ ယေဟောဝါ၏ ပြင်ဆင်ပေးချက်များ– စကြဝဠာကိုဖန်ဆင်းရာတွင် ယေဟောဝါအသုံးပြုခဲ့သော တန်ခိုးကြီးစွမ်းအားဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို ခွန်အားပေးတော်မူသည်။ ကျွန်ုပ်တို့ ခြေကုန်လက်ပန်းကျလာပါက ပြန်လည် “အားပြည့်” ရန် ဘုရားသခင့်ဝိညာဉ်တော်က ကူညီပေးသည်။ (ဟေရှာ. ၄၀:၃၁) ထို့ကြောင့် ‘ခရစ်ယာန်တာဝန်ဝတ္တရားတွေကို ကျေပွန်နိုင်အောင် ခွန်အားရရှိဖို့ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်အတွက် ဘယ်တုန်းက နောက်ဆုံးအကြိမ် ဆုတောင်းခဲ့သလဲ’ ဟု ကိုယ့်ကိုယ်ကိုမေးပါ။—လု. ၁၁:၁၁-၁၃။
၃ ဘုရားသခင့်မှုတ်သွင်းခံ နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုဆင်ခြင်ခြင်း၊ ဝိညာဏခွန်အားရရှိစေသည့် ခရစ်ယာန်စာပေများကို မှန်မှန်လေ့လာခြင်းဖြင့် ကျွန်ုပ်တို့သည် “မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ” ပေလိမ့်မည်။—ဆာ. ၁:၂၊ ၃။
၄ ကျွန်ုပ်တို့၏ “စိတ်ကိုသက်သာစေ” နိုင်သော ယုံကြည်သူချင်းများကိုလည်း ယေဟောဝါအသုံးပြုတော်မူသည်။ (ကော. ၄:၁၀၊ ၁၁) သူတို့သည် ခရစ်ယာန်အစည်းအဝေးများတွင် တည်ဆောက်မှုဖြစ်စေသော စကားစမြည်ပြောဆိုမှုများ၊ မှတ်ချက်များ၊ ဟောပြောချက်များအားဖြင့် ကျွန်ုပ်တို့ကို သက်သာစေပြီး ခွန်အားရှိစေကြသည်။ (တ. ၁၅:၃၂) အထူးသဖြင့် ခရစ်ယာန်အကြီးအကဲများသည် ဝိညာဏအကူအညီနှင့် လန်းဆန်းမှုဖြစ်စေသောအားပေးမှုများ ပေးကြသည်။—ဟေရှာ. ၃၂:၁၊ ၂။
၅ ဓမ္မအမှု– ခြေကုန်လက်ပန်းကျလာသည်ဟု သင်ခံစားရသည့်အခါ ဟောပြောခြင်းလုပ်ငန်းကို မရပ်တန့်လိုက်ပါနှင့်! ဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းက အခြားလုပ်ဆောင်မှုများနှင့်မတူဘဲ ကျွန်ုပ်တို့ကို အမှန်ပင် လန်းဆန်းစေသည်။ (မ. ၁၁:၂၈-၃၀) သတင်းကောင်းဟောပြောခြင်းက ဘုရားသခင့်နိုင်ငံတော်ကို အာရုံစိုက်ရန်၊ ယင်း၏ ထာဝစဉ်တည်မြဲသော အံ့ချီးဖွယ်အလားအလာများကို ရှုမျှော်နေရန် ကူညီပေးသည်။
၆ ဤဆိုးညစ်သောအစီအစဉ်စနစ် ဖျက်ဆီးမခံရမီ လုပ်စရာများစွာရှိပါသည်။ ထို့ကြောင့် “ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိ” ဖြင့် လုပ်ငန်းတော်မြတ်တွင် ဆက်၍သစ္စာတည်ကြည်နေသင့်သည်။ (၁ ပေ. ၄:၁၁) ယေဟောဝါသည် “မောသောသူတို့အား ခွန်အားကိုပေးတော်မူ” သောကြောင့် ကိုယ်တော့်အကူအညီဖြင့် ကျွန်ုပ်တို့၏လုပ်ငန်း ပြီးမြောက်ပေလိမ့်မည်။—ဟေရှာ. ၄၀:၂၉။