‘ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုရန် အသင့်ဖြစ်နေပါ’
၁ ယေရှုသည် ဟောပြောခြင်းလုပ်ငန်းသစ် စတင်သောအခါ တပည့်တော်များကို ကြိုတင်ပြင်ဆင်ပေးရန် အချိန်ယူခဲ့သည်။ (မ. ၁၀:၅-၁၄) ကျွန်ုပ်တို့သည် အလုပ်များကြသော်လည်း တစ်အိမ်တက်ဆင်းဓမ္မအမှုတွင် မပါဝင်မီ ကြိုတင်ပြင်ဆင်ရန် မိနစ်အနည်းငယ်အချိန်ယူခြင်းက ရလဒ်ကောင်းများကို ရိတ်သိမ်းစေနိုင်သည်။—၂ ကော. ၉:၆။
၂ ကြိုတင်ပြင်ဆင်ပုံ– ကောင်းစွာကြိုတင်ပြင်ဆင်ခြင်း၏ အစမှာ ကျွန်ုပ်တို့ဝေငှမည့်စာပေများတွင် ပါဝင်သောအကြောင်းအရာများကို အကျွမ်းတဝင်ရှိခြင်းဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ရပ်ကွက်ရှိလူတို့အကြောင်းကိုလည်း စဉ်းစားဖို့လိုသည်။ သူတို့ အဘယ်အရာကို စိုးရိမ်မကင်းဖြစ်နေကြသနည်း။ သူတို့၏ဘာသာရေးယုံကြည်ချက်များကား အဘယ်နည်း။ ယင်းတို့နှင့်ပတ်သက်၍ အကြံဉာဏ်ရရန် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုနှင့် ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်တွင် နမူနာတင်ဆက်နည်းများကို ရှာဖွေကြည့်ရှုနိုင်သည်။
၃ လုပ်ငန်းတော်အစည်းအဝေးတွင် တင်ဆက်သောသရုပ်ပြများကို ကောင်းစွာနားထောင်ခြင်းသည်လည်း အကူအညီဖြစ်စေနိုင်သည်။ တင်ဆက်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်လာသည်နှင့်အမျှ ကြိုတင်ပြင်ဆင်ရန် အချိန်အနည်းငယ်သာလိုပေမည်။ သို့သော် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်တိုင်း အဘယ်အကြောင်းအရာပြောဆိုမည်ကို ကြိုတင်စဉ်းစားပြီး တင်ဆက်နည်းကို တိုးတက်စေပါက ပိုထိရောက်မည်။ ကျွန်ုပ်တို့၏ အမှုဆောင်အိတ်တွင် လိုအပ်မည့်စာပေအားလုံးပါ,မပါ စစ်ဆေးသင့်သည်။
၄ တင်ဆက်နည်းကို မှတ်မိစေရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။ ပြောလိုသည့်အကြောင်းအရာကို အသံထွက်လေ့ကျင့်ခြင်းက စိတ်ထဲတွင်စွဲမြဲစွာမှတ်မိစေသည်။ အချို့က မိသားစုသင်အံမှုကျင်းပချိန်တွင် လေ့ကျင့်လိုကြသည်။ အခြားသူတို့မူ တင်ဆက်နည်းအတိုချုပ်ကို မှတ်စုစာရွက်တွင် ရေးမှတ်ကာ အိမ်တံခါးဝရောက်ခါနီးတွင် တစ်ခဏမျှပြန်ကြည့်ခြင်းက အထောက်အကူဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
၅ အဘယ်ကြောင့်အကျိုးရှိ– ကောင်းစွာကြိုတင်ပြင်ဆင်ထားခြင်းသည် ကျွန်ုပ်တို့ကို ဓမ္မအမှုတွင်ပို၍ထိရောက်စေပြီး ပျော်ရွှင်မှု တိုးများစေသည်။ ဟောပြောသည့်အခါ ကျွန်ုပ်တို့ကို စိတ်တည်ငြိမ်စေပြီး ဖိစီးမှုလျော့နည်းစေသည်။ ပြောဆိုမည့်အကြောင်းအရာအပေါ်သာ စိတ်ရောက်နေမည့်အစား အိမ်ရှင်ကို ကောင်းစွာအာရုံစိုက်နိုင်မည်။ ထို့ပြင် စာပေများကိုကောင်းစွာသိကျွမ်းထားခြင်းက ဝေငှသည့်အခါ ကျွန်ုပ်တို့ကို ပို၍စိတ်အားထက်သန်စေနိုင်သည်။
၆ ကျမ်းစာက ကျွန်ုပ်တို့ကို “ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေ” ဖို့အားပေးသည်။ (တိ. ၃:၁) သတင်းကောင်းဟောပြောခြင်းထက် ပိုကောင်းသောအလုပ် မရှိပါ။ ကောင်းစွာကြိုတင်ပြင်ဆင်ခြင်းဖြင့် နားထောင်လိုသောအိမ်ရှင်နှင့် ကျွန်ုပ်တို့ ကိုယ်စားပြုသည့်ဘုရားသခင် ယေဟောဝါကို လေးစားကြောင်းတင်ပြနိုင်ကြသည်။—ဟေရှာ. ၄၃:၁၀။