အောက်မေ့ရာပွဲအကြောင်း ကြေညာသည့် အထူးကင်ပိန်း
၁။ ကမ္ဘာတစ်ဝန်းတွင် ၂၀၀၉၊ မတ် ၂၁ မှစ၍ နိုင်ငံတော်သတင်းကြေညာသူများသည် အဘယ်လုပ်ငန်းတွင် ပါဝင်ကြမည်နည်း၊ အဘယ်ကြောင့်နည်း။
၁ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါဘုရားသခင်ကို ဝတ်ပြုသူများသည် လူသားတို့အတွက် ကိုယ်တော်၏အကြီးမားဆုံးမေတ္တာပြသမှုကို ပြန်လည်တွေးတောဆင်ခြင်ရန် ၂၀၀၉၊ ဧပြီ ၉၊ ကြာသပတေးနေ့၌ စုရုံးကြပါလိမ့်မည်။ (ရော. ၅:၆-၈) ယေရှု၏သေခြင်းအောက်မေ့ရာပွဲတွင် ကျွန်ုပ်တို့နှင့်အတူ စိတ်ဝင်စားသူသန်းပေါင်းများစွာ လာတက်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ မတ်လ ၂၁ ရက်မှစ၍ ကမ္ဘာတစ်ဝန်းတွင် အောက်မေ့ရာပွဲအထူးဖိတ်စာကို ဝေငှပါမည်။
၂။ ဖိတ်စာဝေငှစဉ် အဘယ်အချက်များကို စိတ်စွဲမှတ်ထားရမည်နည်း။
၂ စိတ်စွဲမှတ်ထားရမည့်အချက်များ– ဖိတ်စာပါ ရုပ်ပုံများ၊ မေးခွန်းများ၊ ကိုးကားထားသောကျမ်းချက်များကို ကောင်းစွာအသုံးပြုပါ။ ဥပမာ၊ မျက်နှာဖုံးရုပ်ပုံကိုပြပြီး “၂၀၀၉၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့မှာကျင်းပမယ့် ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ကျွန်တော်တို့နဲ့အတူ တက်ရောက်ဖို့ လာဖိတ်တာပါ” ဟုပြောနိုင်သည်။ ထို့နောက် ဖိတ်စာ၏ခေါင်းစဉ်နှင့် နောက်ဆက်တွဲမေးခွန်းများကို ဖော်ပြပါ။ အိမ်ရှင်အား သူ၏မိသားစုနှင့် အခြားမည်သူမဆိုကိုလည်း ဖိတ်ခေါ်နိုင်ကြောင်း အလေးပေးပြောပြပါ။
၃။ ကင်ပိန်းအစောပိုင်းတွင် ဖိတ်ခေါ်ထားသူများအား မည်သို့ဆက်လိုက်နိုင်သနည်း။
၃ သင်၏အသင်းတော်ရပ်ကွက်သည် ကြီးမားပါက အကြီးအကဲများသည် လူမရှိသည့်အိမ်များ၌ ဖိတ်စာများကို ထားခဲ့နိုင်သည်ဟု ညွှန်ကြားပေမည်။ သီတင်းပတ်ကုန်ရက်များတွင် ဖိတ်စာနှင့်အတူ မဂ္ဂဇင်းများကို ဝေငှနိုင်သည်။ သင်၏ပြန်လည်ပတ်မှုများ၊ ကျမ်းစာသင်သားများ၊ ဆွေမျိုးများ၊ ကျောင်းနေဖက်များ၊ အလုပ်ဖော်များ၊ အိမ်နီးချင်းများနှင့် အခြားအသိအကျွမ်းများကိုဖိတ်ရန် ပန်းတိုင်ထားပါ။ လွန်ခဲ့သောနှစ်တွင် ညီအစ်မတစ်ဦးသည် သူ၏ဆွေမျိုး ၃၀ ကိုဖိတ်ခေါ်ပြီးနောက် ထိုအခါသမယ၏အရေးကြီးမှုကို မှန်မှန်အသိပေးပြောပြခဲ့သည်။ ၂၅ ဦးတက်ရောက်လာပြီး ၄ ဦးမှာ နောက်ပိုင်းတွင် ကျမ်းစာသင်အံရန် လက်ခံခဲ့သောကြောင့် ထိုညီအစ်မ အလွန်ပျော်ရွှင်ခဲ့သည်။
၄။ ယခု အဘယ်အစီအစဉ်များ ပြုလုပ်ရမည်နည်း၊ အဘယ်ကြောင့်နည်း။
၄ ယခုကတည်းကစ၍ စီစဉ်ပါ– ကြေညာသူများစွာသည် မတ်နှင့်ဧပြီလအတွင်း မိမိတို့၏လယ်ကွင်းလုပ်ငန်းဆောင်ရွက်မှုများကို တိုးချဲ့နိုင်ပေမည်။ သင့်တွင် ကောင်းစွာတိုးတက်နေသော သားသမီး သို့မဟုတ် ကျမ်းစာသင်သားများရှိပါက သူတို့ နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာရန် ယင်းသည် အချိန်အခါကောင်းပင်။ အကြီးမားဆုံးမေတ္တာပြမှုနှစ်ရပ်အား အောက်မေ့ရာပွဲကျင်းပခြင်းကို ကြေညာသည့် ဤကင်ပိန်းတွင် အပြည့်အဝပါဝင်ရန် စတင်အစီအစဉ်ဆွဲရမည့်အချိန်မှာ ယခုအချိန်ပင်ဖြစ်ပေသည်။—ယော. ၃:၁၆; ၁၅:၁၃။