၁၉၉၄၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၉–၂၁ ကိုပြန်ပုံနှိပ်ထား ယင်းသည် ခိုးမှု အမှန်ဖြစ်သလော
အဲဗီအိုဒွန်းသည် နိုင်ဂျီးရီးယားနိုင်ငံရှိ ဟိုတယ်ကြီးတစ်ခုတွင် စားပွဲထိုးမှူးတစ်ယောက်ဖြစ်သည်။ တစ်ညနေခင်း၌ စားသောက်ခန်းမကို သော့ခတ်ပိတ်ချိန်တွင် ယူ.အက်စ်. ၁,၈၂၇ ဒေါ်လာတန်ဖိုးရှိ ငွေထုပ်တစ်ထုပ် တွေ့ရှိခဲ့သည်။ ငွေကိုချက်ချင်း သွားအပ်ခဲ့ရာ ထိုဟိုတယ်၏ ဧည့်သည်တစ်ဦးဖြစ်သော ပစ္စည်းရှင်အား ပြန်ပေးကြပါသည်။ ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က အဲဗီအိုဒွန်းအား ရာထူးတိုးပေးပြီး “နှစ်ပတ်လည် အကောင်းဆုံးလုပ်သား” ဆုချပါသည်။ ငွေပိုင်ရှင်လည်း သူ့အား ဆုချသေးသည်။
အရည်အချင်း၊ ဒေသခံသတင်းဆိုင်ရာ မဂ္ဂဇင်းက ထိုအဖြစ်အပျက်ကိုဖော်ပြ၍ အဲဗီအိုဒွန်းအား “ရှမာရိလူကောင်း” ဟုအမည်ပေးပါသည်။ ငွေထုပ်ကို ယူထားချင်စိတ် မပေါ်ခဲ့ဘူးလားဟု အရည်အချင်း က မေးမြန်းသောအခါ အဲဗီအိုဒွန်း ဤသို့ဖြေဆိုသည်– ‘ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော့်ဟာမဟုတ်တဲ့ ဘာပစ္စည်းကိုမဆို တွေ့ခဲ့ရင် ပိုင်ရှင်ကို ပြန်ပေးတယ်။’
ရပ်ကွက်သူရပ်ကွက်သားအများသည် အဲဗီအိုဒွန်း၏ရိုးသားမှုကို အံ့သြချီးမွမ်းကြသည်။ အဲဗီအိုဒွန်း၏ သက်သေခံချင်းတို့ကလည်း ဖြစ်ပျက်သောအဖြစ်အပျက်အပေါ် နှစ်ထောင်းအားရကြသည်။ သို့သော် မအံ့သြကြပါ။ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများသည် သူတို့၏မြင့်မားသောစာရိတ္တစံချိန်ကြောင့် ထင်ရှားကြသည်။ ယင်းတို့တွင် ရိုးသားခြင်းသည် ထူးခြားသောအရည်အချင်းမျှမဟုတ်; ယင်းသည် စည်းမျဉ်းဖြစ်ပြီး ခရစ်ယာန်ဘာသာတရားစစ်၏ မရှိမဖြစ် အရည်အချင်းတစ်ခု ဖြစ်သည်။
သို့ရာတွင် ရိုးသားမှု သို့မဟုတ် မရိုးသားမှုကို တိကျပြတ်သားစွာ မဝေဖန်နိုင်သည့် အခြေအနေမျိုး တစ်ခါတစ်ရံ ပေါ်ပေါက်တတ်သည်။ ဤအဖြစ်ကို သုံးသပ်ကြည့်ပါ။ အနောက်အာဖရိကရှိ ယေဟောဝါသက်သေများ၏ အသင်းတော်တစ်ခုတွင် အလှူငွေထိန်းသိမ်းသည့် စာရင်းကိုင်ဖြစ်သူ ဖက်စ်တပ်စ်သည် ငွေအလွန်လိုအပ်နေပါသည်။ သူ၏ဇနီးသည်သည် အရေးတကြီးခွဲစိတ်ကုသမှုတစ်ခုပြုရန်လိုပြီး ဆရာဝန်များက မဆိုင်းတွသင့်ဟုပြောကြသည်။ ကုန်ကျစရိတ် တစ်ဝက်ကို ကြိုတင်ပေးသွင်းရမည်ဟု ဆေးရုံက တောင်းဆိုသည်။
ဖက်စ်တပ်စ်မှာ ပိုက်ဆံမရှိပါ။ ငွေချေးငှားရန် လူအချို့တို့ထံချဉ်းကပ်သော်လည်း မရခဲ့ပါ။ ထိုအခါ သူ့အားအပ်ထားသည့်ငွေကို သတိရ၍ ‘ငါ့မိန်းမ မသေဖို့ ငါတတ်နိုင်လျက်နဲ့ မလုပ်ဘဲနေရင် မှားမယ်။ အသင်းတော်ငွေကို “ချေး” ပြီး ငါ့ကိုအကြွေးပေးစရာရှိတဲ့သူတွေဆီကရတဲ့အခါ ပြန်ဆပ်ရုံပဲ’ ဟုအတွေးပေါ်သည်။
ဖက်စ်တပ်စ်သည် သူ မပိုင်သောငွေကိုအသုံးပြုပြီး ဆေးရုံသို့ပေးခဲ့သည်။ သူ့အတွေးသည် မှန်ပါသလော။ သူကြုံတွေ့နေရသည့် အရေးပေါ်ကိစ္စကြောင့် သူ၏အကြောင်းပြချက် မှန်ပါသလော။
မည်သူ့ငွေနည်း
ဤမေးခွန်းများကို ဆန်းစစ်ရာတွင် ဖက်စ်တပ်စ်အသုံးပြုခဲ့သောငွေသည် အဘယ်မှရပြီး အဘယ်ရည်ရွယ်ချက်အတွက် ဖြစ်ကြောင်းကို အနည်းငယ် သုံးသပ်ကြည့်ကြစို့။ ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုရေးကို တိုးချဲ့လိုသော အသင်းတော်သားများက စေတနာစိတ်ဖြင့် လှူဒါန်းထားသော ရန်ပုံငွေဖြစ်ပါသည်။ (၂ ကော. ၉:၇) ယင်းသည် လစာများထုတ်ပေးဖို့အတွက် အသုံးပြုသည့်ငွေမဟုတ်ပါ။ အကြောင်းမှာ အသင်းတော်တွင် ပြုသည့်တာဝန်လုပ်ငန်းများအတွက် မည်သူမျှ လစာမရကြပါ။ ယင်းအစား လှူဒါန်းထားသောငွေဖြင့် နိုင်ငံတော်ခန်းမကဲ့သို့သော စည်းဝေးရာအရပ်ကို ပြုစုမွမ်းမံပေးဖို့အတွက် အဓိကအသုံးပြုကြပါသည်။ ဤငွေဖြင့် ကျမ်းစာသွန်သင်ချက်များ ရရှိခြင်းငှာ လူတို့—လူကြီးလူငယ်မရွေး၊ ငွေရတတ်သူဖြစ်စေ၊ မရှိဆင်းရဲသူဖြစ်စေ—တွေ့ဆုံစည်းဝေးရန် အဆင်ပြေပြီး ကောင်းမွန်သင့်တော်သောနေရာတစ်နေရာ ရှိစေပါသည်။
မည်သူ့ငွေ ဖြစ်သနည်း။ အသင်းတော်တစ်ခုလုံး ပိုင်ဆိုင်သောငွေဖြစ်ပါသည်။ ထိုငွေကို မည်သို့အသုံးပြုမည့်ကိစ္စကို တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်လိမ့်မည်မဟုတ်ပါ။ အကြီးအကဲများအဖွဲ့က အသင်းတော်အတွက် ပုံမှန်ကုန်ကျစရိတ်များကို ထုတ်ပေးရန် ညွှန်ကြားသည်မှန်သော်လည်း အရေးအကြောင်းပေါ်၍ ငွေထုတ်ပေးဖို့လိုလာသည့်အခါ အသင်းတော်တစ်ခုလုံး သဘောတူမတူကို သိရှိရန် အကြီးအကဲများသည် ယင်းကိစ္စကို ကြေညာပါသည်။
ချေးငှားခြင်းလော သို့မဟုတ် ခိုးမှုလော
အမြန်ဆုံးနည်းဖြင့် ငွေပြန်သွင်းမည့်အကြံရှိသည့်အတွက် ဖက်စ်တပ်စ်က မိမိ၏အပြုအမူကို ချေးငှားခြင်းဟု သဘောထားပါသည်။ သို့ရာတွင် “တိတ်တဆိတ် သို့မဟုတ် ပိုင်ရှင်အား အသိမပေး၊ သူ၏သဘောတူညီချက်မရရှိဘဲ သူ၏ပစ္စည်းကို ယူခြင်း” နှင့်စပ်လျဉ်း၍ ဝက်ဘ်စတား၏ ကြောင်းတူသံကွဲအဘိဓာန်သစ်က အခြားစကားများကို အသုံးပြုထားပါသည်။ ထိုစကားလုံးများမှာ “ခိုးမှု” နှင့် “သူခိုး” တို့ဖြစ်သည်။ ခွင့်ပြုချက်မရ၊ သို့မဟုတ် အခွင့်အာဏာမရရှိဘဲ ဖက်စ်တပ်စ်သည် အသင်းတော်ပိုင်ငွေကို ယူသုံးပါသည်။ ထို့ကြောင့် သူသည် ခိုးမှုကို ပြုပါသည်။ သူသည် သူခိုးဖြစ်သည်။
ခိုးမှုပြုရခြင်းအကြောင်းရင်းတွင် အပြစ်တင်ဖွယ်အတိုင်းအတာ အနည်းနှင့်အများ ရှိသည်ကား အမှန်။ ယင်းကို ယေရှုနှင့် သစ္စာရှိတမန်တော်များ၏ ငွေအိတ်ကို သိမ်းဆည်းရန်တာဝန် အပ်နှင်းခံရသူ ယုဒရှကာရုတ်၏အဖြစ်အပျက်တွင် တွေ့ရှိနိုင်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “[ယုဒ] သည် သူခိုးဖြစ်လျက် . . . ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်” ၏။ (ယော. ၁၂:၆) မကောင်းသော စိတ်နှလုံးရှိ၍ လောဘရမ္မက်ကြီးသောကြောင့် ယုဒသည် ဆိုးသည်ထက် ဆိုးရွားလာပါသည်။ နောက်ဆုံးတွင် ဘုရားသခင့်သားတော်ကိုသစ္စာဖောက်ပြီး—ငွေ ၃၀ ဖြင့်ရောင်းစားလိုက်သည့်အခြေအနေထိ စာရိတ္တကျဆင်းသွားခဲ့သည်။—မ. ၂၆:၁၄-၁၆။
သို့ရာတွင် ဖက်စ်တပ်စ်မူကား ရောဂါဖိစီးခံနေရသော ဇနီးသည်အတွက် စိုးရိမ်စိတ်ကြောင့် ခိုးမှုပြုသဖြင့် သူ့မှာ အပြစ်မရှိဟု ဆိုမည်လော။ လုံးဝမဆိုနိုင်။ အခြားထပ်တူအရေးပေါ်ကိစ္စမျိုးတွင် ခိုးမှုပြုခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ မည်သို့ဆိုသည်ကို သတိပြုပါ– “မွတ်သိပ်သောစိတ် ပြေစေခြင်းငှာ ခိုးသောသူပင် အပြစ်မလွတ်ရ။ တွေ့မိလျှင် ခုနစ်ဆ ပြန်ပေးရမည်။ ကိုယ်အိမ်၌ရှိသမျှသောဥစ္စာတို့ကို လျော်ရမည်။” (သု. ၆:၃၀၊ ၃၁) တစ်နည်းအားဖြင့်ဆိုလျှင် သူခိုးကိုမိလျှင် အပြစ်ဒဏ်စီရင်ရမည်ဖြစ်သည်။ မောရှေ၏ပညတ်တရားအရ သူခိုးသည် မိမိ၏ပြစ်မှုအတွက် ဒဏ်စီရင်ခံရပါမည်။ ထို့ကြောင့် ခိုးမှုကို အားပေးမည် သို့မဟုတ် အကြောင်းပြချက်ပေးခွင့်ပြုမည့်အစား၊ အရေးပေါ်ကိစ္စများတွင်ပင် ခိုးမှုပြုမည်ဆိုလျှင် ပစ္စည်းဆုံးရှုံးခြင်း၊ အရှက်တကွဲဖြစ်ခြင်းနှင့် ထိုထက်ကား ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးခြင်းတို့ကို ခံရလိမ့်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာက သတိပေးပါသည်။
ယေဟောဝါသက်သေများအနေနှင့် ခရစ်ယာန်စစ်အားလုံး၊ အထူးသဖြင့် အသင်းတော်တွင် ယုံကြည်စွာတာဝန်များ အပ်နှင်းခံရသူများသည် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်” ရေးတွင် ပုံသက်သေကောင်းဖြစ်ရမည်။ (၁ တိ. ၃:၁၀) ဖက်စ်တပ်စ်သည် သူရရှိရန်မျှော်လင့်ထားသောငွေကို ပြန်မရခဲ့သဖြင့် သူသုံးစွဲထားသည့်ငွေကို ပြန်မဆပ်နိုင်ခဲ့ပါ။ သို့ဖြစ်၍ သူ့အပြစ် ထင်ရှားလာသည်။ ထိုအခါ သူဘာဖြစ်သွားပါသနည်း။ သူသည် နောင်တမယူသောသူခိုးတစ်ဦးဖြစ်ခဲ့ပါမူ သန့်ရှင်းစင်ကြယ်သော ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရပါလိမ့်မည်။ (၁ ပေ. ၄:၁၅) သို့သော် သူသည် အလွန်ကြေကွဲဝမ်းနည်းပြီး နောင်တရခဲ့သည်။ သို့နှင့် အသင်းတော်တွင် ဆက်ရှိနိုင်ခွင့်ရသော်လည်း လုပ်ငန်းတော်အခွင့်အရေးများကို သူဆုံးရှုံးခဲ့ရပါသည်။
ဘုရားသခင်၌ ယုံစားခြင်း
ယေဟောဝါအမှုတော်ဆောင်ဟုဆိုသူတစ်ဦးသည် ခိုးမှုပြုမည်ဆိုလျှင် ဘုရားသခင့်နာမတော်နှင့် ကိုယ်တော့်လူမျိုး၏ နာမည်ကောင်းကို ပြစ်တင်ကဲ့ရဲ့စရာဖြစ်နိုင်ကြောင်း တမန်တော်ပေါလု သတိပေးသည်။ ပေါလု ဤသို့ရေးသားသည်– “သူတစ်ပါးကို ဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော။ ‘သူ့ဥစ္စာကို မခိုးနှင့်’ ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။ အကြောင်းမူကား . . . ‘သင်တို့အကျင့်ကိုထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။’”—ရော. ၂:၂၁၊ ၂၄။
ရှေးခေတ်မှ အာဂုရအမည်ရှိ သုခမိန်တစ်ဦးလည်း ထပ်တူတင်ပြသည်။ သူသည် “ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့် [သူ၏] ဘုရားသခင်နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆို” မမိဖို့အတွက် သူ၏ဆုတောင်းချက်တွင် ထည့်တောင်းဆိုခဲ့သည်။ (သု. ၃၀:၉) ဆင်းရဲသည့်အတွက် ဖြောင့်မတ်သောသူတစ်ဦးပင်လျှင် ခိုးမှုပြုမိရန် သွေးဆောင်ခံရသည့်အခြေအနေများ ပေါ်ပေါက်နိုင်ကြောင်း ထိုပညာရှိ အသိအမှတ်ပြုခဲ့သည်ကို သတိပြုပါ။ မှန်ပါသည်။ ခဲယဉ်းကျပ်တည်းသည့်အခါ ယေဟောဝါသည် မိမိလူမျိုး၏ လိုအပ်ရာကို ဖြည့်စွက်ပေးခြင်းနှင့်စပ်လျဉ်း၍ ခရစ်ယာန်တစ်ဦး၏ ယုံကြည်ခြင်းသည် အစမ်းအသပ် ခံရနိုင်သည်။
သို့ဖြစ်၍ပင် ဘုရားသခင်ကို “ရှာသောသူအား အကျိုးပေးတော်မူသည်ကို” ယေဟောဝါ၏ ဆင်းရဲသောသက်သေခံများအပါအဝင် သစ္စာရှိသူများသည် ယုံကြည်စိတ်ချကြသည်။ (ဟေဗြဲ ၁၁:၆) ယေဟောဝါသည် ကိုယ်တော့်အား သစ္စာရှိသူများ၏လိုအပ်ရာများကို ဖြည့်စွက်ပေးခြင်းအားဖြင့် အကျိုးပေးတော်မူကြောင်း သူတို့သိနားလည်ထားကြသည်။ မိမိ၏တောင်ပေါ်ဒေသနာတော်တွင် ယေရှုဤသို့တိကျပြတ်သားစွာ မိန့်တော်မူသည်– “‘အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်း’ ဟူ၍ မစိုးရိမ်ကြနှင့်။ . . . ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။”—မ. ၆:၃၁-၃၃။
ခရစ်ယာန်အသင်းတော်ရှိ အကူအညီလိုအပ်နေသူများကို ဘုရားသခင် မည်သို့ကူညီပေးတော်မူသနည်း။ နည်းအမျိုးမျိုးဖြင့် ဖြစ်သည်။ တစ်နည်းကား ယုံကြည်သူချင်းများအားဖြင့်ဖြစ်သည်။ ဘုရားသခင့်လူများသည် အချင်းချင်းအပေါ် စစ်မှန်သောမေတ္တာ တင်ပြကြသည်။ သူတို့သည် ကျမ်းစာသြဝါဒကို အလေးထားကြသည်– “အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင် မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍ သနားခြင်းကရုဏာစိတ်ကို ချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။ ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။”—၁ ယော. ၃:၁၇၊ ၁၈။
ကမ္ဘာတစ်ဝန်း အသင်းတော် ၇၃,၀၀၀ ကျော်တွင် လေးသန်းခွဲကျော်သော ယေဟောဝါ၏သက်သေတို့သည် ကိုယ်တော်၏ ဖြောင့်မတ်သောစည်းမျဉ်းမူများအတိုင်း ဘုရားသခင်ကို ဝီရိယရှိစွာကြိုးစားဝတ်ပြုကြသည်။ သစ္စာရှိသူများကို ဘုရားသခင် စွန့်ပစ်ထားတော်မူမည်မဟုတ်ကြောင်း သူတို့သိကြသည်။ နှစ်ပေါင်းများစွာ ယေဟောဝါအမှုတော် ထမ်းဆောင်ခဲ့သူများသည် ဤသို့ရေးသားခဲ့သော ဒါဝိဒ်မင်းကြီးကဲ့သို့ အသံကုန်ချီးမွမ်းထောမနာပြုကြသည်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏ သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။”—ဆာ. ၃၇:၂၅။
ခိုးမှုပြုရန် သွေးဆောင်ခံ၍ ဘုရားသခင့်မျက်နှာသာတော်ကို အစဉ်ဆုံးရှုံးခြင်းထက် ထိုစကားများကို မှုတ်သွင်းတော်မူခဲ့သော ဘုရားသခင်ကို ယုံကြည်အားထားခြင်းသည် သာ၍ကောင်းပါသည်တကား!—၁ ကော. ၆:၉၊ ၁၀။