ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
နိုဝင်ဘာ ၆–၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | အာမုတ် ၁–၉
“ယေဟောဝါကို ရှာပြီး အသက်ဆက်ရှင်ပါ”
နှလုံးကို စစ်ဆေးတော်မူသော ယေဟောဝါအား ရှာဖွေလော့
၂၀ ထိုအချိန်က ဣသရေလနိုင်ငံတွင် အသက်ရှင်နေထိုင်ခဲ့သော မည်သူမဆို ယေဟောဝါအပေါ် ဆက်တည်ကြည်ရန် လွယ်ကူမည်မဟုတ်ပေ။ ပုံဆောင်သဘောအရ၊ ယနေ့ ခေတ်ရေစီးကြောင်းကို ဆန်တက်ရန် မလွယ်ကူကြောင်း ခရစ်ယာန်လူကြီးလူငယ်မရွေး ကောင်းစွာသိထားကြသည်။ သို့တိုင် ဣသရေလလူအချို့သည် ဘုရားသခင်ကို ချစ်သည့်မေတ္တာနှင့် ကိုယ်တော်၏ စိတ်တော်နှင့် တွေ့လိုသည့် ဆန္ဒတို့ကြောင့် စစ်မှန်သော ဝတ်ပြုရေးတွင် ပါဝင်ခဲ့ကြသည်။ အာမုတ် ၅:၄ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါက “ငါ့ကိုရှာကြလော့။ ရှာလျှင် အသက်ချမ်းသာ ရကြလိမ့်မည်” ဟုသူတို့ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့သည်။ ယနေ့လည်း နောင်တယူကာ တိကျမှန်ကန်သော ကျမ်းစာအသိပညာကို ဆည်းပူးပြီးနောက် ကိုယ်တော်၏ အလိုတော်အတိုင်း လုပ်ဆောင်၍ ကိုယ်တော့်ကို ရှာဖွေသူများအား ဘုရားသခင် ကရုဏာပြတော်မူသည်။ ထိုလမ်းစဉ်အတိုင်း လိုက်လျှောက်ရန် မလွယ်ကူသော်လည်း ထိုသို့လိုက်လျှောက်ခြင်းဖြင့် ထာဝရအသက်ကို ရရှိစေနိုင်သည်။—ယောဟန် ၁၇:၃။
jd-E ၉၀-၉၁ ပိုဒ်. ၁၆-၁၇
ယေဟောဝါရဲ့ မြင့်မားတဲ့စံနှုန်းတွေအတိုင်း အမှုတော်ဆောင်ပါ
၁၆ အကောင်းအဆိုးစံနှုန်း ချမှတ်သူကို ရွေးချယ်တဲ့အခါ အာဒံ အရွေးမှားခဲ့တယ်။ ကျွန်တော်တို့ကော ပညာရှိရှိ ရွေးချယ်မလား။ ဒါကို အလေးအနက် သဘောထားစေချင်လို့ အာမုတ်က “မကောင်းမှုကို မုန်းပါ။ ကောင်းမှုကို ချစ်ပါ” ဆိုပြီး တိုက်တွန်းထားတယ်။ (အာမုတ် ၅:၁၅) “[အာမုတ်] စိတ်ထဲမှာရှိတဲ့ အကောင်းအဆိုးစံနှုန်းဟာ ယာဝေး အလိုတော်အတိုင်း [ယေဟောဝါရဲ့ အကောင်းအဆိုး စံနှုန်းအတိုင်း] ဖြစ်တယ်” လို့ ရှီကာဂိုတက္ကသိုလ်က ဟီဘရူးစကားနဲ့ စာပေ ပါမောက္ခ ကွယ်လွန်သူ ဝီလျံ ရေနီ ဟာပါ ပြောတယ်။ ဒါက ပရောဖက် ၁၂ ယောက်ဆီကနေ သင်ယူရတဲ့ အဓိကအယူအဆ ဖြစ်တယ်။ ယေဟောဝါရဲ့ အကောင်းအဆိုးစံနှုန်းကို လက်ခံချင်စိတ် သင့်မှာ ရှိသလား။ အဲဒီမြင့်မားတဲ့ စံနှုန်းတွေကို ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ အတွေ့အကြုံများပြီး ရင့်ကျက်တဲ့ ခရစ်ယာန် ညီအစ်ကိုတွေဖြစ်တဲ့ “သစ္စာနဲ့သတိပညာရှိတဲ့ ကျွန်” က အဲဒါကို ရှင်းပြတယ်။—မဿဲ ၂၄:၄၅-၄၇။
၁၇ မကောင်းမှုကို မုန်းတဲ့အတွက် ဘုရားမကြိုက်တာကို ရှောင်ဖို့ လွယ်သွားတယ်။ ဥပမာ၊ လူတစ်ယောက်ဟာ အင်တာနက်မှာ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကြည့်တာ အန္တရာယ်ရှိမှန်းသိလို့ မကြည့်ဘဲနေဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး သူ့ “စိတ်နှလုံး” မှာ ဘယ်လိုသဘောထားရှိသလဲ။ (ဧဖက် ၃:၁၆) အာမုတ် ၅:၁၅ မှာပါတဲ့ ဘုရားသခင့် မှာကြားချက်ကို လက်တွေ့ကျင့်သုံးရင် မကောင်းမှုကိုမုန်းဖို့ သူ့အတွက် လွယ်ကူလိမ့်မယ်။ ဒါမှ ဘုရားရဲ့စံနှုန်အတိုင်း နေထိုင်ဖို့ သူ့ရဲ့ကြိုးစားမှု အောင်မြင်မှာဖြစ်တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ
၂:၁၂။ ကြိုးစားလုပ်ဆောင်နေသော ရှေ့ဆောင်များ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ ခရစ်ယာန်သာသနာပြုများနှင့် ဗေသလအိမ်သားများအား အချိန်ပြည့်လုပ်ငန်းကို စွန့်လွှတ်ပြီး သာမန်ဘဝပုံစံမျိုးဖြင့် နေထိုင်ရန် မတိုက်တွန်းသင့်ပေ။ ယင်းအစား သူတို့၏မွန်မြတ်သော လုပ်ငန်းကို ဆက်လုပ်ဆောင်နိုင်ရန် အားပေးသင့်သည်။
ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ
၈:၁၊ ၂—“နွေကာလအသီးပါသောတောင်း” ကား အဘယ်အရာကို ပုံဆောင်သနည်း။ ယင်းက ယေဟောဝါ၏ နေ့ကြီးနီးပြီကို ပုံဆောင်သည်။ နွေကာလအသီးကို စိုက်ပျိုးရေးနှစ် အကုန်ပိုင်းဖြစ်သော ရိတ်သိမ်းချိန် အဆုံးပိုင်းတွင် ဆွတ်ခူးသည်။ “နွေကာလအသီးပါသောတောင်း” ကို အာမုတ်အား ယေဟောဝါပြခြင်းက ဣသရေလလူမျိုး၏အဆုံး နီးပြီဖြစ်ကြောင်း ဆိုလိုသည်။ ထို့ကြောင့် ယေဟောဝါက “နောက်ဆုံးကာလသည် ငါ၏လူ ဣသရေလအမျိုး၌ ရောက်လေပြီ။ နောက်တစ်ဖန် သူတို့ကို သည်းမခံ” ဟုအာမုတ်ကို မိန့်ဆိုခဲ့သည်။
နိုဝင်ဘာ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဩဗဒိ ၁–ယောန ၄
“ကိုယ့်ရဲ့အမှားတွေကနေ သင်ခန်းစာယူပါ”
အမှားတွေကနေ သူ သင်ခန်းစာယူခဲ့
၂၂ ယောနကော ဘယ်လိုလဲ။ ယေဟောဝါဘုရားစကားကို နာခံပြီး ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြခဲ့သလား။ အမှန်တကယ်ပဲ ဖော်ပြခဲ့ပါတယ်။ သုံးရက်နဲ့သုံးညနောက်ပိုင်းမှာ ငါးကြီးဟာ ယောနကို “ကုန်းပေါ်သို့အန်” ထုတ်လိုက်တယ်။ (ယောန ၂:၁၀) စဉ်းစားကြည့်ပါအုံး။ ယောနဟာ ကမ်းခြေပေါ်ရောက်ဖို့ ရေတောင်မကူးလိုက်ရဘူး။ ဒါပေမဲ့ အဲဒီကမ်းခြေဟာ ဘယ်မှာပဲရှိနေပါစေ အိမ်ပြန်လမ်းကိုတော့ သူရှာရမယ်။ မကြာခင်မှာ ကျေးဇူးသိတတ်တဲ့ သူ့စိတ်ဓာတ် စမ်းသပ်ခံလိုက်ရတယ်။ ယောန ၃:၁၊ ၂ မှာ ဒီလိုဆိုထားတယ်– “နောက်တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ယောနသို့ရောက်လာသည်ကား၊ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။” အခု ယောန ဘာလုပ်မလဲ။
၂၃ ယောနဟာ အချိန်မဆွဲဘဲ နာခံခဲ့တယ်။ ကျွန်ုပ်တို့ ဒီလို ဖတ်ရတယ်– “ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့သွား၏။” (ယောန ၃:၃) သူ့ရဲ့အမှားတွေကနေ သင်ခန်းစာယူခဲ့တာ ထင်ရှားပါတယ်။ ဒီကိစ္စမှာလည်း ယောနရဲ့ယုံကြည်ခြင်းကို ကျွန်ုပ်တို့ တုပသင့်ပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ အပြစ်ကျူးလွန်ပြီး အမှားလုပ်မိကြသူချည်းပါပဲ။ (ရော. ၃:၂၃) ဒါပေမဲ့ ကျွန်ုပ်တို့ဟာ လက်လျှော့အရှုံးပေးမလား ဒါမှမဟုတ် အမှားတွေကနေ သင်ခန်းစာယူပြီး ဘုရားသခင်ကိုနာခံကြောင်း ပြန်တင်ပြကြမလား။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဩဗဒိ၊ ယောနနှင့် မိက္ခာကျမ်းတို့မှ ပေါ်လွင်ချက်များ
၁၀ [သမ္မာ]—ဧဒုံပြည်သည် မည်သို့အားဖြင့် “အစဉ်ပယ်ရှားခြင်းကို ခံရလိမ့်မည်နည်း။” ကမ္ဘာပေါ်တွင် အစိုးရ၊ ပြည်သူပြည်သားတို့နှင့် အမှန်တကယ် တည်ရှိခဲ့သော ဧဒုံပြည်သည် ကြိုဟောထားသည့်အတိုင်း ကွယ်ပျောက်သွားခဲ့သည်။ ဗာဗုလုန်ဘုရင် နဗိုနိုက်ဒတ်စ်သည် ဘီစီခြောက်ရာစုအလယ်လောက်တွင် ဧဒုံပြည်ကို အောင်နိုင်ခဲ့သည်။ ဘီစီလေးရာစု၌ ဧဒုံနယ်မြေတွင် နာဘတန်လူမျိုးများ လာရောက်နေရာယူခဲ့ကြပြီး ဧဒုံလူမျိုးတို့သည် ယုဒပြည်တောင်ပိုင်းတွင်ရှိသော နေဂပ်ဒေသ၌ လာရောက်နေထိုင်ခဲ့ကြသည်၊ နောက်ပိုင်း ဣဒုမဲဟုလူသိများခဲ့သည်။ အေဒီ ၇၀ တွင် ယေရုရှလင်မြို့ကို ရောမလူမျိုးတို့ ဖျက်ဆီးပြီးနောက် ဧဒုံလူမျိုးတို့ ပျောက်ကွယ်သွားခဲ့သည်။
jd-E ၁၁၂ ပိုဒ်. ၄-၅
ဘုရားနှစ်သက်သလို တခြားသူတွေကို ဆက်ဆံပါ
၄ အစ္စရေးပြည်နားမှာရှိတဲ့ ဧဒုံပြည်ကို ဘုရား ပြစ်ဒဏ်စီရင်တာကနေ သင်ခန်းစာ ယူနိုင်တယ်။ “မင်းဟာ ညီဖြစ်သူ အဖြစ်ဆိုးကြုံရချိန်မှာ ဝမ်းသာအားရ မဖြစ်သင့်ဘူး။ ယုဒလူတွေ ပျက်စီးသွားတဲ့နေ့မှာ ဝမ်းမသာသင့်ဘူး။ သူတို့ ဒုက္ခရောက်တဲ့နေ့မှာ မောက်မောက်မာမာ မပြောသင့်ဘူး။” (ဩဗဒိ ၁၂) တိုင်ရာလူတွေဟာ စီးပွားဘက်တွေဖြစ်လို့ “ညီအစ်ကိုတွေ” ဖြစ်နိုင်ပေမဲ့ ဧဒုံလူမျိုးက ယာကုပ်ရဲ့ အမွှာညီအစ်ကို ဧသောကနေ ဆင်းသက်လာသူတွေ ဖြစ်လို့ အစ္စရေးတွေနဲ့ တကယ့် “ညီအစ်ကို” တော်စပ်တယ်။ ယေဟောဝါတောင်မှ ဧဒုံလူမျိုးကို အစ္စရေးရဲ့ “ညီအစ်ကိုတွေ” လို့ ခေါ်သေးတာပဲ။ (တရားဟောရာ ၂:၁-၄) ဒါကြောင့် ဗာဗုလုန်တွေ လက်ချက်ကြောင့် ဂျူးတွေ ဒုက္ခရောက်ချိန်မှာ ဧဒုံလူမျိုး ဝမ်းသာအားရဖြစ်တာဟာ တကယ်မုန်းစရာ ဖြစ်တယ်။—ယေဇကျေလ ၂၅:၁၂-၁၄။
၅ ညီအစ်ကိုတော်စပ်တဲ့ ဂျူးတွေကို ဧဒုံလူမျိုးရဲ့ ဆက်ဆံပုံကို ဘုရား မနှစ်သက်တာ အမှန်ပဲ။ ကိုယ့်ကိုယ်ကိုယ် မေးသင့်တာက– ‘ညီအစ်ကိုတွေနဲ့ ငါ့ဆက်ဆံပုံကို ဘုရား ဘယ်လို အကဲဖြတ်မလဲ။’ ညီအစ်ကိုတစ်ယောက်နဲ့ အဆင်မပြေတဲ့အခါ သူ့ကို ဘယ်လို သဘောထားတယ်၊ သူနဲ့ ဘယ်လိုဆက်ဆံတယ်ဆိုတာ ဂရုစိုက်ရမယ်။ ဥပမာ၊ ခရစ်ယာန်တစ်ယောက်ကို မကျေမနပ်ဖြစ်တယ် ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ခဲ့တယ် ဆိုပါတော့။ “မကျေနပ်စရာ ရှိနေရင်” နာကြည်းစိတ်ကို သိုထားသလား။ အဲဒီကိစ္စကို မေ့ပစ်ဖို့၊ ပြေလည်သွားအောင် ဖြေရှင်းဖို့ မကြိုးစားဘဲ နေသလား။ (ကောလောသဲ ၃:၁၃။ ယောရှု ၂၂:၉-၃၀။ မဿဲ ၅:၂၃၊ ၂၄) အဲဒီလိုဆိုရင် ညီအစ်ကိုနဲ့ သင့်ရဲ့ ဆက်ဆံရေးက အေးတိအေးစက် ဖြစ်နေနိုင်တယ်။ သူ့ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေမယ်။ သူ့အကြောင်း မကောင်းတာတွေ ပြောမိနိုင်တယ်။ နောက်ပိုင်းမှာ အဲဒီညီအစ်ကိုက အမှားလုပ်လို့ အသင်းတော် အကြီးအကဲတွေ သူ့ကို ဆုံးမရတဲ့အထိ ဖြစ်တယ် ဆိုပါစို့။ (ဂလာတိ ၆:၁) အဲဒီအခါ ညီအစ်ကို ဒုက္ခရောက်တာကို ဝမ်းသာအားရဖြစ်တဲ့ ဧဒုံလူမျိုးလို တုံ့ပြန်သလား။ ဘုရားက ဘယ်လို ပြုမူစေချင်သလဲ။
နိုဝင်ဘာ ၂၀–၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မိက္ခာ ၁–၇
“ကျွန်တော်တို့ဆီကနေ ယေဟောဝါ ဘာတောင်းဆိုသလဲ”
အခြားသူများကို ကျွန်ုပ်တို့ မည်သို့ဆက်ဆံသင့်သနည်း
၂၀ ဘုရားသခင့် ရှုထောင့်မှကြည့်လျှင် ကျွန်ုပ်တို့ညီအစ်ကိုများနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် စစ်မှန်သော ဝတ်ပြုရေးတွင် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ ယဇ်ပူဇော်သူတို့သည် မိမိတို့ညီအစ်ကိုချင်းများကို သင့်လျော်စွာမဆက်ဆံပါက သူတို့၏ တိရစ္ဆာန် ယဇ်ပူဇော်မှုများသည် ယေဟောဝါအဖို့ အဓိပ္ပာယ်မဲ့ဖြစ်သည်။ (မိ. ၆:၆-၈) ထို့ကြောင့် ယေရှုက မိမိ၏တပည့်များအား “သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြုလော့” ဟုတိုက်တွန်းခဲ့သည်။ (မ. ၅:၂၅) အလားတူပင် ပေါလုဤသို့ရေးခဲ့၏– ‘အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကို အခွင့်မပေးကြနှင့်။’ (ဧ. ၄:၂၆၊ ၂၇) ကျွန်ုပ်တို့သည် တရားသည့် အမျက်ဒေါသထွက်လျှင် ကိစ္စရပ်ကို အလျင်အမြန် ဖြေရှင်းသင့်သည်၊ သို့ဖြစ်လျှင် စာတန် အခွင့်ကောင်းယူနိုင်သည့် အခြေအနေမျိုးတွင် ရှိနေမည်မဟုတ်ပါ။—လု. ၁၇:၃၊ ၄။
‘သင့်ထံမှ အဘယ်အရာကို ယေဟောဝါဘုရားသခင် တောင်းတော်မူသနည်း’
“တရားသဖြင့် ပြုခြင်း။” တရားမျှတခြင်းအတွက် ဟီဘရူးစကားလုံးထဲမှာ “လူသားချင်းကို မှန်မှန်ကန်ကန် မျှမျှတတ ဆက်ဆံခြင်း ပါဝင်တယ်” လို့ အကိုးအကား စာအုပ်တစ်အုပ်မှာ ဖော်ပြထားပါတယ်။ ဘုရားသခင်ဟာ သူ့ရဲ့စံနှုန်းနဲ့အညီ တခြားသူတွေကို မှန်မှန်ကန်ကန် မျှမျှတတ ဆက်ဆံဖို့ ကျွန်ုပ်တို့ကို တောင်းဆိုထားပါတယ်။ တခြားသူတွေကို ဘက်မလိုက်ဘဲ ရိုးရိုးသားသားနဲ့ ဖြောင့်မတ်စွာ ဆက်ဆံခြင်းအားဖြင့် တရားမျှတမှုကို ကျွန်ုပ်တို့ ကျင့်သုံးကြတယ်။ (ဝတ်ပြုရာ ၁၉:၁၅; ဟေရှာယ ၁:၁၇; ဟေဗြဲ ၁၃:၁၈) တခြားသူတွေကို ကျွန်ုပ်တို့ တရားမျှတစွာ ပြုမူဆက်ဆံမယ်ဆိုရင် သူတို့ကလည်း ကျွန်ုပ်တို့ကို တရားမျှတစွာ ပြုမူဆက်ဆံကြမှာ ဖြစ်တယ်။—မဿဲ ၇:၁၂။
“ကရုဏာကို နှစ်သက်ခြင်း။” သူတစ်ပါးကို ကရုဏာပြရုံလောက်ပဲမဟုတ်ဘဲ အဲဒီအရည်အသွေးကို မြတ်နိုးဖို့ ဘုရားသခင် တောင်းဆိုတယ်။ “ကရုဏာ” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံး (cheʹsedh) ကို “ချစ်ခင်ကြင်နာမှု” ဒါမှမဟုတ် “တည်မြဲတဲ့မေတ္တာ” လို့လည်း ပြန်ဆိုကြတယ်။ ကျမ်းပညာရှင်တစ်ဦးက ဒီလိုဖော်ပြတယ်– “အဲဒီဟီဘရူးစကားလုံးကို မေတ္တာ၊ ကရုဏာ၊ ကြင်နာမှုဆိုတဲ့ စကားလုံးတစ်လုံးချင်းစီနဲ့ ဘာသာပြန်ရင် တိကျမှုမရှိဘူး။ အဲဒီစကားလုံး သုံးလုံးစလုံးပေါင်းပြီး ဘာသာပြန်ဆိုမှသာ တိကျမှုရှိမှာဖြစ်တယ်။” ကျွန်ုပ်တို့ဟာ ကရုဏာကို မြတ်နိုးမယ်ဆိုရင် သူတစ်ပါးကို စိတ်လိုကိုယ်လျောက် ကရုဏာပြမှာဖြစ်တယ်။ ဆင်းရဲနွမ်းပါးတဲ့သူတွေကို ကရုဏာနဲ့ ကူညီပေးတဲ့အခါမှာလည်း ပီတိဖြစ်ကြတယ်။ ဒါကြောင့် ပျော်ရွှင်မှုကို ပေးကမ်းခြင်းကနေ ရရှိကြတာဖြစ်တယ်။—တမန်တော် ၂၀:၃၅။
‘သင်၏ဘုရားသခင်နှင့်အတူ ကျိုးနွံစွာ သွားလာခြင်း။’ ကျမ်းစာထဲမှာ “သွားလာခြင်း” ဆိုတဲ့ စကားလုံးဟာ “တစ်စုံတစ်ရာသော လမ်းစဉ်အတိုင်း သတ်သတ်မှတ်မှတ် လိုက်လျှောက်ခြင်း” လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒါကြောင့် ဘုရားသခင်နဲ့အတူ ကျွန်ုပ်တို့ သွားလာတယ်ဆိုတာက သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဘဝလမ်းစဉ်အတိုင်း လျှောက်လှမ်းတာဖြစ်ပါတယ်။ အဲဒီဘဝလမ်းစဉ်မှာ လျှောက်လှမ်းဖို့ဆိုရင် “ကျိုးနွံ” မှုရှိရမှာဖြစ်တယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ဘုရားသခင်ရှေ့မှာ ကျွန်ုပ်တို့ ကျိုးနွံမှုရှိရင် မျက်မှောက်တော်ရှေ့မှာ ကိုယ့်ရဲ့ အနေအထားအမှန်ကို သိရှိပြီး ကိုယ့်ရဲ့စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်ပဲ ရှိတယ်ဆိုတာကို အသိအမှတ်ပြုတယ်။ ဒါကြောင့် ‘ကျိုးနွံစွာ သွားလာခြင်း’ ဆိုတာ ဘုရားသခင် တောင်းဆိုရာတွေနဲ့ ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ရာတွေကို အမှန်အတိုင်း ရှုမြင်ခြင်းဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။
ကျွန်ုပ်တို့မလုပ်ဆောင်နိုင်တဲ့ အရာတွေကို ယေဟောဝါဘုရားသခင် ဘယ်တော့မှ မတောင်းဆိုတာက ကျေးဇူးတင်စရာကောင်းတယ်။ ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး အမှုဆောင်တာကို ဘုရားသခင် နှစ်သက်တယ်။ (ကောလောသဲ ၃:၂၃) ကျွန်ုပ်တို့ဟာ အကန့်အသတ်နဲ့ပဲ စွမ်းဆောင်နိုင်တယ်ဆိုတာကိုလည်း နားလည်ပေးတယ်။ (ဆာလံ ၁၀၃:၁၄) ဘုရားသခင် တောင်းဆိုရာတွေကို ကျိုးနွံမှုရှိရှိ လက်ခံသင်ယူမယ်ဆိုရင် ကိုယ်တော်နဲ့အတူ သွားလာရာမှာ ဝမ်းမြောက်ရွှင်လန်းနိုင်မှာဖြစ်တယ်။ သင်လည်း ဘုရားသခင်နဲ့အတူ ဘယ်လို သွားလာနိုင်မလဲဆိုတာ လေ့လာသင်ယူကြည့်ပါလား။ အဲဒီလိုသင်ယူမယ်ဆိုရင် ဘုရားသခင်ဆီကနေ ကောင်းချီးများစွာ ခံစားရရှိပါလိမ့်မယ်။—သုတ္တံ ၁၀:၂၂။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဩဗဒိ၊ ယောနနှင့် မိက္ခာကျမ်းတို့မှ ပေါ်လွင်ချက်များ
၂:၁၂—‘ကျန်ကြွင်းသော ဣသရေလ အမျိုးသားအပေါင်းတို့ စုဝေးခြင်း’ နှင့်ပတ်သက်သော ပရောဖက်ပြုချက်သည် အဘယ်အချိန်တွင် ပြည့်စုံခဲ့သနည်း။ ပထမပြည့်စုံချက်မှာ ဂျူးအကြွင်းအကျန်တို့သည် ဗာဗုလုန်သုံ့ပန်းဘဝမှ မိမိတို့နေရင်းပြည်သို့ ပြန်လာကြချိန်ဖြစ်သော ဘီစီ ၅၃၇ တွင်ဖြစ်သည်။ မျက်မှောက်ခေတ်အချိန်တွင် ဤပရောဖက်ပြုချက်သည် “ဘုရားသခင်၏ ဣသရေလအမျိုး” တွင် ပြည့်စုံခဲ့သည်။ (ဂလာတိ ၆:၁၆) ၁၉၁၉ ခုနှစ်မှစ၍ ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် “သိုးခြံ၌သိုးများကဲ့သို့” အတူတကွ စုဝေးခြင်းခံခဲ့ကြရသည်။ အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ “အခြားသိုး” မှ ‘လူအုပ်ကြီး’ ပူးပေါင်းလာသောကြောင့် “အသံကြီး” လာပြီဖြစ်သည်။ (ဗျာ. ၇:၉; ယောဟန် ၁၀:၁၆) သူတို့သည် စစ်မှန်သောဝတ်ပြုရေးကို ထက်သန်စွာ မြှင့်တင်ရာတွင် အတူတကွ လုပ်ဆောင်ကြသည်။
ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာ မျှော်လင့်သနည်း
၂၀ ယေဟောဝါ၏ကောင်းချီး ခံစားရခြင်းက မိက္ခာ၏စိတ်သဘောထားကို တုပရန် ကျွန်ုပ်တို့ကို စေ့ဆော်ပေး၏။ သူက “ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို စောင့်မျှော်မည်” ဟုကြွေးကြော်၏။ (မိက္ခာ ၇:၇၊ သမ္မာ) ဤစကားများသည် ဘုရားသခင်နှင့်အတူ ကျိုးနွံစွာလျှောက်လှမ်းခြင်းနှင့် မည်သို့ဆက်နွှယ်သနည်း။ စောင့်မျှော်တတ်သောသဘော၊ သို့မဟုတ် စိတ်ရှည်ခြင်းက ယေဟောဝါ၏နေ့ကြီး ရောက်မလာသေးသည့်အတွက် စိတ်ဓာတ်မကျစေရန် ကူညီပေး၏။ (သု. ၁၃:၁၂) အမှန်အတိုင်းဆိုရလျှင် ဆိုးသွမ်းသော ဤလောက၏အဆုံးကို ကျွန်ုပ်တို့အားလုံး မျှော်လင့်တောင့်တနေကြသည်။ သို့သော် ပတ်စဉ်ပတ်တိုင်း ထောင်နှင့်ချီသောလူတို့သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခါစရှိသေးသည်။ ၎င်းကိုသိရှိထားခြင်းက စောင့်မျှော်တတ်သောသဘောပြသရန် အကြောင်းကောင်းတစ်ခုဖြစ်၏။ ယင်းနှင့်စပ်လျဉ်း၍ နှစ်ကြာသက်သေခံတစ်ဦးက ဤသို့ဆိုသည်– “ဟောပြောခြင်းလုပ်ငန်းမှာ ၅၅ နှစ်ကျော် ပါဝင်ခဲ့တဲ့အချိန်ကို ပြန်ကြည့်ရင် ယေဟောဝါကိုအားကိုးပြီး စောင့်မျှော်ခဲ့လို့ ဘာမှမဆုံးရှုံးခဲ့ဘူးဆိုတာ ကျွန်တော်ယုံတယ်။ အဲ့ဒီအစား ဝမ်းနည်းကြေကွဲစရာတွေ မခံစားရသလောက်ပဲ။” အသင်လည်း အလားတူ ခံစားရပါသလော။
နိုဝင်ဘာ ၂၇–ဒီဇင်ဘာ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | နာဟုံ ၁–ဟဗက္ကုတ် ၃
“ဝတ်ပြုရေးဘက်မှာ နိုးကြားနေပါ”
နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ
၂:၁။ ကျွန်ုပ်တို့သည် ဟဗက္ကုတ်နည်းတူ ယေဟောဝါ၏ လုပ်ငန်းတော်တွင် တက်ကြွစွာ လုပ်ဆောင်နေသင့်သည်။ ပဲ့ပြင်ဆုံးမမှုနှင့်အညီ ကျွန်ုပ်တို့၏ အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲရန် အသင့်ရှိနေသင့်သည်။
၂:၃; ၃:၁၆။ ယေဟောဝါ၏နေ့ရက် ရောက်ရှိလာမည်ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်နေကြစဉ် အရေးတကြီးသဘောထား မပျောက်ဆုံးကြစို့နှင့်။
၂:၄။ လာလတ္တံ့သော ယေဟောဝါ၏ တရားစီရင်ရာနေ့တွင် လွတ်မြောက်နိုင်ရန် သစ္စာရှိရှိ ခံရပ်တည်ကြည်နေရမည်။—ဟေဗြဲ ၁၀:၃၆-၃၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ
၂:၆—အဘယ် “မြစ်တံခါး” တို့ ပွင့်ခဲ့သနည်း။ ထိုတံခါးတို့သည် နိနေဝေမြို့ရိုးရှိ တိုက်ဂရစ္စမြစ်တံခါးများကို ရည်ညွှန်းသည်။ ဘီစီ ၆၃၂ တွင် ဗာဗုလုန်နှင့်မေဒိတပ် ပူးပေါင်းကာ နိနေဝေမြို့ကို တိုက်ခိုက်ချိန်တွင် ထိုမြို့သည် မကြောက်ရွံ့ခဲ့ပေ။ လုံခြုံစိတ်ချရသော မြို့ရိုးကြီးကြောင့် မြို့ကိုမဖြိုဖျက်နိုင်ဟု သူတို့ယူမှတ်ခဲ့သည်။ သို့သော် မိုးသည်းထန်စွာ ရွာသွန်းကာ တိုက်ဂရစ္စမြစ်ရေ လျှံသွားသည်။ သမိုင်းပညာရှင် ဒီအိုဒိုးရပ်စ်၏ အဆိုအရ ယင်းကြောင့် “မြို့၏တစ်စိတ်တစ်ပိုင်းကို ရေလွှမ်းမိုးသွားပြီး မြို့ရိုးလည်း အတော်များများ ပြိုကျသွားသည်။” ထို့ကြောင့် ကြိုဟောထားသည့်အတိုင်း မြစ်တံခါးများ ပွင့်သွားပြီး သွေ့ခြောက်သောအမှိုက် တစ်ခဏချင်းတွင် မီးလောင်သွားသကဲ့သို့ နိနေဝေမြို့လည်း ပျက်စီးသွားခဲ့သည်။—နာဟုံ ၁:၈-၁၀။
နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ
၃:၁၇-၁၉။ အာမဂေဒုန်မတိုင်မီနှင့် အာမဂေဒုန်အတွင်း အခက်အခဲများကြုံရနိုင်သော်လည်း ယေဟောဝါ၏အမှုတော်ကို ပျော်ရွှင်စွာ ထမ်းဆောင်သည်နှင့်အမျှ ကျွန်ုပ်တို့ကို ကိုယ်တော် “အစွမ်းသတ္တိ” ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။