ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဖေဖော်ဝါရီ ၃-၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၁၂-၁၄
“သင့်အပေါ်အကျိုးသက်ရောက်တဲ့ ပဋိညာဉ်တစ်ခု”
(ကမ္ဘာဦး ၁၂:၁၊ ၂) ယေဟောဝါက အာဗြံကို “နေရင်းပြည်၊ ဆွေမျိုးသားချင်းတွေနဲ့ ဖခင်ရဲ့အိမ်ကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ။ ၂ ငါက မင်းကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်။ မင်းရဲ့နာမည်ကို ကြီးမြတ်စေမယ်။ မင်းကြောင့် တခြားသူတွေ ကောင်းချီးရလိမ့်မယ်။
it-1 ၅၂၂ ပိုဒ်. ၄
ပဋိညာဉ်
အာဗြဟံနဲ့ဖွဲ့တဲ့ ပဋိညာဉ်။ ခါနန်ပြည်ကိုသွားဖို့ ယူဖရေးတီးမြစ်ကို အာဗြံ (အာဗြဟံ) ဖြတ်ကူးခဲ့တဲ့အချိန်မှာ အာဗြဟံနဲ့ ဖွဲ့ခဲ့တဲ့ပဋိညာဉ် စတင် အကျိုးသက်ရောက်ခဲ့ပုံရတယ်။ နောင်အနှစ် ၄၃၀ အကြာမှာ ပညတ်ပဋိညာဉ်ကို ဖွဲ့ခဲ့တယ်။ (ဂ ၃:၁၇) မက်ဆိုပိုတေးမီးယား၊ ခါလဒဲပြည်၊ ဥရမြို့မှာ အာဗြဟံ နေထိုင်ချိန်မှာ ဘုရားသခင်က မိမိပြမယ့်ပြည်ကို သွားဖို့ အာဗြဟံကို ပြောခဲ့တယ်။ (တ ၇:၂၊ ၃။ က ၁၁:၃၁။ ၁၂:၁-၃) ထွက်မြောက်ရာ ၁၂:၄၀၊ ၄၁ အရ အီဂျစ်ပြည်နဲ့ ခါနန်ပြည်မှာနေတာ နှစ်ပေါင်း ၄၃၀ စေ့တဲ့ “နေ့” မှာ အီဂျစ်မှာ ကျွန်ခံနေရတဲ့ အစ္စရေးတွေ ထွက်သွားကြတယ်။ အီဂျစ်ပြည်ကနေ လွတ်မြောက်လာတဲ့နေ့ဟာ ဘီစီ ၁၅၁၃၊ နိသန်လ ၁၄ ရက်၊ ပသခါပွဲနေ့ဖြစ်တယ်။ (ထွ ၁၂:၂၊ ၆၊ ၇) ဒါကြောင့် အာဗြဟံ ယူဖရေးတီးမြစ်ကို ဖြတ်ပြီး ခါနန်ပြည်ကို သွားတာက ဘီစီ ၁၉၄၃၊ နိသန်လ ၁၄ ရက်ဖြစ်ပုံရပြီး အဲဒီအချိန်မှာ အာဗြဟံ ပဋိညာဉ် စတင်အကျိုးသက်ရောက်ခဲ့ပုံရတယ်။ ခါနန်ပြည်ကို ရောက်ပြီး ရှေခင်အရပ်ကို သွားတဲ့အချိန်မှာ အာဗြဟံဆီ ဘုရားသခင် ထပ်ရောက်လာပြီး “မင်းရဲ့မျိုးနွယ်ကို ဒီပြည် ငါပေးမယ်” လို့ ထပ်ဆင့်ဖြည့်စွက်ပြောခဲ့တယ်။ ဒီနည်းနဲ့ အာဗြဟံပဋိညာဉ်နဲ့ ဧဒင်မှာပေးခဲ့တဲ့ကတိ ဆက်နွှယ်ကြောင်း အရိပ်အမြွက် ဖော်ပြခဲ့တယ်။ “မျိုးနွယ်” ဟာ လူသားတစ်ယောက်ဖြစ်မယ်၊ လူသားမျိုးနွယ်ကနေ ဆင်းသက်လာမယ်ဆိုတာ ဖော်ပြခဲ့တယ်။ (က ၁၂:၄-၇) နောက်ပိုင်း ယေဟောဝါ ထပ်ဖြည့်စွက်ဖော်ပြခဲ့တဲ့ အချက်တွေကို ကမ္ဘာဦး ၁၃:၁၄-၁၇။ ၁၅:၁၈။ ၁၇:၂-၈၊ ၁၉။ ၂၂:၁၅-၁၈ မှာ မှတ်တမ်းတင်ထားတယ်။
(ကမ္ဘာဦး ၁၂:၃) မင်းကို ကောင်းချီးပေးသူတွေကို ငါကောင်းချီးပေးမယ်။ မင်းကို ကျိန်ဆဲသူတွေကို ငါကျိန်ဆဲမယ်။ ကမ္ဘာပေါ်က လူမျိုးအားလုံး မင်းကြောင့် ကောင်းချီးခံစားရမယ်” လို့ပြောတယ်။
အာဗြဟံဆိုင်ရာ—အမှန်တရားသိရှိရန် အရေးကြီးပုံ
ဤကား အံ့ဖွယ်ကတိဖြစ်သည်။ ဤသို့မိန့်ဆိုသည်ကို အခြားအချိန်နှစ်ချိန်၌လည်း အာဗြဟံ ကြားခဲ့သည်။ (ကမ္ဘာဦး ၁၈:၁၈၊ ၂၂:၁၈) ဤကတိတော် ပြည့်စုံရေးအတွက် ဘုရားသခင်သည် သေလွန်ခဲ့ကြသော လူမျိုးစုတို့၏ ကိုယ်စားလှယ်များကို ထမြောက်စေတော်မူမည်။ ထိုသို့ရှင်ပြန်ထမြောက်လာသူတို့ ရရှိသော အသက်တာသည် အမှန်ပင် ကောင်းချီးမင်္ဂလာ ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အများမှာ မူလဆုံးရှုံးသွားသည့် ပရဒိသုနှင့်ဆင်တူသော အခြေအနေမျိုးသို့ ပြန်လည်ရောက်ရှိကြမည် ဖြစ်သောကြောင့်တည်း။ ထိုနောက်၌ ထာဝရအသက် ကောင်းချီးရရှိရန် သွန်သင်ခြင်းခံရကြပေမည်။—ကမ္ဘာဦး ၂:၈၊ ၉၊ ၁၅-၁၇။ ၃:၁၇-၂၃။
(ကမ္ဘာဦး ၁၃:၁၄-၁၇) လောတ လမ်းခွဲသွားပြီးနောက် ယေဟောဝါက အာဗြံကို “အခု မင်းရောက်နေတဲ့နေရာကနေ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို ကြည့်လိုက်ပါဦး။ ၁၅ မြင်နေရတဲ့ပြည်တစ်ခုလုံးကို မင်းနဲ့မင်းရဲ့မျိုးနွယ်ကို ငါအပိုင်ပေးမယ်။ ၁၆ မင်းရဲ့မျိုးနွယ်ကို မြေမှုန့်လို များပြားစေမယ်။ မြေမှုန့်ကို ရေတွက်နိုင်မှပဲ မင်းရဲ့မျိုးနွယ်ကို ရေတွက်နိုင်မယ်။ ၁၇ အခု၊ ဒီပြည်တစ်ခွင်လုံး နေရာအနှံ့ သွားပါ။ ဒီတစ်ပြည်လုံး မင်းကို ငါပေးမယ်” လို့ပြောတယ်။
it-2 ၂၁၃ ပိုဒ်. ၃
ပညတ်
သမိုင်းအထောက်အထားကို အခြေခံပြီး ပညာရှင်တချို့ ခုလို ယုံကြည်ကြတယ်– မြေလွှဲပြောင်းတဲ့အခါ အပေါ်စီးမြင်ရတဲ့နေရာကနေ သတ်မှတ်ထားတဲ့ တိကျတဲ့နယ်နိမိတ်ကို ဝယ်သူကို ပြပေးတယ်။ ဝယ်သူက “မြင်တယ်” လို့ ပြောရင် ဥပဒေအရ လက်ခံတယ်ဆိုတဲ့ သဘောဖြစ်တယ်။ အာဗြဟံကို ခါနန်ပြည်ပေးမယ်လို့ ယေဟောဝါ ကတိပေးတဲ့အချိန်မှာ အရင်ဆုံး အရပ်လေးမျက်နှာကို ကြည့်ဖို့ အာဗြဟံကို ပြောခဲ့တယ်။ “မြင်တယ်” လို့ အာဗြဟံ မပြောတာက ကတိထားရာပြည်ကို အာဗြဟံရဲ့ မျိုးနွယ်ကို နောက်ပိုင်းကျမှ ဘုရားသခင် ပေးမှာမို့လို့ ဖြစ်နိုင်တယ်။ (က ၁၃:၁၄၊ ၁၅) အထက်ပါရှုမြင်ချက် တကယ်မှန်တယ်ဆိုရင် ပြည်ကို “ကြည့်” ဖို့ အစ္စရေးတွေရဲ့ တရားဝင်ကိုယ်စားလှယ် မောရှေကို ပြောတဲ့အချိန်မှာ ယောရှုရဲ့ ဦးဆောင်မှုအောက်မှာ ရှိတဲ့ အစ္စရေးတွေဆီ ခါနန်ပြည်ကို တရားဝင် လွှဲပြောင်းပေးတာဖြစ်မယ်။ (တရ ၃:၂၇၊ ၂၈။ ၃၄:၄။ မ ၄:၈ မှာ ယေရှုကို စာတန် ကမ်းလှမ်းတာကိုလည်း ကြည့်ပါ။) ဥပဒေနဲ့ညီတဲ့ နောက်ထပ် လုပ်ဆောင်မှုတစ်ခုကတော့ ပြည်ကို အပိုင်ရဖို့ အဲဒီပြည် တစ်ခွင်လုံး နေရာအနှံ့သွားတာဖြစ်ပုံရတယ်။ (က ၁၃:၁၇။ ၂၈:၁၃) ရှေးဟောင်းမှတ်တမ်းတချို့အရ မြေယာအရောင်းအဝယ်လုပ်တဲ့အခါတိုင်း မြေကွက်မှာပါတဲ့ အပင်အရေအတွက်ကိုလည်း ထည့်ဖော်ပြတယ်။—က ၂၃:၁၇၊ ၁၈ နဲ့နှိုင်းယှဉ်ပါ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ကမ္ဘာဦး ၁၃:၈၊ ၉) ဒါနဲ့ အာဗြံက လောတကို “ငါတို့ဟာ ဆွေမျိုးသားချင်းတွေပဲ။ ငါတို့အချင်းချင်း၊ တိရစ္ဆာန်ထိန်းကျောင်းသူတွေအချင်းချင်း ပြဿနာမဖြစ်သင့်ဘူး။ ၉ ဒါကြောင့် ဒီနယ်မှာ မင်းကြိုက်တဲ့နေရာကို ရွေးပြီး သွားနေပါ။ မင်း ဘယ်ဘက်ကိုသွားရင် ငါ ညာဘက်ကိုသွားမယ်။ မင်း ညာဘက်ကိုသွားရင် ငါ ဘယ်ဘက်ကိုသွားမယ်” လို့ပြောတယ်။
သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းပါ
၁၂ သဘောထားကွဲလွဲမှုတွေကို ဘယ်လို ဖြေရှင်းနိုင်တယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ အာဗြဟံရော သူ့တူလောတပါ တိရစ္ဆာန်အများကြီး ပိုင်ဆိုင်တယ်။ တိရစ္ဆာန်အားလုံးအတွက် စားကျက်မြေ မလုံလောက်လို့ သူတို့ရဲ့ သိုးထိန်းတွေ စကားများကြတယ်။ သင့်သင့်မြတ်မြတ် ဖြစ်စေချင်တဲ့အတွက် အကောင်းဆုံးမြေကို အရင်ရွေးဖို့ လောတကို အာဗြဟံ အခွင့်ပေးလိုက်တယ်။ (က. ၁၃:၁၊ ၂၊ ၅-၉) သိပ်ကောင်းတဲ့ ပုံနမူနာပါပဲ။ အာဗြဟံဟာ ကိုယ့်အကျိုးထက် အချင်းချင်း သင့်မြတ်ဖို့ကို ဦးစားပေးခဲ့တယ်။ သူ့ရဲ့ ရက်ရောမှုကြောင့် တစ်သက်လုံး ဆုံးရှုံးသွားသလား။ မဆုံးရှုံးပါဘူး။ အာဗြဟံကို အကြီးအကျယ် ကောင်းချီးပေးမယ်လို့ ယေဟောဝါ ချက်ချင်းပဲ ကတိပေးခဲ့တယ်။ (က. ၁၃:၁၄-၁၇) ဒီကနေ ဘာသင်ယူရသလဲ။ သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ ဖြေရှင်းတဲ့အခါ အနည်းငယ် ဆုံးရှုံးရတာတွေ ရှိနိုင်ပေမဲ့ ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
(ကမ္ဘာဦး ၁၄:၁၈-၂၀) အမြင့်ဆုံးဘုရားသခင်ရဲ့ ပုရောဟိတ်ဖြစ်တဲ့ ဆာလင်မင်း မေလခိဇေဒက်လည်း မုန့်နဲ့ဝိုင်ကို ယူလာတယ်။ ၁၉ ပြီးတော့ အာဗြံအတွက် ဆုမွန်ကောင်း တောင်းပေးတယ်– “မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ အမြင့်ဆုံးဘုရားသခင်က အာဗြံကို ကောင်းချီးပေးပါစေ။ ၂၀ ဖိနှိပ်သူတွေကို မင်းရဲ့လက်ထဲအပ်တဲ့ အမြင့်ဆုံးဘုရားသခင်ကို ချီးမွမ်းကြပါစေ။” အာဗြံလည်း တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့ကို ဆာလင်မင်းကို ပေးတယ်။
(ဟီဘရူး ၇:၄-၁၀) ဘိုးဘေးအာဗြဟံက သူ့ကို အကောင်းဆုံး တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့ ပေးလှူခဲ့တယ်ဆိုမှတော့ သူဟာ ဘယ်လောက်တောင် ကြီးမြတ်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ၅ ပုရောဟိတ်တာဝန်ကိုရတဲ့ လေဝိအမျိုးသားတွေက ညီအစ်ကိုတွေဆီကနေ ဆယ်ဖို့တစ်ဖို့ကို ကောက်ခံရမယ်လို့ ပညတ်တရားမှာ မိန့်မှာထားတယ်။ တကယ်တော့ အဲဒီညီအစ်ကိုတွေဟာ အာဗြဟံရဲ့ သားမြေးတွေပဲ။ ၆ ဒါပေမဲ့ လေဝိအမျိုးမဟုတ်တဲ့ မေလခိဇေဒက်က ကတိတော်ကိုရတဲ့ အာဗြဟံဆီကနေ ဆယ်ဖို့တစ်ဖို့ယူပြီး ဆုမွန်ကောင်းတောင်းပေးခဲ့တယ်။ ၇ ပိုကြီးမြတ်သူကသာ နိမ့်ကျသူကို ဆုမွန်ကောင်းတောင်းပေးလေ့ရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ၈ ဆယ်ဖို့တစ်ဖို့ယူတဲ့ လေဝိအမျိုးသားတွေဟာ သေမျိုးဖြစ်တဲ့ လူသားတွေပဲ။ ဒါပေမဲ့ ဆယ်ဖို့တစ်ဖို့ယူတဲ့လူ နောက်တစ်ယောက်ကတော့ ဆက်အသက်ရှင်နေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ၉ ဒါဆို ဆယ်ဖို့တစ်ဖို့ကို ခံယူတဲ့ လေဝိအမျိုးသားတွေကတောင် အာဗြဟံကတစ်ဆင့် ဆယ်ဖို့တစ်ဖို့ ပေးခဲ့ရတယ်လို့ ပြောနိုင်တယ်။ ၁၀ အာဗြဟံကို မေလခိဇေဒက် ထွက်ကြိုတုန်းက လေဝိအမျိုးသားတွေဟာ ဘိုးဘေးအာဗြဟံရဲ့ မမွေးသေးတဲ့ သားစဉ်မြေးဆက်တွေ ဖြစ်နေလို့ပဲ။
it-2 ၆၈၃ ပိုဒ်. ၁
ပုရောဟိတ်
ဆာလင်မင်းကြီး မေလခိဇေဒက်ဟာ ထူးခြားတဲ့ ပုရောဟိတ် (ကိုဟင်) ဖြစ်တယ်။ ကျမ်းစာမှာ သူ့ရဲ့ ဆွေစဉ်မျိုးဆက်၊ မွေးဖွားခြင်း၊ သေခြင်းအကြောင်း ဘာမှတ်တမ်းမှ မရှိဘူး။ သူ့ရဲ့ ပုရောဟိတ်ရာထူးက ဆက်ခံပြီး ရလာတာ မဟုတ်ဘူး။ သူဟာ ဆက်ခံသူ မဟုတ်သလို၊ သူ့ကို ဆက်ခံမယ့်သူလည်း မရှိဘူး။ မေလခိဇေဒက်ဟာ ဘုရင်လည်းဖြစ်၊ ပုရောဟိတ်လည်း ဖြစ်တယ်။ သူ့ရဲ့ ပုရောဟိတ်အရာက လေဝိအမျိုးရဲ့ ပုရောဟိတ်အရာထက် ပိုကြီးမြတ်တယ်။ လေဝိအမျိုးဟာ အာဗြဟံရဲ့သားမြေးဖြစ်တဲ့အတွက် မေလခိဇေဒက်ကို အာဗြဟံ ဆယ်ဖို့တစ်ဖို့ ပေးတာက မေလခိဇေဒက်ကို လေဝိအမျိုး ဆယ်ဖို့တစ်ဖို့ပေးတဲ့ သဘောပဲ။ မေလခိဇေဒက်က အာဗြဟံကို ကောင်းချီးလည်းပေးခဲ့တယ်။ (က ၁၄:၁၈-၂၀။ ဟီ ၇:၄-၁၀) ဒီနည်းတွေနဲ့ ယေရှုခရစ်ဟာ “မေလခိဇေဒက်လို ပုရောဟိတ်မျိုး ထာဝစဉ်ဖြစ်” မယ်ဆိုတဲ့ အရိပ်နိမိတ်ဖြစ်တယ်။—ဟီ ၇:၁၇။
ကျမ်းစာဖတ်ရှုခြင်း
ဖေဖော်ဝါရီ ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၁၅-၁၇
“အာဗြံနဲ့ စာရဲကို ယေဟောဝါ ဘာကြောင့် နာမည်ပြောင်းလိုက်သလဲ”
(ကမ္ဘာဦး ၁၇:၁) အာဗြံအသက် ၉၉ နှစ်မှာ သူ့ဆီ ယေဟောဝါ ရောက်လာပြီး “ငါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ ငါ့ရှေ့မှာ သစ္စာရှိလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး အမှားကင်းအောင် နေပါ။
it-1 ၈၁၇
အမှား၊ အပြစ်ရှာခြင်း
လူတွေရဲ့လမ်းစဉ်နဲ့ လုပ်ရပ်တွေမှာ အမှား တွေ့ရလေ့ရှိတယ်။ အပြစ်နဲ့ အမှားဟာ အာဒံဆီကနေ လူသားအားလုံးရခဲ့တဲ့ မွေးရာပါ အမွေ ဖြစ်တယ်။ (ရ ၅:၁၂။ ဆ ၅၁:၅) ဒါပေမဲ့ အမှားမရှိတဲ့ ယေဟောဝါက “ငါတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်းသိတယ်။ ငါတို့ဟာ မြေမှုန့်ပဲဆိုတာကို မမေ့ဘူး၊” ကရုဏာပြတယ်။ (ဆ ၁၀၃:၁၃၊ ၁၄) နာခံမှုနဲ့ သစ္စာရှိတဲ့ နောဧကို “တစ်ခေတ်တည်းသားတွေထဲမှာ အမှားကင်းသူ” လို့ သတ်မှတ်ခဲ့တယ်။ (က ၆:၉) အာဗြဟံကို “ငါ့ရှေ့မှာ သစ္စာရှိလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး အမှားကင်းအောင် နေပါ” ဆိုပြီး မိန့်မှာခဲ့တယ်။ (က. ၁၇:၁) အဲဒီလူတွေဟာ မစုံလင်သူတွေဖြစ်ပြီး သေဆုံးခဲ့ရပေမဲ့ “နှလုံးသားကို ကြည့်တဲ့” ယေဟောဝါက သူတို့ကို အမှားကင်းသူတွေအဖြစ် ရှုမြင်တယ်။ (၁ရှ ၁၆:၇။ ၂ဘု ၂၀:၃။ ၂ရ ၁၆:၉ တို့နဲ့နှိုင်းယှဉ်ပါ။) ဘုရားသခင်က အစ္စရေးတွေကို “ယေဟောဝါဘုရားရှေ့မှာ ခင်ဗျားတို့ အပြစ်ပြောစရာ မရှိအောင် နေရမယ်” လို့ ပြောခဲ့တယ်။ (တရ ၁၈:၁၃။ ၂ရှ ၂၂:၂၄) ဘုရားသခင်က အပြစ်မရှိတဲ့ သားတော်ကို (ဟီ ၇:၂၆) ရွေးဖိုး ပူဇော်သက္ကာအဖြစ် ပေးခဲ့တယ်။ ရွေးဖိုးအပေါ် အခြေခံပြီး သက်ဝင်ယုံကြည်သူ၊ နာခံမှုရှိသူကို “ဖြောင့်မတ်သူ၊” အပြစ်မရှိသူလို့ ဘုရားသခင် သတ်မှတ်တယ်။ တစ်ချိန်တည်းမှာ ဘုရားသခင်က မိမိရဲ့ ဖြောင့်မတ်တဲ့၊ အမှားကင်းတဲ့ တရားသူကြီးဆိုတဲ့ အနေအထားကို ထိန်းသိမ်းထားတယ်။—ရ ၃:၂၅၊ ၂၆။
(ကမ္ဘာဦး ၁၇:၃-၅) အာဗြံ ပျပ်ဝပ်လိုက်တော့ ဘုရားသခင် ဆက်ပြောတယ်– ၄ “မင်းနဲ့ငါ ပဋိညာဉ်ဖွဲ့လိုက်ပြီ။ မင်းဟာ လူမျိုးများစွာရဲ့ဖခင် ဖြစ်လာမယ်။ ၅ မင်းကို အာဗြံ လို့မခေါ်တော့ဘူး။ လူမျိုးများစွာရဲ့ဖခင် ဖြစ်စေမှာမို့ အာဗြဟံ လို့ခေါ်ရလိမ့်မယ်။
it-1 ၃၁ ပိုဒ်. ၁
အာဗြဟံ
အချိန်တွေ ကုန်လွန်သွားပြီ။ ခါနန်ပြည်မှာနေတာ ၁၀ နှစ်ရှိပြီ။ စာရာလည်း မြုံနေတုန်းပဲ။ ဒါကြောင့် စာရာက မိမိကိုယ်စား ကလေးမွေးပေးဖို့ သူ့ရဲ့ အီဂျစ်ကျွန်မ ဟာဂရကို အာဗြဟံလက်ထဲ အပ်လိုက်တယ်။ အာဗြဟံကလည်း သဘောတူလိုက်တယ်။ ဒါနဲ့ ဘီစီ ၁၉၃၂၊ အာဗြဟံ အသက် ၈၆ နှစ်မှာ အိရှမေလ မွေးလာတယ်။ (က ၁၆:၃၊ ၁၅၊ ၁၆) အချိန်တွေ ထပ်ကုန်သွားပြန်ပြီ။ ဘီစီ ၁၉၁၉၊ အာဗြဟံ အသက် ၉၉ နှစ်မှာ ယေဟောဝါဟာ မိမိနဲ့ အာဗြဟံဖွဲ့ခဲ့တဲ့ အထူးပဋိညာဉ်ရဲ့ သက်သေအဖြစ် အာဗြဟံရဲ့အိမ်ထောင်မှာရှိတဲ့ ယောက်ျားတိုင်း အရေဖျားဖြတ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ အာဗြံကို အာဗြဟံလို့ နာမည်ပြောင်းပေးလိုက်တယ်။ အကြောင်းကတော့ အာဗြဟံဟာ “လူများစွာရဲ့ဖခင် ဖြစ်” လာမှာမို့လို့ပဲ။ (က ၁၇:၅၊ ၉-၂၇။ ရ ၄:၁၁) သိပ်မကြာခင်မှာ ယေဟောဝါနာမည်ခံယူပြီး လူယောင်ဆောင်ထားတဲ့ ကောင်းကင်တမန်သုံးပါးကို အာဗြဟံ ဧည့်ဝတ်ပြုခဲ့တယ်။ နောက်နှစ် ဒီအချိန်ရောက်ရင် စာရာ သားတစ်ယောက် မွေးမယ်လို့ သူတို့ ကတိပေးခဲ့တယ်။—က ၁၈:၁-၁၅။
(ကမ္ဘာဦး ၁၇:၁၅၊ ၁၆) “ဘုရားသခင်က အာဗြဟံကို “မင်းရဲ့မိန်းမကို စာရဲ လို့မခေါ်တော့ဘူး။ စာရာ လို့ခေါ်ရလိမ့်မယ်။ ၁၆ သူ့ကို ငါကောင်းချီးပေးမယ်။ သူက မင်းအတွက် သားတစ်ယောက် မွေးပေးမယ်။ ငါကောင်းချီးပေးမှာမို့လို့ သူ့ဆီကနေ လူမျိုးတွေ၊ ဘုရင်တွေ ဆင်းသက်လာမယ်” လို့ပြောတယ်။”
အမည်တစ်ခု၏ နောက်ကွယ်တွင် ရှိသောအရာ
တစ်စုံတစ်ခုကို ကြိုဟောရန် ဘုရားသခင်ကိုယ်တိုင် လူအချို့၏ အမည်များကို ပြောင်းလဲခဲ့သည်။ ဥပမာ၊ “အဘသည် ချီးမြှောက်ခံရပြီ” ဟုအဓိပ္ပာယ်ရှိသော အာဗြံကို “လူမျိုးများစွာ၏အဘ” ဟုအဓိပ္ပာယ်ရှိသော အာဗြဟံဟု ဘုရားသခင် ပြောင်းလဲပေးခဲ့သည်။ အာဗြဟံသည် သူ၏အမည်အတိုင်း လူအမျိုးအနွယ်များစွာ၏ဖခင် ဖြစ်လာသည်။ (ကမ္ဘာဦး ၁၇:၅၊ ၆) အာဗြဟံ၏ဇနီး စာရဲကိုလည်း သုံးသပ်ကြည့်ပါ။ သူ၏အမည်မှာ “ရန်လိုခြင်း” ဟု အဓိပ္ပာယ်ရှိနိုင်သည်။ ဘုရားသခင်သည် သူ့ကို “မင်းသမီး” ဟုအဓိပ္ပာယ်ရှိသည့် “စာရာ” ဟု အမည်ပြောင်းပေးလိုက်ချိန်တွင် သူအလွန်ပျော်မည်ပင်။ ထိုအမည်အတိုင်း သူသည် ဘုရင်တို့၏ဘေးမတစ်ဦး ဖြစ်လာခဲ့သည်။—ကမ္ဘာဦး ၁၇:၁၅၊ ၁၆။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ကမ္ဘာဦး ၁၅:၁၃၊ ၁၄) “အဲဒီအခါ ဘုရားသခင်က အာဗြံကို “မင်းရဲ့မျိုးနွယ်ဟာ တခြားတိုင်းပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေရလိမ့်မယ်။ အဲဒီမှာ နှစ်ပေါင်း ၄၀၀ ကျွန်ခံပြီး ညှဉ်းဆဲခံရလိမ့်မယ်ဆိုတာ မှတ်ထားပါ။ ၁၃ ဒါပေမဲ့ သူတို့ကို ကျွန်အဖြစ် ခိုင်းစေတဲ့လူမျိုးကို ငါတရားစီရင်မယ်။ သူတို့ဟာ ပစ္စည်းဥစ္စာတစ်ပွေ့တစ်ပိုက်နဲ့ ထွက်သွားကြရလိမ့်မယ်။”
it-1 ၄၆၀-၄၆၁
သက္ကရာဇ်စဉ်
ယေဟောဝါက အာဗြံ (အာဗြဟံ) ကို “မင်းရဲ့မျိုးနွယ်ဟာ တခြားတိုင်းပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေရလိမ့်မယ်။ အဲဒီမှာ နှစ်ပေါင်း ၄၀၀ ကျွန်ခံပြီး ညှဉ်းဆဲခံရလိမ့်မယ်ဆိုတာ မှတ်ထားပါ” လို့ ပြောတယ်။ (က ၁၅:၁၃။ တ ၇:၆၊ ၇ ကိုလည်း ကြည့်ပါ။) ဆက်ခံသူ ဒါမှမဟုတ် “မျိုးနွယ်” ဖြစ်တဲ့ အိဇက်ကို မမွေးခင် ဒီစကားကို ပြောခဲ့တာဖြစ်တယ်။ ဘီစီ ၁၉၃၂ မှာ အီဂျစ်ကျွန်မ ဟာဂရက အိရှမေလကို မွေးဖွားတယ်။ ဘီစီ ၁၉၁၈ မှာ အိဇက်ကို မွေးတယ်။ (က ၁၆:၁၆။ ၂၁:၅) “ညှဉ်းဆဲ” ခံရတာ ပြီးဆုံးချိန် (က ၁၅:၁၄)၊ အီဂျစ်ပြည်က ထွက်လာချိန်ကနေ အနှစ် ၄၀၀ နောက်ပြန်ရေတွက်လိုက်ရင် ဘီစီ ၁၉၁၃ ကို ရောက်တယ်။ အဲဒီအချိန်မှာ အိဇက် အသက် ၅ နှစ်ဖြစ်တယ်၊ အိဇက်ကို နို့ဖြတ်တဲ့နေ့ဖြစ်ပုံရပြီး ကိုယ့်ပြည်မဟုတ်တဲ့နေရာမှာ “တိုင်းတစ်ပါးသား” ဖြစ်နေတယ်။ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ အိရှမေလက အိဇက်ကို “လှောင်ပြောင်” ခြင်းအားဖြင့် ကြိုဟောထားတဲ့ ညှဉ်းဆဲခြင်း စတင်ခဲ့တယ်။ (က ၂၁:၈၊ ၉) အာဗြဟံရဲ့ အမွေခံသားကို အိရှမေလ လှောင်ပြောင်တာဟာ အရေးမကြီးတဲ့အချက်လို့ အခုခေတ်မှာ ယူဆနိုင်ပေမဲ့ အဲဒီအချိန်တုန်းကတော့ အဲဒီလို မယူဆခဲ့ဘူး။ ဟာဂရနဲ့ အိရှမေလကို မောင်းထုတ်ဖို့ စာရာပြောတာကို ဘုရား သဘောတူတဲ့အချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ (က ၂၁:၁၀-၁၃) ဒီအချက်ကို ကျမ်းစာမှာ အသေးစိတ် မှတ်တမ်းတင်ထားတာက ကြိုဟောထားတဲ့ ညှဉ်းဆဲခံရမယ့် နှစ်ပေါင်း ၄၀၀ ရဲ့အစကို သိရှိစေပြီး အီဂျစ်ပြည်ကနေ ထွက်မြောက်လာချိန်အထိ ဆက်သွားမယ်ဆိုတာ ဖော်ပြတယ်။—ဂ ၄:၂၉။
(ကမ္ဘာဦး ၁၅:၁၆) “အခု၊ အာမောရိလူမျိုးကို သူတို့ရဲ့အပြစ်အတွက် ဒဏ်စီရင်မယ့်အချိန် မရောက်သေးဘူး။ ဒါကြောင့် မင်းရဲ့မျိုးနွယ်ဟာ လေးဆက်မြောက်ကျမှပဲ ဒီကိုပြန်လာရမယ်” လို့ပြောတယ်။”
it-1 ၇၇၈ ပိုဒ်. ၄
ထွက်မြောက်ခြင်း
“လေးဆက်မြောက်။” အာဗြဟံရဲ့မျိုးနွယ်ဟာ လေးဆက်မြောက်ကျမှပဲ ခါနန်ပြည်ကို ပြန်လာရမယ်လို့ ယေဟောဝါ ပြောခဲ့တယ်။ (က ၁၅:၁၆) အဲဒီအချိန်က လူတွေရဲ့ သက်တမ်း ရှည်လျားတာကို ထည့်တွက်ရင်တောင် အာဗြဟံပဋိညာဉ် စတင်အကျိုးသက်ရောက်တဲ့အချိန်ကနေ အီဂျစ်ပြည်ကနေ ထွက်လာချိန်အထိ အနှစ် ၄၃၀ အတွင်း လူမျိုးဆက် လေးဆက် မကတော့ဘူး။ ဒါပေမဲ့ အစ္စရေးတွေဟာ အီဂျစ်ပြည်မှာ အမှန်တကယ် ၂၁၅ နှစ်ပဲ နေခဲ့ရတယ်။ အီဂျစ်ပြည်မှာ နေခဲ့တဲ့ ‘လူမျိုးဆက် လေးဆက်’ ကို အစ္စရေးလူမျိုးထဲက လေဝိအနွယ်ကို ဥပမာအဖြစ်သုံးပြီး ဒီလို တွက်လို့ရတယ်– (၁) လေဝိ၊ (၂) ကောဟတ်၊ (၃) အာမရံ၊ (၄) မောရှေ။—ထွ ၆:၁၆၊ ၁၈၊ ၂၀။
ကျမ်းစာဖတ်ရှုခြင်း
ဖေဖော်ဝါရီ ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၁၈-၁၉
“‘မြေတစ်ပြင်လုံးရဲ့ တရားသူကြီး’ က သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီး”
(ကမ္ဘာဦး ၁၈:၂၃-၂၅) အာဗြဟံလည်း အနားကို သွားပြီး “လူကောင်းတွေကို လူဆိုးတွေနဲ့အတူ တကယ်ဖျက်ဆီးပစ်မှာလား။ ၂၄ မြို့ထဲမှာ လူကောင်းအယောက် ၅၀ ရှိခဲ့ရင် အဲဒီလူ ၅၀ ကို ထည့်မတွက်တော့ဘူးလား။ ဒီမြို့ကို ခွင့်မလွှတ်ဘဲ ဖျက်ဆီးမှာပဲလား။ ၂၅ လူကောင်းတွေကို လူဆိုးတွေနဲ့ရောပြီး ဖျက်ဆီးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ အဲဒီလိုဖျက်ဆီးရင် လူကောင်းနဲ့လူဆိုး ခံစားရတဲ့အကျိုးဆက်ဟာ တူနေမှာပေါ့။ အဲဒီလို ဘယ်တော့မှ မလုပ်ဘူးမဟုတ်လား။ မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ” လို့ပြောတယ်။
‘မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက’ မှန်ကန်တာကို အမြဲလုပ်ဆောင်
‘မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ။’ (က. ၁၈:၂၅၊ ကဘ) သောဒုံနဲ့ ဂေါမောရမြို့ကိစ္စမှာ ယေဟောဝါ အပြည့်အဝ တရားမျှတမယ်လို့ အာဗြဟံ ယုံကြည်စိတ်ချကြောင်း အဲဒီစကားတွေက ဖော်ပြတယ်။ ‘လူကောင်းတွေကို လူဆိုးတွေနဲ့ရောပြီး ဖျက်ဆီး’ ခြင်းအားဖြင့် ယေဟောဝါ ဘယ်တော့မှ မတရားလုပ်မှာ မဟုတ်ကြောင်း အာဗြဟံ ‘အသေအချာ’ ယုံကြည်တယ်။ နှစ်ပေါင်း ၄၀၀ လောက်ကြာပြီးနောက် မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီး ‘ဘုရားသခင်ဟာ ကျောက်ဆောင်ပဲ။ လုပ်ဆောင်သမျှ ပြီးပြည့်စုံတယ်။ နည်းလမ်းတော်တွေ တရားမျှတတယ်။ သစ္စာရှိတဲ့ဘုရား၊ မတရားမှုကင်းတဲ့ဘုရား၊ ဖြောင့်မတ်၊ မှန်ကန်တဲ့ဘုရားပဲ’ လို့ ယေဟောဝါ ပြောတယ်။—တရား. ၃၁:၁၉။ ၃၂:၄၊ ကဘ။
(ကမ္ဘာဦး ၁၈:၃၂) နောက်ဆုံးမှာ အာဗြဟံက “ယေဟောဝါ၊ စိတ်မရှိပါနဲ့။ တစ်ခါလောက် ထပ်ပြောပါရစေ။ ၁၀ ယောက်ပဲ ရှိရင်ကော” လို့ မေးတော့ “၁၀ ယောက်ရှိရင် မဖျက်ဆီးဘူး” ဆိုပြီးဖြေတယ်။
စိတ်ရှည်ခြင်း—မျှော်လင့်ချက်ဖြင့်ခံနိုင်ရည် တင်ပြခြင်း
စိတ်ရှည်ရာမှာ အကောင်းဆုံး ပုံသက်သေဟာ ယေဟောဝါပါပဲ။ (၂ ပေ. ၃:၁၅) ယေဟောဝါ စိတ်ရှည်ကြောင်း ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်း များစွာရှိတယ်။ (နေ. ၉:၃၀။ ဟေရှာ. ၃၀:၁၈) ဥပမာ၊ သောဒုံမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်တာကို အာဗြဟံ မေးခွန်းထုတ်တဲ့အခါ ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ အာဗြဟံပြောတာကို ကြားမဖြတ်ဘဲ စိတ်ရှည်ရှည် နားထောင်ပေးတယ်။ အာဗြဟံ စိုးရိမ်နေတဲ့ကိစ္စကို ပြန်ပြောပြီး မြို့ထဲမှာ ဖြောင့်မတ်သူ ဆယ်ယောက်ရှိရင်တောင် မဖျက်ဆီးဘူးလို့ ကတိပေးတယ်။ (က. ၁၈:၂၂-၃၃) ယေဟောဝါဟာ အမြဲ စိတ်ရှည်ရှည် နားထောင်ပေးတယ်။ ဘယ်တော့မှ လွန်လွန်ကဲကဲ မတုံ့ပြန်ဘူး။
(ကမ္ဘာဦး ၁၉:၂၄၊ ၂၅) ယေဟောဝါက သောဒုံနဲ့ ဂေါမောရမြို့အပေါ် ကန့်နဲ့မီးကို ရွာကျစေတယ်။ အဲဒီကန့်နဲ့မီးဟာ ယေဟောဝါရှိရာ ကောင်းကင်ကနေ ကျလာတာ။ ၂၅ မြို့သားတွေ၊ အပင်တွေအပါအဝင် အဲဒီမြို့တွေရှိတဲ့ ဒေသတစ်ခုလုံးကို ဘုရားသခင် ဖျက်ဆီးလိုက်တယ်။
ယေဟောဝါသည် ကျွန်ုပ်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်
၁၂ ယေဟောဝါက ကိုယ်တော့်မှာ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ရှိကြောင်း မကြာခင် သက်သေပြတော့မယ်ဆိုတာ သေချာတယ်။ အကြောင်းကတော့ ဆိုးသွမ်းမှုတွေကို အဆုံးမရှိ ကိုယ်တော် ဆက်ခွင့်ပြုထားမှာ မဟုတ်ဘူး၊ ဒါ့ပြင် ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်တွေမှာ အသက်ရှင်နေကြရတယ်ဆိုတာ သိထားကြတယ်။ ယေဟောဝါက လူဆိုးတွေကို ရေလွှမ်းမိုးဘေးနဲ့ တရားစီရင်ခဲ့တယ်။ သောဒုံနဲ့ ဂေါမောရ၊ ဖာရောနဲ့ သူ့စစ်တပ်ကို ကိုယ်တော် ဖျက်ဆီးခဲ့တယ်။ သိသရနဲ့ စစ်တပ်၊ သနာခရိပ်နဲ့ အာရှုရိစစ်တပ်ဟာ အမြင့်ဆုံးသော ဘုရားသခင်ကို မယှဉ်နိုင်ခဲ့ဘူး။ (က. ၇:၁၊ ၂၃; ၁၉:၂၄၊ ၂၅; ထွ. ၁၄:၃၀၊ ၃၁; သူကြီး. ၄:၁၅၊ ၁၆; ၄ ရာ. ၁၉:၃၅၊ ၃၆) ဒါကြောင့် ယေဟောဝါက မိမိရဲ့နာမတော်ကို မရိုမသေပြုနေသူတွေနဲ့ ကိုယ်တော့်သက်သေတွေကို မတရားဆက်ဆံနေတာကို ကြာရှည်သည်းခံခွင့်ပြုထားမှာ မဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒါ့ပြင် ယေရှုရောက်ရှိနေခြင်းနဲ့ ဆိုးညစ်တဲ့လောကစနစ်နိဂုံးရဲ့ နိမိတ်တွေကို ကျွန်ုပ်တို့ အထင်အရှားတွေ့မြင်နေရပြီ။—မ. ၂၄:၃။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ကမ္ဘာဦး ၁၈:၁) အဲဒီနောက် မံရေအရပ်က အပင်ကြီးတွေနားမှာ အာဗြဟံဆီ ယေဟောဝါ ရောက်လာတယ်။ နေပူပြင်းတဲ့ အဲဒီအချိန်မှာ အာဗြဟံက တဲဝမှာ ထိုင်နေတယ်။
(ကမ္ဘာဦး ၁၈:၂၂) အဲဒီလူနှစ်ယောက်ဟာ သောဒုံမြို့ဘက် ထွက်သွားကြတယ်။ ယေဟောဝါကတော့ အာဗြဟံနဲ့အတူ နေရစ်ခဲ့တယ်။
က၈၈ ၅/၁၅ ၂၃ ပိုဒ်. ၄-၅
ဘုရားသခင်ကို တွေ့ဖူးတဲ့သူ ရှိသလား
လူယောင်ဆောင်ထားတဲ့ ကောင်းကင်တမန်နဲ့ စကားပြောတာကို ယေဟောဝါဘုရားနဲ့ စကားပြောသလို အာဗြဟံ ဘာကြောင့် ပြောခဲ့တယ်ဆိုတာ နားလည်နိုင်ပါတယ်။ အဲဒီကောင်းကင်တမန်က အာဗြဟံကို ဘုရားပြောစေချင်တဲ့အတိုင်း တိတိကျကျ ပြောခဲ့လို့ ဘုရားကိုယ်တိုင် ရောက်လာသလိုမျိုး ကျမ်းစာမှာ ခုလို မှတ်တမ်း တင်ထားတယ်– “အာဗြဟံဆီ ယေဟောဝါ ရောက်လာတယ်။”—က ၁၈:၁။
ဘုရားသခင်ကိုယ်စား သတင်းစကားကို ကောင်းကင်တမန် အတိအကျ ပြန်ပြောတာက တယ်လီဖုန်း ဒါမှမဟုတ် ရေဒီယိုကတစ်ဆင့် တခြားတစ်ယောက်ကို စကားပြောသလိုပဲဆိုတာ သတိရပါ။ ဒါကြောင့် အာဗြဟံ၊ မောရှေ၊ မာနော်နဲ့ တခြားသူတွေဟာ လူယောင်ဆောင်ထားတဲ့ ကောင်းကင်တမန်နဲ့ စကားပြောတာကို ဘုရားနဲ့ပြောတယ်လို့ ဖော်ပြတာကို နားလည်နိုင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ကောင်းကင်တမန်တွေနဲ့ ယေဟောဝါရဲ့ဘုန်းတော်ကို မြင်နိုင်ပေမဲ့ ဘုရားသခင်ကိုတော့ မမြင်နိုင်ကြဘူး။ ဒါကြောင့် “ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးဘူး” ဆိုတဲ့ တမန်တော်ယောဟန်ရဲ့ စကားနဲ့ ကိုက်ညီပါတယ်။ (ယောဟန် ၁:၁၈) သူတို့က ကိုယ်စားလှယ်ဖြစ်တဲ့ ကောင်းကင်တမန်တွေကို မြင်တာ၊ ဘုရားကို မြင်တာ မဟုတ်ဘူး။
(ကမ္ဘာဦး ၁၉:၂၆) နောက်ကလိုက်လာတဲ့ လောတမိန်းမကတော့ နောက်လှည့်ကြည့်လို့ ဆားတိုင်ဖြစ်သွားတယ်။
စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တခြားသူတွေကို ကူညီပါ
၃ အကျင့်ပျက်တဲ့ သောဒုံမြို့သားတွေနဲ့အတူ နေထိုင်ဖို့ လောတ ရွေးချယ်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ (၂ ပေတရု ၂:၇၊ ၈ ကိုဖတ်ပါ။) အဲဒီဒေသဟာ သီးနှံဖြစ်ထွန်းပေမဲ့ လောတ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ (က. ၁၃:၈-၁၃။ ၁၄:၁၂) လောတရဲ့ဇနီးဟာ မြို့ကို ဒါမှမဟုတ် မြို့ထဲက လူတချို့ကို ခင်တွယ်နေလို့ ယေဟောဝါကို မနာခံခဲ့တာ ဖြစ်နိုင်တယ်။ ဒါကြောင့် မြို့အပေါ် မီးနဲ့ ကန့်ကို ဘုရား ရွာကျစေတဲ့အခါ သူအသက်ဆုံးရှုံးခဲ့တယ်။ လောတရဲ့ သမီးနှစ်ယောက်နဲ့ စေ့စပ်ထားတဲ့ အမျိုးသားတွေလည်း သောဒုံမြို့ ဖျက်ဆီးခံရချိန်မှာ သေဆုံးသွားတယ်။ လောတဟာ အိမ်နဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတယ်။ အဆိုးဆုံးကတော့ ဇနီးကို ဆုံးရှုံးလိုက်ရတာပဲ။ (က. ၁၉:၁၂-၁၄၊ ၁၇၊ ၂၆) အဲဒီလို စိတ်ဖိစီးမှုတွေကို လောတ ကြုံရချိန်မှာ ယေဟောဝါ စိတ်မရှည်နိုင်ဘဲ ဖြစ်ခဲ့သလား။ မဖြစ်ခဲ့ပါဘူး။
ကျမ်းစာဖတ်ရှုခြင်း
ဖေဖော်ဝါရီ ၂၄–မတ် ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၂၀-၂၁
“ကတိပေးထားတဲ့အတိုင်း ယေဟောဝါ အမြဲလုပ်ဆောင်”
(ကမ္ဘာဦး ၂၁:၁-၃) ယေဟောဝါက ပြောခဲ့တဲ့အတိုင်း စာရာကို သတိရတယ်။ စာရာကို ကတိပေးထားတဲ့အတိုင်း ယေဟောဝါ လုပ်ဆောင်တယ်။ ၂ ဒါကြောင့် စာရာမှာ ကိုယ်ဝန်ရှိလာပြီး အာဗြဟံ အိုမင်းချိန်၊ ဘုရားသခင် ကတိပေးထားတဲ့အချိန်မှာ သားတစ်ယောက် မွေးလာတယ်။ ၃ အာဗြဟံက စာရာမွေးတဲ့ သားကို အိဇက်လို့ နာမည်ပေးတယ်။
သခင်က “မင်းသမီး” လို့ နာမည်ပေးခဲ့သူ
စာရာ အဲဒီလိုရယ်တာ ယုံကြည်ခြင်း မရှိလို့လား။ မဟုတ်ပါဘူး။ “စာရာက အရွယ်လွန်ချိန်မှာတောင် မျိုးနွယ်ကို ကိုယ်ဝန်ဆောင်နိုင်တာလည်း ယုံကြည်ခြင်းကြောင့်ပဲ။ ကတိပေးတဲ့အရှင်ဟာ သစ္စာရှိမှန်း သူယုံတာကိုး” လို့ ကျမ်းစာပြောတယ်။ (ဟီဘရူး ၁၁:၁၁) ယေဟောဝါအကြောင်း စာရာ သိတယ်။ ကတိပေးထားတဲ့အတိုင်း ပြည့်စုံစေနိုင်မှန်းလည်း ယုံတယ်။ အဲဒီလိုယုံကြည်ခြင်းမျိုး ကျွန်တော်တို့ယောက်တိုင်း ရှိဖို့လိုတယ်။ ကျမ်းစာမှာပါတဲ့ ဘုရားသခင်အကြောင်း ကျွန်တော်တို့ ကောင်းကောင်းသိထားရမယ်။ ဒါဆိုရင် စာရာမှာ ယုံကြည်ခြင်း တကယ်ရှိခဲ့မှန်း သိလာမယ်။ ယေဟောဝါဟာ သစ္စာရှိပြီး ကတိတိုင်းကို ပြည့်စုံစေနိုင်တယ်။ တစ်ခါတလေ၊ ကိုယ်တော်ရဲ့လုပ်ဆောင်ပုံဟာ ကျွန်တော်တို့အတွက် အံ့သြစရာကောင်းလွန်းလို့ ရယ်ရတဲ့အထိတောင် ဖြစ်နိုင်တယ်။
“စာရာပြောတာကို နားထောင်လိုက်”
နောက်ဆုံးတော့ စာရာဟာ အသက် ၉၀ အရွယ်မှာ သူ တစ်သက်လုံး တောင့်တခဲ့တဲ့အချိန် ရောက်လာတယ်။ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အာဗြဟံအတွက် သားတစ်ယောက် မွေးပေးတယ်။ အာဗြဟံဟာ ဘုရားမှာထားတဲ့အတိုင်း သားကို အိဇက် ဒါမှမဟုတ် “ရယ်မောသူ” လို့ နာမည်ပေးလိုက်တယ်။ ပင်ပန်းနွမ်းနယ်တဲ့ကြားက ပြုံးနေတဲ့စာရာကို မြင်ယောင်ကြည့်နိုင်တယ်။ “ငါ့ကို ဘုရားသခင် ရယ်မောစေပြီ။ ဒီသတင်းကြားတဲ့သူတိုင်း ငါနဲ့အတူ ရယ်မောကြလိမ့်မယ်” လို့ သူပြောတယ်။ (ကမ္ဘာဦး ၂၁:၆) ယေဟောဝါဆီက ဒီအံ့ဖွယ်လက်ဆောင်ကြောင့် သူ အသက်ရှင်နေသရွေ့ စိတ်ချမ်းသာနေမှာ သေချာတယ်။ ဒါပေမဲ့ ကြီးမားတဲ့တာဝန်တွေလည်း လိုက်ပါလာတယ်။
အိဇက် အသက်ငါးနှစ်၊ နို့ဖြတ်တဲ့နေ့မှာ အာဗြဟံတို့မိသားစု စားသောက်ပွဲကြီး လုပ်တယ်။ အဲဒီမှာ အဆင်မပြေတာတစ်ခု ပေါ်လာတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတစ်ခုကို စာရာ “သတိပြုမိ” တဲ့အကြောင်း ဖတ်ရတယ်။ ဟာဂရရဲ့သား ၁၉ နှစ်အရွယ် အိရှမေလက အိဇက်ကို လှောင်ပြောင်နေတယ်။ အိရှမေလရဲ့အပြုအမူဟာ စနောက်ရုံလောက်ပဲ မဟုတ်ဘူး။ ညှဉ်းဆဲနေတာဖြစ်တယ်လို့ တမန်တော်ပေါလု နောက်ပိုင်းမှာ ရေးခဲ့တယ်။ အဲဒီလို အနိုင်ကျင့်တာဟာ သားရဲ့ရှေ့ရေးအတွက် အန္တရာယ်ရှိမှန်း စာရာ သိနေတယ်။ အိဇက်ဟာ မိမိရဲ့သားဖြစ်ရုံတင်မကဘူး၊ ယေဟောဝါရဲ့ ရည်ရွယ်ချက်မှာ အရေးပါသူဖြစ်မှန်း စာရာ သိထားတယ်။ ဒါကြောင့် သတ္တိမွေးပြီး အာဗြဟံကို တဲ့တိုးပဲ ပြောလိုက်တယ်။ ဟာဂရနဲ့ အိရှမေလကို မောင်းထုတ်ခိုင်းတယ်။—ကမ္ဘာဦး ၂၁:၈-၁၀။ ဂလာတိ ၄:၂၂၊ ၂၃၊ ၂၉။
အာဗြဟံ ဘယ်လိုတုံ့ပြန်သလဲ။ “သားနဲ့ပတ်သက်ပြီး စာရာပြောတဲ့စကားကြောင့် အာဗြဟံ တော်တော်စိတ်မကောင်း ဖြစ်သွားတယ်” လို့ ကျမ်းစာပြောတယ်။ ဖခင်တစ်ယောက်အနေနဲ့ သား အိရှမေလကို ချစ်တဲ့စိတ်ပဲ ရှိနေတယ်။ ယေဟောဝါကတော့ ဒီကိစ္စကို ကောင်းကောင်းသိမြင်တဲ့အတွက် ကြားဝင်လုပ်ဆောင်ခဲ့တယ်။ ‘ဒါနဲ့ ဘုရားသခင်က “ကျွန်မိန်းမနဲ့ သူ့ကလေးအကြောင်း စာရာပြောတဲ့စကားကြောင့် စိတ်မကောင်းမဖြစ်နဲ့။ မင်းရဲ့မျိုးနွယ်လို့ အခေါ်ခံရမယ့်သူဟာ အိဇက်ကနေ ဆင်းသက်လာမှာဖြစ်လို့ စာရာပြောတာကို နားထောင်လိုက်” လို့ အာဗြဟံကို ပြောတယ်’ ဆိုပြီး ကျမ်းစာဖော်ပြတယ်။ ဟာဂရနဲ့ သူ့သားကို ထောက်မပေးမယ့်အကြောင်း အာဗြဟံကို ယေဟောဝါ အာမခံတယ်။ အာဗြဟံလည်း ဘုရားပြောတဲ့အတိုင်း လိုက်နာတယ်။—ကမ္ဘာဦး ၂၁:၁၁-၁၄။
(ကမ္ဘာဦး ၂၁:၅-၇) သားအိဇက်ကို မွေးတဲ့အချိန်မှာ အာဗြဟံ အသက် ၁၀၀ ရှိနေပြီ။ ၆ စာရာက “ငါ့ကို ဘုရားသခင် ရယ်မောစေပြီ။ ဒီသတင်းကြားတဲ့သူတိုင်း ငါနဲ့အတူ ရယ်မောကြလိမ့်မယ်။ ၇ ‘စာရာဟာ ကလေးကို နို့တိုက်ရလိမ့်မယ်’ ဆိုပြီး အာဗြဟံကို ဘယ်သူပြောခဲ့ဖူးမှာလဲ။ အခုတော့ သူအိုမင်းချိန်မှာ သူ့အတွက် သားတစ်ယောက် ငါမွေးပေးခဲ့ပြီ” လို့ပြောတယ်။
(ကမ္ဘာဦး ၂၁:၁၀-၁၂) ဒါကြောင့် စာရာက “ဒီကျွန်မိန်းမနဲ့ သူ့သားကို မောင်းထုတ်ပါ။ သူ့သားဟာ ကျွန်မသား အိဇက်နဲ့အတူ အမွေမခံရဘူး” လို့အာဗြဟံကို ပြောတယ်။ ၁၁ သားနဲ့ပတ်သက်ပြီး စာရာပြောတဲ့စကားကြောင့် အာဗြဟံ တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ ၁၂ ဒါနဲ့ ဘုရားသခင်က “ကျွန်မိန်းမနဲ့ သူ့ကလေးအကြောင်း စာရာပြောတဲ့စကားကြောင့် စိတ်မကောင်းမဖြစ်နဲ့။ မင်းရဲ့မျိုးနွယ်လို့ အခေါ်ခံရမယ့်သူဟာ အိဇက်ကနေ ဆင်းသက်လာမှာဖြစ်လို့ စာရာပြောတာကို နားထောင်လိုက်။
(ကမ္ဘာဦး ၂၁:၁၄) ဒါကြောင့် အာဗြဟံက မနက်စောစောထ၊ ရေထည့်ထားတဲ့ သားရေဘူးနဲ့ စားစရာတွေကို ဟာဂရပခုံးပေါ် တင်ပေးပြီး သားလေးနဲ့အတူ ထွက်သွားခိုင်းတယ်။ ဟာဂရလည်း ထွက်သွားပြီး ဗေရရှေဘ တောကန္တာရမှာ ခြေဦးတည့်ရာ သွားတော့တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ကမ္ဘာဦး ၂၀:၁၂) တကယ်လည်း သူဟာ ကျွန်တော့်ညီမပါပဲ။ အဖေတူ အမေကွဲညီမပါ။ နောက်ပိုင်းမှာ သူ့ကို ကျွန်တော်လက်ထပ်လိုက်တာ။
ကလ၁၇.၃ ၁၂၊ အောက်ခြေမှတ်ချက်
‘မင်းဟာ မိန်းမချောပဲ’
စာရာဟာ အာဗြဟံရဲ့ အဖေတူ အမေကွဲ ညီမဖြစ်တယ်။ (ကမ္ဘာဦး ၂၀:၁၂) အခုခေတ်မှာ အဖေတူ အမေကွဲ ညီမနဲ့ လက်ထပ်တာဟာ မသင့်တော်ဘူး။ အဲဒီခေတ်တုန်းက အခုခေတ်နဲ့ မတူဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ လူသားတွေဟာ အာဒံနဲ့ ဧဝ ရရှိပြီး ဆုံးရှုံးခဲ့တဲ့ စုံလင်မှုနဲ့ နီးနေသေးတယ်။ ကျန်းမာကြံ့ခိုင်တဲ့လူတွေ သွေးနီးသူချင်း လက်ထပ်လိုက်လို့ မွေးလာတဲ့ကလေး မျိုးရိုးဗီဇချို့ယွင်းတဲ့ အန္တရာယ် မရှိနိုင်ဘူး။ နောက်အနှစ် ၄၀၀ လောက်အကြာမှာ လူတွေဟာ စုံလင်မှုနဲ့ အလှမ်းဝေးသွားပြီ။ အဲဒီအချိန်မှာတော့ သွေးနီးသူချင်း ပေါင်းဖက်တာကို မောရှေပညတ်က တားမြစ်တယ်။—ဝတ်ပြုရာ ၁၈:၆။
(ကမ္ဘာဦး ၂၁:၃၃) အဲဒီနောက် အာဗြဟံက ဗေရရှေဘအရပ်မှာ မန်ကျည်းပင် စိုက်တယ်၊ ထာဝရဘုရားသခင် ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းတယ်။
အာဗြဟံ—ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့လိုသူအပေါင်းအတွက် စံနမူနာ
၉ အာဗြံသည် ယုံကြည်ခြင်းလုပ်ရပ် နောက်တစ်ခုဖြင့် တုံ့ပြန်ခဲ့သည်။ မှတ်တမ်း၌ဆိုသည့်အတိုင်း သူသည်ယေဟောဝါအဖို့ “ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။” (ကမ္ဘာဦး ၁၂:၇) တိရစ္ဆာန်ယဇ်ပူဇော်ခြင်းလည်း ပါဝင်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် “ယဇ်ပလ္လင်” အတွက် ဟေဗြဲစကားလုံးမှာ “ယဇ်ပူဇော်ရာနေရာ” ဟူ၍ အဓိပ္ပာယ်ရှိသောကြောင့် ဖြစ်သည်။ နောင်တွင် အာဗြံသည် ဤယုံကြည်ခြင်းလုပ်ရပ်များကို အခြားဒေသတွင် ထပ်ခါထပ်ခါပြုလုပ်ခဲ့သည်။ ထို့ပြင် သူသည် ယေဟောဝါ၏နာမတော်အားဖြင့် ပတ္ထနာပြုလေ၏။’ (ကမ္ဘာဦး ၁၂:၈၊ ၁၃:၁၈၊ ၂၁:၃၃) “နာမတော်အားဖြင့် ပတ္ထနာပြုသည်” ဟူသော ဟေဗြဲဝါကျပြတ်သည် “နာမတော်ကို ကြေညာ (ဟောပြော) သည်” ဟူ၍လည်း အဓိပ္ပာယ်ရသည်။ ထို့ကြောင့် အာဗြံ၏အိမ်ထောင်စုမှစ၍ ခါနာန်လူမျိုးတို့သည် သူ့ဘုရား၏နာမတော် ယေဟောဝါအကြောင်း အာဗြံ ရဲရင့်စွာကြေညာသည်ကို ကြားခဲ့ကြပေမည်။ (ကမ္ဘာဦး ၁၄:၂၂-၂၄) ထိုနည်းတူ ယနေ့ ဘုရားနှင့်မိတ်ဆွေ ဖွဲ့လိုသူအပေါင်းတို့အနေဖြင့် ယုံကြည်ခြင်း၌ နာမတော်အားဖြင့် ပတ္ထနာပြုရကြမည်။ လူထုဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရမည်။ “နာမတော်ကို [လူထုရှေ့] ဝန်ခံသော နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား အစဉ်ဆက်ကပ်ပူဇော်” ကြရမည်။—ဟေဗြဲ ၁၃:၁၅။ ရောမ ၁၀:၁၀။
ကျမ်းစာဖတ်ရှုခြင်း