အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2023 Watch Tower Bible and Tract Society of Pennsylvania
ဇန်နဝါရီ ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၃၂-၃၃
စိုးရိမ်ပူပန်နေသူတွေကို နှစ်သိမ့်ပေးပါ
it-1 ၇၁၀
ဧလိဟု
ဧလိဟုက မျက်နှာမလိုက်ဘူး၊ ဘယ်သူ့ကိုမှ မြှောက်ပင့်ခေါ်ဝေါ်တာမျိုး မလုပ်ဘူး။ တန်ခိုးအကြီးဆုံးသူဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ မိမိလည်း ယောဘလိုပဲ မြေမှုန့်ကနေ ဖန်ဆင်းခံထားရကြောင်း ဧလိဟု နားလည်တယ်။ ဧလိဖတ်၊ ဗိလဒဒ်နဲ့ ဇောဖာက ယောဘကို နာမည်တပ်မခေါ်ပေမဲ့ ဧလိဟုက ယောဘကို မိတ်ဆွေရင်းချာတစ်ယောက်လို သဘောထားတဲ့အနေနဲ့ နာမည်တပ်ခေါ်တယ်။ ယောဘကို စိုးရိမ်ထိတ်လန့်အောင် မလုပ်ဘူး။—ယဘ ၃၂:၂၁၊ ၂၂။ ၃၃:၁၊ ၆။
လူ့အားနည်းချက်ကို ယေဟောဝါရှုမြင်သလို သင်ရှုမြင်သလား
၈ အကူအညီလိုအပ်တဲ့ ညီအစ်ကိုညီအစ်မတွေကို ပိုပြီး စာနာနားလည်ပေးဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။ သူတို့ထဲကတချို့ဟာ ဖျားနာမှု၊ စိတ်ဓာတ်ကျစရာ ဒါမှမဟုတ် ယုံကြည်ချင်းမတူတဲ့ မိသားစုဝင်တွေကြောင့် စိတ်ဆင်းရဲနေတယ်ဆိုတာ သတိရပါ။ ကျွန်ုပ်တို့မှာလည်း အဲဒီလိုပြဿနာတွေရှိမယ်ဆိုရင် တခြားသူတွေ စာနာနားလည်ပေးတာကို လိုချင်မှာပဲ။ အစ္စရေးလူတွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့တွေက အီဂျစ်ပြည်မှာ ဆင်းရဲဒုက္ခအများကြီး ခံစားခဲ့ရပေမဲ့ ကတိထားရာပြည်ထဲမဝင်ခင် ယေဟောဝါက သူတို့ကို အကြင်နာမမဲ့ဖို့ သတိပေးခဲ့တယ်။ ဆင်းရဲတဲ့၊ အားနည်းနေတဲ့ သူတို့ရဲ့ညီအစ်ကိုတွေကို ကူညီပေးဖို့ ယေဟောဝါ မျှော်လင့်တယ်။—ဝတ်. ၂၅:၃၅-၃၈; တရား. ၁၅:၇၊ ၁၁။
၉ ညီအစ်ကိုညီအစ်မတွေ ကြုံတွေ့နေရတဲ့ပြဿနာတွေကြောင့် သူတို့ကို ချက်ချင်း အပြစ်မတင်သင့်ဘူး၊ ကိုယ်က သူတို့ထက်ပိုသာတယ်လို့လည်း မထင်သင့်ဘူး။ ညီအစ်ကိုညီအစ်မတွေ အားနည်းနေတဲ့အချိန်မှာ ကျွန်ုပ်တို့ ကူညီပေးချင်ကြတယ်။ (ယောဘ ၃၃:၆၊ ၇; မ. ၇:၁) ဥပမာ၊ တစ်ယောက်ယောက်က မော်တော်ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်သွားတယ်ဆိုပါစို့။ သူဆေးရုံရောက်သွားတဲ့အခါ ဆရာဝန်တွေနဲ့ သူနာပြုတွေက ဒီလိုဖြစ်တာ ဘယ်သူ့ကြောင့်လဲဆိုတာကို အချိန်ကုန်ခံပြီး ဆွေးနွေးနေမလား။ အဲဒီလိုလုပ်မှာမဟုတ်ဘူး။ သူ့ကို ချက်ချင်း ဆေးကုသပေးမှာဖြစ်တယ်။ ကျွန်ုပ်တို့လည်း အဲဒီလိုပါပဲ။ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အားနည်းနေတဲ့အခါ သူ တကယ်လိုအပ်နေတဲ့အကူအညီကို ပေးမှာဖြစ်တယ်။—၁ သက်သာလောနိတ် ၅:၁၄ ကိုဖတ်ပါ။
၁၀ တချို့ညီအစ်ကိုညီအစ်မတွေဟာ အားနည်းပုံပေါက်နေနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့အခြေအနေကို စဉ်းစားလိုက်တဲ့အခါ သူတို့ကို အားနည်းသူတွေလို့ မမြင်တော့ဘူး။ မယုံကြည်သူ လင်ယောက်ျားရှိတဲ့ ညီအစ်မတစ်ယောက် ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ပါ။ လင်သားမရှိဘဲ သားသမီးတွေကို ရှာဖွေကျွေးမွေးပြီး အစည်းအဝေးတွေကို မှန်မှန်တက်နေတဲ့ ကြင်ဖော်မဲ့မိခင်တစ်ယောက်ကော။ ဒါမှမဟုတ် ကျောင်းမှာ အမှန်တရားကိုစွန့်ဖို့ နေ့တိုင်းဖိအားပေးခံနေရတဲ့ ဆယ်ကျော်သက်တွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့အားလုံးက ယေဟောဝါကိုချစ်ပြီး ကိုယ်တော့်ကိုသစ္စာရှိဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်၊ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်လုပ်ဆောင်နေကြတယ်။ အဲဒီလိုစဉ်းစားတာက အားနည်းပုံပေါက်နေတဲ့သူတွေကို ‘ယုံကြည်ခြင်းမှာကြွယ်ဝ’ သူတွေလို့ ရှုမြင်ဖို့ အကူအညီဖြစ်စေတယ်။—ယာ. ၂:၅။
စကားပြောသင့်တဲ့အချိန်
၁၇ ယောဘဆီ လာလည်တဲ့ စတုတ္ထပုဂ္ဂိုလ်ကတော့ အာဗြဟံနဲ့ ဆွေမျိုးတော်တဲ့ ဧလိဟု ဖြစ်တယ်။ ယောဘနဲ့ တခြားသုံးယောက် စကားပြောနေချိန်မှာ ဧလိဟု နားထောင်နေတယ်။ ယောဘရဲ့ အတွေးအခေါ်ကို မေတ္တာပါပါ၊ ပွင့်ပွင့်လင်းလင်း တည့်မတ်ပေးတာကို ကြည့်ရင် သူတို့ပြောတာတွေကို အာရုံစိုက် နားထောင်ခဲ့မှန်း သိသာတယ်။ (ယောဘ ၃၃:၁၊ ၆၊ ၁၇) ဧလိဟုအတွက် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူကို ဂုဏ်တင်ဖို့ မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့ပဲ။ (ယောဘ ၃၂:၂၁၊ ၂၂။ ၃၇:၂၃၊ ၂၄) နှုတ်ဆိတ်ပြီး နားထောင်ရတဲ့အချိန် ရှိကြောင်း ဧလိဟုဆီကနေ သင်ယူရတယ်။ (ယာ. ၁:၁၉) ဆုံးမတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့ အဓိကထားသင့်ကြောင်းလည်း သင်ယူရတယ်။
၁၈ ဘယ်အချိန်မှာ ဘယ်လို စကားပြောရမယ်ဆိုတဲ့ ကျမ်းစာအကြံဉာဏ်ကို လိုက်နာခြင်းအားဖြင့် စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ဖော်ပြနိုင်တယ်။ “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ ငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်” လို့ ပညာရှိဘုရင် ရှောလမုန် ပြောတယ်။ (ပညာ. ၂၅:၁၁) တခြားသူ ပြောတာကို ဂရုစိုက် နားထောင်မယ်၊ မပြောခင် စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စကားဟာ နည်းနည်းပဲ ပြောပြော၊ များများပဲ ပြောပြော ရွှေပန်းသီးလို တန်ဖိုးရှိပြီး လှပပါလိမ့်မယ်။ တခြားသူတွေကို တည်ဆောက်မှု ဖြစ်စေပြီး ယေဟောဝါကို ပျော်ရွှင်စေပါလိမ့်မယ်။ (ပညာ. ၂၃:၁၅။ ဧ. ၄:၂၉) ဘုရားပေး လက်ဆောင်ကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်တဲ့ အကောင်းဆုံးနည်းပါပဲ။
ဘုရားရေးရာ ရတနာ
ယေဟောဝါထံ ဆက်ချဉ်းကပ်နေပါ
၁၀ ကျွန်ုပ်တို့ရဲ့အသွင်အပြင်ကို ဂရုစိုက်တာကလည်း သင့်တော်ပါတယ်။ ဒါပေမဲ့ ရှိရင်းစွဲအသက်ထက် ပိုနုတယ်လို့ ထင်ရအောင်တော့ အရမ်းကြိုးစားဖို့ မလိုပါဘူး။ အသက်ကြီးခြင်းရဲ့လက္ခဏာတွေက ရင့်ကျက်တယ်၊ ကျက်သရေရှိတယ်၊ အတွင်းအလှရှိတယ်ဆိုတာ ဖော်ပြတယ်။ သမ္မာကျမ်းစာမှာ “ဖြူတဲ့ဆံပင်က ဖြောင့်မတ်တဲ့လမ်းစဉ်ပေါ်မှာ ရှိနေမယ်ဆိုရင် အလှသရဖူပဲ” လို့ပြောတယ်။ (သု. ၁၆:၃၁၊ ကဘ) ယေဟောဝါက ကျွန်ုပ်တို့ကို အဲဒီလိုပဲမြင်တယ်၊ ဒါကြောင့် ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကို ဘုရားသခင့်အမြင်မျိုးနဲ့ ရှုမြင်သင့်တယ်။ (၁ ပေတရု ၃:၃၊ ၄ ကိုဖတ်ပါ။) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ရုပ်ရည် ပိုကြည့်ကောင်းအောင်လို့ အန္တရာယ်ရှိတဲ့ ခွဲစိတ်ပြုပြင်မှုလုပ်တာ ဒါမှမဟုတ် ဆေးကုသမှုခံယူတာက ပညာရှိရာကျပါ့မလား။ ကျွန်ုပ်တို့ ဘယ်အသက်အရွယ်ပဲရှိပါစေ၊ ကျန်းမာရေးအခြေအနေ ဘယ်လိုပဲရှိပါစေ အလှစစ်ဆိုတာ ‘ယေဟောဝါပေးတဲ့ ဝမ်းမြောက်ခြင်း’ ကလာတာဖြစ်တယ်။ (နေ. ၈:၁၀) ကမ္ဘာသစ်ကျမှပဲ ပြည့်ဝစုံလင်တဲ့ကျန်းမာရေးနဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို ပြန်ရရှိမှာဖြစ်တယ်။ (ယောဘ ၃၃:၂၅; ဟေရှာ. ၃၃:၂၄) ကျွန်ုပ်တို့ဟာ အဲဒီအချိန်အထိ ပညာရှိတဲ့ ရွေးချယ်မှုတွေပြုလုပ်ပြီး ယေဟောဝါရဲ့ကတိတော်တွေကို ယုံကြည်စိတ်ချနေရမှာဖြစ်တယ်။ အဲဒါက လက်ရှိဘဝကို ပျော်မွေ့စေပြီး ယေဟောဝါနဲ့ ဆက်နီးကပ်စေမှာဖြစ်တယ်။—၁ တိ. ၄:၈။
ဇန်နဝါရီ ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၃၄-၃၅
လောကကြီးက မတရားဘူးလို့ ခံစားရတဲ့အခါ
ဘယ်လို ဘုရားမျိုးလဲ
ဘုရားသခင်က မှန်ရာကိုပဲ အမြဲလုပ်တယ်။ “စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝ မလုပ်ဘူး။” (ယောဘ ၃၄:၁၀) “လူတွေကို ကိုယ်တော် တရားသဖြင့် စီရင်” တယ်လို့ ဆာလံဆရာ ဖော်ပြတဲ့အတိုင်းပဲ ဘုရားရဲ့ တရားစီရင်ချက်တွေဟာ ဖြောင့်မှန်တယ်။ (ဆာလံ ၆၇:၄) ‘ယေဟောဝါက နှလုံးသားကို ကြည့်’ တဲ့အတွက် ဘုရားကို လှည့်စားလို့ မရဘူး။ အမှန်တရားကို အမြဲ သိမြင်နိုင်တယ်။ အမှန်အတိုင်း တရားစီရင်တယ်။ (၁ ရှမွေလ ၁၆:၇) ဒီ့ပြင် ကမ္ဘာပေါ်က မတရားမှု၊ အကျင့်ပျက်ခြစားမှု မှန်သမျှကို သိမြင်တယ်။ ဒါကြောင့် မကြာခင် ‘လူဆိုးတွေကို ကမ္ဘာမြေပေါ်ကနေ ပယ်ရှင်း’ မယ်လို့ ကတိပေးထားတယ်။—ပညာအလိမ္မာ ၂:၂၂။
ဘုရားသခင့် နိုင်ငံတော် ရောက်လာတဲ့အခါ ဘာတွေ ကွယ်ပျောက်သွားမလဲ
၅ ယေဟောဝါ ဘာလုပ်မလဲ။ လောလောဆယ်မှာ ယေဟောဝါက လူဆိုးတွေကို ပြောင်းလဲဖို့ အခွင့်အရေး ပေးထားတယ်။ (ဟေရှာ. ၅၅:၇) တစ်ဦးချင်းကိုတော့ အပြီးသတ် စီရင်ချက် မချသေးဘူး။ ဒီလောကစနစ်ကိုတော့ စီရင်ချက်ချထားပြီ။ မပြောင်းလဲတဲ့သူတွေ၊ ကြီးစွာသောဒုက္ခ ရောက်လာချိန်အထိ ဒီစနစ်ကို ထောက်ခံပံ့ပိုးနေသူတွေ ဘာဖြစ်မလဲ။ ကမ္ဘာပေါ်ကနေ လူဆိုးတွေကို ထာဝစဉ် ဖယ်ရှားပစ်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာလံ ၃၇:၁၀ ကိုဖတ်ပါ။) အဲဒီစီရင်ချက်ကနေ ကင်းလွတ်မယ်လို့ လူဆိုးတွေ ထင်နိုင်တယ်။ မိမိတို့ လုပ်ရပ်ကို ဖုံးဖိတတ်နေကြပြီ။ ဒီလောကမှာတော့ ပြစ်ဒဏ်မခံရဘဲ လွတ်သွားလေ့ရှိကြတယ်။ (ယောဘ ၂၁:၇၊ ၉) ဒါပေမဲ့ “လူသွားရာလမ်းတို့ကို ဘုရားသခင် ကြည့်ရှု၍ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။ မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာမှောင်မိုက်၊ သေမင်းအရိပ် တစ်စုံတစ်ခုမျှ မရှိ” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ယောဘ ၃၄:၂၁၊ ၂၂) ယေဟောဝါဘုရား မမြင်တာ ဘာမှ မရှိဘူး။ ဘယ်အယောင်ဆောင်သူကမှ ဘုရားသခင်ကို လှည့်စားလို့ မရဘူး။ ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့ အမြင်အာရုံ မမြင်နိုင်လောက်တဲ့ အမှောင်ရိပ်ဆိုတာ မရှိဘူး။ အာမဂေဒုန်ပြီးနောက် လူဆိုးတွေ ရှိခဲ့ဖူးတဲ့နေရာတွေကို ကြည့်လိုက်တဲ့အခါ သူတို့ကို မတွေ့ရတော့ဘူး။ ထာဝစဉ် ကွယ်ပျောက်သွားကြပါလိမ့်မယ်။—ဆာ. ၃၇:၁၂-၁၅။
ယေရှုကြောင့် သင် တိုက်မိလဲမလား
၁၉ ဒီနေ့ခေတ်မှာကော အလားတူ ပြဿနာ ရှိသလား။ ရှိပါတယ်။ ယေဟောဝါသက်သေတွေ နိုင်ငံရေးမှာ ကြားနေလို့ ဒီနေ့ခေတ် လူများစွာ မကြိုက်ကြဘူး။ ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့ မဲပေးသင့်တယ်လို့ သူတို့ ယူဆတယ်။ ဒါပေမဲ့ လူ့ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တင်မြှောက်တာဟာ ယေဟောဝါကို ငြင်းပယ်လိုက်တာပဲ။ (၁ ရှ. ၈:၄-၇) ကျွန်တော်တို့ ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်သင့်တယ်လို့လည်း လူတချို့ ထင်နိုင်တယ်။ လောလောလတ်လတ် ကမ္ဘာ့ ပြဿနာတွေ ဖြေရှင်းဖို့ မဟုတ်ဘဲ ဟောပြောခြင်းလုပ်ငန်းကိုပဲ အာရုံစိုက်လို့ ကျွန်တော်တို့ကို လူများစွာ ငြင်းပယ်ကြတယ်။
၂၀ ယုံကြည်ခြင်း မပျောက်ဆုံးအောင် ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ (မဿဲ ၇:၂၁-၂၃ ကိုဖတ်ပါ။) ယေရှု မိန့်မှာထားတဲ့ အလုပ်ကိုပဲ ကျွန်တော်တို့ အဓိက အာရုံစိုက်သင့်တယ်။ (မ. ၂၈:၁၉၊ ၂၀) လောကရဲ့ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေကြောင့် အာရုံမလွဲသွားသင့်ဘူး။ လူတွေကို ချစ်ပြီး သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးချင်ပေမဲ့ ကူညီနိုင်တဲ့ အကောင်းဆုံးနည်းကတော့ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း၊ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်အောင် ကူညီပေးခြင်းပဲဆိုတာ ကျွန်တော်တို့ သိတယ်။
ဘုရားရေးရာ ရတနာ
သင့်စေတနာစိတ်က ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေပါ
၃ ‘ခင်ဗျား ဖြောင့်မတ်နေလို့ကော ဘုရားကို ဘာအကျိုးပြုလို့လဲ။ ခင်ဗျားဆီကနေ ဘုရား ဘာများရလို့လဲ’ ဆိုပြီး မေးခဲ့တဲ့ ဧလိဟုကိုတော့ ယေဟောဝါ မဆုံးမခဲ့ဘူး။ (ယောဘ ၃၅:၇၊ ကဘ) ဘုရားသခင်ကို ဝတ်ပြုဖို့ ကြိုးစားနေတာ အကျိုးမရှိဘူးလို့ ဧလိဟု ဆိုလိုနေတာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ မှီခိုနေတာ မဟုတ်ကြောင်း ဧလိဟု ပြောနေတာပါ။ ယေဟောဝါဟာ ပြည့်ဝစုံလင်တယ်။ ကျွန်တော်တို့အနေနဲ့ ယေဟောဝါ ပိုချမ်းသာအောင်၊ ပိုခွန်အားကြီးအောင် မလုပ်နိုင်ဘူး။ တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကောင်းမြတ်မှု၊ အစွမ်းအစ၊ ခွန်အားတွေဟာ ဘုရားသခင်ဆီကပဲ။ အဲဒါတွေကို ဘယ်လို အသုံးပြုနေတယ်ဆိုတာ ဘုရားသခင် သတိပြုကြည့်နေတယ်။
ဇန်နဝါရီ ၁၅-၂၁
ကမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၃၆-၃၇
ဘုရားပေး ထာဝရအသက်ကတိကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်း
ဘုရားသခင်ကို ရှာတွေ့နိုင်မလား
ဘုရားသခင်ရဲ့ ထာဝစဉ်တည်ရှိမှု– ဘုရားသခင်ဟာ “ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင်” တည်ရှိတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၉၀:၂) နောက်တစ်မျိုးပြောရရင် ဘုရားသခင်မှာ အစလည်း မရှိဘူး၊ အဆုံးလည်းမရှိဘူး။ လူ့ဉာဏ်နဲ့ ဘုရားသခင်ရဲ့ ‘အသက်တော်ကိုမရေတွက်နိုင်’ ပါဘူး။—ယောဘ ၃၆:၂၆၊ ခမ။
အကျိုးရနိုင်ပုံ– ဘုရားသခင်ကို သိကျွမ်းလာမယ်ဆိုရင် ထာဝရအသက်ရမယ်လို့ ကိုယ်တော် ကတိပေးထားတယ်။ (ယောဟန် ၁၇:၃) တကယ်လို့ ဘုရားသခင်က ထာဝစဉ်မတည်ရှိဘူးဆိုရင် အဲဒီကတိကို ဘယ်လို ယုံကြည်စိတ်ချနိုင်မလဲ။ “ထာဝရဘုရင်” တစ်ပါးတည်းကပဲ အဲဒီကတိကို ပြည့်စုံစေနိုင်မှာဖြစ်ပါတယ်။—၁ တိမောသေ ၁:၁၇။
ဘုရားပေးလက်ဆောင်တွေအတွက် ကျေးဇူးတင်သလား
၆ ကမ္ဘာမြေဟာ နေနဲ့ အလောတော် အကွာအဝေးမှာ ရှိတဲ့အတွက် ရေဟာ အရည်အဖြစ် ကမ္ဘာပေါ်မှာ ရှိနေတယ်။ နေနဲ့သာ အခုထက် နည်းနည်းလေး ပိုနီးရင် ရေအားလုံး အငွေ့ပျံပြီး ကမ္ဘာဟာ ပူပြင်းခြောက်သွေ့သွားမယ်။ ဘယ်သက်ရှိမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ နေနဲ့သာ အခုထက် နည်းနည်းလေး ပိုဝေးရင် ရေအားလုံး အေးခဲပြီး ကမ္ဘာဟာ ရေခဲတုံးကြီး ဖြစ်နေလိမ့်မယ်။ ယေဟောဝါဟာ ကမ္ဘာကို အကောင်းဆုံး နေရာမှာ ထားတဲ့အတွက် ရေသံသရာအားဖြင့် သက်ရှိတွေ ရှင်သန်နိုင်တယ်။ နေဟာ ပင်လယ်နဲ့ ကမ္ဘာပေါ်က ရေတွေကို အငွေ့ပျံစေတယ်။ အငွေ့ပျံသွားတဲ့ ရေတွေဟာ တိမ်တွေ ဖြစ်သွားတယ်။ နှစ်တိုင်း နေဟာ ရေကုဗမိုင် ၁၂၀,၀၀၀ နီးပါးကို အငွေ့ပျံစေတယ်။ အဲဒီရေဟာ ဆယ်ရက်လောက် ကြာမှ မိုး ဒါမှမဟုတ် နှင်းအဖြစ် ရွာချတယ်။ နောက်ဆုံး ပင်လယ်ထဲ ပြန်ရောက်ပြီး သံသရာ တစ်ပတ်လည်သွားတယ်။ ယေဟောဝါရဲ့ ဉာဏ်ပညာနဲ့ တန်ခိုး ပေါ်လွင်ထင်ရှားတယ်။—ယောဘ ၃၆:၂၇၊ ၂၈။ ဒေ. ၁:၇။
ခရစ်ယာန် မျှော်လင့်ချက်ကို ခိုင်မာနေစေပါ
၁၆ ထာဝရအသက် မျှော်လင့်ချက်ဟာ ဘုရားပေး အဖိုးတန် လက်ဆောင်ပါ။ သိပ်ကောင်းတဲ့ အနာဂတ်ကို ကျွန်တော်တို့ စောင့်မျှော်နေတယ်။ အဲဒီအနာဂတ် ကျိန်းသေ ရမယ်ဆိုတာ စိတ်ချနိုင်တယ်။ မျှော်လင့်ချက်ဟာ ကျောက်ဆူးလိုပဲ အခက်အခဲ၊ နှိပ်စက်ညှဉ်းပန်းမှု၊ သေခြင်းကိုတောင် တည်တည်ငြိမ်ငြိမ် ခံရပ်စေနိုင်တယ်။ သံခမောက်လိုပဲ အမှားကို ရှောင်ပြီး အမှန်အတိုင်း လုပ်နိုင်အောင် အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ ကျမ်းစာအခြေပြု မျှော်လင့်ချက်က ဘုရားနဲ့ ရင်းနှီးစေတယ်။ ကျွန်တော်တို့ကို ဘုရား ဘယ်လောက် ချစ်ကြောင်း သိစေတယ်။ မျှော်လင့်ချက် ခိုင်မာအောင် လုပ်နေရင် အကျိုး များစွာ ရရှိမယ်။
ဘုရားရေးရာ ရတနာ
it-1 ၄၉၂
ပြောဆိုဆက်သွယ်ခြင်း
ကျမ်းစာခေတ်တုန်းက သတင်းအချက်အလက်တွေကို နည်းမျိုးစုံသုံးပြီး ဖြန့်ကြတယ်။ အများအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပြောရင်းဆိုရင်း ပြည်တွင်းပြည်ပသတင်းတွေကို လက်ဆင့်ကမ်း ဝေမျှကြတယ်။ (၂ ရှမွေလ ၃:၁၇၊ ၁၉။ ယောဘ ၃၇:၂၀) အုပ်စုလိုက် ခရီးသွားသူတွေက သွားလာရာလမ်းတစ်လျှောက်၊ မြို့တစ်လျှောက်မှာ ရိက္ခာဖြည့်ရင်း နားတဲ့အခါ ရပ်ဝေးက သတင်းတွေကိုပါ သယ်လာကြတယ်။ အာရှ၊ အာဖရိက၊ ဥရောပတိုက်တို့ကို ချိတ်ဆက်ပေးတဲ့ ပါလက်စတိုင်းနယ်မြေဟာ အုပ်စုလိုက်ခရီးသွားသူတွေ ဖြတ်သန်းသွားလာနေကျ နေရာပါ။ ဒါကြောင့် ဒေသခံတွေက တိုင်းတစ်ပါးက သတင်းထူးတွေကို အလွယ်တကူ ရနိုင်တယ်။ စျေးတွေမှာ ပြည်တွင်းပြည်ပ သတင်းစုံကို ကြားနိုင်တယ်။
ဇန်နဝါရီ ၂၂-၂၈
ကမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၃၈-၃၉
ဖန်ဆင်းရာတွေကို ကြည့်ရှုလေ့လာဖို့ အချိန်ယူသလား
ယေဟောဝါဘုရားကို စိတ်ရှည်ရှည် စောင့်မျှော်ပါ
၇ ကမ္ဘာကို ယေဟောဝါ ဖန်ဆင်းတုန်းက “အတိုင်းအတာတွေ” သတ်မှတ်ပြီး “အောက်ခံခုံတွေ” နဲ့ “ထောင့်ချုပ်ကျောက်” ကို ချတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ယောဘ ၃၈:၅၊ ၆) ပြီးနောက် ကိုယ်လုပ်ထားတာကို အချိန်ယူပြီး ပြန်ဆန်းစစ်တယ်။ (က. ၁:၁၀၊ ၁၂) ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေ တဖြည်းဖြည်း ပုံပေါ်လာတဲ့အခါ ကောင်းကင်တမန်တွေ သိပ်စိတ်လှုပ်ရှားပြီး “လက်ခုပ်ဩဘာပေး” တယ်လို့ ကျမ်းစာ ပြောတယ်။ (ယောဘ ၃၈:၇) ဘာသိရသလဲ။ ယေဟောဝါရဲ့ ဖန်ဆင်းခြင်း လုပ်ငန်း ပြီးဖို့ နှစ်ထောင်နဲ့ချီ အချိန်ယူရပေမဲ့ ဖန်ဆင်းရာတွေကို ပြန်ကြည့်ပြီး “သိပ်ကောင်းတယ်” လို့ ပြောနိုင်ခဲ့တယ်။—က. ၁:၃၁။
ရှင်ပြန်ထမြောက်ခြင်းက ဘုရားမေတ္တာ၊ ဉာဏ်ပညာနဲ့ စိတ်ရှည်မှုကို ပေါ်လွင်စေ
၂ အရင်ဆုံး သားတော် ယေရှုကို ဖန်ဆင်းတယ်။ ပြီးနောက် အဲဒီသားဦးကို သုံးပြီး အသိဉာဏ်ရှိ နာမ်ဝိညာဉ် ပုဂ္ဂိုလ် သန်းပေါင်းများစွာ အပါအဝင် “ရှိရှိသမျှ” ကို ဖန်ဆင်းတယ်။ (ကော. ၁:၁၆) ဖခင်နဲ့ အတူတွဲလုပ်ရတာကို ယေရှု သိပ်ဝမ်းမြောက်တယ်။ (ပညာ. ၈:၃၀) ဘုရားသခင်ရဲ့ ကောင်းကင်တမန် သားတွေမှာလည်း ဝမ်းမြောက်စရာ အကြောင်းရင်း ရှိတယ်။ ကောင်းကင်၊ မြေကြီးကို ယေဟောဝါနဲ့ ကျွမ်းကျင်လုပ်သား ယေရှု ဖန်ဆင်းချိန်မှာ သူတို့ ကြည့်နေတယ်။ မြေကြီးကို ဖန်ဆင်းချိန်မှာ သူတို့ “လက်ခုပ်ဩဘာပေးကြတယ်။” ဘုရားရဲ့ အပြောင်မြောက်ဆုံး လက်ရာ ဖြစ်တဲ့ လူသားတွေ အပါအဝင် ဖန်ဆင်းခြင်း လက်ရာတိုင်းအတွက် ဆက်ဩဘာပေးကြမှာ သေချာတယ်။ (ယောဘ ၃၈:၇။ ပညာ. ၈:၃၁) အဲဒီဖန်ဆင်းရာတိုင်းက ယေဟောဝါရဲ့ မေတ္တာနဲ့ ဉာဏ်ပညာကို ပေါ်လွင်စေတယ်။—ဆာ. ၁၀၄:၂၄။ ရော. ၁:၂၀။
ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း ထပ်လေ့လာပါ
၈ ယေဟောဝါကို ယုံကြည်စိတ်ချနိုင်တယ်။ မိမိအပေါ် ယုံကြည်စိတ်ချမှု တိုးများလာဖို့ ယောဘကို ယေဟောဝါ ကူညီပေးတယ်။ (ယောဘ ၃၂:၂။ ၄၀:၆-၈) ကြယ်တွေ၊ တိမ်တွေ၊ လျှပ်စီးတွေ အပါအဝင် ဖန်ဆင်းရာ အမျိုးမျိုးအကြောင်း၊ မြင်း၊ နွားရိုင်းစတဲ့ တိရစ္ဆာန်တွေအကြောင်း ယောဘကို ပြောပြတယ်။ (ယောဘ ၃၈:၃၂-၃၅။ ၃၉:၉၊ ၁၉၊ ၂၀) ဒီအရာအားလုံးဟာ ဘုရားရဲ့ အံ့ဖွယ်တန်ခိုး၊ မေတ္တာ၊ ဉာဏ်ပညာ ကြီးမားမှုရဲ့ သက်သေတွေပါပဲ။ ယေဟောဝါဘုရားနဲ့ စကားပြောပြီးနောက် ဘုရားကို ယောဘ ပိုယုံကြည်စိတ်ချလာတယ်။ (ယောဘ ၄၂:၁-၆) ကျွန်တော်တို့လည်း ဖန်ဆင်းရာတွေကို လေ့လာတဲ့အခါ ယေဟောဝါဟာ ဉာဏ်ပညာ၊ တန်ခိုး ကြီးမားကြောင်း၊ အခက်အခဲအားလုံးကို အဆုံးတိုင်ပေးနိုင်ကြောင်း၊ အဆုံးတိုင်ပေးတော့မှာ ဖြစ်ကြောင်း သိလာရတယ်။ ဒါက ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှု ပိုတိုးများစေတယ်။
ဘုရားရေးရာ ရတနာ
it-2 ၂၂၂
ပညတ်ပြဋ္ဌာန်းရှင်
ပညတ်ပြဋ္ဌာန်းရှင် ယေဟောဝါ။ စကြဝဠာတစ်ခုလုံးမှာ ယေဟောဝါဘုရား တစ်ပါးတည်းသာ ပညတ်ပြဋ္ဌာန်းရှင် အစစ်အမှန်ပါ။ သက်ရှိလောက (ယဘ ၃၉:၁-၃၀)၊ သက်မဲ့လောက (ယဘ ၃၈:၄-၃၈။ ဆ ၁၀၄:၅-၁၉) အတွက် သဘာဝနိယာမတရားတွေ သတ်မှတ်ပေးခဲ့တာ ဘုရားသခင်ပါပဲ။ လူသားတွေဟာလည်း ယေဟောဝါဘုရားရဲ့ ဖန်ဆင်းရာဖြစ်လို့ ဘုရားသခင် ချမှတ်ထားတဲ့ သဘာဝနိယာမတရားအောက်မှာ ရှိနေတယ်။ ဒါ့အပြင် လူဟာ စဉ်းစားဆင်ခြင်နိုင်တဲ့၊ ဘုရားကို ဝတ်ပြုကိုးကွယ်နိုင်တဲ့ သတ္တဝါဖြစ်လို့ ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားအောက်မှာလည်း ရှိနေတယ်။ (ရ ၁၂:၁။ ၁က ၂:၁၄-၁၆) ယေဟောဝါဘုရားက နာမ်ဝိညာဉ်သတ္တဝါတွေ၊ ကောင်းကင်တမန်တွေအတွက်လည်း ပညတ် ပြဋ္ဌာန်းတယ်။—ဆ ၁၀၃:၂၀။ ၂ပ ၂:၄၊ ၁၁။
ယေဟောဝါဘုရား ချမှတ်ထားတဲ့ သဘာဝနိယာမတရားတွေကို ချိုးဖျက်လို့ မရဘူး။ (ယေ ၃၃:၂၀၊ ၂၁) စကြဝဠာကြီးအတွက် ဘုရားချမှတ်ထားတဲ့ နိယာမတရားတွေဟာ တိကျသေချာလွန်းလို့ ဒီနိယာမတရားတွေကို နားလည်ထားတဲ့ သိပ္ပံပညာရှင်တွေက ကြယ်၊ လ၊ ဂြိုဟ်တွေရဲ့ လည်ပတ်မှုကို တစ်စက္ကန့်မလွဲ ကွက်တိတွက်ချက်နိုင်ကြတယ်။ အဲဒီသဘာဝနိယာမတရားတွေကို ဆန့်ကျင်ပြီး လုပ်ရင် ချက်ချင်းလက်ငင်း ဆိုးကျိုးကြုံရမယ်။ ဘုရားချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ဆန့်ကျင်ပြီးလုပ်ရင်လည်း ချက်ချင်းလက်ငင်း ပြစ်ဒဏ်မခံရရင်တောင် အလားတူ ဆိုးကျိုးကြုံရမှာ။ ဒါကြောင့် အဲဒီကိုယ်ကျင့်တရားစံနှုန်းတွေကို ကပြောင်းကပြန်လုပ်လို့ မရဘူး၊ ပြစ်ဒဏ်လွတ်အောင် တစ်ပတ်ရိုက်လို့ မရဘူး။ “ဘုရားသခင်ကို မခန့်လေးစားလုပ်လို့ မရဘူး။ လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”—ဂ ၆:၇။ ၁တိ ၅:၂၄။
ဇန်နဝါရီ ၂၉–ဖေဖော်ဝါရီ ၄
ကမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၄၀-၄၂
ယောဘရဲ့ အတွေ့အကြုံကနေ ရရှိတဲ့ သင်ခန်းစာများ
‘ယေဟောဝါ၏စိတ်တော်ကို မည်သူသိသနည်း’
၄ ယေဟောဝါရဲ့လုပ်ဆောင်မှုတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်ကို လူ့စံနှုန်းတွေနဲ့ စီရင်တဲ့သဘောထားကို ရှောင်ဖို့လိုတယ်။ ဒီသဘောထားကို “ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား” ဆိုတဲ့ ဆာလံ ၅၀:၂၁ မှာ မှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့စကားမှာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၁၇၅ နှစ်ကျော်လောက်က ကျမ်းပညာရှင်တစ်ဦး ဒီလိုပြောခဲ့တယ်– “လူတွေက ဘုရားသခင်ကို သူတို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ စီရင်လိုကြပြီး လူတွေလိုက်လျှောက်သင့်တဲ့ ဥပဒေတွေကို ဘုရားသခင်လိုက်လျှောက်သင့်တယ်လို့ ယူဆကြတယ်။”
၅ ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေ၊ ဆန္ဒတွေနဲ့ မဆုံးဖြတ်မိဖို့ သတိပြုရမယ်။ ဒါ ဘာကြောင့်အရေးကြီးသလဲ။ သမ္မာကျမ်းစာကိုလေ့လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ အကန့်အသတ်ရှိတဲ့၊ မစုံလင်တဲ့ ရှုမြင်ချက်တွေကြောင့် ယေဟောဝါရဲ့လုပ်ဆောင်မှုတချို့ကို ကောင်းကောင်းသဘောမပေါက်ဘဲ ဖြစ်နေနိုင်တယ်။ ရှေးအစ္စရေးလူမျိုးလည်း အဲဒီလိုဖြစ်ခဲ့လို့ ဘုရားသခင် သူတို့ကိုဆက်ဆံပုံနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ကောက်ချက်ချမိခဲ့ကြတယ်။ ယေဟောဝါ သူတို့ကို ဘယ်လိုပြောခဲ့တယ်ဆိုတာ ကြည့်ပါ– ‘သင်တို့က ယေဟောဝါစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလအမျိုး ငါစီရင်ချက်သည်ဖြောင့်၍ သင်တို့စီရင်ချက် ကောက်သည်မဟုတ်လော။’—ယေဇ. ၁၈:၂၅။
၆ ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ မဆုံးဖြတ်မိစေဖို့ ထောက်ကူပေးတဲ့ အဓိကအချက်က ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံက အကန့်အသတ်ရှိပြီး တစ်ခါတစ်ရံမှာ တက်တက်စင်အောင်လွဲမှားနေတတ်တယ်ဆိုတာကို အသိအမှတ်ပြုခြင်းဖြစ်တယ်။ ဒီအချက်ကို ယောဘသင်ယူဖို့လိုခဲ့တယ်။ သူ ဒုက္ခခံစားနေရချိန်အတွင်းမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မိမိကိုယ်ကို ပိုအာရုံစိုက်လာခဲ့တယ်။ ပိုအရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် မျက်ခြည်ပြတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက သူအမြင်ကျယ်လာအောင် မေတ္တာပါပါ ကူညီပေးခဲ့တယ်။ ယေဟောဝါက ယောဘမဖြေနိုင်တဲ့ မေးခွန်း ၇၀ ကျော်ကိုမေးပြီး ယောဘရဲ့သိနားလည်နိုင်မှုက အကန့်အသတ်ရှိတယ်ဆိုတာကို သိစေခဲ့တယ်။ ယောဘက နှိမ့်ချစွာနဲ့ သူ့ရဲ့ရှုမြင်ပုံကို ပြောင်းလဲခဲ့တယ်။—ယောဘ ၄၂:၁-၆ ကိုဖတ်ပါ။
ကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ပါ
၁၂ ပြင်းထန်တဲ့စမ်းသပ်မှုကို ယောဘ ခံရပ်ပြီးတဲ့အခါ တဲ့တိုးဆုံးမတာက ယေဟောဝါ ရက်စက်ရာကျသလား။ မကျပါဘူး။ ယောဘ အဲဒီလို မယူဆခဲ့ဘူး။ ဒုက္ခသုက္ခတွေကြားမှာ ယောဘ ကျေးဇူးတင်လေးမြတ်စွာ ပြောဆိုခဲ့တယ်။ “ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ မြေမှုန့်နဲ့ ပြာထဲမှာထိုင်ပြီး နောင်တရပါပြီ” လို့တောင် ပြောခဲ့တယ်။ ယေဟောဝါရဲ့ တဲ့တိုးဆုံးမမှု ရလဒ်ပါပဲ။ (ယောဘ ၄၂:၁-၆) အစောပိုင်းမှာ လူငယ် ဧလိဟုရဲ့ ဆုံးမမှုကိုလည်း ယောဘ ခံခဲ့ရတယ်။ (ယောဘ ၃၂:၅-၁၀) ဘုရားသခင်ရဲ့ ဆုံးမမှုကို ယောဘ လက်ခံပြီး အမြင် ပြောင်းလဲတဲ့အခါ စမ်းသပ်မှုအောက် ယောဘသစ္စာရှိတာကို နှစ်သက်ကြောင်း တခြားသူတွေကို ယေဟောဝါ ပြောခဲ့တယ်။—ယောဘ ၄၂:၇၊ ၈။
ယေဟောဝါကို မျှော်လင့်ပါ
၁၇ ယောဘဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံရပေမဲ့ ရဲစွမ်းသတ္တိ ရှိခဲ့တဲ့ သစ္စာရှိကျေးကျွန် တစ်ယောက် ဖြစ်တယ်။ နောက်ထပ် ‘တိမ်ထုကြီးလို များတဲ့ သက်သေတွေ’ အကြောင်း ဟီဘရူးကျမ်းမှာ တမန်တော် ပေါလု ဖော်ပြတယ်။ (ဟီ. ၁၂:၁) သူတို့အားလုံး ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံရပေမဲ့ ယေဟောဝါအပေါ် ဆက်သစ္စာရှိကြတယ်။ (ဟီ. ၁၁:၃၆-၄၀) သူတို့ရဲ့ ခံနိုင်ရည်နဲ့ ကြိုးစားမှု အလဟဿ ဖြစ်သလား။ မဖြစ်ပါဘူး။ သူတို့ အသက်ရှင်နေစဉ် ဘုရားကတိအားလုံး ပြည့်စုံတာ မမြင်ရပေမဲ့ ယေဟောဝါကို ဆက်မျှော်လင့်ခဲ့ကြတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရထားတယ်၊ ကတိတွေ ပြည့်စုံလာတာ မြင်ရမယ်ဆိုတာ ယုံကြည်စိတ်ချကြလို့ပါ။ (ဟီ. ၁၁:၄၊ ၅) သူတို့ရဲ့ စံနမူနာက ယေဟောဝါကို ဆက်မျှော်လင့်နေမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေနိုင်တယ်။
၁၈ ကျွန်တော်တို့ အသက်ရှင်နေတဲ့ လောကဟာ ဆိုးသည်ထက် ဆိုးလာနေတယ်။ (၂ တိ. ၃:၁၃) ဘုရားလူမျိုးကို စာတန် စမ်းသပ်နေဆဲပဲ။ ရှေ့လျှောက် ဘယ်လို အခက်အခဲပဲ ကြုံရပါစေ “အသက်ရှင်နေတဲ့ ဘုရားသခင်ကို မျှော်လင့်” နေတယ်ဆိုတာ ယုံကြည်စိတ်ချရင်း ယေဟောဝါအတွက် အားသွန်ခွန်စိုက် အမှုဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ (၁ တိ. ၄:၁၀) “ယေဟောဝါဟာ အလွန် ချစ်ခင်စာနာပြီး ကရုဏာကြီးတယ်” ဆိုတာ ယောဘကို ပေးတဲ့ ဘုရားကောင်းချီးတွေက သက်သေပါပဲ။ (ယာ. ၅:၁၁) “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို” ယေဟောဝါ ဆုချမယ်ဆိုတာ စိတ်ချရင်း ဆက်သစ္စာရှိကြပါစို့။—ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။
ဘုရားရေးရာ ရတနာ
it-2 ၈၀၈
လှောင်ပြောင်မှု
ယောဘဟာ အကြီးအကျယ် ကဲ့ရဲ့လှောင်ပြောင်ခံရတဲ့ကြားက သစ္စာသမာဓိ စောင့်ထိန်းခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း အတွေးအခေါ်အမှားတွေ ဝင်လာလို့ ပြုပြင်တည့်မတ်ခံရတယ်။ ယောဘနဲ့ပတ်သက်ပြီး ဧလိဟု ဒီလိုမှတ်ချက်ချတယ်–“ယောဘလိုလူ ရှိသေးလား။ သူက လှောင်ပြောင်မှုကို ရေလို သောက်နေရတာ။” (ယဘ ၃၄:၇) ဘုရားသခင်ထက် မိမိ ပိုဖြောင့်မတ်ကြောင်း၊ မှန်ကြောင်း သက်သေပြဖို့ ယောဘ ဇောကပ်နေခဲ့တာ။ (ယဘ ၃၅:၂။ ၃၆:၂၄) ဒါကြောင့် မိတ်ဆွေတု သုံးယောက်ဆီကလာတဲ့ ထိုးနှက်မှုတွေဟာ ဘုရားသခင်ကို မဟုတ်ဘဲ မိမိကို ဦးတည်တိုက်ခိုက်နေတာလို့ ယောဘ မှတ်ယူတယ်၊ လှောင်ပြောင်မှုကို ရေသောက်သလို ကျေကျေနပ်နပ်ကြီး သောက်တယ်။ တကယ်တော့ ကဲ့ရဲ့လှောင်ပြောင်သူတွေက ဘုရားသခင်အကြောင်း မဟုတ်မမှန်ပြောနေတာဆိုပြီး နောက်ပိုင်းမှာ ယောဘကို ဘုရားသခင် ရှင်းပြခဲ့တယ်။ (ယဘ ၄၂:၇) ဘုရင်တစ်ပါး တင်မြှောက်ပေးဖို့ ပရောဖက်ရှမွေလကို အစ္စရေးလူတွေ မရမက တောင်းဆိုကြတုန်းကလည်း ယေဟောဝါ အခုလို ပြောခဲ့တယ်– “လူတွေ တောင်းဆိုတဲ့အတိုင်း လိုက်လျောပေးလိုက်ပါ။ တကယ်တော့ သူတို့က မင်းကိုငြင်းပယ်တာ မဟုတ်ဘူး။ ငါ့ကို ဘုရင်အဖြစ် လက်မခံဘဲ ငြင်းပယ်လိုက်တာ။” (၁ရှ ၈:၇) နောက်လိုက်တွေကိုလည်း ယေရှု အခုလို ပြောခဲ့တယ်– “လူတွေက ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို မုန်းလိမ့်မယ်။” (မ ၂၄:၉) အဲဒီအချက်တွေကို သတိရမယ်ဆိုရင် ကဲ့ရဲ့လှောင်ပြောင်မှုတွေကို သဘောထားမှန်နဲ့ ခံရပ်နိုင်မယ့်အပြင် ခံနိုင်ရည်ကြောင့် ဆုရပါလိမ့်မယ်။—လု ၆:၂၂၊ ၂၃။
ဖေဖော်ဝါရီ ၅-၁၁
ကမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁-၄
ဘုရားသခင့်နိုင်ငံတော်ဘက် ရပ်တည်ပါ
“လူမျိုးအားလုံးကို ငါ လှုပ်ခါမယ်”
၈ အဲဒီသတင်းစကားကို လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ လူအများစု ငြင်းပယ်ကြတယ်။ (ဆာလံ ၂:၁-၃ ကို ဖတ်ပါ။) လူမျိုးတွေ ဒေါသထွက်ကြတယ်။ ယေဟောဝါ ခန့်အပ်တဲ့ အုပ်စိုးရှင်ကို လက်မခံကြဘူး။ ကျွန်တော်တို့ ဟောတဲ့ နိုင်ငံတော်သတင်းကို “သတင်းကောင်း” လို့ မမြင်ကြဘူး။ အစိုးရတချို့ဆိုရင် ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ကြတယ်။ အုပ်စိုးရှင် များစွာက ဘုရားကို ဝတ်ပြုတယ်လို့ ပြောပေမဲ့ ကိုယ့်အာဏာကိုတော့ မစွန့်ချင်ကြဘူး။ ယေရှုခေတ်က အုပ်စိုးရှင်တွေလိုပဲ ဒီနေ့ခေတ် အုပ်စိုးရှင်တွေဟာ သစ္စာရှိ တပည့်တွေကို တိုက်ခိုက်ခြင်းအားဖြင့် ယေဟောဝါ ဘိသိက်ပေးထားသူကို ဆန့်ကျင်ကြတယ်။—တ. ၄:၂၅-၂၈။
တကွဲတပြားဖြစ်နေတဲ့ လောကမှာ ကြားနေမှုကို ဆက်ထိန်းထားပါ
၁၁ ပစ္စည်းဥစ္စာ အဓိကထားခြင်း။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို တမ်းတမ်းစွဲ ဖြစ်နေရင် ကြားနေမှုနဲ့ပတ်သက်ပြီး စမ်းသပ်မှုကြုံရတဲ့အခါ အလျှော့ပေးမိနိုင်တယ်။ ၁၉၇၀ နောက်ပိုင်း မာလာဝီနိုင်ငံမှာ သက်သေခံများစွာဟာ နိုင်ငံရေးမှာမပါဝင်လို့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ ညီအစ်မရုသ် အခုလို ပြောတယ်– “တချို့က သူတို့ရဲ့ သက်သောင့်သက်သာဘဝကို မစွန့်နိုင်ကြဘူး။ ကျွန်မတို့နဲ့အတူ ပြည်နှင်ခံရသူတချို့ဟာ ဒုက္ခသည်စခန်းမှာကြုံရတဲ့ အခက်အခဲတွေကို မခံနိုင်တဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံရေးပါတီနဲ့ ပူးပေါင်းလိုက်ပြီး အိမ်ပြန်သွားကြတယ်။” ဘုရားသခင့်လူမျိုး အများစုကတော့ အဲဒီလို မဟုတ်ပါဘူး။ ငွေကြေးဖြစ်စေ၊ ပိုင်ဆိုင်သမျှကိုဖြစ်စေ ဆုံးရှုံးရမယ်ဆိုရင်တောင် ဆက်ကြားနေကြတယ်။—ဟေဗြဲ ၁၀:၃၄။
ဘုရားရေးရာ ရတနာ
it-1 ၄၂၅
ဖွဲ
ဂျုံ၊ မုယောစပါး စတဲ့ ကောက်နှံစေ့တွေကို ဖုံးကာပေးထားတဲ့ အခွံ။ ဖွဲကို တင်စားချက်အနေနဲ့ ကျမ်းစာထဲမှာ သုံးနှုန်းထားတာပါ။ ဖွဲအကြောင်းပြောထားလို့ ရှေးခေတ်တုန်းက တလင်းနယ်တဲ့ဓလေ့ ရှိကြောင်း သိရတယ်။ အဖိုးတန်ကောက်နှံစေ့တွေကို ဖုံးအုပ်ပေးထားတဲ့ အခွံဟာ ကောက်ရိတ်ချိန်လည်းပြီးရော အသုံးမဝင်တဲ့အရာ ဖြစ်သွားတယ်။ ဒါကြောင့် ကောင်းတဲ့အရာကနေ ဖယ်ခွာလွှင့်ပစ်လိုက်ရမယ့် အရာတစ်ခုခု၊ အလေးမစီး သုံးစားမရတဲ့၊ နှစ်မြို့စရာမကောင်းတဲ့ အရာတစ်ခုခုကို ဖွဲနဲ့ တင်စားလေ့ရှိကြတယ်။
တလင်းနယ်တဲ့အခါ ကောက်နှံစေ့နဲ့ အမှော်တွေ ကွဲသွားတယ်။ ကောက်နှံလှေ့တဲ့အခါ ပေါ့ပါးတဲ့ အမှုန်တွေက လေနဲ့ပါသွားတယ်။ ဒါကြောင့် လူမျိုးတော်အလယ်ကနေ အယူဖောက်ပြန်သူတွေကို ယေဟောဝါ ဖယ်ထုတ်တဲ့အကြောင်း၊ လူဆိုးတွေ၊ ရန်သူတိုင်းနိုင်ငံတွေကို ဖယ်ရှားတဲ့အကြောင်း ပြောတဲ့အခါ သူတို့ကို ဖွဲနဲ့ ခိုင်းနှိုင်းရတာပါ။ (ယဘ ၂၁:၁၈။ ဆ ၁:၄။ ၃၅:၅။ ရှာ ၁၇:၁၃။ ၂၉:၅။ ၄၁:၁၅။ ဟော ၁၃:၃) ဘုရားနိုင်ငံတော်က ရန်သူတွေကို ခြေမွှဖျက်ဆီးလိုက်တဲ့အခါ သူတို့တွေ ကြေမွပြီး ဖွဲလို လွင့်ပျောက်သွားပါလိမ့်မယ်။—ဒံ ၂:၃၅။
ကောက်နှံစေ့အပုံထဲ အသုံးမဝင်တဲ့ ဖွဲတွေ ပြန်မရောက်သွားအောင် ဖွဲတွေကို စုသိမ်းပြီး မီးရှို့လေ့ရှိတယ်။ ဒါကြောင့် မှားယွင်းတဲ့ ဘာသာရေးသမားတွေကို ယေရှုခရစ် ဖျက်ဆီးမယ့်အကြောင်း နှစ်ခြင်းဆရာယောဟန် ပြောတဲ့အခါ “ဂျုံစပါးတွေကို ကျီထဲ စုသိမ်းပြီး အဖျင်းတွေကိုတော့ မငြိမ်းနိုင်တဲ့ မီးနဲ့ ရှို့လိမ့်မယ်” လို့ ပြောခဲ့တာပါ။—မ ၃:၇-၁၂။ လု ၃:၁၇။
ဖေဖော်ဝါရီ ၁၂-၁၈
ကမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၅-၇
တခြားသူတွေရဲ့ လုပ်ရပ် ဘယ်လိုပဲရှိရှိ ဆက်သစ္စာရှိနေပါ
ကမ်းစာကနေ ခွန်အား ရယူနိုင်ပုံ
၇ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံနေရသလား။ ဒါဆိုရင် ဘုရင်ဒါဝိဒ်ရဲ့ သား အဗရှလုံအကြောင်း သုံးသပ်ခြင်းကနေ အကျိုးရပါမယ်။ အဗရှလုံဟာ အဖေကို သစ္စာဖောက်ပြီး ထီးနန်းလုဖို့တောင် ကြိုးစားခဲ့တယ်။—၂ ရှ. ၁၅:၅-၁၄၊ ၃၁။ ၁၈:၆-၁၄။
၈ (၁) ဆုတောင်းပါ။ တခြားသူတွေ ကိုယ့်ကို ကောင်းကောင်း မဆက်ဆံလို့ ဘယ်လို ခံစားနေရတယ်ဆိုတာ ယေဟောဝါကို ပြောပြပါ။ (ဆာ. ၆:၆-၉) တိတိကျကျ ပြောပြပါ။ ပြီးနောက် ဒီအခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးမယ့် ကျမ်းစာမူတွေ ရှာတွေ့ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။
ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ
၃ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ဘုရားလူမျိုးအပေါ် ထားတဲ့ မေတ္တာပေါ်ပဲ အခြေမခံသင့်ဘူး။ ဘာကြောင့်လဲ။ အဲဒီမေတ္တာ တစ်ခုတည်းပေါ်မှာ အခြေခံထားတာဆိုရင် ယုံကြည်ခြင်း အလွယ်တကူ ပျောက်ဆုံးသွားနိုင်လို့ပဲ။ ဥပမာ၊ အကြီးအကဲ ဒါမှမဟုတ် ရှေ့ဆောင်တစ်ယောက် ကြီးလေးတဲ့ အပြစ် ကျူးလွန်တဲ့အခါ၊ ညီအစ်ကို/မ တစ်ယောက်ယောက် ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ၊ တစ်ယောက်ယောက် အယူဖောက်ပြန်သွားပြီး ကျွန်တော်တို့ ယုံကြည်လက်ခံထားတာတွေ အမှန်တရား မဟုတ်ဘူးလို့ ပြောလာတဲ့အခါ ယေဟောဝါကို ဝတ်မပြုတော့တာမျိုး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းအပေါ် အခြေခံရမယ်။ အဲဒီလို မဟုတ်ဘဲ တခြားသူတွေရဲ့ လုပ်ရပ်ပေါ် အခြေခံမယ်ဆိုရင် ယုံကြည်ခြင်း ခိုင်မာမှာ မဟုတ်ဘူး။ သင့်ယုံကြည်ခြင်းအိမ်ကို ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေလောက်နဲ့ပဲ မတည်ဆောက်သင့်ဘူး။ အဲဒါတွေက ဆောက်လုပ်ရေးပစ္စည်း အပျော့စားတွေနဲ့ တူတယ်။ အမာစားပစ္စည်းတွေ ဖြစ်တဲ့ ခိုင်မာတဲ့ အချက်အလက်၊ အထောက်အထားတွေနဲ့လည်း တည်ဆောက်ရမယ်။ ကျမ်းစာမှာ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရား ပါတယ်ဆိုတာ ယုံကြည်လက်ခံရမယ်။—ရော. ၁၂:၂။
၄ လူတချို့ အမှန်တရားကို “ဝမ်းသာအားရ” လက်ခံကြပေမဲ့ စမ်းသပ်မှု ကြုံရတဲ့အခါ ယုံကြည်ခြင်း ညှိုးနွမ်းသွားမယ်လို့ ယေရှု ပြောတယ်။ (မဿဲ ၁၃:၃-၆၊ ၂၀၊ ၂၁ ကိုဖတ်ပါ။) ယေရှုနောက် လိုက်ရင် အခက်အခဲ ကြုံရမယ်ဆိုတာ နားမလည်လို့ ဖြစ်နိုင်တယ်။ (မ. ၁၆:၂၄) ဒါမှမဟုတ် ခရစ်ယာန်လမ်းစဉ်ဟာ ဒုက္ခကင်းပြီး ကောင်းချီးတွေပဲ ရမယ့် လမ်းစဉ်လို့ ထင်နေတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီစနစ်ကြီးထဲမှာတော့ အခက်အခဲဆိုတာ ရှိမှာပဲ။ အခြေအနေ အပြောင်းအလဲတွေကြောင့် ပျော်ရွှင်မှု ခဏတစ်ဖြုတ် ပျောက်ဆုံးသွားနိုင်တယ်။—ဆာ. ၆:၆။ ဒေ. ၉:၁၁။
ဘုရားရေးရာ ရတနာ
it-1 ၉၉၅
သင်္ချိုင်း
ရောမ ၃:၁၃ မှာ တမန်တော်ပေါလုက ဆာလံ ၅:၉ ကို ကိုးကားပြီး လိမ်လည်လှည့်စားတတ်တဲ့ လူဆိုးတွေရဲ့ လည်ချောင်းကို “ပွင့်နေတဲ့ သင်္ချိုင်းတွင်း” နဲ့ ခိုင်းနှိုင်းခဲ့တယ်။ ပွင့်နေတဲ့ သင်္ချိုင်းတွင်းထဲမှာ အသေကောင်တွေ ပုပ်ပွနေသလို လူဆိုးတွေရဲ့ လည်ချောင်းထဲကနေ ထွက်လာတဲ့ စကားတွေက သေစေနိုင်တယ်၊ ညစ်ညူးစေနိုင်တယ်။—မဿဲ ၁၅:၁၈-၂၀ နဲ့ နှိုင်းယှဉ်ပါ။
ဖေဖော်ဝါရီ ၁၉-၂၅
ကမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၈-၁၀
“အို ယေဟောဝါ၊ ကိုယ်တော့်ကို . . . ချီးမွမ်းမယ်”
ယေဟောဝါဘုရားရဲ့ မိသားစုမှာ ကိုယ့်နေရာကို တန်ဖိုးထားပါ
၆ ကျွန်တော်တို့အတွက် အထူးစံအိမ် ယေဟောဝါ ပြင်ဆင်ပေးတယ်။ ပထမလူသားကို မဖန်ဆင်းခင် ကြာမြင့်စွာကတည်းက လူသားတွေအတွက် ကမ္ဘာမြေကို ယေဟောဝါ ပြင်ဆင်တယ်။ (ယောဘ ၃၈:၄-၆။ ယေ. ၁၀:၁၂) ကြင်နာရက်ရောတဲ့ ဘုရား ဖြစ်လို့ ကျွန်တော်တို့ ပျော်မွေ့ဖို့ အလျှံပယ် ပြင်ဆင်ပေးတယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅၊ ၂၄) ဖန်ဆင်းရာတွေကို ကြည့်ပြီး “ကောင်းတယ်ဆိုတာကို ဘုရားသခင် မြင်တယ်။” (က. ၁:၁၀၊ ၁၂၊ ၃၁) ကမ္ဘာပေါ်က တခြား ဖန်ဆင်းရာအားလုံးကို “အုပ်စိုး” ဖို့ တာဝန်ပေးခြင်းအားဖြင့် လူသားတွေကို ဂုဏ်တင်တယ်။ (ဆာ. ၈:၆) လှပတဲ့ ဖန်ဆင်းရာတွေကို စုံလင်တဲ့ လူသားတွေ ထိန်းသိမ်းစောင့်ရှောက်ရင်း ထာဝစဉ် ပျော်ရွှင်ဖို့ ဘုရား ရည်ရွယ်တယ်။ အဲဒီအံ့ဖွယ်ကတိအတွက် ယေဟောဝါကို သင် ကျေးဇူးတင်သလား။
ဘုရားပေးလက်ဆောင်တွေအတွက် ကျေးဇူးတင်သလား
၁၀ စကားပြောနိုင်စွမ်း လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ ဖန်ဆင်းရှင်ကို ကျွန်တော်တို့ ဘာကြောင့် ယုံကြည်ကြောင်း ဆင့်ကဲဝါဒီတွေကို ရှင်းပြခြင်းပါပဲ။ (ဆာ. ၉:၁။ ၁ ပေ. ၃:၁၅) ကမ္ဘာမြေနဲ့ ကမ္ဘာပေါ်က သက်ရှိအားလုံးဟာ မတော်တဆ ဖြစ်လာတာလို့ ဆင့်ကဲဝါဒီတွေ ပြောကြတယ်။ ကျမ်းစာနဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အချက်တချို့ကို သုံးပြီး ကောင်းကင်ဖခင်အကြောင်း ကျွန်တော်တို့ ခုခံပြောဆိုနိုင်တယ်။ ယေဟောဝါဟာ ကောင်းကင်၊ မြေကြီး ဖန်ဆင်းရှင် ဖြစ်တယ်လို့ ကျွန်တော်တို့ ဘာကြောင့် ယုံကြည်ကြောင်း နားထောင်လိုသူတွေကို ရှင်းပြနိုင်တယ်။—ဆာ. ၁၀၂:၂၅။ ဟေရှာ. ၄၀:၂၅၊ ၂၆။
သင်ဟာ ‘အပြောအဆိုမှာ စံနမူနာကောင်းသူ’ ဖြစ်သလား
၁၃ လှိုက်လှိုက်လှဲလှဲ သီချင်းဆိုပါ။ နိုင်ငံတော်သီချင်းတွေ ဆိုတဲ့ အဓိက ရည်ရွယ်ချက်ဟာ ယေဟောဝါကို ချီးမွမ်းဖို့ ဖြစ်တယ်။ ညီအစ်မ စာရာဟာ ကိုယ့်ကိုယ်ကိုယ် သီချင်းဆိုကောင်းသူလို့ မယူဆဘူး။ ဒါပေမဲ့ သီချင်းဆိုပြီး ယေဟောဝါကို ချီးမွမ်းချင်တယ်။ ဒါကြောင့် အစည်းအဝေးအတွက် ပြင်ဆင်တဲ့အခါ သီချင်းတွေကိုလည်း ကြိုတင်လေ့ကျင့်တယ်။ လေ့လာမယ့် အကြောင်းအရာနဲ့ သီချင်းစာသား ဘယ်လို ဆက်စပ်နေကြောင်း သိအောင် ကြိုးစားတယ်။ “ဒါက သီချင်းဆိုနိုင်စွမ်းထက် စကားလုံးတွေကို ပိုအာရုံစိုက်ဖို့ ကူညီပေးတယ်” လို့ ပြောတယ်။
ဘုရားရေးရာ ရတနာ
it-1 ၈၃၂
လက်ညှိုးတော်
ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတစ်ခုခုကို “လက်ညှိုးတော်” နဲ့ တင်စားလေ့ရှိတယ်။ ဥပမာ၊ ကျောက်ပြားတွေပေါ် ပညတ်တော်ဆယ်ပါး ရေးတဲ့အခါ (ထွ ၃၁:၁၈။ တရ ၉:၁၀)၊ အံ့ဖွယ်အမှုတွေလုပ်တဲ့အခါ (ထွ ၈:၁၈၊ ၁၉)၊ ကောင်းကင်ကို ဖန်ဆင်းတဲ့အခါ (ဆ ၈:၃) “လက်ညှိုးတော်” နဲ့ ဆောင်ရွက်ကြောင်း ဖော်ပြထားတယ်။ ရေမျက်နှာပြင်ပေါ်မှာ ဘုရားသခင်ရဲ့ စွမ်းအားတော် သက်ရောက်လှုပ်ရှားနေတယ်ဆိုတဲ့ ကမ္ဘာဦးကျမ်း ဖန်ဆင်းခြင်းမှတ်တမ်းအရ ဖန်ဆင်းခြင်းကဏ္ဍမှာ သုံးနှုန်းထားတဲ့ ဘုရားသခင့် “လက်ညှိုးတော်” ဆိုတာ ဘုရားသခင့်စွမ်းအားတော်ကို ဆိုလိုကြောင်း ကောက်ချက်ချနိုင်တယ်။ (က ၁:၂) ဒီနားလည်မှု မှန်ကန်ကြောင်း ခရစ်ယာန်ဂရိကျမ်းစာစောင်တွေက အတည်ပြုပေးတယ်။ ဥပမာ၊ နတ်ဆိုးတွေကို “လက်ညှိုးတော်နဲ့” ယေရှု နှင်ထုတ်ကြောင်း လုကာကျမ်း အောက်ခြေမှတ်ချက်မှာ ဖော်ပြထားပေမဲ့ မဿဲကျမ်းမှာတော့ ‘ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်’ ရဲ့အကူအညီနဲ့ နှင်ထုတ်တယ်ဆိုပြီး ရှင်းပြထားတယ်။—မ ၁၂:၂၈။ လု ၁၁:၂၀။
ဖေဖော်ဝါရီ ၂၆–မတ် ၃
ကမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၁-၁၅
ဘုရားအုပ်ချုပ်မှုအောက် ကမ္ဘာသစ်မှာ ရှိနေတယ်လို့ မြင်ယောင်ကြည့်ပါ
ဆာလံကျမ်းအပိုင်းတစ်မှ ပေါ်လွင်ချက်များ
၁၁:၁-၃—အဘယ်အမှီတကဲတို့သည် ပျက်ရသနည်း။ ယင်းတို့သည် လူဘောင်အဖွဲ့အစည်းတည်မှီရာ အမှီတကဲများဖြစ်သော ဥပဒေ၊ အမိန့်၊ တရားမျှတမှုတို့ဖြစ်သည်။ ယင်းတို့ပြိုပျက်သွားသောအခါ လူမှုရေးဖောက်ပြန်မှုများ ကြီးစိုးလာပြီး တရားမျှတမှုရှိတော့မည် မဟုတ်ချေ။ အဆိုပါအခြေအနေများတွင် “ဖြောင့်မတ်သောသူ” သည် ဘုရားသခင်အား အကြွင်းမဲ့ကိုးစားရမည်။—ဆာလံ ၁၁:၄-၇။
အကြမ်းဖက်မှုကင်းတဲ့ကမ္ဘာ ဖြစ်လာနိုင်ပါ့မလား
မကြာခင် ဘုရားသခင်က အကြမ်းဖက်မှုတွေကို ဖယ်ရှားတော့မယ်ဆိုပြီး ကျမ်းစာကတိပေးတယ်။ အကြမ်းဖက်မှုပြည့်နေတဲ့ ဒီကမ္ဘာကြီးဟာ “ဘုရားတရားမဲ့သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့” မှာ တရားစီရင်ခံရပါလိမ့်မယ်။ (၂ ပေတရု ၃:၅-၇) အကြမ်းဖက်မှုကြောင့် လူတွေ ဒုက္ခရောက်တော့မှာ မဟုတ်ဘူး။ အကြမ်းဖက်မှုကို ဖယ်ရှားပစ်ဖို့ ဘုရားသခင် ကြားဝင်လုပ်ဆောင်ပေးမယ်ဆိုတာ ဘာကြောင့်စိတ်ချနိုင်သလဲ။
ဘုရားက ‘အကြမ်းဖက်မှုနှစ်သက်သူကို မုန်းတယ်’ လို့ ကျမ်းစာပြောတယ်။ (ဆာလံ ၁၁:၅၊ ကဘ) ဖန်ဆင်းရှင်ဘုရားက ငြိမ်သက်မှုနဲ့ တရားမျှတမှုကို မြတ်နိုးတယ်။ (ဆာလံ ၃၃:၅; ၃၇:၂၈) ဒါကြောင့် အကြမ်းဖက်သူတွေကို အမြဲသည်းခံခွင့်ပြုထားမှာ မဟုတ်ဘူး။
စိတ်ရှည်ရှည် စောင့်ဆိုင်းချင်ပါသလား
၁၅ ဒါဝိဒ် ဘာကြောင့် စိတ်ရှည်စွာ စောင့်ဆိုင်းချင်ရသလဲ။ ‘ဘယ်လောက်ကြာကြာလဲ’ လို့ လေးကြိမ် မေးခဲ့တဲ့ ဆာလံကျမ်းမှာ အဖြေပေးထားတယ်။ “ကျွန်တော်ကတော့ ခိုင်မြဲတဲ့မေတ္တာတော်ကိုပဲ ယုံကြည်ကိုးစားပါတယ်။ ကိုယ်တော် ကယ်တင်တဲ့အခါ ရင်ထဲမှာ ဝမ်းမြောက်ရလိမ့်မယ်။ ယေဟောဝါ ကြွယ်ဝစွာ ဆုချတဲ့အတွက် ကျွန်တော် ချီးမွမ်းသီချင်းဆိုမယ်” လို့ ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၃:၅၊ ၆) ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို ဒါဝိဒ် ယုံကြည်ကိုးစားခဲ့တယ်။ ကယ်တင်မယ့်အချိန်ကို ကျေကျေနပ်နပ် စောင့်ဆိုင်းတယ်။ မိမိကို ယေဟောဝါ ဘယ်လို ဆုချမှန်း တွေးတောဆင်ခြင်တယ်။ စောင့်ရကျိုးနပ်တယ်လို့ ဒါဝိဒ် ခံစားခဲ့ပါတယ်။
နိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာပြည့်စုံစေ
၁၆ လုံခြုံမှု။ ဟေရှာယ ၁၁:၆-၉ မှာ လှလှပပပုံဖော်ထားတဲ့စကားတွေဟာ နောက်ဆုံးမှာတော့ စာသားအတိုင်း တကယ်ပြည့်စုံလာမယ်။ ယောက်ျား၊ မိန်းမ၊ ကလေးတွေဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို ဘေးကင်းလုံခြုံစွာ သွားလာနိုင်လိမ့်မယ်။ ဘယ်လူသား၊ ဘယ်တိရစ္ဆာန်ကမှ အန္တရာယ်ပြုတော့မှာ မဟုတ်ဘူး။ စဉ်းစားကြည့်လိုက်ပါ၊ ဒီကမ္ဘာကြီးတစ်ခုလုံးက ကိုယ့်အိမ်ပဲ။ ပင်လယ်၊ မြစ်ချောင်းအင်းအိုင်တွေမှာ စိတ်ကြိုက်ရေကူးနိုင်တယ်။ တောင်တန်းတွေပေါ် လွတ်လွတ်လပ်လပ် ခရီးဆန့်နိုင်တယ်။ မြက်ခင်းပြင်ကျယ်ကြီးမှာ ခြေဦးတည့်ရာ လျှောက်သွားနိုင်တယ်။ ဘာမှစိုးရိမ်စရာမရှိဘူး။ ညအချိန်မှာလည်း ကြောက်စရာမလိုဘူး။ ယေဇကျေလ ၃၄:၂၅ မှာပါတဲ့စကားတွေ ပြည့်စုံလာမှာဖြစ်လို့ ဘုရားသခင့်လူမျိုးဟာ ‘တောကန္တာရမှာ ဘေးကင်းလုံခြုံစွာနေထိုင်ပြီး တောထဲမှာ အိပ်စက်’ နိုင်ကြလိမ့်မယ်။
ဘုရားရေးရာ ရတနာ
သင် ပြုပြင်ပြောင်းလဲပြီးပြီလား
၁၂ ဝမ်းနည်းစရာက ကျွန်ုပ်တို့ရဲ့ ဝန်းကျင်မှာရှိတဲ့သူတွေဟာ ပေါလုဖော်ပြခဲ့တဲ့ စိတ်သဘောထားကို တင်ပြနေကြတယ်။ စံနှုန်းတွေ၊ မူတွေနဲ့အညီ နေထိုင်တာက ခေတ်နောက်ကျသွားပြီ၊ အဲဒီလိုနေထိုင်ဖို့ ဘယ်သူကမှ တခြားသူတွေကို မတိုက်တွန်းသင့်ဘူးလို့ သူတို့ ယူဆကြတယ်။ ဆရာ၊ မိဘများစွာက ကလေးတွေကို စိတ်တိုင်းကျ လုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုထားကြတယ်။ ကိုယ့်အတွက် ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့တောင် သင်ပေးကြတယ်။ အမှားနဲ့အမှန်ကို သဲသဲကွဲကွဲသိဖို့ မဖြစ်နိုင်ဘူးလို့ သူတို့ ခံယူထားကြတယ်။ ဘုရားသခင်ကို ယုံကြည်တယ်လို့ ပြောတဲ့သူတွေတောင်မှ ဘုရားသခင်နဲ့ ကိုယ်တော့်ပညတ်တွေကို လိုက်နာစရာမလိုဘဲ သူတို့ မှန်တယ်လို့ ထင်တဲ့အတိုင်း လုပ်လို့ရတယ်လို့ ယူဆကြတယ်။ (ဆာ. ၁၄:၁) ဒီသဘောထားက ခရစ်ယာန်တွေအတွက် အန္တရာယ်ရှိတယ်။ ကျွန်ုပ်တို့ ဂရုမစိုက်ဘူးဆိုရင် ဘုရားသခင့်အဖွဲ့အစည်းကပေးတဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာတော့တဲ့အပြင် ကိုယ့်အကြိုက်နဲ့ မကိုက်ညီတဲ့အရာတွေကို အပြစ်တင်လာနိုင်တယ်။ ဒါမှမဟုတ် ဖျော်ဖြေရေး၊ အင်တာနက်အသုံးပြုပုံ၊ အဆင့်မြင့်ပညာရေးနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျွန်ုပ်တို့ အပြည့်အဝ မလိုက်နာတာမျိုး ဖြစ်လာနိုင်တယ်။