အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2025 Watch Tower Bible and Tract Society of Pennsylvania
ဇန်နဝါရီ ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၁၇-၂၀
“ငါတို့ကို တိုက်ခိုက်သူတွေရမယ့် ဝေပုံ”
“ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး”
၁၆ ဒီလိုပြောင်းလဲဖို့ သိပ်အရေးကြီးတယ်။ ကျမ်းစာမှာ လူသားတွေကို မငြိမ်သက်နိုင်ဘဲ ဟုန်းဟုန်းထနေတဲ့ ပင်လယ်နဲ့ ခိုင်းနှိုင်းထားတယ်။ (ဟေရှာ. ၁၇:၁၂။ ၅၇:၂၀၊ ၂၁။ ဗျာ. ၁၃:၁) နိုင်ငံရေးက လူတွေကို စိတ်ဝမ်းကွဲစေပြီး အကြမ်းဖက်အောင် လှုံ့ဆော်ပေမဲ့ ကျွန်တော်တို့ကတော့ စည်းလုံးငြိမ်သက်မှုကို ထိန်းသိမ်းထားကြတယ်။ ကွဲပြားနေတဲ့ လောကမှာ မိမိလူမျိုးရဲ့ စည်းလုံးမှုကို ယေဟောဝါ တွေ့တဲ့အခါ သိပ်ဝမ်းသာမှာပဲ။—ဇေဖနိ ၃:၁၇ ကိုဖတ်ပါ။
တကွဲတပြားဖြစ်နေတဲ့ လောကမှာ ကြားနေမှုကို ဆက်ထိန်းထားပါ
၄ နိုင်ငံရေးတည်ငြိမ်ပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို ခွင့်ပြုထားပုံရတဲ့နိုင်ငံမှာ ကျွန်တော်တို့ နေထိုင်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စာတန့်စနစ်ရဲ့အဆုံး နီးလာလေ ကြားနေဖို့ ပိုခက်လာလေ ဖြစ်လိမ့်မယ်။ ဒီနေ့လောကဟာ “ဖီလာဆန့်ကျင်တတ်သူ၊” “ခေါင်းမာသူ” တွေနဲ့ ပြည့်နေတဲ့အတွက် စိတ်ဝမ်းကွဲပြားမှု ပိုများလာလိမ့်မယ်။ (၂ တိ. ၃:၃၊ ၄) အခုတောင် နိုင်ငံတချို့မှာ ရုတ်တရက် နိုင်ငံရေးအပြောင်းအလဲကြောင့် ကြားနေမှုနဲ့ပတ်သက်ပြီး ညီအစ်ကိုတချို့ အခက်အခဲကြုံနေရတယ်။ ဒါကြောင့် ကြားနေမယ်ဆိုတဲ့ သန္နိဋ္ဌာန်ခိုင်မာနေအောင် အခုကတည်းက ပြင်ဆင်ထားဖို့ လိုတယ်။ ပြင်ဆင်နိုင်တဲ့ နည်းလေးနည်းကို သုံးသပ်ကြည့်ကြစို့။
တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်
၂၀ ရလဒ်ကား အဘယ်နည်း။ ဟေရှာယ ဤသို့ ဆို၏– “ညဦးယံ၌ ကြောက်မက်ဖွယ်ဘေး ရောက်၍ နံနက်မတိုင်မီပင် ကွယ်ပျောက်လေပြီ။ ငါတို့ကို ဖျက်ဆီးသူတို့ဝေပုံ၊ လုယက်သူတို့ဝေစုကား ထိုသို့ပင်တည်း။” (ဟေရှာယ ၁၇:၁၄၊ သမ္မာ) များစွာသောသူတို့သည် ယေဟောဝါ၏ လူမျိုးကို ကြမ်းကြမ်းတမ်းတမ်း၊ မခန့်လေးစား ဆက်ဆံခြင်းဖြင့် လုယူဖျက်ဆီးနေကြသည်။ စစ်မှန်သော ခရစ်ယာန်များသည် ကမ္ဘာ့ပင်မ ဘာသာရေး အစိတ်အပိုင်း မဟုတ်ကြ—ဟုတ်လည်း မဟုတ်လိုကြ—သောကြောင့် ဘက်လိုက်အပြစ်ရှာဝေဖန်သူများနှင့် အယူသီးဆန့်ကျင်သူများက သူတို့ကို အလွယ်တကူ ဖမ်းယူနိုင်သည့် သားကောင်များအဖြစ် ရှုမြင်ကြသည်။ သို့သော် ဘုရားသခင်၏ လူမျိုးအနေနှင့် မိမိတို့ ခံစားရသည့် ဘေးဒုက္ခ အဆုံးသတ်မည့် “နံနက်” သည် အလျင်အမြန် ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်း ယုံကြည်စိတ်ချကြသည်။—၂ သက်သာလောနိတ် ၁:၆-၉; ၁ ပေတရု ၅:၆-၁၁။
ဘုရားရေးရာ ရတနာ
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
၂၀:၂-၅— ဟေရှာယသည် သုံးနှစ်လုံး အဝတ်မဝတ်ဘဲ အမှန်တကယ် သွားလာခဲ့သလော။ ဟေရှာယသည် မိမိ၏အပေါ်ဝတ်ရုံကိုသာချွတ်ပြီး ပေါ့ပါးသည့်အတွင်းအင်္ကျီဖြင့် သွားလာခဲ့ခြင်းဖြစ်ပေမည်။—၁ ဓမ္မရာဇဝင် ၁၉:၂၄၊ ကဘ၊ အောက်ခြေမှတ်ချက်။
ဇန်နဝါရီ ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၂၁-၂၃
ရှေဗနရဲ့အဖြစ်ကနေ ရရှိတဲ့သင်ခန်းစာ
ဆုံးမခြင်း—ဘုရားသခင့်မေတ္တာ အထောက်အထား
၇ ဆုံးမမှုရဲ့တန်ဖိုးကို နားလည်ဖို့ ယေဟောဝါဆုံးမခဲ့သူ နှစ်ယောက်အကြောင်း သုံးသပ်ကြစို့။ ဘုရင် ဟေဇကိခေတ်မှာ အသက်ရှင်ခဲ့တဲ့ ရှေဗနနဲ့ အခုခေတ် ညီအစ်ကို ဂရေဟမ်တို့ ဖြစ်တယ်။ ဟေဇကိရဲ့ “နန်းတော်အုပ်” ဖြစ်ပုံရတဲ့ ရှေဗနဟာ အခွင့်အာဏာ အတော်အတန် ရှိတယ်။ (ဟေရှာ. ၂၂:၁၅) ဒါပေမဲ့ မာနကြီးလာပြီး ဂုဏ်တက်ဖို့ ကြိုးစားတယ်။ ကိုယ့်အတွက် ခမ်းနားတဲ့ သင်္ချိုင်းဂူ လုပ်ထားပြီး ‘ဂုဏ်ကျက်သရေရှိတဲ့ မြင်းရထား’ ကို စီးတယ်။—ဟေရှာ. ၂၂:၁၆-၁၈။
၈ ကိုယ့်ဂုဏ်တက်ဖို့ ကြိုးစားတဲ့ ရှေဗနကို ဘုရားသခင် “ရာထူးဖြုတ်” ပြီး ဧလျာကိမ်နဲ့ အစားထိုးလိုက်တယ်။ (ဟေရှာ. ၂၂:၁၉-၂၁) ဂျေရုဆလင်မြို့ကိုတိုက်ဖို့ အဆီးရီးယားဘုရင် သနာခရိပ် ခြိမ်းခြောက်ချိန်မှာ အဲဒီလို ဖြစ်ခဲ့တာ။ နောက်ပိုင်း သနာခရိပ်က ဂျူးတွေနဲ့ ကြောက်လန့်နေတဲ့ ဟေဇကိ အညံ့ခံစေဖို့ ဂျေရုဆလင်မြို့ကို အရာရှိတွေနဲ့အတူ စစ်တပ်တစ်တပ် စေလွှတ်ခဲ့တယ်။ (၂ ဘု. ၁၈:၁၇-၂၅) ဧလျာကိမ်က အရာရှိတွေကို ထွက်တွေ့ရတယ်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူနဲ့အတူ နောက်နှစ်ယောက် ပါတယ်။ တစ်ယောက်က စာရေးတော် ရှေဗနပါပဲ။ ဒါက ရှေဗန နာကြည်းမနေဘဲ ပိုနိမ့်ကျတဲ့တာဝန်ကို နှိမ့်ချစွာ လက်ခံခဲ့ကြောင်း ဖော်ပြတယ်။ ဒီဖြစ်ရပ်ကနေ ဘာသင်ယူနိုင်သလဲ။ သင်ခန်းစာ သုံးခုကို သုံးသပ်ကြည့်ကြစို့။
၉ ဦးဆုံး၊ ရှေဗန ရာထူးပြုတ်သွားတယ်။ ဒါက “မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်” ဆိုတဲ့ စကားကို အမှတ်ရစေတယ်။ (ပညာ. ၁၆:၁၈) သင်ဟာ အသင်းတော် အခွင့်ထူးတွေ ရထားပြီး အတော်အတန် ထင်ပေါ်နေတယ်ဆိုရင် နှိမ့်ချတဲ့စိတ် ဆက်ထိန်းထားမလား။ ရထားတဲ့ ဆုကျေးဇူးတွေ၊ အောင်မြင်ပြီးမြောက်မှုတွေအတွက် ယေဟောဝါကို ဂုဏ်တင်မလား။ (၁ ကော. ၄:၇) “ခင်ဗျားတို့ယောက်တိုင်းကို ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီးမထင်ကြပါနဲ့။ အဲဒီအစား . . . ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်ကြပါ” လို့ တမန်တော် ပေါလု ပြောခဲ့တယ်။—ရော. ၁၂:၃။
ဆုံးမခြင်း—ဘုရားသခင့်မေတ္တာ အထောက်အထား
၁၀ ဒုတိယ၊ ရှေဗနကို ယေဟောဝါ ပြင်းပြင်းထန်ထန် ဆုံးမတာက အဖတ်ဆယ်လို့ မရတဲ့သူအဖြစ် မယူမှတ်ကြောင်း ဖော်ပြတယ်။ (ပညာ. ၃:၁၁၊ ၁၂) ဒါဟာ အသင်းတော်အခွင့်ထူး ဆုံးရှုံးသွားသူတွေအတွက် သင်ခန်းစာပါပဲ။ ဒေါသထွက် နာကြည်းမယ့်အစား ဆုံးမမှုကို ယေဟောဝါရဲ့ မေတ္တာ အထောက်အထားအဖြစ် ရှုမြင်ပြီး အခြေအနေသစ်မှာ အကောင်းဆုံး ဆက်အမှုဆောင်သွားနိုင်ပါတယ်။ နှိမ့်ချမှု ရှိမယ်ဆိုရင် အဖတ်ဆယ်လို့ မရတဲ့သူအဖြစ် ဘုရားသခင် ယူမှတ်မှာ မဟုတ်ကြောင်း သတိရပါ။ (၁ ပေတရု ၅:၆၊ ၇ ကိုဖတ်ပါ။) မေတ္တာပါ ဆုံးမမှုက ဘုရားသခင့် ပုံသွင်းနည်း ဖြစ်နိုင်တဲ့အတွက် ပုံသွင်းလို့ရတဲ့သူ ဖြစ်နေကြပါစို့။
ဆုံးမခြင်း—ဘုရားသခင့်မေတ္တာ အထောက်အထား
၁၁ တတိယ၊ ရှေဗနကို ယေဟောဝါ ဆက်ဆံပုံက မိဘ၊ ခရစ်ယာန် ကြီးကြပ်မှူးစတဲ့ အခွင့်အာဏာရှိသူတွေအတွက် အဖိုးတန် သင်ခန်းစာပါပဲ။ ယေဟောဝါရဲ့ ဆုံးမမှုက အပြစ်ကို မုန်းကြောင်း၊ အပြစ်ကျူးလွန်သူအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြတယ်။ မိဘ၊ ကြီးကြပ်မှူးအဖြစ် ဆုံးမရတော့မယ်ဆိုရင် အမှားကို မုန်းပြီး ကလေး၊ ယုံကြည်သူချင်းရဲ့ ကောင်းကွက်ကို ရှာခြင်းအားဖြင့် ယေဟောဝါကို တုပမလား။—ယု. ၂၂၊ ၂၃။
ဘုရားရေးရာ ရတနာ
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
၂၁:၁—“ရေလွှမ်းမိုးသောတော” သည် အဘယ်ဒေသဖြစ်သနည်း။ ဗာဗုလုန်သည် ပင်လယ်နှင့်မနီးသော်လည်း ယင်းကို ထိုသို့ခေါ်ဆိုထားသည်။ အကြောင်းမှာ ဥဖရတ်မြစ်နှင့် တိုက်ဂရစ္စမြစ်ရေသည် ထိုဒေသကို ဖြတ်သန်းစီးဆင်းပြီး ရွှံ့နွံပေါသောအရပ် ဖြစ်စေသောကြောင့်ဖြစ်သည်။
ဇန်နဝါရီ ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၂၄-၂၇
“ဒါဟာ ငါတို့ရဲ့ဘုရားသခင်ပဲ”
‘ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’
၂၁ ကလေးငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို လက်ညှိုးထိုး၍ မိမိသူငယ်ချင်းများအား အပြစ်ကင်းစွာ ဂုဏ်ယူဝင့်ကြွားလျက် “ဒါတို့ဖေဖေပဲ” ဟုပြောဆိုသည်ကို သင်မြင်ဖူးသလော။ ဘုရားသခင်ကို ကိုးကွယ်သူတို့သည် ယေဟောဝါနှင့်ပတ်သက်၍ ထပ်တူခံစားရရန် အကြောင်းများစွာရှိ၏။ သစ္စာရှိသူတို့က ‘ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’ ဟုကြွေးကြော်ကြမည့်အချိန်ကို သမ္မာကျမ်းစာ၌ တင်ကူးဖော်ပြထားသည်။ (ဟေရှာယ ၂၅:၈၊ ၉) သင်သည် ယေဟောဝါ၏ အရည်အသွေးများကို တိုး၍ထိုးထွင်းသိမြင်လာလေလေ သင့်၌ စိတ်ကူးနိုင်သမျှတွင် အကောင်းဆုံးသောဖခင်ရှိသည်ဟု သင်ခံစားရလေလေဖြစ်မည်။
ယေရှု အံ့ဖွယ်နည်းနဲ့ ပွားများစေတဲ့ မုန့်
၁၄ “ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ” လို့ ဆုတောင်းဖို့ ယေရှု သင်ပေးတုန်းက ကောင်းကင်မှာကော ကမ္ဘာမြေမှာပါ အလိုတော် ပြည်စုံလာမယ့်အချိန်နဲ့ ဆက်စပ်ဖော်ပြခဲ့တာကို သတိပြုပါ။ (မ. ၆:၉-၁၁) အလိုတော် ကမ္ဘာမြေမှာ ပြည့်စုံလာမယ့်အချိန်ကို မြင်ယောင်ကြည့်ပါ။ ကမ္ဘာမြေအတွက် ဘုရားအလိုတော်မှာ စားကောင်းသောက်ဖွယ် ပေါကြွယ်ဝဖို့ ပါတယ်။ ဘုရားနိုင်ငံတော်မှာ အရသာရှိတဲ့ အစားအသောက် အလျှံပယ် ရှိမယ်လို့ ဟေရှာယ ၂၅:၆-၈ မှာ ဖော်ပြထားတယ်။ ဆာလံ ၇၂:၁၆ အရ “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။” ဘာမုန့်တွေ လုပ်မယ်၊ ဘယ်လိုဟင်းလျာအသစ်တွေ စမ်းချက်မယ်ဆိုပြီး စဉ်းစားကြည့်ပါ။ ကိုယ်စိုက်တဲ့ စပျစ်ခြံက စပျစ်သီးတွေ စားပြီး စပျစ်ဝိုင် သောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ (ဟေရှာ. ၆၅:၂၁၊ ၂၂) ဒီကောင်းချီးတွေကို လူတိုင်း ခံစားကြရမှာ။
ယေဟောဝါရဲ့ မေတ္တာကြောင့် ခံစားရတဲ့ ကောင်းချီးများ
၁၁ ကမ္ဘာသစ်အသက်တာကို မြင်ယောင်ကြည့်ပါ။ ဖျားနာမှာ၊ သေမှာ သင် စိတ်ပူဖို့ မလိုတော့ဘူး။ (ဟေရှာ. ၂၅:၈။ ၃၃:၂၄) တော်သင့်လျောက်ပတ်တဲ့ သင့်လိုအင်ဆန္ဒအားလုံးကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်။ ကမ္ဘာသစ်မှာ ဘာတွေ လေ့လာသင်ယူချင်သလဲ။ တိရစ္ဆာန်တွေအကြောင်းလား။ ဂီတပညာလား။ ပန်းချီပညာလား။ ကမ္ဘာသစ်မှာ ဗိသုကာ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး အတတ်ပညာ တတ်ကျွမ်းသူတွေ လိုမှာတော့ သေချာတယ်။ ဟင်းလျာတွေ ဖန်တီးတတ်ဖို့၊ ဆောက်လုပ်ရေးသုံး၊ စိုက်ပျိုးရေးသုံး ကိရိယာတွေ လုပ်တတ်ဖို့၊ ဥယျာဉ်ခြံမြေ ထိန်းသိမ်းတတ်ဖို့လည်း လိုမှာ။ (ဟေရှာ. ၃၅:၁။ ၆၅:၂၁) ထာဝစဉ် အသက်ရှင်ရမှာ ဖြစ်လို့ စိတ်ကူးမိသမျှ အတတ်ပညာတွေ ဆည်းပူးဖို့ အချိန်အများကြီး ရှိမယ်။
၁၂ ရှင်ပြန်ထမြောက်လာသူတွေကို ကြိုဆိုတဲ့အခါ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလိုက်မလဲ။ (တ. ၂၄:၁၅) ဒါ့အပြင် ဖန်ဆင်းခြင်းလက်ရာ အမျိုးမျိုးကို လေ့လာရင်း ယေဟောဝါကို သင် ပိုသိကျွမ်းလာမှာကိုလည်း စဉ်းစားကြည့်ပါ။ (ဆာ. ၁၀၄:၂၄။ ဟေရှာ. ၁၁:၉) အကောင်းဆုံးကတော့ အပြစ်စိုးစဉ်းမှ မရှိဘဲ ယေဟောဝါကို ကိုးကွယ်နိုင်မယ်။ လောလောဆယ် “အပြစ်မှာ ခဏပျော်ပါးဖို့” အတွက် အနာဂတ်ကောင်းချီးတွေကို သင် လက်လွတ်ခံမလား။ (ဟီ. ၁၁:၂၅) ဘယ်လက်လွတ်ခံမလဲ။ လက်ရှိမှာ ဘာပဲ စွန့်လွှတ်ရပါစေ စွန့်လွှတ်ရသမျှထက် အနာဂတ်မှာ ရမယ့် ကောင်းချီးတွေဟာ ပိုသာတယ်။ ဒါ့အပြင် ကမ္ဘာသစ်အသက်တာကို အမြဲ မျှော်ပဲ မျှော်နေရမှာ မဟုတ်ဘူး။ ‘ကမ္ဘာသစ်မှာ ငါ အသက်ရှင်နေတယ်’ လို့ ပြောနိုင်တဲ့ နေ့ရက်တွေ ရောက်လာမယ်။ သားတော်ကို အသေခံစေတဲ့အထိသာ ကျွန်တော်တို့ကို ယေဟောဝါ မချစ်ရင် ဒီကောင်းချီးတွေ ရနိုင်မှာ မဟုတ်ဘူး။
ဘုရားရေးရာ ရတနာ
ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
၁၀ ယေဟောဝါ ဘယ်လို ထောက်မမယ်ဆိုတာ မသိတာ ဘာအကျိုးရှိသလဲ။ နှိမ့်ချမှု၊ ကျိုးနွံမှု စတဲ့ အရည်အသွေးကောင်းတွေ ကျွန်တော်တို့မှာ ရှိလာတယ်။ ယေဟောဝါရဲ့ အကြံအစည်၊ လမ်းစဉ်ဟာ ကျွန်တော်တို့ရဲ့ အကြံအစည်၊ လမ်းစဉ်ထက် မြင့်မားတယ်ဆိုတာ သဘောပေါက်လာတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ကိစ္စရပ်တွေကို ယေဟောဝါ အကောင်းဆုံး ကိုင်တွယ်သွားမယ်ဆိုတာ အကြွင်းမဲ့ စိတ်ချလာတယ်။ အမှုဆောင် ဒါမှမဟုတ် အဖွဲ့အစည်း စီမံကိန်းမှာ ရလဒ်ကောင်းတွေ ရတဲ့အခါ ယေဟောဝါကိုပဲ ကျွန်တော်တို့ ချီးမွမ်းကြတယ်။ (ဆာ. ၁၂၇:၁။ ၁ ကော. ၃:၇) မျှော်လင့်ထားသလို ဖြစ်မလာတဲ့အချိန်တွေမှာ ကိစ္စရပ်အားလုံး ယေဟောဝါလက်ထဲမှာ ရှိတယ်၊ ကျွန်တော်တို့ကို တည်မြဲတဲ့ ငြိမ်သက်မှု ပေးမယ်ဆိုတာ သတိရကြတယ်။ (ဟေရှာ. ၂၆:၃) ကိုယ်လုပ်နိုင်တာ လုပ်ပြီး ကျန်တာ ယေဟောဝါဆီ စိတ်ချလက်ချ အပ်ထားကြတယ်။ ရှေးအချိန်ကလို အံ့ဖွယ်နည်းနဲ့ လမ်းမညွှန်ရင်တောင် လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ယေဟောဝါ ပေးမယ်ဆိုတာ ယုံကြည်ကြတယ်။—တ. ၁၆:၆-၁၀။
ဇန်နဝါရီ ၂၆–ဖေဖော်ဝါရီ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၂၈-၂၉
ယေဟောဝါကို နှုတ်နဲ့ရော စိတ်နှလုံးနဲ့ပါ ရိုသေပါ
ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
၂၃ ယုဒနိုင်ငံ၏ ဘာသာရေး ခေါင်းဆောင်များက မိမိတို့သည် ဝိညာဉ်ရေးတွင် ပညာသတိရှိသူဟု ဆိုကြသော်လည်း သူတို့သည် ယေဟောဝါကို စွန့်ပစ်ခဲ့ကြသည်။ သူတို့သည် အမှားအမှန်နှင့်ပတ်သက်၍ မှားယွင်းသော ကိုယ်ပိုင်အယူအဆများကို သွန်သင်ပေးကြပြီး မိမိတို့၏ ယုံကြည်ခြင်း ကင်းမဲ့မှုနှင့် စာရိတ္တ ယိုယွင်းသည့် အပြုအမူများကို ခုခံကာကွယ်ကြကာ သူတို့၏ ဦးဆောင်မှုသည် လူများအား ဘုရားသခင့် မျက်နှာသာ မရစေပါ။ “အံ့သြဖွယ်သောအမှု”—ကိုယ်တော်၏ “ထူးခြားသော အမှုတော်”—အားဖြင့် ယေဟောဝါသည် သူတို့၏ အရေခြုံမှုအတွက် စာရင်းလာရှင်းဖို့ ဆင့်ခေါ်မည်။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ ငါကို သူတို့ ကြောက်ရွံ့ရိုသေခြင်းကား အချည်းနှီးတည်း။ လူတို့ စီရင်သော ပညတ်များကို အာဂုံဆောင်ခြင်းသာ ဖြစ်၏။ ထိုကြောင့် အံ့သြဖွယ်သော အမှုကို ဤလူမျိုးတွင် တစ်ဖန် ငါပြုဦးမည်။ သူတို့ အံ့သြမှိုင်တွေအောင် ငါပြု၍ သူတို့ပညာရှိတို့၏ ပညာသည် ပျက်စီးလျက် ဉာဏ်ကောင်းသူတို့၏ ဉာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။” (ဟေရှာယ ၂၉:၁၃၊ ၁၄၊ သမ္မာ) ယေဟောဝါသည် ဗာဗုလုန် ကမ္ဘာ့အင်ပါယာအားဖြင့် အယူဖောက်ပြန်သော ဘာသာရေးစနစ်တစ်ခုလုံးကို သုတ်သင်ပယ်ရှင်းရန်အတွက် စနစ်တကျ လုပ်ဆောင်သည့်အခါ ယုဒ၏ ကိုယ့်နည်းကိုယ့်ဟန် ဉာဏ်ပညာနှင့် သိနားလည်မှုတို့သည် ပျက်စီးသွားမည်။ ပထမရာစုရှိ ဂျူးခေါင်းဆောင်များသည် မိမိတို့ကိုယ့်နည်းကိုယ့်ဟန် ဉာဏ်ပညာဖြင့် ဦးဆောင်ပြီး လူမျိုးတော်ကို လမ်းလွဲစေခဲ့ပြီးနောက် ထိုကဲ့သို့သော အခြေအနေမျိုးနှင့်ပင် ကြုံတွေ့ခဲ့ရသည်။ ကျွန်ုပ်တို့ခေတ်ရှိ ခရစ်ယာန်ဘောင်သည်လည်း ၎င်းနှင့် ဆင်တူသည့်အရာနှင့် တွေ့ကြုံရမည်။—မဿဲ ၁၅:၈၊ ၉; ရောမ ၁၁:၈။
ဖြောင့်မတ်သူကို ဘာကမှ တိုက်မိလဲအောင် မလုပ်နိုင်
၇ မိမိခေတ်မှာရှိတဲ့ အယောင်ဆောင် ဘာသာရေး ထုံးစံတွေကို ယေရှု သတ္တိရှိရှိ ပြစ်တင်ရှုတ်ချတယ်။ ဥပမာ၊ မိဘကို ပြုစုစောင့်ရှောက်တဲ့ ကိစ္စထက် လက်ဆေးတဲ့ ကိစ္စကို ပိုရေးကြီးခွင့်ကျယ် လုပ်တဲ့ ဖာရိရှဲတွေရဲ့ အယောင်ဆောင်မှုကို ဖော်ထုတ်တယ်။ (မ. ၁၅:၁-၁၁) ယေရှုစကားကြောင့် တပည့်တွေ အံ့ဩသွားပြီး “သခင် ပြောတဲ့ စကားကြောင့် ဖာရိရှဲတွေ စိတ်ခုသွားတာကို သိပါသလား” လို့ မေးတဲ့အခါ ယေရှုက “ကောင်းကင်အဖ မစိုက်ပျိုးတဲ့ အပင်အားလုံးဟာ အနုတ်ခံရမှာပဲ။ သူတို့ကို ရှိပါစေ။ သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲ ကျသွားမယ်” လို့ ဖြေတယ်။ (မ. ၁၅:၁၂-၁၄) ဘာသာရေး ခေါင်းဆောင်တွေ ဒေါသထွက်မှာ ကြောက်ပြီး ယေရှု အမှန်အတိုင်း မပြောဘဲ မနေဘူး။
ပုံဆောင်တဲတော်မှာ ထာဝစဉ် တည်းခိုပါ
၈ “ဟုတ်တိုင်းမှန်ရာ ပြော” သူဟာ ဘုရားပညတ်တွေကို လူရှေ့ဆိုရင်တော့ နာခံပြီး လူကွယ်ရာဆိုရင် ချိုးဖောက်တာမျိုး မလုပ်ဘူး။ (ဟေရှာ. ၂၉:၁၃) မစဉ်းလဲဘူး။ စဉ်းလဲသူဟာ ဘုရားပညတ်တွေ အမြဲကော အကျိုးရှိရဲ့လားဆိုပြီး သံသယ ဝင်လာနိုင်တယ်။ (ယာ. ၁:၅-၈) သိပ်အရေးမပါပုံရတဲ့ ကိစ္စတွေဆိုရင် ဘုရားပညတ်တွေကို နာခံမနေတော့ဘူး။ မနာခံပေမဲ့ ဆိုးကျိုး မခံရပုံပေါက်လို့ ဘုရားပညတ်တွေ ချိုးဖောက်ဖို့ ပိုအတင့်ရဲလာနိုင်တယ်။ သူ့ဝတ်ပြုမှုလည်း အရေခြုံဝတ်ပြုမှု ဖြစ်လာနိုင်တယ်။ (ဒေ. ၈:၁၁) ကျွန်တော်တို့ကတော့ အရာရာမှာ ရိုးသားချင်ကြပါတယ်။
ဘုရားရေးရာ ရတနာ
ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
၁၉ သို့သော် ယခု ယေဟောဝါသည် အဘယ်အရာနှင့်ပတ်သက်၍ မိန့်တော်မူသနည်း။ “အရေလမြို့၊ ဒါဝိဒ်မင်း နေသော အရေလမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပေါ်မှာ တစ်နှစ် ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့် ခံကြလော့။ သို့ရာတွင် အရေလမြို့ကို ငါဆင်းရဲစေ၍ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်း ရှိသော်လည်း အရေလမြို့ [“သည် ဘုရားသခင်၏ ပူဇော်ရာပလ္လင်မီးဖို၊” ကဘ] ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၂၉:၁၊ ၂) “အရေလမြို့” သည် “ဘုရားသခင်၏ ပူဇော်ရာပလ္လင်မီးဖို” ဟူ၍ အဓိပ္ပာယ် ရှိနိုင်ပြီး ဤနေရာတွင် ၎င်းသည် ယေရုရှလင်မြို့ကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ ထိုနေရာတွင် ယဇ်ပူဇော်ရာ ယဇ်ပလ္လင်နှင့်အတူ ဗိမာန်တော် တည်ရှိသည်။ ဂျူးများသည် ထိုနေရာတွင် ပွဲတော်များ ကျင်းပခြင်း၊ ယဇ်ပူဇော်ခြင်း ထုံးစံဓလေ့ကို လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့၏ ဝတ်ပြုရေးကို ယေဟောဝါ မနှစ်သက်ပါ။ (ဟောရှေ ၆:၆) ယင်းအစား ထိုမြို့ကိုယ်တိုင်သည် ခြားနားသော အဓိပ္ပာယ်ဖြင့် “ပူဇော်ရာပလ္လင်မီးဖို” ဖြစ်ရမည်ဟု ကိုယ်တော် မိန့်တော်မူ၏။ ယဇ်ပလ္လင်တစ်ခုကဲ့သို့ ၎င်းသည် သွေးချောင်းစီးကာ မီးကျွမ်းလောင်ခံရမည် ဖြစ်သည်။ ယေဟောဝါက မည်သို့ ဖြစ်မည်ကိုပင် ဤသို့ ဖော်ပြ၏– “ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့် ဝိုင်းထား၍ မြေကတုတ်များကိုလည်း တူးလုပ်မည်။ သင်သည် နှိမ့်ချခြင်းကို ခံ၍ မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့်မည်။ သင် ပြောသောအသံသည် နတ်ဝင်သူ ပြောသံကဲ့သို့ မြေထဲက ထွက်၍ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုး မြွက်ဆိုရလိမ့်မည်။” (ဟေရှာယ ၂၉:၃၊ ၄) ဗာဗုလုန်စစ်တပ်က မြို့တော်ကို ဝိုင်းရံဖျက်ဆီးပြီး ဗိမာန်တော်ကို မီးရှို့သည့် ဘီ.စီ.အီး. ၆၀၇ တွင် ယုဒနှင့် ယေရုရှလင်၌ ထိုသို့ ပြည့်စုံခဲ့သည်။ ယေရုရှလင်မြို့သည် ယင်းကို တည်ဆောက်ထားသည့် မြေပြင်ညီတမျှတိုင် နှိမ့်ချဖြိုဖျက်ခံရသည်။
ဖေဖော်ဝါရီ ၂-၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၃၀-၃၂
ယေဟောဝါရဲ့ အတောင်တော်အောက်မှာ ခိုလှုံပါ
ယေဟောဝါသည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်
၇ ကျွန်ုပ်တို့၏ခိုလှုံရာအဖြစ် ယေဟောဝါရှိထားသည်ဖြစ်ရာ ဤစကားများမှ ကျွန်ုပ်တို့ နှစ်သိမ့်မှုရယူကြသည်– “အတောင်တော်အမွေးနှင့် ဖုံးအုပ်တော်မူ၍ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာနေရလိမ့်မည်။ [စစ်မှန်ခြင်း] သည် သင်၏ဒိုင်းလွှား [“နှင့်မြေကတုတ်၊” ကဘ] ဖြစ်လိမ့်မည်။” (ဆာလံ ၉၁:၄) မိဘငှက်တစ်ကောင်သည် မိမိ၏သားငယ်များအပေါ် ပျံဝဲလျက် ကာကွယ်ပေးသကဲ့သို့ ကျွန်ုပ်တို့ကို ယေဟောဝါ ကာကွယ်ပေးတော်မူ၏။ (ဟေရှာယ ၃၁:၅) ‘ကိုယ်တော်၏ အတောင်တော်အမွေးနှင့် ကျွန်ုပ်တို့ကို ဖုံးအုပ်တော်မူ၏။’ အများအားဖြင့် ငှက်တစ်ကောင်၏ “အမွေး” များသည် ယင်း၏အတောင်များဖြစ်သည်။ ၎င်းတို့ဖြင့် ငှက်သည် မိမိ၏သားငယ်များကို သားစားကောင်များမှ ဖုံးအုပ်ကာကွယ်ပေးသည်။ ကျွန်ုပ်တို့သည် အပျံသင်စငှက်ငယ်များကဲ့သို့ ယေဟောဝါ၏ စစ်မှန်သောခရစ်ယာန်အဖွဲ့အစည်း၌ ခိုလှုံနေကြသောကြောင့် ကိုယ်တော်၏ ပုံဆောင်အတောင်တော်အောက်၌ လုံခြုံနေကြသည်။—ရုသ ၂:၁၂; ဆာလံ ၅:၁၊ ၁၁။
ခက်ခဲတဲ့ ကာလမှာ သင့်ကို ယေဟောဝါ ကူညီမယ်
၁၃ လုပ်ဆောင်နိုင်ရာ။ တစ်သီးပုဂ္ဂလ နေချင်စိတ်ကို တိုက်ထုတ်ပါ။ တစ်သီးပုဂ္ဂလ နေတဲ့အခါ အမြင် ကျဉ်းလာမယ်။ ကိုယ့်အကြောင်း၊ ကိုယ့်ပြဿနာအကြောင်းပဲ တွေးမိလာမယ်။ အဲဒီလိုချည်း တွေးရင် ကောင်းကောင်း ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ (ပညာ. ၁၈:၁) စိတ်ဒဏ်ရာ ရတဲ့အခါ တစ်ယောက်တည်း နားအေးပါးအေးနေဖို့ အချိန်လိုတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်သီးပုဂ္ဂလနေတာ ကြာလာရင် ထောက်မပေးဖို့ ယေဟောဝါ သုံးသူတွေကို တွန်းထုတ်ရာ ရောက်သွားမယ်။ ဒါကြောင့် မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေဆီက အကူအညီ လက်ခံပါ။ ကိုယ့်ကို ထောက်မပေးဖို့ ယေဟောဝါ သုံးနေသူတွေလို့ မြင်ပါ။—ပညာ. ၁၇:၁၇။ ဟေရှာ. ၃၂:၁၊ ၂။
သင့်ကို ယေဟောဝါ ဘယ်လို “ခွန်အား ရှိစေ” မလဲ
၁၉ မျှော်လင့်ချက်ကို ဘယ်လို ခိုင်မာစေနိုင်မလဲ။ သင်ဟာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူဆိုရင် ပရဒိသုအကြောင်း ကျမ်းစာဖော်ပြချက်တွေ ဖတ်ရှု၊ တွေးတောပါ။ (ဟေရှာ. ၂၅:၈။ ၃၂:၁၆-၁၈) ကမ္ဘာသစ် အသက်တာကို မြင်ယောင်ကြည့်ပါ။ ကမ္ဘာသစ်မှာ ရောက်နေပြီး ဘယ်သူနဲ့ တွေ့တယ်၊ ဘာအသံတွေ ကြားတယ်၊ ဘယ်လို ခံစားရတယ်ဆိုတာ စိတ်ကူးကြည့်ပါ။ ရုပ်လုံးပေါ်လာဖို့ အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ ရုပ်ပုံတွေ ကြည့်ပါ။ ကမ္ဘာသစ် မြင်ကွင်း၊ လက်တစ်ကမ်းမှာ၊ မြင်ယောင်နေပါ စတဲ့ တေးဗီဒီယိုတွေ ကြည့်ပါ။ ကမ္ဘာသစ် မျှော်လင့်ချက်သာ စိတ်ထဲ စွဲနေရင် အခု ကြုံရတဲ့ အခက်အခဲတွေဟာ “ခဏတာ” ဖြစ်ပြီး “ပေါ့ပါး” တယ်လို့ ခံစားရမယ်။ (၂ ကော. ၄:၁၇) ဘုရားပေး မျှော်လင့်ချက်က အခက်အခဲတွေ ခံရပ်ဖို့ တကယ်ပဲ ကူညီပေးတယ်။
ဘုရားရေးရာ ရတနာ
နှစ်ခြင်းခံဖို့ ပြင်ဆင်နိုင်ပုံ
၁၁ “မဟာသွန်သင်ရှင်” လို့ မိမိကိုယ်မိမိ ယေဟောဝါ ခေါ်ဆိုတယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ယေဟောဝါဟာ စိတ်ရှည်၊ ကြင်နာပြီး နားလည်ပေးတတ်တဲ့ သွန်သင်ရှင် ဖြစ်တယ်။ သင်သားတွေရဲ့ ကောင်းကွက်ကို ရှာတယ်။ (ဆာ. ၁၃၀:၃) လုပ်နိုင်တာထက် ပိုလုပ်ဖို့ ဘယ်တော့မှ မတောင်းဆိုဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို ဖန်ဆင်းထားတာ ယေဟောဝါဆိုတာ သတိရပါ။ (ဆာ. ၁၃၉:၁၄) ကျွန်တော်တို့ကို လေ့လာသင်ယူချင်စိတ် ထည့်သွင်းဖန်ဆင်းပေးထားတယ်။ ထာဝစဉ် လေ့လာသင်ယူစေချင်တယ်။ လေ့လာသင်ယူရတာ ပျော်မွေ့စေချင်တယ်။ ဒါကြောင့် ကျမ်းစာ အမှန်တရားကို “အငမ်းမရ လိုချင်တဲ့ စိတ် ရှိ” အောင် အခုကတည်းက လုပ်ထားသင့်တယ်။ (၁ ပေ. ၂:၂) လက်လှမ်းမီတဲ့ ပန်းတိုင်တွေ ချပါ။ ကျမ်းစာ မှန်မှန် ဖတ်ရှုလေ့လာပါ။ (ယရ. ၁:၈) ယေဟောဝါရဲ့ အကူအညီကြောင့် ဘုရားအကြောင်း ဖတ်ရှု၊ လေ့လာရတာ ပိုပျော်လာပါလိမ့်မယ်။
ဖေဖော်ဝါရီ ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၃၃-၃၅
“ဘုရားသခင်ဟာ မင်းတို့ရဲ့ ခေတ်ကာလကို တည်ငြိမ်အေးချမ်းစေတဲ့အရှင်ပဲ”
ခက်ခဲတဲ့ ကာလမှာ သင့်ကို ယေဟောဝါ ကူညီမယ်
၇ အခက်အခဲ။ အခက်အခဲ ကြုံရချိန် ခါတိုင်းလို တွေးဖို့၊ ခံစားဖို့၊ လုပ်ဖို့ ခက်နိုင်တယ်။ မုန်တိုင်းဒဏ် ခံနေရတဲ့ သင်္ဘောဟာ လှိုင်းတစ်လုံးနဲ့ တစ်လုံးကြား လူးခါသွားသလိုပဲ စိတ်ခံစားချက် တစ်ခုနဲ့ တစ်ခုကြား ဟန်ချက် ပျက်သွားနိုင်တယ်။ လူးဝစ္စ ဆုံးပြီးနောက် စိတ်အခြေအနေ သောင်းပြောင်းထွေလာ ဖြစ်နေတယ်လို့ အန်နာ ပြောတယ်။ “ဟာတာတာ ဖြစ်မိတယ်။ ကိုယ့်ကိုယ်ကိုယ် သနားမိတယ်။ တစ်ခါတလေကျတော့ သူ ထားသွားရကောင်းလားဆိုပြီး ဒေါသထွက်နေပြန်ကော” လို့ ပြောတယ်။ လူးဝစ္စ ရှိတုန်းက တာဝန်ယူပေးနေကျ ကိစ္စတွေ အခု ကိုယ်တိုင် တာဝန်ယူရတော့ အန်နာ စိတ်ရှုပ်လာတယ်။ ပခုံးတစ်ဖက် ပြုတ်သွားသလို၊ တစ်ခါတလေ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲ ရောက်နေသလို ခံစားရတယ်။ ကျွန်တော်တို့ စိတ်မွန်းကြပ်လာတဲ့အခါ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။
၈ ယေဟောဝါ ကူညီပေးပုံ။ တည်ငြိမ်စေတယ်။ (ဟေရှာယ ၃၃:၆ ကို ဖတ်ပါ။) မုန်တိုင်းမိတဲ့အခါ ကြောက်စရာ ကောင်းလောက်အောင် သင်္ဘော လူးလာနိုင်တယ်။ ဒါပေမဲ့ သင်္ဘောအောက် တစ်ဖက်တစ်ချက်မှာ ထိုးထွက်နေတဲ့ ဆူးတောင်တွေ ရှိတယ်။ အဲဒီဆူးတောင်တွေက သင်္ဘော တအား လူးခါမနေအောင် ထိန်းပေးတယ်။ ခရီးသည်တွေကို ဘေးကင်းစေတယ်။ ခံသာစေတယ်။ ဒါပေမဲ့ သင်္ဘော ရှေ့ကို ဆက်ခုတ်မောင်းမှ ဆူးတောင်တွေ ကောင်းကောင်း အလုပ်လုပ်မှာ။ အဲဒီလိုပဲ အခက်အခဲ ကြုံနေရပေမဲ့ သစ္စာရှိရှိ ရှေ့ကို ဆက်လျှောက်လှမ်းရင် တည်ငြိမ်အောင် ယေဟောဝါ ကူညီပေးမယ်။
စမ်းသပ်မှု ကြုံရတဲ့အခါ ဝမ်းမြောက်နေနိုင်ပုံ
၁၀ ဖြေရှင်းနည်း– ယေဟောဝါဆီ ဉာဏ်ပညာ တောင်းခံပါ။ စမ်းသပ်မှုတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ဆိုရင် ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာကို ယေဟောဝါဆီ တောင်းခံရမယ်။ (ယာကုပ် ၁:၅ ကိုဖတ်ပါ။) ဆုတောင်းချက်တွေကို ယေဟောဝါ ချက်ချင်း အဖြေမပေးဘူးလို့ ခံစားရရင် ဘာလုပ်သင့်သလဲ။ “တောင်းမြဲ တောင်း” သင့်တယ်လို့ ယာကုပ် ပြောတယ်။ ဉာဏ်ပညာ ရဖို့ ကျွန်တော်တို့ မပြတ် တောင်းခံနေတာကို ယေဟောဝါ စိတ်မပျက်ဘူး။ မကဲ့ရဲ့ဘူး။ “ရက်ရက်ရောရော ပေး” တယ်။ (ဆာ. ၂၅:၁၂၊ ၁၃) ကျွန်တော်တို့ ကြုံနေရတဲ့ စမ်းသပ်မှုတွေကို သိတယ်။ ကိုယ်ချင်းစာတယ်။ ကူညီပေးချင်စိတ် ပြင်းပြတယ်။ ဒါဟာ ကျွန်တော်တို့ ဝမ်းမြောက်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဒါဆိုရင် ယေဟောဝါ ဘယ်လိုနည်းနဲ့ ဉာဏ်ပညာ ပေးသလဲ။
၁၁ ယေဟောဝါက ကျမ်းစာကတစ်ဆင့် ဉာဏ်ပညာ ပေးတယ်။ (ပညာ. ၂:၆) အဲဒီဉာဏ်ပညာ ရဖို့ ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေ လေ့လာရမယ်။ ဒါပေမဲ့ လေ့လာရုံနဲ့ မပြီးဘူး။ လက်တွေ့ကျင့်ရမယ်။ ‘တရားစကားတော်ကို ကြားရုံ ကြားသူတွေ မဖြစ်ဘဲ လက်တွေ့ကျင့်သုံးသူတွေ ဖြစ်’ ဖို့ ယာကုပ် ပြောတယ်။ (ယာ. ၁:၂၂) ဘုရားရဲ့ အကြံဉာဏ်အတိုင်း လက်တွေ့ကျင့်တဲ့အခါ ကျွန်တော်တို့ သင့်သင့်မြတ်မြတ် နေတတ်လာမယ်။ အကျိုးသင့် အကြောင်းသင့် ရှိလာမယ်။ ကရုဏာနဲ့ ပြည့်စုံလာမယ်။ (ယာ. ၃:၁၇) အဲဒီအရည်အသွေးတွေက ဘယ်စမ်းသပ်မှုကိုမဆို ဝမ်းမြောက်မှု မပျောက်ဆုံးဘဲ ခံရပ်နိုင်ဖို့ ကူညီပေးတယ်။
“မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ”
၂၁ သို့ရာတွင် ဟေရှာယ၏ ပရောဖက်ပြုချက်သည် မျက်မှောက်ခေတ်၌ ပြည့်စုံရန် ရှိသည်။ ယနေ့ ယေဟောဝါ၏ လူမျိုးတော်သည်လည်း ဝိညာဉ်ရေးဘက်တွင် ကုသမှု ခံကြရသည်။ သူတို့သည် မသေနိုင်သော ဝိညာဉ်စိုးလ်၊ သုံးပါးတစ်ဆူ၊ မီးငရဲစသည့် မှောက်မှားသော သွန်သင်ချက်များမှ လွတ်မြောက်ခဲ့ကြသည်။ စာရိတ္တ လမ်းညွှန်မှုကို ရရှိကြပြီး စာရိတ္တ ယိုယွင်းသည့် အကျင့်များမှ လွတ်ကင်းကြကာ ဆုံးဖြတ်ချက်ကောင်းများ ချရန် အကူအညီ ရကြသည်။ ယေရှုခရစ်၏ ရွေးနုတ်ဖိုး ပူဇော်သကာကျေးဇူးကြောင့် ဘုရားသခင့် ရှေ့မှောက်တွင် သန့်ရှင်းသော အနေအထားဖြင့် ရပ်တည်နိုင်ကြပြီး စင်ကြယ်သော သြတ္တပ္ပစိတ်ကို ရရှိခံစားကြရသည်။ (ကောလောသဲ ၁:၁၃၊ ၁၄; ၁ ပေတရု ၂:၂၄; ၁ ယောဟန် ၄:၁၀) ဤဝိညာဉ်ရေးဘက် ကုသမှုသည် ကာယရေးကိုလည်း အကျိုးဖြစ်စေသည်။ ဥပမာ၊ လိင်စာရိတ္တ ယိုယွင်းခြင်းနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ခြင်းဖြင့် ခရစ်ယာန်များသည် လိင်ကြောင့် ကူးစက်တတ်သော ရောဂါများနှင့် ကင်ဆာဝေဒနာ ပုံစံတစ်မျိုးမျိုး ဖြစ်ခြင်းမှ အကာအကွယ် ရကြသည်။—၁ ကောရိန္သု ၆:၁၈; ၂ ကောရိန္သု ၇:၁။
၂၂ ထို့ပြင် ဟေရှာယ ၃၃:၂၄ ပါ စကားများသည် အာမဂေဒုန်ပြီးနောက် ဘုရားသခင့် ကမ္ဘာသစ်တွင် ပို၍ ကြီးကျယ်ခမ်းနားစွာ ပြည့်စုံစရာ ရှိသည်။ မေရှိယနိုင်ငံတော် အုပ်ချုပ်မှုအောက်ရှိ လူသားများသည် ဝိညာဉ်ရေးဘက် ကုသမှုနှင့်အတူ ထူးမြတ်သော ကာယရေး ကုသမှုကို ခံစားရကြမည်။ (ဗျာဒိတ် ၂၁:၃၊ ၄) စာတန့်အစီအစဉ်စနစ် ပျက်စီးပြီးသည်နှင့် မကြာမီအချိန်တွင် ယေရှု မြေကြီးပေါ်ရှိစဉ်ကကဲ့သို့ အံ့ဖွယ်အမှုများသည် ကမ္ဘာချီအတိုင်းအတာဖြင့် ဖြစ်လာမည်မှာ ယုံမှားဖွယ် မရှိချေ။ မျက်စိကန်းသောသူများ ပြန်မြင်လာမည်၊ နားပင်းသူများ ပြန်ကြားရမည်၊ ခြေဆွံ့သူများ လှမ်းလျှောက်ကြမည်! (ဟေရှာယ ၃၅:၅၊ ၆) ကြီးစွာသောဒုက္ခကို ကပ်ကျော်သူအားလုံးသည် မြေကြီးကို ပရဒိသု အခြေအနေ ဖြစ်အောင် လုပ်ဆောင်သည့် မြင့်မြတ်သော လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နိုင်ရန် အလို့ငှာ ထိုသို့ ဖြစ်လာမည်တည်း။
ဘုရားရေးရာ ရတနာ
“သန့်ရှင်းတဲ့ လမ်း” မှာ ဆက်လျှောက်ပါ
၈ ‘ဟိုးအရင်က အဖြစ်အပျက်တွေ ဖတ်ရတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အဓိပ္ပာယ် ရှိကော ရှိပါ့မလား’ လို့ တချို့ တွေးမိနိုင်တယ်။ အဓိပ္ပာယ် ရှိပါတယ်။ “သန့်ရှင်းတဲ့ လမ်း” မှာ ကျွန်တော်တို့ ပုံဆောင်သဘောနဲ့ လျှောက်နေကြလို့ပါ။ ဘိသိက်ခံ ဖြစ်ဖြစ်၊ “တခြားသိုး” ဖြစ်ဖြစ် “သန့်ရှင်းတဲ့ လမ်း” မှာ ဆက်လျှောက်နေကြရမယ်။ ဒီလမ်းပေါ် ဆက်လျှောက်နေတာက အခုကော၊ နိုင်ငံတော် ကောင်းချီးတွေ ရမယ့် အနာဂတ်မှာပါ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ကူညီပေးမှာ ဖြစ်လို့ပဲ။ (ယော. ၁၀:၁၆) အေဒီ ၁၉၁၉ ကစပြီး သန်းနဲ့ချီတဲ့ အမျိုးသား/သမီး၊ ကလေးတွေဟာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ကနေ ထွက်လာပြီး ဒီပုံဆောင်လမ်းမှာ စလျှောက်ကြတယ်။ သင်လည်း ဒီလမ်းမှာ လျှောက်နေမှာပဲ။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်က လမ်း စပွင့်လာပေမဲ့ အဲဒီမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက လမ်းကို အသင့်ပြင်ထားခဲ့တာ။
ဖေဖော်ဝါရီ ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၃၆-၃၇
“ပြောဆိုနေတာကို ကြားရလို့ ကြောက်မနေနဲ့”
it “ဟေဇကိ” အမှတ် ၁ ပိုဒ်. ၁၄
ဟေဇကိ
သနာခရိပ် ဂျေရုဆလင်မှာ ရှုံးနိမ့်။ ဟေဇကိ ထင်ထားတဲ့အတိုင်းပဲ သနာခရိပ်က ဂျေရုဆလင်ကို သိမ်းဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ်။ သနာခရိပ်က သူ့စစ်တပ်နဲ့ ခိုင်ခံ့တဲ့ လာခိရှမြို့ကို သိမ်းပိုက်နေချိန်မှာ ဂျေရုဆလင်ကို အရာရှိကိုယ်စားလှယ်တွေနဲ့ စစ်တပ်တစ်တပ် လွှတ်ပြီး လက်နက်ချဖို့ အမိန့်ပေးတယ်။ ကိုယ်စားလှယ်အုပ်စုကို ဦးဆောင်သူဟာ ဟီဘရူးစကား တတ်ကျွမ်းတဲ့ ရာဗရှာခ (နာမည်မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ ရာထူး) ဖြစ်တယ်။ ရာဗရှာခက ဟေဇကိကို အသံကျယ်ကျယ်နဲ့ လှောင်ပြောင်တယ်။ တခြားနိုင်ငံက ဘုရားတွေဟာ မိမိကို ကိုးကွယ်သူတွေကို အဆီးရီးယားဘုရင် လက်ကနေ မကယ်တင်နိုင်သလို ယေဟောဝါလည်း ဂျေရုဆလင်ကို ကယ်တင်နိုင်မှာမဟုတ်ဘူးဆိုပြီး ထိကပါးရိကပါး ပြောတယ်။—၂ဘု ၁၈:၁၃-၃၅။ ၂ရာ ၃၂:၉-၁၅။ ရှာ ၃၆:၂-၂၀။
ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
၁၀ စစ်ရေးဘက်မှ ကြည့်လျှင် မိမိတို့သည် အဖက်ဖက်တွင် သာလွန်သည်ဟု ရာဗရှာခက ဂျူးများကို သတိပေးလေသည်။ သူသည် ထောင်လွှားစွာ ဤသို့ စိန်ခေါ်လိုက်၏– “သင်၌ မြင်းစီးသူရဲ လုံလောက်အောင် ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။” (ဟေရှာယ ၃၆:၈) သို့သော် အမှန်ဆိုရလျှင် ယုဒပြည်တွင် လေ့ကျင့်ထားသော မြင်းစီးသူရဲ နည်းခြင်း၊ များခြင်းသည် အရေးကြီးပါသလော။ အရေးမကြီးပါ၊ ယုဒပြည်၏ လွတ်မြောက်ခြင်းသည် စစ်အင်အား သာလွန်မှုအပေါ် မူမတည်ပါ။ သုတ္တံ ၂၁:၃၁ [သမ္မာ] ၌ ဤသို့ ရှင်းပြထား၏– “စစ်တိုက်ရာ နေ့ရက်ကာလအဖို့ မြင်းများကို ပြင်ဆင်သော်လည်း အောင်မြင်ခြင်းသည် ထာဝရဘုရားနှင့်သာ ဆိုင်သတည်း။” ထို့နောက် ရာဗရှာခက ယေဟောဝါ၏ ကောင်းချီးသည် ဂျူးများနှင့်အတူ မရှိဘဲ အာရှုရိနှင့်အတူ ရှိသည်ဟု အခိုင်အမာ ပြောဆိုသည်။ ဤသို့သာ မရှိခဲ့လျှင် အာရှုရိသည် ယုဒပြည်နယ်များအတွင်းသို့ ဤမျှတိုင် ထိုးဖောက်တိုက်ခိုက်နိုင်မည် မဟုတ်ဟု ခုခံပြောဆို၏။—ဟေရှာယ ၃၆:၉၊ ၁၀။
ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
၁၃ ရာဗရှာခသည် စစ်လက်နက်များအကြောင်း ပြောဆိုနေခြင်းမှ နောက်ထပ်စကားလက်နက်ဘက်သို့ ဆွဲလိုက်သည်။ ဟေဇကိက “ယေဟောဝါသည် ငါတို့ကို ကယ်ယူတော်မူမည်” ဟု ပြောခြင်းကို မယုံကြနှင့်ဟု သူသတိပေးသည်။ ရာဗရှာခက ရှမာရိပြည်၏ ဘုရားများသည် ဆယ်နွယ်နိုင်ငံကို အာရှုရိ၏ တိုက်ခိုက်အနိုင်ယူခြင်းမှ မကာကွယ်ပေးနိုင်ခဲ့ကြောင်း ဂျူးများအား သတိပေးသည်။ အာရှုရိ တိုက်ခိုက်အနိုင်ယူခဲ့သော အခြားတိုင်းပြည်များမှ ဘုရားများကော မည်သို့နည်း။ “ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော” ဟု သူမေးသည်။—ဟေရှာယ ၃၆:၁၈-၂၀။
၁၄ အမှန်မှာ၊ မှောက်မှားသော ဘုရားကိုးကွယ်သူ ရာဗရှာခသည် အယူဖောက်ပြန်သော ရှမာရိနှင့် ဟေဇကိလက်အောက်ရှိ ယေရုရှလင်မြို့အကြား အကြီးအကျယ် ကွဲပြားခြားနားမှု ရှိကြောင်းကို သူသဘောမပေါက်ပါ။ ရှမာရိပြည်၏ မှောက်မှားသော ဘုရားများသည် ဆယ်နွယ်နိုင်ငံကို ကယ်တင်ရန် တန်ခိုးမရှိကြပါ။ (၄ ဓမ္မရာဇဝင် ၁၇:၇၊ ၁၇၊ ၁၈) တစ်ဖက်တွင်မူ ဟေဇကိလက်အောက်ရှိ ယေရုရှလင်မြို့သည် မှောက်မှားသော ဘုရားများကို ကျောခိုင်းစွန့်ခွာကာ ယေဟောဝါအား တစ်ဖန်ဝတ်ပြုကိုးကွယ်နေပြီ ဖြစ်သည်။ သို့သော် ယုဒကိုယ်စားလှယ်များသည် ဤအကြောင်းကို ရာဗရှာခအား ရှင်းပြရန် မကြိုးစားကြပါ။ “ယုဒလူတို့လည်း စကားတစ်ခွန်းကိုမျှ မပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား ‘ပြန်မပြောနှင့်’ ဟု ရှင်ဘုရင် အမိန့်တော် ရှိသတည်း။” (ဟေရှာယ ၃၆:၂၁) ဧလျာကိမ်၊ ရှေဗနနှင့် ယောအာတို့သည် ဟေဇကိထံသို့ ပြန်လာကြပြီး ရာဗရှာခ၏ စကားများကို ပြန်လျှောက်တင်ကြ၏။—ဟေရှာယ ၃၆:၂၂။
ဘုရားရေးရာ ရတနာ
ယေဟောဝါ သင့်ကို ကာကွယ်ပေးပုံ
တန်ခိုးကြီး ကောင်းကင်တမန် များစွာရဲ့ ထောက်မမှုကိုလည်း ကျွန်တော်တို့ ရထားတယ်။ ကောင်းကင်တမန် တစ်ပါးတည်းရဲ့ လုပ်ဆောင်နိုင်စွမ်းကိုပဲ စဉ်းစားကြည့်ပါ။ (ဟေရှာ. ၃၇:၃၆) ကောင်းကင်တမန် တစ်တပ်လုံးဆိုရင် ဘယ်လောက်တောင် အင်အားရှိလိုက်မလဲ။ ယေဟောဝါရဲ့ တန်ခိုးကြီး ကောင်းကင်တမန်တပ်ကို ဘယ်လူသား၊ ဘယ်နတ်ဆိုးမှ မယှဉ်နိုင်ဘူး။ ယေဟောဝါသာ အတူရှိနေရင် ရန်သူအင်အား ဘယ်လောက် များပါစေ ကျွန်တော်တို့ အမြဲ ခွန်အားပိုရှိနေပါလိမ့်မယ်။ (သူကြီး. ၆:၁၆) ဒါကြောင့် အလုပ်ဖော်၊ အတန်းဖော်၊ မယုံကြည်သူ ဆွေမျိုးတွေရဲ့ အပြော၊ လုပ်ရပ်ကြောင့် စိတ်ဓာတ်ကျတဲ့အခါ အဲဒီအချက်တွေကို သတိရပါ။ သင် တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ဘူး။ သင်ဟာ ယေဟောဝါရဲ့ ညွှန်ကြားမှုအောက်မှာ ရှိနေတယ်။
ဖေဖော်ဝါရီ ၂၃–မတ် ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၃၈-၄၀
“ဘုရားက သိုးတော်စုကို သိုးထိန်းတစ်ယောက်လို ဂရုစိုက်လိမ့်မယ်”
အာဘော်ရှင်အကြောင်း ကျမ်းစာ ဖော်ပြရာ
၃ ဟေရှာယ ၄၀:၈ ကို ဖတ်ပါ။ ကျမ်းစာဟာ သစ္စာရှိ အမျိုးသား/သမီးတွေကို ပညာရှိ လမ်းညွှန်ချက်တွေ ပေးလာတာ နှစ်ပေါင်း ထောင်ချီပြီ။ ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်သလဲ။ တကယ်တော့ ကျမ်းစာကို ပျက်စီးလွယ်တဲ့ စာလိပ်တွေပေါ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးခဲ့တာ။ ဒီနေ့ခေတ်မှာ မူရင်းကျမ်း တစ်စောင်မှ မရှိတော့ဘူး။ ဒါပေမဲ့ ကျမ်းစာကို ကူးရေးထားဖို့ ယေဟောဝါ စီစဉ်ခဲ့တယ်။ ကျမ်းကူးသူတွေဟာ မစုံလင်သူတွေ ဖြစ်ပေမဲ့ သိပ်စေ့စပ်သေချာကြတယ်။ ဥပမာ၊ ဟီဘရူး ကျမ်းစောင်တွေနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ယောက်က “ရှေးခေတ် စာပေတွေထဲမှာ ကျမ်းစာလောက် တိကျမှန်ကန်စွာ ကူးရေးထားတဲ့ စာပေ မရှိဘူးဆိုတာ ကျွန်တော်တို့ စိတ်ချတယ်” လို့ ပြောတယ်။ ဒါကြောင့် အချိန်တွေ ကြာသွားပေမဲ့၊ ပျက်စီးလွယ်တဲ့ စာလိပ်ပေါ် ရေးခဲ့ပေမဲ့၊ ကျမ်းကူးသူတွေ မစုံလင်ပေမဲ့ ဒီနေ့ခေတ် ကျမ်းစာမှာ ကျွန်တော်တို့ ဖတ်ရတာတွေဟာ အာဘော်ရှင် ယေဟောဝါရဲ့ အတွေးတွေ ဖြစ်တယ်ဆိုတာ စိတ်ချနိုင်တယ်။
၄ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင် မှန်သမျှဟာ” ယေဟောဝါဆီက ဖြစ်တယ်။ (ယာ. ၁:၁၇) ယေဟောဝါ ပေးထားတဲ့ အကောင်းဆုံး လက်ဆောင် တစ်ခုကတော့ ကျမ်းစာပါ။ ကိုယ့်အကြောင်း၊ ကိုယ့်လိုအပ်ရာအကြောင်း လက်ဆောင်ပေးသူ ဘယ်လောက် သိတယ်ဆိုတာ လက်ဆောင်က ဖော်ပြတယ်။ ကျမ်းစာလက်ဆောင်လည်း အဲဒီလိုပဲ။ ဒီလက်ဆောင်ကို ဆန်းစစ်တဲ့အခါ ယေဟောဝါအကြောင်း အများကြီး သိလာရတယ်။ ကျွန်တော်တို့အကြောင်း၊ ကျွန်တော်တို့ရဲ့ လိုအပ်ရာတွေအကြောင်း ဘုရား ကောင်းကောင်း သိမှန်း နားလည်လာရတယ်။ ဘုရားရဲ့ ဉာဏ်ပညာ၊ တရားမျှတမှု၊ မေတ္တာကို ကျမ်းစာက ဘယ်လို ပေါ်လွင်စေကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ အရင်ဆုံး၊ ကျမ်းစာက ဘုရားရဲ့ ဉာဏ်ပညာကို ဘယ်လို ပေါ်လွင်စေကြောင်း လေ့လာကြစို့။
ကာကွယ်နိုင်စွမ်းတန်ခိုး—“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်”
၇ ယေဟောဝါသည် မိမိကိုယ်တော်တိုင်အား သိုးထိန်းတစ်ပါးနှင့်နှိုင်းယှဉ်ခြင်းဖြင့် ကျွန်ုပ်တို့ကို ကာကွယ်ပေးလိုကြောင်း စိတ်ချစေတော်မူသည်။ (ယေဇကျေလ ၃၄:၁၁-၁၆) ဤစာအုပ်၏ အခန်း ၂ တွင်ဆွေးနွေးထားသော ဟေရှာယ ၄၀:၁၁ ပါ ရုပ်လုံးဖော်ချက်ကို ပြန်အမှတ်ရပါ– “မိမိသိုးစုကို သိုးထိန်းကဲ့သို့ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကိုချီ၍ ပိုက်ပွေ့ [“ရင်ခွင်ထဲတွင်သယ်ဆောင်၊” ကဘ] တော်မူမည်။” သိုးကလေးသည် ပိတ်စတစ်ခုနှင့်တစ်ခုထပ်ထားသော သိုးထိန်း၏ဝတ်ရုံအထက်ပိုင်း “ရင်ခွင်” ထဲသို့ မည်သို့ရောက်သွားသနည်း။ သိုးကလေးသည် သိုးထိန်းထံချဉ်းကပ်၍ သူ၏ခြေထောက်ကို အသာအယာတို့ထိခဲ့ပေမည်။ သို့သော် သိုးထိန်းကိုယ်တိုင် သိုးကလေးကို ကုန်းကောက်ချီကာ သူ၏လုံခြုံသောရင်ခွင်ထဲ ညင်ညင်သာသာ ထည့်သွင်းခဲ့ပေမည်။ ကျွန်ုပ်တို့၏ မဟာသိုးထိန်းရှင်သည် ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်လိုကြောင်း ဖော်ပြသည့် သိမ်မွေ့နူးညံ့သော ရုပ်လုံးဖော်ချက်ပါတကား!
“မောပန်းသူကို ငါခွန်အားပေးမယ်”
၄ ဟေရှာယ ၄၀:၂၆ ကို ဖတ်ပါ။ စကြဝဠာမှာရှိတဲ့ ကြယ်အားလုံးကို ဘယ်သူမှ မရေတွက်နိုင်ဘူး။ နဂါးငွေ့တန်း ဂလက်ဆီတစ်ခုတည်းမှာပဲ ကြယ်ဘီလီယံ ၄၀၀ ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ယူဆကြတယ်။ ဒါပေမဲ့ ကြယ်တစ်လုံးစီကို ယေဟောဝါ နာမည်ပေးထားတယ်။ သင်ခန်းစာက ဘာလဲ။ သက်မဲ့ဖန်ဆင်းရာတွေကိုတောင် ယေဟောဝါ စိတ်ဝင်စားတယ်ဆိုရင် တာဝန်ရှိလို့ မဟုတ်ဘဲ ဘုရားကို ချစ်လို့ အမှုဆောင်နေကြတဲ့ သင်တို့နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (ဆာ. ၁၉:၁၊ ၃၊ ၁၄) မေတ္တာရှင်ဖခင်က သင့်အကြောင်း အသေးစိတ် သိတယ်။ “ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်။” (မ. ၁၀:၃၀) “အပြစ်ပြောစရာမရှိသူတွေ ဘာတွေ ကြုံတွေ့နေရမှန်း ယေဟောဝါ သိတယ်” လို့ ဆာလံဆရာ စိတ်ချစေတယ်။ (ဆာ. ၃၇:၁၈) သင်ရင်ဆိုင်နေရတဲ့ စမ်းသပ်မှုတွေကို ဘုရားသခင် သိတယ်။ စမ်းသပ်မှုတစ်မျိုးစီကို ခံရပ်နိုင်ဖို့လည်း ခွန်အားပေးနိုင်ပါတယ်။
၅ ဟေရှာယ ၄၀:၂၈ ကိုဖတ်ပါ။ ယေဟောဝါဟာ ကြီးမားလှတဲ့စွမ်းအင်ရဲ့ ပင်ရင်း ဖြစ်တယ်။ ဥပမာ၊ နေတစ်ခုတည်းမှာပဲရှိတဲ့ စွမ်းအင်ကို သုံးသပ်ကြည့်ပါ။ သိပ္ပံစာရေးဆရာ ဒေးဗစ် ဘိုဒါနစ် ဒီလိုရေးတယ်– “တစ်စက္ကန့်မှာ နေပေါက်ကွဲအားဟာ [သန်းထောင်နဲ့ချီတဲ့ အဏုမြူ] ဗုံးရဲ့ ပေါက်ကွဲအားနဲ့ ညီမျှတယ်။” “တစ်စက္ကန့်အတွင်း ထုတ်လွှတ်တဲ့ နေစွမ်းအင်ဟာ လူသားတွေအတွက် နှစ်ပေါင်း ၂၀၀,၀၀၀ လုံလောက်တယ်” လို့ သုတေသီ နောက်တစ်ယောက်က တွက်ချက်ထားတယ်။ နေကို “လောင်စာ” ဖြည့်ပေးတဲ့အရှင်က ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းဖို့ ခွန်အားပေးနိုင်တယ် မဟုတ်လား။
၆ ဟေရှာယ ၄၀:၂၉ ကိုဖတ်ပါ။ ယေဟောဝါအတွက် အမှုဆောင်တာက ပျော်ရွှင်မှု များစွာ ခံစားရစေပါတယ်။ တပည့်တွေကို ယေရှု ဒီလိုပြောခဲ့တယ်– “ကျွန်တော့်ထမ်းပိုးကို ထမ်း” ပါ။ “ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။ ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။” (မ. ၁၁:၂၈-၃၀) အဲဒီစကား တကယ်မှန်ပါတယ်။ တစ်ခါတလေ အသင်းတော်အစည်းအဝေး တက်ဖို့၊ အမှုဆောင်မှာ ပါဝင်ဖို့ အိမ်ကနေ ထွက်လာတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ အပြန်မှာ ဘယ်လို ခံစားရသလဲ။ လန်းဆန်းသွားတယ်။ ဘဝအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ပိုအသင့်ဖြစ်နေတယ်။ ယေရှုရဲ့ ထမ်းပိုးဟာ တကယ် ထမ်းလွယ်ပါတယ်။
ဘုရားရေးရာ ရတနာ
“ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့”
၇ ပြန်လည်တည်ထောင်ခြင်း ပရောဖက်ပြုချက်သည် ဘီ.စီ.အီး. ခြောက်ရာစုတွင်သာ ပြည့်စုံခဲ့ခြင်း မဟုတ်ခဲ့ပေ။ စီ.အီး. ပထမရာစုတွင်လည်း ပြည့်စုံခဲ့သည်။ ဟေရှာယ ၄၀:၃ ပြည့်စုံရာတွင် နှစ်ခြင်းဆရာ ယောဟန်သည် “တော၌ ဟစ်ကြော်သောသူ” ၏ အသံ ဖြစ်ခဲ့သည်။ (လုကာ ၃:၁-၆) ဝိညာဉ်တော် လှုံ့ဆော်ခံရ၍ ယောဟန်က ဟေရှာယ၏ စကားများသည် မိမိနှင့် သက်ဆိုင်ကြောင်း ဖော်ပြခဲ့သည်။ (ယောဟန် ၁:၁၉-၂၃) စီ.အီး. ၂၉ မှစ၍ ယောဟန်သည် ယေရှုခရစ်အတွက် လမ်းခရီး စတင် ပြင်ဆင်ပေးခဲ့သည်။ ယောဟန်၏ ရှေ့ပြေးကြွေးကြော်ချက်က လူများအား ကတိထားတော်မူသော မေရှိယကို မျှော်လင့်ရန်နှင့် ကိုယ်တော့်စကားကို နားထောင်ပြီး ကိုယ်တော်နောက် လိုက်ရန် လှုံ့ဆော်ပေးခဲ့သည်။ (လုကာ ၁:၁၃-၁၇၊ ၇၆) ယေရှုအားဖြင့် ယေဟောဝါသည် ဘုရားသခင့် နိုင်ငံတော်တစ်ခုတည်းကသာ လုပ်ဆောင်ပေးနိုင်သည့် အပြစ်နှင့် သေခြင်း အချုပ်အနှောင်မှ လွတ်မြောက်မှုထဲသို့ နောင်တရသူများကို ပို့ဆောင်တော်မူမည်။ (ယောဟန် ၁:၂၉; ၈:၃၂) ဝိညာဏ ဣသရေလလူမျိုး အကြွင်းအကျန်သည် ၁၉၁၉ ခုနှစ်တွင် မဟာဗာဗုလုန်၏ အချုပ်အနှောင်အောက်မှ လွတ်မြောက်ကာ စစ်မှန်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်သည့်အချိန်တွင် ဟေရှာယ၏ စကားများ အကြီးစား ပြည့်စုံခဲ့သည်။