လေ့လာရန် ဆောင်းပါး ၄၈
သီချင်း ၁၂၉ ခံရပ်နေမယ်
ဆင်းရဲခက်ခဲမှုတွေကို ခံရပ်နိုင်ဖို့ ယောဘကျမ်းက ကူညီပေး
“စိတ်ချပါ၊ ဘုရားက ဆိုးညစ်တာကို မလုပ်ဘူး။”—ယောဘ ၃၄:၁၂။
အာရုံစိုက်ရာ
ဆင်းရဲခက်ခဲမှုတွေကို ဘုရား ဘာကြောင့် ခွင့်ပြုထားသလဲ၊ ကျွန်တော်တို့ ဘယ်လို ခံရပ်နိုင်သလဲဆိုတာ ယောဘကျမ်းကနေ သင်ယူကြပါမယ်။
၁-၂။ ယောဘကျမ်းကို ဘာကြောင့် ဖတ်သင့်သလဲ။
အခုတလော ယောဘကျမ်းကို ဖတ်ဖြစ်သလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ လောက်က ရေးခဲ့တဲ့ကျမ်းဖြစ်ပေမဲ့ ကမ္ဘာ့အကောင်းဆုံး စာပေစာရင်းထဲမှာ ပါနေဆဲပဲ။ နားလည်ရလွယ်ပြီး ကျစ်လစ်တဲ့ ရေးဟန်ကြောင့် ယောဘကျမ်းရေးသူကို “လက်ရာမြောက် ကလောင်ရှင်” လို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ ယောဘကျမ်းကို ရေးသားခဲ့သူဟာ မောရှေဖြစ်ပေမဲ့ အာဘော်ရှင်ကတော့ ယေဟောဝါဘုရားသခင်ပါ။—၂ တိ. ၃:၁၆။
၂ ယောဘကျမ်းဟာ အရေးကြီးတဲ့ အကြောင်းအရာတွေပါတဲ့ ကျမ်းတစ်ကျမ်းဖြစ်တယ်။ ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်ရေးကိစ္စအကြောင်း ဖော်ပြထားလို့ပါ။ အဲဒီအရေးကိစ္စမှာ ကောင်းကင်တမန်တွေရော လူသားတွေပါ ပါဝင်ပတ်သက်နေတယ်။ အဲဒီအပြင် မေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာနဲ့ တန်ခိုးလိုမျိုး ယေဟောဝါရဲ့ အရည်အသွေးတွေ အကြောင်းလည်း ပါတယ်။ ဥပမာ၊ ယောဘကျမ်းထဲမှာ ယေဟောဝါဘုရားကို “အနန္တတန်ခိုးရှင်” လို့ ၃၁ ကြိမ် ခေါ်ဆိုထားတယ်။ ဒါက ကျန်တဲ့ကျမ်းစောင်အားလုံးပေါင်းမှာ ခေါ်ဆိုထားတဲ့ အရေအတွက်ထက် ပိုများတယ်။ ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကိုလည်း ယောဘကျမ်းမှာ တွေ့နိုင်တယ်။ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေလည်းပါတယ်။
၃။ ယောဘကျမ်းကို လေ့လာရင် ဘာအကျိုးရနိုင်သလဲ။
၃ ယောဘကျမ်းဖတ်တာကို တောင်တက်တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။ တောင်ထိပ်ရောက်တဲ့အခါ မြင်ကွင်း ပိုရှင်းသွားသလိုပဲ ယောဘကျမ်းကိုဖတ်ရင် ဆင်းရဲဒုက္ခနဲ့ပတ်သက်တဲ့ ဘုရားရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း မြင်လာမယ်။ ယောဘရဲ့ အဖြစ်အပျက်က အစ္စရေးတွေကို ဘယ်လိုအကျိုးပြုခဲ့နိုင်သလဲ၊ ကျွန်တော်တို့အတွက်ကော ဘာအကျိုးရနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။ ယောဘကျမ်းကို သုံးပြီး တခြားသူတွေကို ကူညီပေးနိုင်ပုံအကြောင်းလည်း ဆွေးနွေးသွားပါမယ်။
ယောဘ ဆင်းရဲဒုက္ခကြုံဖို့ ယေဟောဝါ ခွင့်ပြု
၄။ အီဂျစ်ပြည်က အစ္စရေးတွေနဲ့ ယောဘ ဘာကွာသလဲ။
၄ အီဂျစ်ပြည်မှာ အစ္စရေးတွေ ကျွန်ဘဝရောက်နေချိန် ယောဘလို့ခေါ်တဲ့လူတစ်ယောက် ဥဇပြည်မှာ ရှိနေတယ်။ ဥဇပြည်ဆိုတာ ကတိထားရာပြည် အရှေ့ဘက်၊ အာရပ်ပြည်မြောက်ပိုင်းလောက်မှာ ရှိပုံရတယ်။ အီဂျစ်ပြည်မှာရှိတဲ့ အစ္စရေးတချို့ မှောက်မှားတဲ့ ဘုရားတွေကို ကိုးကွယ်လာကြပေမဲ့ ယောဘကတော့ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုတယ်။ (ယရ. ၂၄:၁၄။ ယေဇ. ၂၀:၈) ဒါကြောင့် ယောဘနဲ့ပတ်သက်ပြီး “ကမ္ဘာပေါ်မှာ သူ့လိုလူ တစ်ယောက်မှ မရှိဘူး”a လို့ ယေဟောဝါ ပြောတယ်။ (ယောဘ ၁:၈) ယောဘဟာ ကျိကျိတက် ချမ်းသာပြီး ဂုဏ်အရှိန်အဝါကြီးတယ်။ အရှေ့ပြည်သားတွေထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ (ယောဘ ၁:၃) လူအများလေးစားခံရတဲ့ ယောဘလိုပုဂ္ဂိုလ်မျိုးက ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေတာ စာတန်ကြည့်ပြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေမှာပဲ။
၅။ ယောဘ ဆင်းရဲဒုက္ခကြုံဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုသလဲ။ (ယောဘ ၁:၂၀-၂၂။ ၂:၉၊ ၁၀)
၅ ယောဘသာ ဒုက္ခရောက်ရင် ယေဟောဝါကို စွန့်ပစ်မှာပဲလို့ စာတန် စွပ်စွဲတယ်။ (ယောဘ ၁:၇-၁၁။ ၂:၂-၅) ယောဘကို ယေဟောဝါ သိပ်ချစ်မြတ်နိုးတယ်။ ဒါပေမဲ့ စာတန်ရဲ့ မလိုတမာစွပ်စွဲချက် မှန်မမှန် သက်သေပြဖို့ အခွင့်အရေးပေးလိုက်ရတယ်။ (ယောဘ ၁:၁၂-၁၉။ ၂:၆-၈) ယောဘရဲ့ သိုးနွားတိရစ္ဆာန်အားလုံး ဆုံးရှုံးလိုက်ရတယ်။ သားသမီး ဆယ်ယောက်စလုံး သေဆုံးသွားကြတယ်။ ယောဘကိုယ်တိုင်လည်း ခေါင်းအစ ခြေအဆုံး ဆိုးဝါးတဲ့ အနာစိမ်းတွေ ပေါက်လာတယ်။ ဒုက္ခအကြီးအကျယ် ကြုံရပေမဲ့ ယေဟောဝါအပေါ် ယောဘ ဆက်သစ္စာရှိတယ်။ (ယောဘ ၁:၂၀-၂၂။ ၂:၉၊ ၁၀ ကို ဖတ်ပါ။) နောက်တော့ ယေဟောဝါရဲ့ အကူအညီနဲ့ ယောဘ ပြန်ကျန်းမာလာတယ်။ အရင်တုန်းကလို ကြွယ်ဝလာပြီး လူတွေရဲ့လေးစားမှု ပြန်ရတယ်။ သားသမီးဆယ်ယောက် ထပ်ရတယ်။ ယေဟောဝါက ယောဘကို နောက်ထပ် နှစ်ပေါင်း ၁၄၀ အသက်ရှင်စေတယ်။ သားသမီးမြေးမြစ်တွေရပြီး မျိုးဆက်လေးဆက်ကို မြင်ရတယ်။ (ယောဘ ၄၂:၁၀-၁၃၊ ၁၆) ဒီမှတ်တမ်းက အတိတ်က ဘုရားကျေးကျွန်တွေကို ဘယ်လိုအကျိုးပြုခဲ့နိုင်သလဲ။ ကျွန်တော်တို့အတွက်ကော ဘယ်လိုအကျိုးပြုနိုင်သလဲ။
၆။ ယောဘကျမ်းမှတ်တမ်းက အစ္စရေးတွေအတွက် ဘယ်လို အကျိုးပြုခဲ့နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၆ အစ္စရေးတွေ အကျိုးရခဲ့နိုင်ပုံ။ အီဂျစ်ပြည်မှာ အစ္စရေးတွေရဲ့ ဘဝဟာ မလွယ်လှဘူး။ ဥပမာ၊ ယောရှုနဲ့ ကာလက်ဟာ ငယ်ဘဝကို ကျွန်တွေအဖြစ် ဖြတ်သန်းခဲ့ရတယ်။ မိမိတို့အမှား မပါဘဲ နှစ်ပေါင်း ၄၀ လုံးလုံး တောကန္တာရထဲ လှည့်လည် သွားလာခဲ့ရတယ်။ ယောဘကြုံခဲ့ရတာတွေ၊ နောက်ပိုင်း ဘုရားကောင်းချီးခံစားခဲ့ရတာတွေကို အစ္စရေးတွေသာ သိရင် ဆင်းရဲခက်ခဲမှုတွေကို ဖြစ်ပေါ်စေသူဟာ စာတန်ဖြစ်တယ်၊ ယေဟောဝါမဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့မှာပဲ။ ဆင်းရဲခက်ခဲမှုတွေကြုံဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုခဲ့တယ်၊ သစ္စာရှိတဲ့သူတွေကို ဆုချတယ်ဆိုတာကိုလည်း နားလည်ခဲ့မှာပဲ။
အီဂျစ်ပြည်မှာ ကျွန်ဘဝရောက်နေတဲ့ အစ္စရေးတွေဟာ နောက်ပိုင်းမှာ ယောဘအကြောင်း သိလာကြမှာဖြစ်၊ သူတို့တွေ ယောဘအဖြစ်ကနေ သင်ယူနိုင် (စာပိုဒ် ၆ ကို ကြည့်ပါ)
၇-၈။ ဒုက္ခရောက်နေသူတွေကို ယောဘကျမ်းက ဘယ်လို ကူညီပေးနိုင်သလဲ။ တွေ့ကြုံမှု ပြောပြပါ။
၇ ကျွန်တော်တို့ အကျိုးရနိုင်ပုံ။ အခုအချိန်မှာလည်း လူကောင်းတွေ ဘာကြောင့် အခက်အခဲကြုံနေရသလဲဆိုတာ လူတွေ မသိကြဘူး။ ဒါကြောင့် ဘုရားရှိတယ်၊ လူတွေကို ဂရုစိုက်တယ်ဆိုတာ မယုံကြတော့ဘူး။ ရဝမ်ဒါနိုင်ငံက ဟေဇယ်bအကြောင်း စဉ်းစားကြည့်ပါ။ ငယ်ငယ်တုန်းကတော့ ဘုရားကို ယုံတယ်။ နောက်ပိုင်း မိဘတွေ ကွာရှင်းပြတ်စဲလိုက်ကြပြီး အမေက နောက်အိမ်ထောင်ပြုလိုက်လို့ ပထွေး နှိပ်စက်တဲ့ဒဏ် ခံရတယ်။ ဆယ်ကျော်သက်အရွယ်မှာ အမျိုးသားတစ်ယောက်ရဲ့ လိင်ပိုင်း မတရားပြုကျင့်တာ ခံရတယ်။ နှစ်သိမ့်မှု ရလိုရငြား သူဝတ်ပြုနေကျနေရာကို သွားပေမဲ့ မျှော်လင့်ထားသလို ဖြစ်မလာဘူး။ ဒါနဲ့ “ဘုရားသခင်၊ ကျွန်မ ကောင်းတာတွေ ကြိုးစားလုပ်နေပေမဲ့ အဖြစ်ဆိုးတွေနဲ့ပဲ ဘာလို့ ကြုံနေရတာလဲ။ ဘုရားကို ကျွန်မ မယုံတော့ဘူး။ စိတ်ကြိုက်ပဲ နေတော့မယ်” လို့ ဘုရားကို သူပြောလိုက်တယ်။ ဒုက္ခတွေ ကြုံရတာ ဘုရားကြောင့်လို့ ဟေဇယ်လို ထင်နေကြသူတွေကို တွေ့ရတာ ဝမ်းနည်းစရာပါပဲ။
၈ ဒုက္ခတွေ ကြုံရတာဟာ ဘုရားကြောင့်မဟုတ်ဘဲ စာတန်ကြောင့်ဆိုတာ ယောဘကျမ်းကနေ ကျွန်တော်တို့ သိထားကြတယ်။ ဒါပေမဲ့ ဒုက္ခတွေကြုံရတိုင်း ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ရတာလို့ တထစ်ချပြောလို့ မရပြန်ဘူး။ “လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်” တယ်လို့ ကျမ်းစာဆိုတယ်။ (ဒေ. ၉:၁၁။ ယောဘ ၄:၁၊ ၈) အခက်အခဲတွေကြား ဘုရားအပေါ် ဆက်သစ္စာရှိနေရင် စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေထူလိုက်တာပါပဲ။ (ယောဘ ၂:၃။ ပညာ. ၂၇:၁၁) ဟေဇယ် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာရင်း ဘာသိလာသလဲ။ သူကြုံခဲ့ရတဲ့ ဒုက္ခတွေဟာ ဘုရားကြောင့်မဟုတ်မှန်း သိလာတယ်။ “အခုတော့ ကျွန်မရဲ့ ခံစားချက်တွေကို ဘုရားဆီ ပြန်ရင်ဖွင့်နိုင်ပြီ။ ဘုရားကို မယုံဘူးလို့ ပြောခဲ့မိပေမဲ့ တကယ်မယုံတာတော့ မဟုတ်ပါဘူး။ ဘုရားအကြောင်း အမှန်အတိုင်း မသိခဲ့လို့ပါ။ ယေဟောဝါ ကျွန်မကို ချစ်တယ်ဆိုတာ နားလည်သွားပါပြီ။ ဒါကြောင့် ကျွန်မ သိပ်ပျော်တယ်” လို့ သူပြောတယ်။ ဆင်းရဲဒုက္ခတွေကို ဘုရား ဘာကြောင့်ခွင့်ပြုထားသလဲ ကျွန်တော်တို့ သိခွင့်ရထားတာ ကျေးဇူးတင်စရာပါပဲ။ အခက်အခဲတွေ ကြုံနေရချိန်မှာ ဘယ်လို ခံနိုင်ရည်ရှိစေကြောင်း ယောဘကျမ်းကနေ ဆက်လေ့လာကြရအောင်။
ယောဘကျမ်းက ခံနိုင်ရည်ရှိစေ
၉။ ယောဘ အခြေအနေကို ပြောပြပါ။ (ယာကုပ် ၅:၁၁)
၉ တစ်ကိုယ်လုံး အနာစိမ်းတွေပေါက်ပြီး နာနာကျင်ကျင်နဲ့ ပြာထဲထိုင်နေတဲ့ ယောဘအဖြစ်ကို မြင်ယောင်ကြည့်ပါ။ အနာကြောင့် အသားအရေ ညိုမည်းနေပြီး လူလည်း ပိန်ချုံးနေတယ်။ အားအင်တွေ ကုန်ခန်းပြီး အနာကို အိုးခြမ်းပဲ့နဲ့ ခြစ်နေရင်း စိတ်ပျက်လက်ပျက် ဖြစ်နေရှာတယ်။ တကယ်တော့ ယောဘဟာ အသက်ရှင်ရုံလေး မဟုတ်ဘဲ ခံနိုင်ရည် တင်ပြနေတာ။ (ယာကုပ် ၅:၁၁ ကို ဖတ်ပါ။) ဘာက ယောဘကို ခံနိုင်ရည် ရှိစေတာလဲ။
၁၀။ ယောဘနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး ဘယ်လိုရှိသလဲ။ ရှင်းပြပါ။
၁၀ ယောဘဟာ ခံစားချက်တွေကို ဘုရားဆီ ရင်ဖွင့်တယ်။ (ယောဘ ၁၀:၁၊ ၂။ ၁၆:၂၀) ဥပမာ၊ သူကြုံရတဲ့ အဖြစ်ဆိုးတွေကြောင့် ထွက်ပေါ်လာတဲ့ ခံစားချက်တွေကို အခန်းကြီး ၃ မှာ တွေ့ရတယ်။ ဒုက္ခကြုံရတာ ဘုရားကြောင့်လို့ သူထင်ခဲ့တာ။ မိတ်ဆွေ သုံးဦး ရောက်လာပြီး ယောဘအပြစ်ရှိလို့ ဘုရား ဒဏ်ခတ်တာလို့ အထပ်ထပ်ပြောကြတယ်။ ယောဘကလည်း ဘုရားအပေါ် သစ္စာမပျက်ခဲ့ကြောင်း အခိုင်အမာ ချေပပြောဆိုတယ်။ ဘုရားသခင်ထက် သူ ပိုဖြောင့်မတ်တယ်လို့ ပြောတဲ့အထိတောင် ဖြစ်ခဲ့တာ။ (ယောဘ ၁၀:၁-၃။ ၃၂:၁၊ ၂။ ၃၅:၁၊ ၂) မိမိ ဖြောင့်မတ်ကြောင်း သက်သေပြချင်လွန်းလို့ “မဆင်မခြင် ပြောလိုက်မိတာ” လို့ နောက်ပိုင်း ယောဘ ဝန်ခံတယ်။ (ယောဘ ၆:၃၊ ၂၆) အခန်းကြီး ၃၁ အရ မိမိ အပြစ်မရှိကြောင်းကို ထုတ်ဖော်ပြောပေးဖို့တောင် ဘုရားကို တောင်းဆိုလိုက်သေးတယ်။ (ယောဘ ၃၁:၃၅) တကယ်ဆိုရင် ယောဘ အဲဒီလို မတောင်းဆိုသင့်ဘူး။
၁၁။ ယောဘကို ယေဟောဝါ ဘယ်လို တည့်မတ်ပေးသလဲ။
၁၁ ယောဘ အပူတပြင်းတောင်းဆိုတာကို ကြည့်ရင် ဘုရားနဲ့သူ့ဆက်ဆံရေး ဘယ်လောက်ခိုင်မာတယ်ဆိုတာ သိနိုင်တယ်။ ဘုရားက သူ့ရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုမယ်ဆိုတာ စိတ်ချကြောင်းလည်း ဖော်ပြတယ်။ ယေဟောဝါက လေမုန်တိုင်းထဲကနေ ယောဘကို စကားပြောတယ်။ ယောဘ ဒုက္ခကြုံရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ် မပြောဘူး။ ယောဘရဲ့ မကျေနပ်ချက်တွေ၊ သူဖြောင့်မတ်ကြောင်း ပြောတာတွေကိုလည်း အပြစ်မတင်ဘူး။ ဖခင်တစ်ယောက်လို ယောဘကို ကြင်ကြင်နာနာ တည့်မတ်ပေးတယ်။ တကယ်မေတ္တာပါတဲ့ ပဲ့ပြင်ပေးမှုပါပဲ။ (ယောဘ ၃၁:၆။ ၄၀:၄၊ ၅။ ၄၂:၁-၆) ဒီမှတ်တမ်းကနေ အတိတ်က ဘုရားကျေးကျွန်တွေ ဘာအကျိုးရခဲ့နိုင်သလဲ။ ကျွန်တော်တို့ကော ဘာအကျိုးရနိုင်သလဲ။
၁၂။ ယောဘအဖြစ်ကနေ အစ္စရေးတွေ ဘာအကျိုးရခဲ့နိုင်သလဲ။
၁၂ အစ္စရေးတွေ အကျိုးရခဲ့နိုင်ပုံ။ ယောဘ အဖြစ်အပျက်ကနေ အစ္စရေးတွေ သင်ခန်းစာ ရခဲ့နိုင်တယ်။ မောရှေအကြောင်း စဉ်းစားကြည့်ပါ။ အစ္စရေးလူမျိုးကို ဦးဆောင်ရတာ မလွယ်ဘူး။ ယေဟောဝါကို သူတို့ အကြိမ်ကြိမ် ပုန်ကန်ကြလို့ မောရှေ စိတ်ပျက်ရတယ်။ ယေဟောဝါကို ဆန့်ကျင်ကြတဲ့ အစ္စရေးတွေလို မဟုတ်ဘဲ မောရှေကတော့ ယေဟောဝါဆီ သူ့ခံစားချက်တွေကို ဆုတောင်းပြောပြတယ်။ (ထွ. ၁၆:၆-၈။ တော. ၁၁:၁၀-၁၄။ ၁၄:၁-၄၊ ၁၁။ ၁၆:၄၁၊ ၄၉။ ၁၇:၅) မောရှေ တည့်မတ်ခံရချိန်တုန်းကလည်း ယောဘရဲ့အဖြစ်က အထောက်အကူပြုခဲ့မှာပဲ။ အစ္စရေးတွေ တောကန္တာရထဲ လှည့်လည်သွားလာတာ အနှစ် ၄၀ ပြည့်ချိန်မှာ ကာဒေရှအရပ်ကို ရောက်လာတယ်။ အဲဒီနေရာမှာ မောရှေဟာ အစ္စရေးတွေကို ဒေါသထွက်ပြီး “မဆင်မခြင် ပြောမိ” တဲ့အပြင် ယေဟောဝါကိုလည်း ဂုဏ်တင်ဖို့ ပျက်ကွက်ခဲ့တယ်။ (ဆာ. ၁၀၆:၃၂၊ ၃၃) ဒါနဲ့ မောရှေ ကတိထားရာပြည်ကို ဝင်ခွင့်မရတော့ဘူး။ (တရား. ၃၂:၅၀-၅၂) မောရှေအတွက် စိတ်ထိခိုက်စရာဖြစ်ပေမဲ့ ဆုံးမတာကို နှိမ့်ချမှုရှိရှိ လက်ခံတယ်။ နောင်လာမယ့် အစ္စရေးမျိုးဆက်တွေလည်း အခက်အခဲကို ခံနိုင်ရည်ရှိဖို့၊ သူတို့ခံစားရတဲ့အတိုင်း ယေဟောဝါကို ပြောပြဖို့၊ ယေဟောဝါထက် ပိုဖြောင့်မတ်တယ်လို့ မထင်မိဖို့ ယောဘဆီကနေ သင်ခန်းစာ ရခဲ့မှာပဲ။ ယေဟောဝါ ပဲ့ပြင်ပေးတာကို နှိမ့်ချမှုရှိရှိ လက်ခံတတ်ဖို့လည်း သင်ယူခဲ့ရမှာ။
၁၃။ ယောဘကျမ်းက ကျွန်တော်တို့ကို ခံနိုင်ရည် ဘယ်လိုရှိစေသလဲ။ (ဟီဘရူး ၁၀:၃၆)
၁၃ ကျွန်တော်တို့ အကျိုးရနိုင်ပုံ။ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့လည်း ခံနိုင်ရည်ရှိဖို့ လိုတယ်။ (ဟီဘရူး ၁၀:၃၆ ကို ဖတ်ပါ။) ညီအစ်ကို/မတချို့ ကျန်းမာရေးပြဿနာ၊ မိသားစုပြဿနာ၊ ချစ်ရသူဆုံးရှုံးရတဲ့ ဝေဒနာ ဒါမှမဟုတ် တခြား ဆိုးရွားတဲ့ပြဿနာတွေ ကြုံနေရတယ်။ အဲဒီကြားက တခြားသူတွေရဲ့ အပြောအဆို၊ လုပ်ရပ်တွေကြောင့် အခြေအနေ ပိုဆိုးသွားတတ်တယ်။ (ပညာ. ၁၂:၁၈) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ယေဟောဝါဆီ အိတ်သွန်ဖာမှောက် ရင်ဖွင့်နိုင်တယ်။ ဘုရားနားထောင်ပေးမယ်ဆိုတာ ယောဘကျမ်းက စိတ်ချစေတယ်။ (၁ ယော. ၅:၁၄) ယောဘလို ကျွန်တော်တို့ရဲ့ခံစားချက်တွေ ပြင်းထန်လာလို့ “မဆင်မခြင် ပြောမိ” ရင်တောင် ယေဟောဝါ ဗွေမယူဘူး။ ခံရပ်နိုင်အောင် အစွမ်းခွန်အားနဲ့ ဉာဏ်ပညာ ဘုရားပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (၂ ရာ. ၁၆:၉။ ယာ. ၁:၅) ယောဘကို တည့်မတ်ပေးခဲ့သလို ကျွန်တော်တို့ကိုလည်း လိုအပ်ရင် တည့်မတ်ပေးမယ်။ ယေဟောဝါက ကျမ်းစာ၊ အဖွဲ့အစည်းနဲ့ ရင့်ကျက်တဲ့ ညီအစ်ကို/မတွေကတစ်ဆင့် ကျွန်တော်တို့ကို အကြံပေးတည့်မတ်လာနိုင်တယ်။ ယေဟောဝါ တည့်မတ်ပေးတဲ့အခါ ခံနိုင်ရည်ရှိဖို့ လိုကြောင်း ယောဘအဖြစ်ကနေ သိရတယ်။ (ဟီ. ၁၂:၅-၇) တည့်မတ်ပေးတာကို ယောဘလို နှိမ့်ချမှုရှိရှိ လက်ခံရင် ကျွန်တော်တို့လည်း ကောင်းချီးခံစားရမယ်။ (၂ ကော. ၁၃:၁၁) ယောဘကျမ်းကနေ ရရှိတဲ့ သိပ်ကောင်းတဲ့ သင်ခန်းစာတွေပါပဲ။ တခြားသူတွေကိုကော ဘယ်လိုကူညီပေးနိုင်သလဲ သုံးသပ်ကြည့်ရအောင်။
ယောဘကျမ်းကို သုံးပြီး တခြားသူတွေကို ကူညီပေးနိုင်
၁၄။ လူကောင်းတွေ အဖြစ်ဆိုး ကြုံနေရတဲ့ အကြောင်းရင်းကို ဘယ်လိုရှင်းပြနိုင်သလဲ။
၁၄ လူကောင်းတွေ ဘာကြောင့် အဖြစ်ဆိုးကြုံနေရသလဲလို့ မေးတဲ့သူနဲ့ အမှုဆောင်မှာ ကြုံဖူးသလား။ ဘယ်လို အဖြေပေးခဲ့သလဲ။ ဧဒင်မှာ ဖြစ်ပျက်ခဲ့ရာကို ကျမ်းစာသုံးပြီး ရှင်းပြခဲ့မှာပဲ။ ပထမလူသားမောင်နှံ ဘုရားကို ပုန်ကန်အောင် လိမ်လည်ပြောဆိုခဲ့တဲ့ စာတန်အကြောင်းကနေ စခဲ့နိုင်တယ်။ (က. ၃:၁-၆) အာဒံနဲ့ဧဝရဲ့ ပုန်ကန်မှုကြောင့် ဆင်းရဲဒုက္ခနဲ့ သေခြင်း လူ့လောကထဲ ဝင်လာတဲ့အကြောင်း ပြောပြတာ ဖြစ်နိုင်တယ်။ (ရော. ၅:၁၂) စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေပြဖို့ ဘုရား အချိန်ပေးလိုက်ကြောင်း၊ အနာဂတ်မှာ ဆင်းရဲဒုက္ခတွေ ပပျောက်ပြီး လူတွေ ထာဝစဉ် အသက်ရှင်ရမှာဖြစ်ကြောင်း ရှင်းပြခဲ့တာဖြစ်မယ်။ (ဗျာ. ၂၁:၃၊ ၄) လူကောင်းတွေ အဖြစ်ဆိုး ကြုံနေရတဲ့ အကြောင်းရင်းကို ဒီလို ရှင်းပြပေးတာ ထိရောက်ပါတယ်။
၁၅။ လူကောင်းတွေ အဖြစ်ဆိုးကြုံရတဲ့ အကြောင်းရင်း မေးလာသူကို ယောဘကျမ်းသုံးပြီး ဘယ်လို ရှင်းပြမလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၁၅ ယောဘအကြောင်း သုံးပြီးလည်း လူကောင်းတွေ အဖြစ်ဆိုး ကြုံရတဲ့အကြောင်းရင်းကို ရှင်းပြနိုင်ပါတယ်။ အရင်ဆုံး မေးခွန်းမေးတဲ့အတွက် ချီးမွမ်းပေးနိုင်တယ်။ အဲဒီနောက် လူကောင်းတစ်ယောက်ဖြစ်တဲ့ ယောဘ အဖြစ်ဆိုး ကြုံခဲ့ရကြောင်း၊ အဖြစ်ဆိုး ကြုံရတာ ဘုရားကြောင့်လို့ ယောဘ ထင်ခဲ့ကြောင်း ရှင်းပြနိုင်တယ်။ (ယောဘ ၇:၁၇-၂၁) ဒီလိုမေးခွန်းမေးတာ သူတစ်ယောက်ထဲ မဟုတ်မှန်း သိသွားရင် ပိုစိတ်ဝင်စားသွားမှာ။ ယောဘအဖြစ်က ဘုရားလုပ်လို့မဟုတ်ဘဲ စာတန်ကြောင့်ဖြစ်တယ်ဆိုတာ ကျမ်းစာသုံးပြီး ပြောပြပါ။ လူတွေ ဘုရားကို ဝတ်ပြုတယ်ဆိုတာ အကျိုးရလို့၊ ဒုက္ခရောက်ရင် ဘုရားကို စွန့်ပစ်မယ်လို့ မာရ်နတ် စွပ်စွဲခဲ့တာ။ အခက်အခဲရှိပေမဲ့ မိမိအပေါ်သစ္စာရှိမယ့်သူတွေရှိတယ်ဆိုတာ ဘုရားယုံတယ်။ ဒါကြောင့် စာတန် မှားကြောင်း သက်သေပြဖို့ အချိန်ပေးရတဲ့အကြောင်း၊ ဆက်သစ္စာရှိလို့ နောက်ပိုင်းမှာ ယောဘကို ဘုရားကောင်းချီးပေးတဲ့အကြောင်း ရှင်းပြနိုင်တယ်။ အခက်အခဲ ကြုံရတာ ယေဟောဝါကြောင့် မဟုတ်ဘူးဆိုတာကို ပြောပြရင်း နှစ်သိမ့်အားပေးနိုင်တယ်။
အဖြစ်ဆိုးတွေ ကြုံရတာ ဘုရားကြောင့်မဟုတ်မှန်း တခြားသူတွေ သိလာအောင် ယောဘကျမ်းကို သုံးပြီး ဘယ်လိုကူညီပေးနိုင်သလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)
၁၆။ ယောဘကျမ်းကနေ အကူအညီရခဲ့သူအကြောင်း တွေ့ကြုံမှု ပြောပြပါ။
၁၆ ၂၀၂၁ ခုနှစ်လောက်မှာ ညီအစ်မတစ်ယောက် ဖုန်းဆက် သက်သေခံတယ်။ ပထမဆုံး ဖုန်းကိုင်တဲ့သူရဲ့နာမည်က မာရီယိုလို့ ခေါ်တယ်။ ညီအစ်မက ကျမ်းချက်တစ်ချက် ဖတ်ပြတယ်။ ဘုရားက ဆုတောင်းချက်တွေကို နားထောင်ပေးတဲ့အပြင် သိပ်ကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်ကတိလည်း ပေးထားကြောင်း ရှင်းပြတယ်။ ဘယ်လိုထင်သလဲလို့ ညီအစ်မ မေးတဲ့အခါ မာရီယိုက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခါနီး မိသားစုကို နှုတ်ဆက်စာရေးနေတာဖြစ်ကြောင်း ပြောပြတယ်။ “ကျွန်တော် ဘုရားကိုတော့ ယုံပါတယ်။ ဒါပေမဲ့ ဘုရား ကျွန်တော့်ကို ဂရုမစိုက်ဘူး” လို့ မာရီယို ပြောတယ်။ ဒုတိယအကြိမ် ဖုန်းပြောတော့ ယောဘ အဖြစ်ဆိုးကြုံရတဲ့အကြောင်း အတူ ဆွေးနွေးဖြစ်ကြတယ်။ ဒါနဲ့ မာရီယိုက ယောဘကျမ်းကို ဖတ်ချင်တဲ့အကြောင်း ပြောလာတယ်။ ညီအစ်မက ကမ္ဘာသစ်ဘာသာပြန်ကျမ်း လင့်ခ် ပို့ပေးတယ်။ မိမိကို ဂရုစိုက်တဲ့မေတ္တာရှင် ဘုရားအကြောင်း လေ့လာချင်လို့ မာရီယို ကျမ်းစာသင်အံမှု လက်ခံလိုက်တယ်။
၁၇။ ယောဘကျမ်းကနေ ဘာတွေ သိခဲ့ကြပြီလဲ။ (ယောဘ ၃၄:၁၂)
၁၇ ဆင်းရဲဒုက္ခ ကြုံနေရသူ အပါအဝင် လူတွေရဲ့ဘဝကို ကျမ်းစာက ပြောင်းလဲပေးနိုင်စွမ်းရှိမှန်း သိခဲ့ကြပြီ။ (ဟီ. ၄:၁၂) ယောဘအကြောင်း ကျမ်းစာမှာ ယေဟောဝါ ထည့်သွင်းဖော်ပြပေးထားတာ ကျေးဇူးတင်စရာပါပဲ။ (ယောဘ ၁၉:၂၃၊ ၂၄) “ဘုရားက ဆိုးညစ်တာကို မလုပ်” မှန်း ယောဘကျမ်းကနေ သိရတယ်။ (ယောဘ ၃၄:၁၂ ကို ဖတ်ပါ။) ဆင်းရဲဒုက္ခတွေကို ဘုရား ဘာကြောင့် ခွင့်ပြုထားရသလဲ၊ ဘယ်လိုခံရပ်နိုင်သလဲဆိုတာကိုလည်း သိခဲ့ရပြီ။ အဖြစ်ဆိုး ကြုံနေရသူတွေကိုလည်း ယောဘအကြောင်း ပြောပြီး နှစ်သိမ့်ပေးနိုင်ကြတယ်။ နောက်ဆောင်းပါးမှာ တခြားသူတွေကို ထိထိရောက်ရောက် အကြံပေးနိုင်ပုံအကြောင်း ယောဘကျမ်းကနေ ဘာသင်ယူနိုင်တယ်ဆိုတာ ဆွေးနွေးသွားပါမယ်။
သီချင်း ၁၅၆ ယုံကြည်ခြင်းအစွမ်း
a ယောဘဟာ သစ္စာရှိသူ ယောသပ် (ဘီစီ ၁၆၅၇) သေဆုံးချိန်နဲ့ အစ္စရေးခေါင်းဆောင်အဖြစ် မောရှေ မခန့်အပ်ခံရခင် (ဘီစီ ၁၅၁၄) အချိန်အတွင်း အသက်ရှင်ခဲ့ပုံရတယ်။ ယောဘအကြောင်း ယေဟောဝါနဲ့ စာတန် အပြန်အလှန် ပြောဆိုကြတာ၊ ယောဘ ဒုက္ခကြုံရတာ အဲဒီအချိန်အတောအတွင်း ဖြစ်နိုင်တယ်။
b အမည်လွှဲများ။