ဆီအဲရာလီယွန်နိုင်ငံနဲ့ ဂီနီနိုင်ငံ
လွန်ခဲ့တဲ့အနှစ် ၅၀၀ ကျော်လောက်က ဆီအဲရာလီယွန်မြစ်ဝမှာ လဲမှို့ပင်တစ်ပင် ပေါက်ပြီး ကြီးလာတယ်။ နှစ်ပေါင်း ၃၀၀ အတွင်းမှာ လဲမှို့ပင် ကြီးထွားလာတာနဲ့အတူ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုလည်း ဖြစ်ပျက်ခဲ့တယ်။ ရက်စက်တဲ့ ကျွန်ကုန်သည်တွေဟာ ယောက်ျား၊ မိန်းမ၊ ကလေး ၁၅၀,၀၀၀ နီးပါးကို တခြားနိုင်ငံက ကျွန်ဈေးတွေမှာ ရောင်းဖို့ သင်္ဘောနဲ့တင်ပို့ခဲ့ကြတယ်။
ဖရီးတောင်းမြို့က သမိုင်းဝင်လဲမှို့ပင်
၁၇၉၂၊ မတ် ၁၁ ရက်နေ့မှာ အမေရိကန်ကျွန်ဘဝကနေ လွတ်မြောက်လာတဲ့ ရာနဲ့ချီတဲ့သူတွေဟာ လဲမှို့ပင်အောက်မှာစုဝေးပြီး နေရင်းပြည် အာဖရိကကို ပြန်ရတဲ့အခမ်းအနားကို ကျင်းပခဲ့ကြတယ်။ သူတို့အရမ်းမျှော်လင့်ခဲ့တဲ့ လွတ်လပ်မှုအထိမ်းအမှတ်အနေနဲ့ ဖရီးတောင်းမြို့ကိုတည်ပြီး အခြေချခဲ့ကြတယ်။ ကျွန်ဘဝကနေ လွတ်မြောက်လာသူတွေ တဖွဲဖွဲရောက်လာကြပြီး အဲဒီမှာအခြေချနေထိုင်တဲ့ အာဖရိကလူမျိုးစု ၁၀၀ ကျော်သွားတယ်။ အဲဒီလူတွေအတွက် လဲမှို့ပင်ကြီးက လွတ်လပ်မှုနဲ့ မျှော်လင့်ခြင်းအထိမ်းအမှတ် ဖြစ်လာတယ်။
အနှစ် ၁၀၀ နီးပါးအတွင်းမှာ ဆီအဲရာလီယွန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့အိမ်နီးချင်းတွေကို အဲဒီထက် သာလွန်ထူးမြတ်တဲ့ လွတ်လပ်ကို မျှော်လင့်နိုင်တယ်လို့ နှစ်သိမ့်ပေးနေကြတယ်၊ အဲဒီလွတ်လပ်မှုက “ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေ” ပါပဲ။ (ရော. ၈:၂၁) အဲဒီလွတ်လပ်မှုက ဘုရားသခင့်မေရှိယနိုင်ငံတော်ဟာ မြေကြီးပေါ်မှာ ငြိမ်သက်အေးချမ်းတဲ့ ပရဒိသုအခြေအနေမျိုး ဖြစ်စေတဲ့အခါ လူတွေဟာ အပြစ်နဲ့သေခြင်းရဲ့ ကျွန်ဘဝကနေ လွတ်လပ်သွားမှာကို ဆိုလိုတယ်။—ဟေရှာ. ၉:၆၊ ၇; ၁၁:၆-၉။
လွန်ခဲ့တဲ့အနှစ် ၅၀ ကျော်က ယေဟောဝါသက်သေတွေရဲ့ ဆီအဲရာလီယွန် ဌာနခွဲရုံးဟာ ဂီနီနိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းကိုလည်း ကြီးကြပ်ခဲ့တယ်။ အဲဒီအိမ်နီးချင်းနိုင်ငံဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ ခံစားခဲ့ရတယ်၊ အဲဒါက အဲဒီနိုင်ငံသားတွေကို ကျမ်းစာမှာပါတဲ့ အားရှိစရာသတင်းတရားကို လက်ခံဖို့ တွန်းအားဖြစ်စေခဲ့တယ်။
ဆီအဲရာလီယွန်နဲ့ ဂီနီနိုင်ငံက ယေဟောဝါသက်သေတွေဟာ သတင်းကောင်းဟောပြောရာမှာ အခက်အခဲတွေအများကြီး ရင်ဆိုင်ခဲ့ရတယ်။ အဲဒီအထဲမှာ ဆင်းရဲနွမ်းပါးတာ၊ စာမတတ်တာ၊ အမြစ်စွဲနေတဲ့ ဓလေ့ထုံးစံတွေ၊ လူမျိုးစုကွဲပြားတာနဲ့ ထိတ်လန့်စရာအကြမ်းဖက်မှုတွေ ပါဝင်တယ်။ ဆက်ဖတ်ရမယ့်အကြောင်းအရာတွေက အဲဒီမှာရှိတဲ့ သစ္စာရှိ ယေဟောဝါကျေးကျွန်တွေရဲ့ မယိမ်းယိုင်တဲ့ယုံကြည်ခြင်းနဲ့ ဆည်းကပ်ဝတ်ပြုမှုကို အထင်အရှားဖော်ပြတယ်။ သူတို့ရဲ့အကြောင်းတွေက သင်တို့ရဲ့စိတ်နှလုံးကို ထိမိပြီး ‘မျှော်လင့်ခြင်းရဲ့အရှင် ဘုရားသခင်’ အပေါ် သင်တို့ရဲ့ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေမယ်လို့ ယုံကြည်ပါတယ်။—ရော. ၁၅:၁၃။