ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၁၇
  • လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူမှုမီဒီယာက ငါ့အချိန်ကို ဘယ်လိုထိခိုက်နေသလဲ
  • လူမှုမီဒီယာက ငါ့အိပ်ချိန်ကို ဘယ်လိုထိခိုက်နေသလဲ
  • လူမှုမီဒီယာက ငါ့စိတ်ကို ဘယ်လို ထိခိုက်နေသလဲ
  • သားသမီးနဲ့ လူမှုမီဒီယာ—အပိုင်း ၁။ ကလေးတွေကို လူမှုမီဒီယာ ပေးသုံးသင့်သလား
    မိသားစုအတွက် အကူအညီ
  • မိဘတွေ လူမှုမီဒီယာ ပေးမသုံးရင်ကော
    လူငယ်များအမေး
  • သားသမီးနဲ့ လူမှုမီဒီယာ​—အပိုင်း ၂။ ဆယ်ကျော်သက် သားသမီးတွေ လူမှုမီဒီယာကို အန္တရာယ်ကင်းကင်း သုံးတတ်အောင် သင်ပေးပါ
    မိသားစုအတွက် အကူအညီ
  • ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက လူငယ်လေးတွေအပေါ် လူမှုမီဒီယာရဲ့ဆိုးကျိုးကို သတိပေး—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၁၇
ဆယ်ကျော်သက်မိန်းကလေး သူ့ဖုန်းကိုကြည့်နေ။ စိတ်ခံစားမှုပြသင်္ကေတ အမျိုးမျိုး သူ့ပတ်လည်မှာ ဝိုင်းရံနေ။

လူငယ်များအမေး

လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ

လူမှုမီဒီယာသုံးဖို့ မိဘတွေ ခွင့်ပြုသလား။ ခွင့်ပြုတယ်ဆိုရင် ဒီဆောင်းပါးက သင့်ဘဝရဲ့အရေးကြီးကဏ္ဍသုံးခုကို အထောက်အကူပြုပါလိမ့်မယ်။

ဒီဆောင်းပါးမှာ

  • လူမှုမီဒီယာက ငါ့အချိန်ကို ဘယ်လိုထိခိုက်နေသလဲ

  • လူမှုမီဒီယာက ငါ့အိပ်ချိန်ကို ဘယ်လိုထိခိုက်နေသလဲ

  • လူမှုမီဒီယာက ငါ့စိတ်ကို ဘယ်လိုထိခိုက်နေသလဲ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

လူမှုမီဒီယာက ငါ့အချိန်ကို ဘယ်လိုထိခိုက်နေသလဲ

လူမှုမီဒီယာကို သုံးတာက ကဆုန်ပေါက်နေတဲ့မြင်းကို စီးတာနဲ့တူတယ်။ သူတို့ကို ထိန်းချုပ်ရင်ထိန်းချုပ်၊ မထိန်းချုပ်ရင် သူတို့က ကိုယ့်ကို ထိန်းချုပ်လိမ့်မယ်။

“လူမှုမီဒီယာက စွဲတယ်။ အချိန်လည်း အများကြီးကုန်တယ်။ ခဏလောက်ပဲဆိုပြီး ကြည့်လိုက်တာ နာရီနဲ့ချီ ကြာသွားရော။”—ဂျိုအန်နာ။

သင်သိပါသလား။ အဲဒီလိုစွဲလန်းအောင်ကို လူမှုမီဒီယာကို တီထွင်ထားကြတာ။ ဆိုက်တစ်ခု နာမည်ပိုကြီးလေ လူကြည့်ပိုများလေ ကြော်ငြာခပိုရလေဆိုတာ လူမှုမီဒီယာ တီထွင်သူတွေ သိကြတယ်။

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘လူမှုမီဒီယာကြည့်ပြီး ဖုန်းပွတ်နေတာနဲ့တင် အချိန်တွေ ကုန်ကုန်သွားသလား။ အဲဒီအချိန်တွေကို ပိုအကျိုးရှိတာတွေလုပ်ဖို့ သုံးနိုင်မလား။’

လုပ်ဆောင်နိုင်ရာ။ လူမှုမီဒီယာကို အချိန်ဘယ်လောက်ပဲ သုံးမယ်ဆိုပြီး ဆုံးဖြတ်ထားပါ။ သတ်မှတ်ထားချိန်ထက် ပိုမသုံးပါနဲ့။

ဆယ်ကျော်သက်ကောင်လေးကို နေ့ခင်းမှာ မတူညီတဲ့ပုံစံနဲ့မြင်ရပုံ။ ၁။ နားကြပ်တပ်၊ အိပ်ရာထဲ လှဲပြီး ဖုန်းထဲ အာရုံနစ်မြုပ်နေ။ ၂။ သူငယ်ချင်းတွေနဲ့ အပြင်မှာ ပျော်ရွှင်စွာ ဘတ်စကတ်ဘော ကစားနေ။

လူမှုမီဒီယာ သုံးတဲ့အချိန်ကို ကန့်သတ်ပါ

“ဖုန်းထဲမှာ အက်ပ်တချို့ကို သတ်မှတ်ထားချိန်ထက် ပိုကြည့်လို့မရအောင် လုပ်ထားလိုက်တယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်လိုက်တော့ လူမှုမီဒီယာမှာ အချိန်အများကြီး မဖြုန်းဖြစ်တော့ဘူး။”—တီနာ။

ကျမ်းစာအခြေခံမူ။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၆။

လူမှုမီဒီယာက ငါ့အိပ်ချိန်ကို ဘယ်လိုထိခိုက်နေသလဲ

ဆယ်ကျော်သက်တွေဟာ တစ်ညကို အနည်းဆုံး ရှစ်နာရီ အိပ်ဖို့လိုတယ်လို့ ပညာရှင်အများစု ဆိုကြတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်တွေရဲ့ အိပ်ချိန် ပိုပိုနည်းလာတယ်။ အကြောင်းရင်းတစ်ခုက လူမှုမီဒီယာကြောင့် ဖြစ်နိုင်တယ်။

“မအိပ်ခင် တစ်ချက်လောက် ဖုန်းစစ်ကြည့်မယ်ဆိုပြီး ကိုင်လိုက်ရာကနေ တင်ထားတဲ့ပုံတွေ လိုက်ကြည့်ရင်း နာရီနဲ့ချီ အချိန်ကုန်သွားရော။ အဲဒီအကျင့်ဆိုးကို ကျွန်မ ကြိုးစားဖြတ်နေပါတယ်။”—မာရီယာ။

သင်သိပါသလား။ အိပ်ရေးမဝရင် စိုးရိမ်ပူပန်ပြီး စိတ်ဓာတ်ကျနိုင်တယ်။ နေလို့ထိုင်လို့ မကောင်းရတဲ့၊ မပျော်ရွှင်နိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုက အိပ်ရေးမဝတာကြောင့်ဖြစ်တယ်၊ အိပ်ရေးပျက်တာ များလာရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာကြီးကြီးမားမားတွေ ဖြစ်လာနိုင်တယ်ဆိုပြီး စိတ်ပညာ ပါမောက္ခ ဂျင်း အမ်တွမ် ပြောတယ်။a

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘တစ်ည အိပ်ချိန် ဘယ်လောက်ရှိသလဲ။’ ‘အိပ်ရာဝင်ဖို့ နားနားနေနေ နေရမယ့်အချိန်မှာ ဖုန်းပွတ်ပြီး လူမှုမီဒီယာ သုံးနေသလား။’

လုပ်ဆောင်နိုင်ရာ။ ညဘက်မှာ အီလက်ထရွန်နစ် ကိရိယာတွေကို အိပ်ခန်းထဲ မထားပါနဲ့။ ဖြစ်နိုင်ရင် အိပ်ရာမဝင်ခင် နှစ်နာရီလောက်ကတည်းက မကြည့်ပါနဲ့။ မနက်အိပ်ရာထဖို့ နှိုးစက်လိုတယ်ဆိုရင်လည်း ဖုန်း၊ တက်ဘလက်ထဲက မဟုတ်တဲ့ နှိုးစက်ကို သုံးကြည့်ပါ။

ဆယ်ကျော်သက်ကောင်မလေးကို မနက်ခင်းမှာ မတူညီတဲ့ပုံစံနဲ့မြင်ရပုံ။ ၁။ နိုးလာပေမဲ့ အိပ်ရာပေါ် ငူငူငိုင်ငိုင် ထိုင်နေ။ ၂။ လန်းလန်းဆန်းဆန်း နိုးလာပြီးနောက် အိပ်ရာပေါ်မှာ လက်တွေကို အကြောဆန့်နေ။

အိပ်ရာမဝင်ခင် နာရီအနည်းငယ်အလိုကတည်းက လူမှုမီဒီယာ မသုံးပါနဲ့

“တစ်ခါတလေ ညနက်တဲ့အထိ ဖုန်းသုံးဖြစ်တယ်။ ဒါပေမဲ့ အဲဒီအကျင့်ကို ပြင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် ပိုရင့်ကျက်တဲ့သူ၊ တာဝန်ယူနိုင်စွမ်းရှိတဲ့သူ ဖြစ်ချင်တယ်။ အိပ်ရာ စောစောဝင်မှပဲ နောက်တစ်နေ့ လန်းလန်းဆန်းဆန်းနဲ့ လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်နိုင်မှာ။”—ဂျေရမီ။

ကျမ်းစာအခြေခံမူ။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ။’—ဖိလိပ္ပိ ၁:၁၀။

လူမှုမီဒီယာက ငါ့စိတ်ကို ဘယ်လို ထိခိုက်နေသလဲ

လေ့လာမှုတစ်ခုအရ အထက်တန်းကျောင်းသူ တစ်ဝက်နီးပါးဟာ “အမြဲလိုလို ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့သလို ခံစားကြတယ်။” အကြောင်းရင်းတစ်ခုက လူမှုမီဒီယာကြောင့် ဖြစ်နိုင်တယ်။ “လူမှုမီဒီယာမှာ အချိန်ပိုသုံးပြီး တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိလေ ပိုစိတ်ဓာတ်ကျလေပဲ” လို့ ဒေါက်တာ လဲနာ့ဆက် ပြောတယ်။b

“လူငယ်တွေက ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်။ လူမှုမီဒီယာသုံးတော့ ပိုဆိုးသွားတာပေါ့။ သူများတွေ တင်ထားတဲ့ ပုံကို ဟိုဟိုဒီဒီ နာရီနဲ့ချီ ကြည့်ပြီး သူတို့ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်မိနိုင်တယ်။ သူငယ်ချင်းတွေ ပျော်ပါးနေတဲ့ပုံကို ကြည့်ပြီး သူတို့လောက် ငါမပျော်ရပါလားလို့ ခံစားမိနိုင်တယ်။”—ဖီးဘီ။

သင်သိပါသလား။ လူမှုမီဒီယာသုံးပြီး သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်ပေမဲ့ လူချင်းတွေ့ပြီး စကားပြောရတဲ့ အရသာနဲ့တော့ ဘယ်လိုမှ မတူနိုင်ဘူး။ “လူတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ ဆက်သွယ်နားလည်နိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဖို့လိုတယ်။ ဒါကြောင့် အီလက်ထရောနစ် ကိရိယာသုံးပြီး ဆက်သွယ်တာက လူကိုယ်တိုင် ဆက်သွယ်တာလို လေးနက်မှု၊ ပျော်ရွှင်ကျေနပ်မှု မပေးနိုင်ဘူး” လို့ ဒေါက်တာ နီကလပ်စ် ခါဒရက် ရေးခဲ့တယ်။c

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘သူငယ်ချင်းတွေ သွားလာလှုပ်ရှားခဲ့တဲ့ပုံတွေကို ကြည့်ပြီးတဲ့နောက် အထီးကျန်သလို ခံစားရသလား။’ ‘လူမှုမီဒီယာမှာ သူတို့တင်ထားတဲ့ ပုံတွေကို ကြည့်ပြီး သူတို့ဘဝက ပျော်စရာကြီး၊ ငါ့ဘဝက ပျင်းစရာကြီးလို့ ခံစားရသလား။’ ‘ငါတင်လိုက်တဲ့ ပုံ/ဗီဒီယိုကို ကြိုက်တဲ့သူ နည်းရင်/မရှိရင် စိတ်ဓာတ်ကျသလား။’

လုပ်ဆောင်နိုင်ရာ။ လူမှုမီဒီယာကို ရက်အနည်းငယ်၊ တစ်ပတ် ဒါမှမဟုတ် တစ်လလောက် မသုံးဘဲ နေကြည့်ပါ။ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ ပိုဆက်သွယ်နိုင်ဖို့ ကြိုးစားပါ။ လူမှုမီဒီယာကို ဖြတ်လိုက်တဲ့အခါ စိတ်ဓာတ်သိပ်မကျတော့ဘဲ ပိုပျော်လာတာကို သတိထားမိပါလိမ့်မယ်။

ဆယ်ကျော်သက်ကောင်မလေးကို မတူညီတဲ့ပုံစံနဲ့မြင်ရပုံ။ ၁။ ဖုန်းထဲမှာ တခြားသူတွေရဲ့ပုံကို ကြည့်ပြီး ဝမ်းနည်းနေ။ ၂။ အပြင်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရေခဲမုန့်စားရင်း စကားပြောနေ။

မိတ်ဆွေတွေနဲ့ လူကိုယ်တိုင်တွေ့ဆုံပြီး အချိန်ပိုသုံးနိုင်မလား

“လူမှုမီဒီယာ သုံးတုန်းက တခြားသူတွေ ဘာလုပ်နေသလဲဆိုတာကိုပဲ အာရုံစိုက်နေမိတယ်။ ကျွန်မရဲ့အကောင့်ကို ဖျက်လိုက်တော့ လွတ်လပ်ပေါ့ပါးသွားသလို ခံစားရတယ်။ ပိုအကျိုးရှိတာတွေလုပ်ဖို့ အချိန်ရလာတယ်။”—ဘရီအန်နာ။

ကျမ်းစာအခြေခံမူ။ “လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။”—ဂလာတိ ၆:၄။

a iGen စာအုပ်။

b Why Gender Matters စာအုပ်။

c Glow Kids စာအုပ်။

ရွယ်တူချင်းတွေ ပြောဆိုရာ

ဖီးဘီ။

“လူမှုမီဒီယာသုံးတုန်းက အချိန်အများကြီး ကုန်တယ်။ သုံးလို့လည်း ပိုပျော်လာတာမဟုတ်လို့ မသုံးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်း လူမှုမီဒီယာကို သတိတောင် မရတော့ဘူး။ အခုဆို ကျွန်မ ပိုပျော်လာတယ်၊ ပိုအာရုံစိုက်လာနိုင်တယ်၊ ဖန်တီးမှုတွေ ပိုလုပ်လာနိုင်တယ်။”—ဖီးဘီ။

ဂျေးကော့။

“တစ်ခါတလေ အက်ပ်ကို ယာယီဖျက်ပစ်ပြီး လူမှုမီဒီယာ မသုံးဘဲ နေကြည့်တယ်။ ကိုယ့်ဘဝမှာ ဦးစားထားရမယ့်အရာတွေကို ပြန်သတိရဖို့၊ အဲဒီအရာတွေအတွက် အချိန်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဖုန်းပွတ်ပြီး ကျွန်တော့်အချိန်တွေကို ဖြုန်းတီးလိုက်မယ့်အစား ပိုအကျိုးရှိတာတွေ လုပ်ရမယ်။”—ဂျေးကော့။

 စီအန်နာ။

“လောလောဆယ် လူမှုမီဒီယာအကောင့်ကို ဖျက်ထားတယ်။ နောက်ပိုင်းတော့ ပြန်ဖွင့်ချင်ဖွင့်မှာပေါ့။ တခြားသူတွေရဲ့ဘဝကို မဟုတ်ဘဲ ကိုယ့်ဘဝကို အာရုံစိုက်ချင်လို့ပါ။ လူမှုမီဒီယာကြောင့် ကိုယ့်ပန်းတိုင်တွေ၊ မိတ်ဆွေစစ်တွေကိုတောင် မေ့သွားနိုင်တယ်လေ။”—စီအန်နာ။

ပြန်လည်သုံးသပ်ခြင်း။ လူမှုမီဒီယာက ငါ့ကို ဘယ်လို ထိခိုက်နေသလဲ

  • ငါ့အချိန်ကို ထိခိုက်နေသလား။ လူမှုမီဒီယာကို အချိန်ဘယ်လောက်ပဲသုံးမယ်ဆိုတာ ကန့်သတ်ထားပါ။ သတ်မှတ်ထားချိန်ထက် ပိုမသုံးပါနဲ့။

  • ငါ့အိပ်ချိန်ကို ထိခိုက်နေသလား။ အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ ဖုန်းကြည့်တာကို ရပ်လိုက်ပါ။

  • ငါ့စိတ်ကို ထိခိုက်နေသလား။ လူမှုမီဒီယာ မသုံးဘဲနေကြည့်ပါ။ သူငယ်ချင်းတွေနဲ့ လူချင်းတွေ့နိုင်အောင် ပိုကြိုးစားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ