Anton Petrus/Moment via Getty Images
သတိနဲ့ စောင့်နေကြပါ
ကမ္ဘာစစ် ဖြစ်လာနိုင်ခြေရှိသလား—ကျမ်းစာအဆိုက ဘာလဲ
လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်း နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်လာတယ်၊ တည်ငြိမ်လာတယ်လို့ လူတွေ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ လူတွေ ထင်ထားသလို မဟုတ်မှန်း မကြာသေးခင်က အဖြစ်အပျက်တွေက ဖော်ပြနေတယ်။
“လက်ဘနွန်နယ်စပ်မှာ အစ္စရေးနဲ့ ဟစ်ဘိုလာ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ ဂါဇာစစ်ပွဲကြောင့် တခြားနိုင်ငံတွေပါ ပါဝင်ပတ်သက်လာမလားဆိုပြီး လူတွေစိုးရိမ်လာကြတယ်။”— ရိုက်တာ၊ ဇန်နဝါရီ ၆၊ ၂၀၂၄။
“အီရန်လက်အောက်ခံ အဖွဲ့ဝင်တွေက နေရာတော်တော်များများမှာ တိုက်ခိုက်နေကြတယ်။ အီရန်နိုင်ငံက နျူကလီးယား လက်နက်တွေ ပြန်လုပ်လာပြီး တရုတ်နဲ့ ရုရှားကလည်း အီရန်ကို ထောက်ခံနေလို့ အနောက်နိုင်ငံတွေ ရတက်မအေးဖြစ်လာတယ်။”—နယူးယောက်တိုင်းမ်၊ ဇန်နဝါရီ ၇၊ ၂၀၂၄။
“ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ ဆိုးဆိုးဝါးဝါး ဆက်လက်ထိခိုက်နေတုန်းပဲ။”— ယူအန် သတင်း၊ ဇန်နဝါရီ ၁၁၊ ၂၀၂၄။
“တရုတ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအင်အား တစ်ရှိန်ထိုး တောင့်တင်းခိုင်မာလာသလို ထိုင်ဝမ်ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကလည်း ပိုပြင်းထန်လာတယ်။ ဒါ့အပြင် တရုတ်နဲ့ အမေရိကန်ကြားက တင်းမာမှုတွေကြောင့်လည်း အချိန်မရွေး ပြဿနာတက်လာနိုင်တယ်။”—ဂျပန်တိုင်းမ်၊ ဇန်နဝါရီ ၉၊ ၂၀၂၄။
လက်ရှိအချိန်မှာ ဖြစ်ပျက်နေတဲ့ ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။ ဒီအခြေအနေတွေက ကမ္ဘာစစ်ကို ဦးတည်သွားစေနိုင်သလား။
လက်ရှိဖြစ်ရပ်တွေအကြောင်း ကျမ်းစာကြိုဟောချက်
လက်ရှိအချိန်မှာဖြစ်နေတဲ့ စစ်ပွဲတစ်စုံတစ်ရာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ကြိုဟောထားတာ မရှိပေမဲ့ ကျွန်တော်တို့အချိန်မှာ “ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်း” မယ့်စစ်ပွဲတွေ များမယ်လို့ ကျမ်းစာ ကြိုဟောထားတယ်။—ဗျာဒိတ် ၆:၄။
“အဆုံးပိုင်းကာလမှာ” ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဩဇာအာဏာလွှမ်းမိုးနိုင်ဖို့ အချင်းချင်း “တွန်းထိုးကြမယ်၊” စစ်အင်အားတောင့်တင်းခိုင်မာအောင် လုပ်ကြမယ်၊ အဲဒီအတွက် ငွေကြေး “ဘဏ္ဍာ”များစွာ သုံးစွဲကြမယ်လို့ ဒံယေလကျမ်းမှာ ကြိုဟောထားတယ်။—ဒံယေလ ၁၁:၄၀၊ ၄၂၊ ၄၃။
မကြာခင်ဖြစ်မယ့် စစ်ပွဲ
ကမ္ဘာအခြေအနေတွေ ပိုကောင်းလာမယ်လို့ ကျမ်းစာဆိုထားပေမဲ့ အဲဒီမတိုင်ခင်မှာတော့ အခြေအနေတွေ ဆိုးသည်ထက်ဆိုးလာမယ်လို့ ဆိုတယ်။ “ဒီလောက တည်ချိန်ကနေ အခုထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာ မဟုတ်တဲ့ ကြီးစွာသောဒုက္ခ” ဖြစ်လာမယ်လို့ ယေရှုကြိုဟောခဲ့တယ်။ (မဿဲ ၂၄:၂၁) ကြီးစွာသောဒုက္ခဖြစ်ပြီးနောက်မှာ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီး” ဖြစ်တဲ့ အာမဂေဒုန်စစ်ပွဲ ဖြစ်လာမယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။
အာမဂေဒုန်စစ်ပွဲက လူသားတွေကို ဖျက်ဆီးမှာ မဟုတ်ဘဲ ကယ်တင်ပေးမှာ။ အဲဒီစစ်ပွဲအားဖြင့် ဘုရားသခင်က လူ့အုပ်ချုပ်မှုတွေနဲ့ လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေကို အဆုံးတိုင်စေမယ်။ အာမဂေဒုန် စစ်ပွဲကြောင့် တည်မြဲတဲ့ ငြိမ်းချမ်းရေး ရလာမယ့်အကြောင်း ပိုသိချင်ရင် အောက်ပါဆောင်းပါးတွေကို ဖတ်ကြည့်ပါ–