Photo by Stringer/Getty Images
သတိနဲ့ စောင့်နေကြပါ
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲ—ကျမ်းစာအဆိုက ဘာလဲ
အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနဲ့ အီရန်တို့ ပါဝင်ပတ်သက်နေတဲ့ စစ်ပဋိပက္ခကို ကမ္ဘာက ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြတယ်။ စစ်ပွဲ ပိုမိုပြင်းထန်လာတဲ့အထိ အခြေအနေတွေ တင်းမာလာမလား။ အစိုးရတွေအနေနဲ့ စစ်ပွဲတွေကို ရှောင်လွှဲပြီး ထာဝစဉ်ငြိမ်းချမ်းမှု ယူဆောင်ပေးနိုင်မလား။
ကျမ်းစာမှာပါတဲ့ ကြိုဟောချက်တွေအကြောင်း ကြားဖူးသူတချို့ကတော့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲဟာ ဗျာဒိတ်ကျမ်းမှာပါတဲ့ အာမဂေဒုန်စစ်ပွဲရဲ့ အစများလားဆိုပြီး စဉ်းစားကောင်း စဉ်းစားမိပါလိမ့်မယ်။
ကျမ်းစာမှာ ဘာပြောထားသလဲ။
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကို အစိုးရတွေ အဆုံးသတ်ပေးနိုင်မလား
“မကယ်တင်နိုင်တဲ့ အုပ်စိုးရှင်၊ မကယ်တင်နိုင်တဲ့လူကို မကိုးစားကြနဲ့” လို့ ကျမ်းစာဆိုတယ်။—ဆာလံ ၁၄၆:၃။
အရှေ့အလယ်ပိုင်းဒေသအတွက် အစိုးရတွေ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့ အသေအချာမသိနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူအစိုးရတွေနဲ့ ဘယ်လူ့အဖွဲ့အစည်းတစ်ခုကမှ စစ်ပွဲတွေကို အဆုံးသတ်ပြီး ထာဝစဉ်ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ကြောင်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းပြောထားတယ်။ ဘုရားသခင်သာ “မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေ” မယ်လို့ ကျမ်းစာဆိုတယ်။—ဆာလံ ၄၆:၉။
ပိုသိချင်ရင် “စစ်မက်ပဋိပက္ခ ချုပ်ငြိမ်းမယ့်အချိန်” ဆိုတဲ့ ကင်းမျှော်စင်မဂ္ဂဇင်းကို ဖတ်ပါ။
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲက ကြိုဟောချက်ကို ပြည့်စုံစေသလား
“ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ . . . . လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်” လို့ ကျမ်းစာဆိုတယ်။—မဿဲ ၂၄:၆၊ ၇။
အရှေ့အလယ်ပိုင်းဒေသမှာ လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခက “လောကစနစ်နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့” နိမိတ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ဟာ “နောက်ဆုံးကာလမှာ” အသက်ရှင်နေရတယ်ဆိုတဲ့ သက်သေအထောက်အထားတစ်ခုလည်း ဖြစ်တယ်။ (မဿဲ ၂၄:၃။ ၂ တိမောသေ ၃:၁) ဒီနေ့ခေတ်မှာ တွေ့မြင်နေရတဲ့ စစ်ပွဲတွေက လူသားတွေကို ဆင်းရဲဒုက္ခရောက်စေတဲ့ အခြားပြဿနာတွေနဲ့ စစ်ပွဲတွေကို ဘုရားသခင် အဆုံးသတ်ပေးမယ့် အချိန်နီးပြီဆိုတာ ဖော်ပြနေတယ်။
ပိုသိချင်ရင် “ “နောက်ဆုံးကာလ၊” “အဆုံးပိုင်းကာလ” ရဲ့ နိမိတ်က ဘာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။
အရှေ့အလယ်ပိုင်းဒေသကနေ အာမဂေဒုန်စစ်ပွဲ စတင်ဖြစ်ပွားမလား
“သူတို့က ဘုရင်တွေကို ဟီဘရူးစကားနဲ့ အာမဂေဒုန်လို့ခေါ်တဲ့ အရပ်မှာ စုရုံးတယ်” လို့ ကျမ်းစာဆိုတယ်။—ဗျာဒိတ် ၁၆:၁၆။
အာမဂေဒုန်စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသမှာ လူ့အစိုးရအချင်းချင်းဖြစ်တဲ့ စစ်ပွဲမဟုတ်ဘူး။ လူ့အစိုးရအားလုံးနဲ့ ဘုရားသခင်ရဲ့ ကမ္ဘာချီစစ်ပွဲဖြစ်တယ်။
ပိုသိချင်ရင် “အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ” ဆိုတဲ့ဆောင်းပါးကို ဖတ်ပါ။
စိုးရိမ်ပူပန်စရာများလွန်းတဲ့အချိန်မှာ စိတ်ငြိမ်သက်မှုရဖို့ ဘာကကူညီပေးနိုင်မလဲ
“ဘာမှမစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ” လို့ ကျမ်းစာဆိုတယ်။—ဖိလိပ္ပိ ၄:၆။
ယေဟောဝါaဘုရားသခင်က သူ့ဆီဆုတောင်းဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ဂရုစိုက်တဲ့အရှင်ဖြစ်လို့ ဆုတောင်းတဲ့အခါ နားထောင်ပေးပြီး စိုးရိမ်ပူပန်မှုတွေကို ခံနိုင်ရည်ရှိအောင် ကူညီပေးတယ်။ (၁ ပေတရု ၅:၇) ဘုရားကူညီပေးတဲ့နည်းတစ်နည်းကတော့ စစ်ပွဲတွေဖြစ်နေရတဲ့ အကြောင်းအရင်းကို နားလည်စေပြီး မကြာခင် ဒီစစ်ပွဲတွေ ဘယ်လို အဆုံးတိုင်သွားမလဲ၊ ကျွန်တော်တို့ ခံစားရတဲ့ နာကျင်မှု၊ ဆင်းရဲဒုက္ခတွေကို ဘယ်လို ပပျောက်အောင် လုပ်ပေးမလဲဆိုတာ သိရှိအောင် ကူညီပေးတာပါ။—ဗျာဒိတ် ၂၁:၃၊ ၄။
ဘုရားကူညီထောက်မပေးနေတာတွေကို ပိုသိချင်ရင် “ကျမ်းစာမှာ နှစ်သိမ့်စကားတွေ ရှိလား” ဆိုတဲ့ဆောင်းပါးကို ဖတ်ပါ။
a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည်ဖြစ်တယ်။—ဆာလံ ၈၃:၁၈။