ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၂၈
  • မဿဲ ၁၁:၂၈-၃၀— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဿဲ ၁၁:၂၈-၃၀— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဿဲ ၁၁:၂၈-၃၀ ရဲ့ အဓိပ္ပာယ်
  • မဿဲ ၁၁:၂၈-၃၀ ရဲ့ အထက်အောက်စကား
  • “ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၂၈

ကျမ်းပိုဒ် ရှင်းပြချက်များ

မဿဲ ၁၁:၂၈-၃၀—“ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်”

“ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။ ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။ ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။”—မဿဲ ၁၁:၂၈-၃၀၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘော ရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”—မဿဲ ၁၁:၂၈-၃၀၊ ယုဒသန်ကျမ်း။

မဿဲ ၁၁:၂၈-၃၀ ရဲ့ အဓိပ္ပာယ်

ယေရှုက ကျွန်တော့်ဆီ လာကြပါလို့ နားထောင်နေသူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ မိမိဆီကနေ သင်ယူရင် လန်းဆန်းမယ်၊ စိတ်သက်သာရာရမယ်လို့ အာမခံတယ်။

“ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။” ဘာသာရေး ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ၊ လူ့ထုံးတမ်းစဉ်လာတွေအောက် “ဝန်ပိ” နေသူတွေကို ယေရှု လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်နေတာပါ။ (မဿဲ ၂၃:၄။ မာကု ၇:၇) ဒီသာမန်လူတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်ကြရလို့လည်း ဝန်ပိပြီး ပင်ပန်းနေကြတယ်။

“ခင်ဗျားတို့ကို လန်းဆန်းစေမယ်။” ဒီဖိတ်ခေါ်ချက် လက်ခံသူတွေကို လန်းဆန်းစေမယ်၊ သက်သာရာရစေမယ်လို့ ယေရှု ကတိပေးတယ်။ သူတို့ကို ဘုရား ဘာလုပ်စေချင်တယ်ဆိုတာ နားလည်အောင် ကူညီခြင်းအားဖြင့် လန်းဆန်းစေခဲ့တယ်။ (မဿဲ ၇:၂၄၊ ၂၅) နားလည်လာတာနဲ့အမျှ အယူအဆမှားတွေ၊ ဘာသာရေးထုံးစံတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လာကြတယ်။ (ယောဟန် ၈:၃၁၊ ၃၂) ယေရှုရဲ့ သွန်သင်ချက်တွေကို နားလည်၊ ကျင့်သုံးဖို့ ကြိုးစားအားထုတ်ရပေမဲ့ တကယ် လန်းဆန်းမှု ရကြတယ်။

“ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။” ကျမ်းစာခေတ်က အလုပ်သမားတွေဟာ ပခုံးပေါ် သစ်သားထမ်းပိုး တင်ပြီး ဝန်စည်တွေကို ထမ်းလေ့ရှိတယ်။ ဒါကြောင့် “ထမ်းပိုး” ဆိုတဲ့ စကားလုံးဟာ တခြားသူရဲ့ သြဇာ၊ ညွှန်ကြားမှု ခံယူတာကို ဆိုလိုတယ်။ (ဝတ်ပြုရာ ၂၆:၁၃။ ဟေရှာယ ၁၄:၂၅။ ယေရမိ ၂၈:၄) “ကျွန်တော့်ဆီကနေ သင်ယူကြပါ” ဆိုတဲ့ အသုံးအနှုန်းကို “ကျွန်တော့်တပည့် ဖြစ်လာကြပါ” လို့လည်း ပြန်ဆိုနိုင်တယ်။ ဒါကြောင့် မိမိနောက် လိုက်ခြင်း၊ အတုယူခြင်းအားဖြင့် တပည့်ဖြစ်လာကြဖို့ နားထောင်နေသူတွေကို ယေရှု အားပေးနေခြင်း ဖြစ်တယ်။—ယောဟန် ၁၃:၁၃-၁၅။ ၁ ပေတရု ၂:၂၁။

“ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။” ဖိနှိပ်မှုအားလုံးကို ချက်ချင်း ဖယ်ရှားပေးမယ်လို့ ယေရှု ကတိပေးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ တရားစကား ကြားနာသူတွေ စိတ်သက်သာမှု၊ မျှော်လင့်ချက် ရှိလာအောင် ကူညီပေးတယ်။ (မဿဲ ၆:၂၅-၃၂။ ၁၀:၂၉-၃၁) ဘုရားအမှုဆောင်ရတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ စစ်မှန်တဲ့ စိတ်ကျေနပ်မှု ရစေမှန်း ယေရှုတပည့် ဖြစ်လာသူတွေ၊ သွန်သင်ချက်ကို လက်ခံသူတွေ သိလာကြတယ်။—၁ ယောဟန် ၅:၃။

“ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။” ယေရှုဟာ မိမိခေတ်က ဘာသာရေး ခေါင်းဆောင်တွေနဲ့ မတူဘဲ နှိမ့်ချပြီး နူးညံ့သိမ်မွေ့တယ်။ (ယောဟန် ၇:၄၇-၄၉) တစ်ခါမှ ရက်ရက်စက်စက်၊ မညှာမတာ မပြုမူဘူး။ သနားကြင်နာတယ်။ ချဉ်းကပ်ရ လွယ်ကူတယ်။ နောက်လိုက်တွေကို မတန်တဆ မတောင်းဆိုဘူး။ (မဿဲ ၇:၁၂။ မာကု ၆:၃၄။ လုကာ ၉:၁၁) ဘုရားကရုဏာ ခံစားနိုင်အောင်၊ အမှားအမှန်သိစိတ် ကြည်လင်ပြီး စိတ်ပေါ့ပါးနိုင်အောင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ သင်ပေးတယ်။ (မဿဲ ၅:၂၃၊ ၂၄။ ၆:၁၄) ယေရှုရဲ့ နှစ်သက်စရာ အရည်အသွေးတွေကြောင့် လူတွေက သဘောကျတဲ့အပြင် ပေါ့ပါးတဲ့ ထမ်းပိုးကို ထမ်းချင်လာကြတယ်။ ယေရှုရဲ့ တပည့် ဖြစ်ချင်လာကြတယ်။

မဿဲ ၁၁:၂၈-၃၀ ရဲ့ အထက်အောက်စကား

အေဒီ ၃၁၊ ဂါလိလဲနယ်မှာ လှည့်လည်ဟောပြောနေချိန် မဿဲ ၁၁:၂၈-၃၀ ပါစကားတွေကို ယေရှု ပြောခဲ့တယ်။ တမန်တော် မဿဲဟာ အဲဒီစကားတွေကို မှတ်တမ်းတင်တဲ့ တစ်ဦးတည်းသော ခရစ်ဝင်ကျမ်းရေးသူ ဖြစ်တယ်။ အခွန်ခံ လုပ်ခဲ့ဖူးတဲ့ ဂျူးတစ်ယောက် ဖြစ်လို့ ရောမ အခွန်ကောက်စနစ်၊ အကျင့်ပျက်ခြစားနေတဲ့ ဂျူးဘာသာရေး စနစ်အောက် သာမန်လူတွေ ဘယ်လောက် ဖိနှိပ်ခံရမှန်း သိတယ်။ ဒါကြောင့် ယေရှု အဖဘုရား ယေဟောဝါa ပေးတဲ့ အခွင့်အာဏာကို သုံးပြီး အနှိမ်ခံတွေကို ဖိတ်ခေါ်နေတာ တွေ့ရလို့ အားရှိခဲ့မှာပဲ။—မဿဲ ၁၁:၂၅-၂၇။

မဿဲ ခရစ်ဝင်ကျမ်းက ကတိထားရာ မေရှိယ၊ ဘုရားနိုင်ငံတော် ဘုရင်လောင်းအနေနဲ့ ယေရှု ပြခဲ့တဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို ပေါ်လွင်စေတယ်။—မဿဲ ၁:၂၀-၂၃။ ဟေရှာယ ၁၁:၁-၅။

ကမ္ဘာသစ်ဘာသာပြန်ကျမ်းထဲက မဿဲကျမ်း အခန်းကြီး ၁၁ ကို အောက်ခြေမှတ်ချက်၊ ပြန်လှန်အညွှန်းတွေနဲ့အတူ ဖတ်ပါ။

မဿဲကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုတိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ