နှင်းပေါက်ခဲဖြူ မည်သူ၏ ပြောင်မြောက်သော လက်ရာနည်း
ရေခိုးရေငွေ့ ပြည့်နေသည့် လေသည် မွန်းလွဲပိုင်း၌ အေးလာသည့်အခါ ရေအားလုံးကို ဆက်လက်၍ ထိန်းမထားနိုင်တော့ချေ။ ထိုအခါ ပိုလျှံသည့် ရေခိုးရေငွေ့ကို နှင်းပေါက်အဖြစ် ထုတ်ပစ်သည်။ သို့သော် လေ၏ အပူချိန်သည် ရေခဲမှတ်အောက် ကျဆင်းသွားသည့်အခါ၌ ပိုလျှံသည့် ရေများသည် အခဲအငွေ့ ပြန်ကြသည်—ဆိုလိုသည်မှာ ၎င်းသည် နှင်းပေါက်အရည်အဆင့်ကို ကျော်၍ ရေခဲအဖြစ် အနည်ထိုင်သွားသည်။ ဤနည်းဖြင့် ဖြစ်ပေါ်သည့် နှင်းပေါက်ခဲများသည် ပန်းကန်ပြားကဲ့သို့သော ဆီးနှင်းပုံဆောင်ခဲများနှင့် ဆင်တူကြသည်။ အိမ်ပြတင်းပေါက် မှန်ကွက်များတွင် တင်ကျန်ရစ်သည့် နှင်းခဲပေါက်များသည် ယင်းတို့၏ စွဲမက်ဖွယ်ကောင်းသော ဂျီသြမေထရီဒီဇိုင်းများနှင့် ဇာနှင့်တူသော ပုံစံများကြောင့် အံ့မခန်းဖွယ် ကောင်းလှပေသည်။
သို့သော်လည်း နှင်းပေါက်ခဲဖြူဟု ခေါ်သည့် ပို၍ ရင်သပ်ရှုမောဖွယ်ကောင်းသော နှင်းပေါက်ခဲ နောက်တစ်မျိုး ရှိသည်။ ၎င်းတို့မှာ အနား ခြောက်မြှောင့် ရှိပြီး အထက်သို့ ထိုးထွက်နေသည့် အခေါင်းပွ ရေခဲလှံတံများ ဖြစ်သည်။ အိမ်ပြင်တွင် စုပြုံနေသည့်အခါ ၎င်းတို့သည် ပတ်ဝန်းကျင်ကို အလှတန်ဆာ ဆင်ပေးသည့်အတွက် ၎င်းတို့ကို ရေခဲပန်းများဟု လျောက်ပတ်စွာ ခေါ်ဆိုကြသည်။ နေသာသည့် နေ့တစ်နေ့၏ နံနက်ခင်းစောစောအချိန်တွင် ကာလီဖိုးနီးယား ပြည်နယ် ယိုဆီမိုက် အမျိုးသား ဥယျာဉ်အတွင်း၌ ယိုဆီမိုက် ချိုင့်ဝှမ်းကို ဖြတ်သန်းစီးဆင်းသည့် မာဆက်မြစ်ထဲ၌ ပေါ်နေသော ကျောက်တုံးများပေါ်တွင် အဆိုပါ ရေခဲပန်းများ ပွင့်နေသည်ကို တွေ့ရှိရသည်။ ဤသည်လည်း ပြောင်မြောက်သောလက်ရာ ဖြစ်ပြီး စကြဝဠာကို ဖန်ဆင်းတော်မူသောအရှင် အတည်ပြုပြဋ္ဌာန်းသည့် နိယာမတရားများကြောင့် ဖြစ်ပေါ်လာရာ ဖြစ်ပေသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့် ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”—ဗျာဒိတ် ၄:၁၁။