ဥစ္စာဓန ပေါကြွယ်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုအတွက် အာမခံနိုင်သလော
“ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ၅၀ အနက် တစ်ယောက်နှစ်ယောက်လောက်သာ ရှူးဖိနပ်စီးကြတယ်” ဟု ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းတွင် ကြီးပြင်းခဲ့သူ အသက် ၄၅ နှစ်အရွယ်ရှိ ပိုချင်းက ပြောပြသည်။ “ကျွန်တော်တို့ ရှူးဖိနပ် ဝယ်မစီးနိုင်ကြဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်ကို ဆင်းရဲတယ်လို့ မသတ်မှတ်ကြပါဘူး။ ကျွန်တော်တို့မှာ လိုတာတွေအားလုံး ရှိခဲ့တယ်။”
ဤကား လွန်ခဲ့သော အနှစ် ၄၀ ခန့်က အဖြစ်အပျက်ပင်။ ထိုအချိန်မှစ၍ ပိုချင်းနှင့်တကွ ထိုကျွန်းပေါ်တွင် မှီတင်းနေထိုင်ကြသည့် သန်းပေါင်း ၂၀ မျှ ရှိသော ပြည်သူတို့၏ ဘဝသည် သိသိသာသာ ပြောင်းလဲခဲ့လေသည်။ Facts and Figures—The Republic of China on Taiwan စအုပ်မှ ရှင်းပြချက်အရ “ထိုင်ဝမ်နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် လူ့အဖွဲ့အစည်းအဖြစ်မှ စက်မှုလက်မှုကို အခြေခံသည့် လူ့အဖွဲ့အစည်းအဖြစ်သို့ အသွင်ပြောင်းလဲခဲ့သည်။” ၁၉၇၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကာလတွင် ထိုင်ဝမ်နိုင်ငံသည် “တည်ငြိမ်၍ ကြီးပွားချမ်းသာသော လူ့အဖွဲ့အစည်း” အဖြစ်သို့ တိုးတက်ခဲ့သည်။
မှန်ပါသည်၊ ထိုင်ဝမ် တစ်တိုင်းပြည်လုံးတွင် ကြီးပွားချမ်းသာသည့် လက္ခဏာများကို တွေ့နေရပါသည်။ တစ်ကျွန်းလုံးတွင် မှိုလိုပေါက်နေသည့် ခေတ်မီမိုးမျှော်တိုက်တာ ရုံးအဆောက်အအုံများမှအစ နိုင်ငံခြားမှ တင်သွင်းသည့် တန်ဖိုးကြီးသော မော်တော်ကားများ ပြွတ်သိပ်လျက်ရှိသည့် အဝေးပြေး လမ်းမကြီးများအဆုံး ထိုင်ဝမ်နိုင်ငံ၏ ဥစ္စာဓန ကြီးပွားချမ်းသာမှုသည် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အားကျစရာ ဖြစ်ပေသည်။ ယနေ့ “ထိုင်ဝမ်ပြည်သူတို့သည် တရုတ်နိုင်ငံ၏ သမိုင်းတွင် လူနေမှု အဆင့်အမြင့်မားဆုံးသို့ ရောက်ရှိနေသည်” ဟု ထိုင်ဝမ်၏ ထိပ်တန်း အင်္ဂလိပ် သတင်းစာ China Post က ကြွားလုံးထုတ်လိုက်သည်။
ပြဿနာ၏ ဇာစ်မြစ်
ကြီးပွားချမ်းသာသော လူ့အဖွဲ့အစည်းအလယ်တွင် လူမှုရေးစနစ် ယိုယွင်းလာရခြင်း၏ အကြောင်းတရားကို ရှာဖွေရာ၌ အမျိုးမျိုး အဖုံဖုံသော ရှင်းပြချက်များကို တင်ပြခဲ့ကြသည်။ အချို့သူတို့က ဒဿနိက အတွေးအမြင်ဖြင့် ဤသည်မှာ အောင်မြင်မှု၏ အဖိုးအခ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် အောင်မြင်မှု သို့မဟုတ် ကြီးပွားချမ်းသာမှုအပေါ် အပြစ်ပုံချခြင်းသည် အစားကြူးခြင်းအတွက် အစာကို အပြစ်တင်သည်နှင့် မခြားပေ။ အစာစားသူအားလုံး အစားကြူးသူများ မဟုတ်သကဲ့သို့ ကြီးပွားချမ်းသာသူတိုင်းလည်း ရုပ်ပစ္စည်း လိုက်စားသူ သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်သူ မဟုတ်ပေ။ ဥစ္စာဓန ပေါကြွယ်မှု ကိုယ်နှိုက်သည် ရာဇဝတ်မှုနှင့် လူမှုရေးဖောက်ပြန်မှုကို ဖြစ်ပေါ်စေသည် မဟုတ်။
China Post သတင်းစာမှ အယ်ဒီတာ့အာဘော်တစ်ပုဒ်က အဓိက အကြောင်းတရားတစ်ခုကို ထောက်ပြထားသည်။ ဤသို့ဆိုထားသည်– “ကျွန်ုပ်တို့သည် ဆယ်စုနှစ်များနှင့်ချီ၍ ဥစ္စာဓန ဖွံ့ဖြိုးတိုးတက်ရေးကို အလွန့်အလွန် အလေးပေးခဲ့ကြသည်။ ဤအချက်မှာ ယနေ့ ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းတွင် စာရိတ္တနှင့် ဝိညာဏစံနှုန်းများ ကျဆင်းရခြင်းအတွက် အဓိကအကြောင်းတရားပင် ဖြစ်သည်။” (ကျွန်ုပ်တို့ စာလုံးစောင်းထား။) မှန်ပါသည်၊ ရုပ်ဝတ္ထုပစ္စည်းများ လိုက်စားခြင်းကို အရေးပေးလွန်းခြင်းဖြင့် ရုပ်ပစ္စည်း လိုက်စားသည့် စိတ်ဓာတ်နှင့် လောဘရမ္မက်ကို အားပေးရုံမျှမက ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် စိတ်ထားကိုပါ မြေထောင်မြှောက်ပေးသည်။ မိသားစု ပြိုကွဲမှုနှင့် လူမှုရေး ဒုက္ခများ တိုးပွားရသည်မှာလည်း ဤစိတ်ဓာတ်ကြောင့်ပင် ဖြစ်သည်။ “လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့်က သမ္မာကျမ်းစာ ဆိုခဲ့သည့် အောက်ပါစကားသည် ယနေ့တိုင်အောင် မှန်ကန်လျက်ပင် ရှိသည်– “ငွေ [ငွေကိုယ်နှိုက်ကို မဟုတ်] ကို တပ်မက်ခြင်းသည် မကောင်းသော အမှုအရာအပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း။”—၁ တိမောသေ ၆:၁၀။
ကမ္ဘာအနှံ့အပြား ကြုံနေရသည့် ပြဿနာ
လွန်ခဲ့သောနှစ် အနည်းငယ်ခန့်က အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ချမ်းသာသော စီရင်စုနယ်တစ်ခုသည် တစ်နိုင်ငံလုံးတွင် လင်မယား ကွာရှင်းမှုနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ ထိုစီရင်စုနယ်အတွင်း အိမ်မြေရောင်းဝယ်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အိမ်ထောင်ပြိုကွဲမှု၏ ရလဒ်ကြောင့် ဖြစ်သည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုမှာ တစ်နိုင်ငံလုံး ပျမ်းမျှခြင်း၏ နှစ်ဆ ဖြစ်သည်ဟု သတင်းက ဆိုသည်။ အရက်နာကျသည့်နှုန်းမှာလည်း တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးစာရင်း၌ ပါဝင်သည့်အပြင် လူဦးရေ အချိုးအစားအရ အမေရိကန် ပြည်ထောင်စုရှိ အခြားဒေသများထက် စိတ်ရောဂါကု ဆရာဝန်နှင့် အခြားစိတ်ရောဂါဆိုင်ရာ ကုထုံးပညာရှင်များ ပို၍ များပြားသည်ဟု ဆိုကြသည်။
“လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” ဟု မိန့်တော်မူရာ၌ ယေရှုက အခြေခံကျသော အမှန်တရားတစ်ခုကို ထောက်ပြတော်မူခဲ့သည်။ (မဿဲ ၄:၄) ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မည်မျှပင် များပြားပါစေ ၎င်းတို့သည် လူတစ်ဦး၏ လိုအင်ဆန္ဒတိုင်းကို ပြည့်ဝစေနိုင်မည် မဟုတ်သကဲ့သို့ ပျော်ရွှင်ချမ်းမြေ့မှုအတွက်လည်း အာမခံချက် မပေးနိုင်ပေ။ ယင်းနှင့် ဆန့်ကျင်လျက် တရုတ်စကားပုံတစ်ခု ဆိုသကဲ့သို့ပင် “လူတစ်ဦးသည် ဝဝလင်လင်နှင့် နွေးနွေးထွေးထွေး ရှိသည့်အခါ၌ ပို၍ လိုချင်သည့် စိတ်နှင့် ကိလေသာ တပ်မက်သည့် စိတ်များ ဖြစ်ပေါ်တတ်သည်။” ထိုင်ဝမ်နှင့် အခြားဒေသများတွင် ဖြစ်ပျက်နေသည့်အရာများက အောက်ပါစကား မှန်ကန်ကြောင်း ထောက်ခံလျက် ရှိသည်—ဥစ္စာဓန ပေါကြွယ်ခြင်းသည် ကိုယ်ကျင့်တရားနှင့် လူမှုရေး ယိုယွင်းပျက်စီးမှုမှစ၍ ယင်းတို့နှင့် ဒွန်တွဲလျက်ရှိသည့် ပြဿနာများ၏ ရှေ့တော်ပြေးပင် ဖြစ်သည်။
သို့ ဖြစ်လျှင် ဥစ္စာဓန ပေါကြွယ်ခြင်းကို စစ်မှန်၍ အဓွန့်ရှည်တည်တံ့သည့် ပျော်ရွှင်ချမ်းမြေ့မှု၏ တစ်စိတ်တစ်ဒေသ ဖြစ်စေရန် ဘာလိုအပ်သနည်း။ အဖြေ သိလိုပါက နောက်ဆက်တွဲ ဆောင်းပါးကို ဖတ်ပါလေ။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“လူတစ်ဦးသည် ဝဝလင်လင်နှင့် နွေးနွေးထွေးထွေး ရှိသည့်အခါ၌ ပို၍ လိုချင်သည့် စိတ်နှင့် ကိလေသာ တပ်မက်သည့် စိတ်များ ဖြစ်ပေါ်တတ်သည်။”—တရုတ်ဆိုရိုးစကား
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဥစ္စာဓန ကြွယ်ဝချမ်းသာမှုသည် မြို့ငယ်ကလေးများကို နီယွန်မီး ထိန်ထိန်လင်း၍ ပျားပန်းခပ်တမျှ စည်ကားသော မြို့ကြီးပြကြီးများအဖြစ် ပြောင်းလဲသွားစေသည်