ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၁၀/၈ စာ. ၂၂-၂၉
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရာဇဝတ်မှုဆိုင်ရာ ကုန်ကျစရိတ်များ
  • ပြန်ကြားရေးမဟာလမ်းမကြီးပေါ်မှ အမှိုက်သရိုက်
  • ဖိလစ်ပိုင်သွေးဘဏ်မှစိတ်မချရသောသွေးများ
  • ခဲဓာတ်နှင့်စပျစ်ရည်
  • ရုပ်မြင်သံကြားမရှိသော ကျွန်းတစ်ကျွန်းမှ ကလေးသူငယ်များ
  • အကြံပိုင်သောလယ်သမား၊ပါးနပ်သောကျီးကန်း
  • သားသမီးမထောက်ပံ့သူယာဉ်မောင်းလိုင်စင်မရ
  • ဆေးလိပ်သောက်သူသန်းပေါင်းတစ်ထောင်ကျော်
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၁
နိုးလော့!—၁၉၉၆
န၉၆ ၁၀/၈ စာ. ၂၂-၂၉

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ရာဇဝတ်မှုဆိုင်ရာ ကုန်ကျစရိတ်များ

The Washington Post သတင်းစာအရ အမေရိကန်ပြည်ထောင်စုသည် ရာဇဝတ်မှုကြောင့် နှစ်စဉ် ဒေါ်လာ ၁၆၃ ဘီလီယံ သုံးစွဲခြင်း သို့မဟုတ် ဆုံးရှုံးခြင်းရှိနေရသည်။ ယင်းသည် ငွေကြေးဖောင်းပွမှုအတွက် ထုတ်နုတ်ပြုပြင်ပြီးနောက်၌ပင် ၁၉၆၅ ခုနှစ်ကသုံးစွဲခဲ့သည့် ပမာဏ၏လေးဆခန့်ရှိကြောင်း အဆိုပါသတင်းစာက ရေးသားဖော်ပြထားသည်။ ရာဇဝတ်မှုအတွက် ကုန်ကျသည့်စရိတ်ထဲတွင် “ပြည်နယ်နှင့်ပြည်ထောင်စုအဆင့်ရှိ ပြည်သူ့ရဲအတွက် ဒေါ်လာ ၃၁.၈ ဘီလီယံကျော်၊ စာရိတ္တပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၂၄.၉ ဘီလီယံ၊ လက်လီရောင်းချရာ၌ ဆုံးရှုံးမှုအတွက် ဒေါ်လာ ၃၆.၉ ဘီလီယံ၊ အာမခံလိမ်လည်မှုတွင် ဒေါ်လာ ၂၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင်ပစ္စည်းဆုံးရှုံးမှုနှင့် ဆေးကုသမှုကုန်ကျစရိတ် ဒေါ်လာ ၁၇.၆ ဘီလီယံ ပါဝင်သည်။ ၎င်းပြင် ကိုယ်ပိုင်လုံခြုံမှုအတွက် ဒေါ်လာ ၁၅ ဘီလီယံကျော်၊ တရားစရိတ်အတွက် ဒေါ်လာ ၉.၃ ဘီလီယံ၊ တရားစွဲမှုနှင့် အစိုးရခန့်ရှေ့နေအတွက် ဒေါ်လာ ၇.၂ ဘီလီယံသုံးစွဲသည်” ဟုအဆိုပါသတင်းစာက ဖြည့်စွက်ဖော်ပြသည်။ သာဓကအနေနှင့် ဝါရှင်တန် ဒီ.စီ.ဒေသဝန်းကျင်တွင်ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုတစ်ရပ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ပထမနာရီအနည်းငယ်အတွင်း အပစ်ခံရသူအား ဆေးဝါးကုသပေးမှုအတွက် ပျမ်းမျှ ဒေါ်လာ ၇,၀၀၀ ကုန်ကျသည်ဟု Post သတင်းစာကဖော်ပြသည်။ အကယ်၍ အပစ်ခံရသူသည် အသက်မသေပါက ဒေါ်လာ ၂၂,၀၀၀ ခန့်အထိကုန်ကျနိုင်သည်။ အကယ်၍ အစိုးရအနေဖြင့် မတော်မတရားပြုကျင့်သောထိုသူကို လိုက်လံဖမ်းဆီး၍ ပြစ်မှုထင်ရှားစီရင်မည်ဆိုပါက ထိုသူကိုချုပ်နှောင်ရန်အတွက် တစ်နှစ်လျှင် ဒေါ်လာ ၂၂,၀၀၀ ထပ်မံကုန်ကျနိုင်သည်။

ပြန်ကြားရေးမဟာလမ်းမကြီးပေါ်မှ အမှိုက်သရိုက်

ကွန်ပျူတာသုံးစွဲသူများအချင်းချင်း သတင်းအချက်အလက်များ ဖလှယ်နိုင်သည့်ကွန်ပျူတာ ဆက်သွယ်ရေးကွန်ယက်စနစ်တစ်မျိုးဖြစ်သော ပြန်ကြားရေးမဟာလမ်းမကြီး (Imformation Superhighway) ကို နည်းပညာဆိုင်ရာ အံ့ဖွယ်တစ်ရပ်အဖြစ် အကြီးအကျယ်အမွှမ်းတင်ခဲ့ကြသည်။ သို့သော် ၎င်း၌ အားနည်းချွတ်ယွင်းချက်များလည်း ရှိပါသည်။ ကနေဒါနိုင်ငံထုတ် Globe and Mail သတင်းစာတွင် သတင်းထောက် ရှောင် ဆီလ်ကော့ဖ်က “လမ်းမကြီး” ကို သုတေသနပြုသည့်သဘောဖြင့် အသုံးပြုခဲ့သည့်နှစ်လတာအကြောင်းကို ရေးသားခဲ့သည်။ သူက ကွန်ပျူတာဆက်သွယ်ရေးစနစ်သည် “အဆင့်အတန်းမရှိသော အပေါစားအရာများ” နှင့် “အနောက်တိုင်းယဉ်ကျေးမှု၏ အမှိုက်သရိုက်များ” ဖြင့်ပြည့်နေကြောင်း မှတ်ချက်ချထားသည်။ ၎င်းဆက်သွယ်ရေးစနစ်၌ “ဆွေးနွေးရေးအဖွဲ့” ၃,၅၀၀ ကျော်ရှိပြီး ၎င်းအဖွဲ့များက အားကစားနှင့် ဖျော်ဖြေရေးလောကမှ အကျော်အမော်များနှင့်ပတ်သက်သော အတင်းအဖျင်းများ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အောက်တန်းစားဟာသများနှင့် လူကြိုက်များသည့် တီဗီဇာတ်လမ်းများနှင့်ပတ်သက်သော သေးနုပ်သိမ်ဖျင်းသောအကြောင်းစသည်တို့ကို တင်ပြဆွေးနွေးကြသည်။ အဖွဲ့တစ်ဖွဲ့ကမူ ကိုယ့်ကိုယ်ကိုသတ်သေသည့်နည်းလမ်းကိုပင် တင်ပြသည်။ “အသုံးဝင်မှုအလားအလာကောင်းလှသည့် ဤကိရိယာသည် စိတ်မနှံ့သူများနှင့် တင်းကျမ်းပြည့်နေပုံရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကြောင့် အချည်းနှီးဖြုန်းတီးခံနေရသည်” ဟု ဆီလ်ကော့ဖ်က မှတ်ချက်ပေးခဲ့သည်။

ဖိလစ်ပိုင်သွေးဘဏ်မှစိတ်မချရသောသွေးများ

ဖိလစ်ပိုင်နိုင်ငံတွင် သွေးသွင်းခြင်းလုပ်ငန်းသည် “စိတ်မချရကြောင်း၊ ညံ့ဖျင်းကြောင်း၊ အလဟဿဖြစ်ကြောင်း” ဖိလစ်ပိုင်ဆရာဝန်များအဖွဲ့တစ်ဖွဲ့၏ နောက်ဆုံးလေ့လာချက်၌ ကောက်ချက်ချထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ကျန်းမာရေးဝန်ကြီး ကွမ် ဖလေးဗီးယားက ၎င်းကို “အလွန်ထိတ်လန့်ဖွယ်ကောင်းသော အခြေအနေ” အဖြစ်တင်စားခဲ့သည်။ တစ်နိုင်ငံလုံးရှိ ထက်ဝက်မပြည့်သောသွေးဘဏ်များ၌သာ အေအိုင်ဒီအက်စ်၊ ဆစ်ဖလစ်၊ အသည်းရောင်ဘီနှင့် ငှက်ဖျားပိုးတို့ကို ကောင်းစွာစစ်ဆေးစမ်းသပ်နိုင်သည့် ဝန်ထမ်းများရှိသည်ဟု ၎င်းလေ့လာမှုကဖော်ပြသည်။ ၎င်းပြင် သွေးဘဏ်များမှသွေးနမူနာ ၁၃၆ ခုကို စစ်ဆေးကြည့်ရာ စစ်ဆေးပြီးသည့်သွေးများ၌ပင် မသန့်သောသွေး ၄ ရာခိုင်နှုန်းခန့်ကို တွေ့ရှိရသည်။

ခဲဓာတ်နှင့်စပျစ်ရည်

ဘယ်လ်ဂျီယံနှင့်ပြင်သစ်နိုင်ငံတို့မှ သိပ္ပံပညာရှင်များက ပြင်သစ်စပျစ်ရည်များ၌ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ပြုနိုင်သည့် ပစ္စည်းတစ်မျိုးဖြစ်သော ခဲဓာတ်ကိုတွေ့ရှိထားသည်။ ခဲဓာတ်ပါသောဖာလ်ပုလင်းများနှင့် ခဲပါသောထုပ်ပိုးစက္ကူများမှခဲဓာတ်သည် စပျစ်ရည်ထဲသို့ တစ်နည်းနည်းဖြင့် ရောက်ရှိသွားနိုင်သည်။ သို့သော် Science News မဂ္ဂဇင်း၌ဖော်ပြထားသည့် လေ့လာမှုအသစ်တစ်ရပ်အရ ရာသီထွက်စပျစ်ရည်အချို့ ၌ ဇီဝခဲဓာတ်ပေါင်းပါဝင်မှု မြင့်မားရခြင်း၏အကြောင်းတရားမှာ ခဲဓာတ်ပါဝင်သောဓာတ်ဆီကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ မော်တော်ယာဉ်များ ဥဒဟိုသွားလာနေသည့် အဝေးပြေးလမ်းမကြီးများ၏ တစ်ဖက်တစ်ချက်၌ စပျစ်ခြံများစိုက်ပျိုးထားသော အရပ်ဒေသများ၌ ကားအိတ်ဇောပိုက်မှ ထွက်သည့်ဓာတ်ငွေ့များ၌ ပါရှိသောခဲဓာတ်သည် စပျစ်သီးများထဲသို့ ရောက်ရှိသွားကြသည်။ စပျစ်ရည်ထဲ၌ပါရှိသော ဇီဝခဲဓာတ်ပေါင်း၏အဆင့်များမှာ သောက်သုံးရေထဲ၌ တွေ့ရသည့်အဆင့်များထက် အဆ ၁၀ မှ ၁၀၀ အထိမြင့်မားသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ အဲန်တ်ဝပ်တက္ကသိုလ်မှ ရစ်ချာ့ဒ် လော့ဘင်စကီးက ၁၉၇၅ ခုနှစ်နှင့် ၁၉၈၀ ပြည့်နှစ်အတွင်းထုတ်လုပ်သည့် စပျစ်ရည်များကိုသာ ရှောင်ဖို့လိုသည်ဟု ထုတ်ဖော်ပြောဆိုသည်။ အဘယ်ကြောင့်ဆိုသော် ပြင်သစ်နိုင်ငံတွင် ၁၉၇၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် ခဲဓာတ်ပါဝင်သောဓာတ်ဆီသုံးစွဲမှု ကျဆင်းသွားသောကြောင့်ဖြစ်သည်။ သို့သော်လည်း ခဲဓာတ်ပါဝင်သောဓာတ်ဆီကို ယခုထက်တိုင်သုံးစွဲလျက်ရှိနေကြောင်း၊ အထူးသဖြင့် ဥရောပတိုက်အလယ်ပိုင်းနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုဟောင်းတို့တွင်ဖြစ်ကြောင်း သူကပြောကြားသည်။ ဇီဝခဲဓာတ်ပေါင်းများသည် သာမန်ခဲထက် ပို၍အန္တရာယ်ကြီးမားသည်ဟု သူကဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဇီဝခဲဓာတ်ပေါင်းများကို လူ့ကိုယ်ခန္ဓာက၊ “အထူးသဖြင့် ဦးနှောက်က အလွယ်တကူစုပ်ယူနိုင်” သောကြောင့်ဖြစ်သည်။

ရုပ်မြင်သံကြားမရှိသော ကျွန်းတစ်ကျွန်းမှ ကလေးသူငယ်များ

အနောက်အာဖရိကမှ တောင်အမေရိကတိုက်သို့ သွားရာခရီးလမ်း၏ သုံးပုံတစ်ပုံခန့်တွင်တည်ရှိသော သေးငယ်သည့် စိန့်ဟယ်လီနာကျွန်းကလေး၌နေထိုင်သူတို့က “ကမ္ဘာပေါ်တွင် စဉ်းစားဆင်ခြင်မြော်မြင်မှု အရှိဆုံးကလေးများတွင် ပါဝင်သော” သူတို့၏ကလေးများအတွက် ဂုဏ်ယူဝင့်ကြွားမဆုံးရှိကြသည်ဟု Support for Learning အမည်ရှိအထင်ကရ ပညာရေးဂျာနယ်တစ်စောင်ပါ အစီရင်ခံစာကိုကိုးကားလျက် လန်ဒန်မြို့ထုတ် The Times သတင်းစာကဆိုသည်။ အစီရင်ခံစာရေးသားသူ ဒေါက်တာ တိုနီ ချာလ်တန်က ထိုကျွန်းမှအသက် ၉ နှစ်နှင့် ၁၂ နှစ်အကြားရှိကလေးများအနက် ၃.၄ ရာခိုင်နှုန်းမျှသာ အမူအကျင့်ပိုင်းဆိုင်ရာကြီးလေးသည့် ပြဿနာများရှိကြောင်းတွေ့ရှိရသည်။ ဤနှုန်းထားသည် “ကမ္ဘာ့မှတ်တမ်းတွင် မည်သည့်နေရာဒေသ၊ မည်သည့်အသက်အရွယ်၌မဆို အနိမ့်ဆုံး” ဖြစ်ကြောင်း The Times သတင်းစာက မှတ်ချက်ချသည်။ ထိုကလေးများ စဉ်းစားဆင်ခြင်မြော်မြင်မှု ရှိရခြင်းအကြောင်းကား အဘယ်နည်း။ ဖြစ်နိုင်ခြေရှိသည့်အကြောင်းတစ်ရပ်မှာ ကလေးသူငယ်များအတွက် ပညာရေးအဆင့်မြင့်မားမှုနှင့် ပညာဆည်းပူးနိုင်သည့်အခွင့်အလမ်း အပြည့်အဝရှိခြင်းတို့ဖြစ်သည်။ သို့သော် ချာလ်တန်က ဖြစ်နိုင်ခြေရှိသော အခြားအကြောင်းတစ်ရပ်ကို စုံစမ်းစစ်ဆေးရန် စိုင်းပြင်းနေသည်။ ဆက်သွယ်ရေးဂြိုဟ်တုနှင့် ချိတ်ဆက်မှုပြုခဲ့သည့် မကြာမီကာလအထိ ၎င်းကျွန်းပေါ်၌ ရုပ်မြင်သံကြားထုတ်လွှင့်မှု လုံးဝမရှိခဲ့ချေ။ သုံးနှစ်တာကာလအတွင်း ၎င်းကျွန်းပေါ်ရှိအိမ်ထောင်စု ၁,၅၀၀ ထဲမှ ၁,၃၀၀ သည် ရုပ်မြင်သံကြားစက် ပိုင်ဆိုင်လာကြမည်ဟု မျှော်လင့်ရသည်။ ချာလ်တန်သည် ကျွန်းပေါ်ရှိကလေးသူငယ်များ၌ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြောင်းလဲမှုများကို မကြာမီလေ့လာသွားမည်။

အကြံပိုင်သောလယ်သမား၊ပါးနပ်သောကျီးကန်း

ဂျပန်နိုင်ငံတွင် ကောက်ပဲသီးနှံရိတ်သိမ်းချိန်ရောက်တိုင်း တိုက်ပွဲတစ်ခု ဖြစ်ပွားနေရသည်။ ကျီးကန်းနှင့်လယ်သမားတို့သည် အစဉ်မပြတ်ယှဉ်ပြိုင်တိုက်ခိုက်ရကြရာ မကြာမီမှာပင် အကင်းပါးသောကျီးကန်းများက လယ်သမားများစိတ်ကူးကြံစည်ထားသည့် နည်းပရိယာယ်များကို ရိပ်စားမိလာကြသည်။ သို့သော် ယခုအခါ နာဂါနိုနယ်မှ တတ်သိလိမ္မာသောလယ်သမားများက ငှက်တို့၏ပင်ကိုအသိစိတ်မှ ပျော့ကွက်ကိုအသုံးပြုလျက် ငှက်တို့ကိုထောင်ဖမ်းနေကြောင်း Asahi Evening News သတင်းစာကဆိုသည်။ သူတို့က ၎င်းတို့၏လယ်ကွင်းအနီးတွင် စတုရန်းပေ ၃၀ ရှိပြီး အမြင့် ၁၀ ပေရှိသောလှောင်ချိုင့်တစ်ခုကိုတည်ဆောက်၍ အခြားဒေသမှကျီးကန်းများကို ထည့်ထားလိုက်သည်။ လောဘကြီးသော ဒေသခံကျီးကန်းတို့က ၎င်းတို့၏ပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာသည့် ထိုကျီးကန်းတို့ကိုဒေါသထွက်ကာ “တစ်ရပ်တစ်ကျေး” ကျီးကန်းတို့ကိုတိုက်ခိုက်ရန် လှောင်ချိုင့်အတွင်းဝင်ရောက်ရာမှ ဖမ်းမိခံရကြသည်။ နောက်ဆုံးတွင် အောင်မြင်မှုရသွားသလော။ လယ်သမားတစ်ဦးက “တကယ်ဆိုရင် ဒီလှောင်ချိုင့်ကြောင့် လှည့်စားခံလိုက်ရတဲ့ကျီးကန်းအများစုဟာ အတည်တကျမနေဘဲ ခြေဦးတည့်ရာလျှောက်သွားနေတဲ့ ကျီးကန်းတွေသာဖြစ်ကြတယ်။ ဒေသခံကျီးကန်းတွေက ပါးလိုက်လစ်လိုက်တာမှ အခုဆိုရင် ကျွန်တော်တို့ကိုတောင် အရူးလုပ်ပြီး ပျံထွက်သွားကြတယ်” ဟူ၍ပြောပြသည်။ သို့နှင့် ၎င်းတိုက်ပွဲသည် ဆက်၍သာဖြစ်နေသည်။

သားသမီးမထောက်ပံ့သူယာဉ်မောင်းလိုင်စင်မရ

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်အစိုးရက တရားရုံးအမိန့်အရ သားသမီးကိုထောက်ပံ့ကြေးပေးရန် ငြင်းဆိုသောမိဘတို့နှင့်ပတ်သက်၍ တင်းမာသောသဘောထားရပ်တည်ချက် ချမှတ်လိုက်သည်။ ထိုသို့ဝတ္တရားပျက်ကွက်သော ဖခင်ရှစ်ဦး၏ယာဉ်မောင်းလိုင်စင်ကို မိန်းပြည်နယ်အစိုးရက ရုပ်သိမ်းလိုက်သည်။ The New York Times သတင်းစာအဆိုအရ ထိုဖခင်ရှစ်ဦးသည် စုစုပေါင်းအကြွေးဒေါ်လာ ၁၅၀,၀၀၀ တင်ရှိနေကြောင်း၊ ၎င်းတို့၏ယာဉ်မောင်းလိုင်စင် ပြန်လည်ရုပ်သိမ်းခံရမည့်အန္တရာယ်ရှိကြောင်း သတိပေးအကြောင်းကြားစာလည်း အလုံအလောက်ရရှိပြီးဖြစ်ကြောင်း မိန်းပြည်နယ် လူ့အကျိုးဆောင်ကော်မရှင်နာ ဂျိန်း ရှီဟန်ကဆိုသည်။ “ဤသို့ရုပ်သိမ်းခြင်းအတွက် မည်သူမျှ အံ့အားသင့်စရာမလိုပါ။ လွန်ခဲ့သောသြဂုတ်လမှစ၍ ဤသို့တစ်နေ့နေ့တွင်ဖြစ်လာလိမ့်မည်ဟု ကျွန်မတို့က သတိပေးပြီးဖြစ်သည်” ဟု သူမကပြောကြားကြောင်း Times သတင်းစာကကိုးကားဖော်ပြသည်။ သူမ၏ရုံးက သားသမီးထောက်ပံ့ကြေးပေးရန် ရက်ပေါင်း ၉၀ ကျော်လွန်ခဲ့သည့်မိဘ ၁၇,၄၀၀ ယောက်အားလည်း အလားတူသတိပေးချက်များကို ပေးပို့ခဲ့သည်။ ရလဒ်အဖြစ် ယခုအချိန်အထိ ဒေါ်လာ ၁၁.၅ သန်း လာရောက်ပေးဆောင်ပြီးဖြစ်သည်။

ဆေးလိပ်သောက်သူသန်းပေါင်းတစ်ထောင်ကျော်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံမှရရှိသောကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံးတွင် ဆေးလိပ်သောက်သူဦးရေ သန်းပေါင်း ၁,၁၀၀ ရှိသည်။ အကယ်၍ ယခုလက်ရှိအတိုင်းသာဆက်သွားမည်ဆိုလျှင် “ယခုအသက်ရှင်နေသည့် ဆေးလိပ်သောက်သူဦးရေ၏ထက်ဝက်မှာ ဆေးလိပ်ကြောင့်သေဆုံးမည်ဖြစ်ပြီး ထိုသေဆုံးသူတို့အနက်မှ ထက်ဝက်ဖြစ်သော သန်းပေါင်း ၂၅၀ မှာ လူလတ်ပိုင်းအရွယ်တွင် သေဆုံးကြမည်ဖြစ်သည်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။ ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ ဆေးလိပ်သောက်သုံးမှု အတန်အရာကျဆင်းခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌မူ တိုးတက်လာခဲ့သည်။ သို့ဖြင့် ကမ္ဘာ့ဆေးလိပ်သောက်သုံးမှုနှုန်းမှာ လူကြီးတစ်ယောက်အတွက် တစ်နှစ်လျှင် ၁,၆၅၀ လိပ်နှုန်းအတိုင်းရှိနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လက်အောက်ခံ မူးယစ်ဆေးအလွဲသုံးမှုတားဆီးရေး အစီအစဉ်၏ညွှန်ကြားရေးမှူးဖြစ်သူ ဟန်းစ် အမ်းဘလဒ်က “လက်ရှိအခြေအနေအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးလိပ်ဈေးကွက်အောင်မြင်ခြင်း၏ နောက်ဆုံးအကျိုးဆက်အဖြစ် ဆေးလိပ်သောက်သုံးမှုတိုးပွားသည့်ဒေသများကို ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပြောင်းရွှေ့လိုက်ကြသည်။ ဆေးလိပ်သောက်မှုကူးစက်ပြန့်ပွားခြင်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မထိန်းချုပ်နိုင်သေး” ကြောင်း ပြောကြားသွားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ