ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၃/၈ စာ. ၄-၈
  • သင့်အား “သင်” ဖြစ်စေသည့်အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အား “သင်” ဖြစ်စေသည့်အရာ
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗီဇ၏တည်နေရာကို ရှာဖွေမှတ်သားခြင်း
  • ဂျီနုမ်းကိုဖတ်ခြင်း
  • ဂျီနုမ်းကို ပြင်ဆင်ရေးသားခြင်း
  • ဂျီနုမ်းသည် အပြည့်အစုံဖော်ပြသလော
  • လူ့ဗီဇ၏လျှို့ဝှက်သင်္ကေတများကို အဓိပ္ပာယ်ဖော်ခြင်း
    နိုးလော့!—၁၉၉၇
  • သက်သေအထောက်အထားကို ဆင်ခြင်သုံးသပ်ကြည့်ပါ
    နိုးလော့!—၂၀၁၁
  • ဒီအဲန်အေ—သက်ရှိစာကြည့်တိုက်တွေနဲ့တူ
    နိုးလော့!—၂၀၁၅
  • မည်သူ့အပြစ်နည်း သင်လော၊ သင့်မျိုးရိုးဗီဇလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နိုးလော့!—၁၉၉၇
န၉၇ ၃/၈ စာ. ၄-၈

သင့်အား “သင်” ဖြစ်စေသည့်အရာ

လူ့ဂျီနုမ်း လေ့လာမှုစီမံကိန်း မစတင်မီက ကျွန်ုပ်တို့၏မျိုးရိုးဗီဇ ဖွဲ့တည်ပုံအကြောင်းကို သိပ္ပံပညာရှင်များသည် အတော်အတန် လေ့လာသိရှိပြီးဖြစ်သည်။ သို့ကြောင့် လူ့ခန္ဓာကို တည်ဆောက်သည့်အရာအဖြစ် သုတေသီများ ယုံကြည်ယူဆသော အသစ်အသစ်သောတွေ့ရှိချက်များ သတင်းစာများ၌ ကြော်ငြာသည့်အခါ၌ “ဗီဇ (gene)၊” “ခရိုမိုဆုမ်း (chromosome)” နှင့် “ဒီအင်အေ (DNA)” အစရှိသောဝေါဟာရများကို မကြာခဏတွေ့ရှိရသည်။ လူ့ဂျီနုမ်းလေ့လာမှုစီမံကိန်းက ဤအခြေခံများပေါ်အခြေပြု၍ ဗီဇ၏လျှို့ဝှက်သင်္ကေတတစ်ရပ်လုံးကို အဓိပ္ပာယ်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။

သိပ္ပံပညာရှင်များ မည်သို့လုပ်ဆောင်သည်ကို မသုံးသပ်မီ ဤမဂ္ဂဇင်း၏စာမျက်နှာ ၆ မှ “သင်၏ပုံစံပြာ” အကွက်မှအကြောင်းအရာကို ကျေးဇူးပြု၍ဖတ်ပါ။

ဗီဇ၏တည်နေရာကို ရှာဖွေမှတ်သားခြင်း

ရှေ့ဆောင်းပါး၌ဖော်ပြခဲ့သည့်အတိုင်း လူ့ဂျီနုမ်းလေ့လာမှုစီမံကိန်း၏ အဓိကရည်မှန်းချက်မှာ ခရိုမိုဆုမ်းအတွင်း၌ ဗီဇ၏တည်နေရာကို ရှာဖွေခြင်းပင်ဖြစ်သည်။ ဗီဇသုတေသီတစ်ဦးက ဗီဇ၏တည်နေရာရှာဖွေခြင်းကို “နိုင်ငံခြားတိုင်းပြည်တစ်ပြည်ရှိ အမည်မသိသောမြို့တစ်မြို့၏ အမည်မသိသောလမ်းတစ်လမ်းမှ လိပ်စာမရှိသောအိမ်တစ်အိမ်တွင် ကျွမ်းနေသောမီးသီးတစ်လုံးကို ရှာဖွေခြင်း” နှင့်ပုံခိုင်းဖော်ပြသည်။ ဤလုပ်ငန်းသည် “အမည်လိပ်စာမရှိသော ဖုန်းနံပါတ်တစ်ခုကိုရှာဖွေခြင်းတမျှခက်ခဲသည်” ဟု Time မဂ္ဂဇင်းကဆိုသည်။ သို့ဖြစ်လျှင် သိပ္ပံပညာရှင်တို့က ဤစိန်ခေါ်မှုကို မည်သို့ကိုင်တွယ်ဖြေရှင်းကြသနည်း။

အချို့သောမိသားစုများ၌ လူသိများသော စရိုက်လက္ခဏာများနှင့် ရောဂါဖြစ်လွယ်သောလက္ခဏာများ မျိုးရိုးလိုက်၍ဖြစ်ပွားတတ်သည်။ သုတေသီတို့က ထိုဝိသေသလက္ခဏာများကို သတ်မှတ်ဆုံးဖြတ်သည့်ဗီဇများကို ရှာဖွေသည့်အနေနှင့် ထိုသို့သောမိသားစုတို့ကို လေ့လာကြသည်။ သာဓကအနေနှင့် အရောင်ကန်းခြင်း (color blindness)၊ သွေးမတိတ်ရောဂါ (hemophilia) နှင့် အာခေါင်ကွဲခြင်း (cleft palate) တို့ကို ဖြစ်ပွားစေသောဗီဇများကို ခရိုမိုဆုမ်းတစ်ခု၏ နေရာတော်တော်များများ၌ ခြေရာကောက်နိုင်ခဲ့ကြသည်။ မျိုးရိုးဗီဇကွင်းဆက်မြေပုံ (genetic-linkage map) ဟုခေါ်သော၎င်းမြေပုံတို့မှာ ပုံကြမ်းမျှသာဖြစ်သဖြင့် ဗီဇတည်နေရာကို ဗီဇအခြေခံဓာတ် (pairs of base) အတွဲပေါင်း ငါးသန်းခန့်အတွင်း၌ရှိသည်ဟုသာ ညွှန်ပြနိုင်သည်။

ပိုမိုတိကျမှုရှိစေရန်အတွက် သိပ္ပံပညာရှင်တို့က ရူပမြေပုံ (physical map) ကိုရေးဆွဲပြုစုရန်ကြံရွယ်ကြသည်။ နည်းတစ်နည်းမှာ ဒီအင်အေမိတ္တူများကို အပိုင်းအစများအဖြစ် ကြုံသလိုပိုင်းဖြတ်ပြီး ထူးခြားသောဗီဇအမှတ်အသား၏ စီစဉ်ထားပုံများကို အသေးစိတ်စစ်ဆေးကြည့်သည်။ အပိုင်းအစများလေလေ အမျိုးအစားလိုက်ခွဲထုတ်ရန် ခက်ခဲလေလေဖြစ်သည်မှာ ဆိုဖွယ်မရှိ။ ဒီအင်အေအပိုင်းအစတစ်ခုစီကို ထင်ထင်ရှားရှား မှတ်သားထားသည့် စာကြည့်တိုက်စာအုပ်စင်ပေါ်ရှိ စာအုပ်တစ်အုပ်စီနှင့် နှိုင်းယှဉ်မည်ဆိုပါက ဗီဇကိုရှာဖွေခြင်းသည် “ကိုးကားချက်တစ်ခုကို စာကြည့်တိုက်တစ်တိုက်လုံး ရှာစရာမလိုဘဲ စာအုပ်တစ်အုပ်ထဲ၌ ရှာဖွေတွေ့ရှိသည်” နှင့်အလားသဏ္ဌာန်တူသည်ဟု New Scientist မဂ္ဂဇင်းကရှင်းပြသည်။ ရူပမြေပုံတို့က ရှာဖွေရသည့်နယ်ပယ်ကို ဗီဇအခြေခံဓာတ်အတွဲ (base pairs) ၅၀၀,၀၀၀ အထိ ကျဉ်းမြောင်းသွားစေသည်။ ၁၉၉၃ ခုနှစ်အကုန်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မနုဿရုပ်သွင်များခြင်း (Human Polymorphism) လေ့လာရေးဗဟိုဌာနမှ ဒေါက်တာ ဒဲန်းနီယယ် ကိုဟင် ဦးဆောင်သည့် သိပ္ပံပညာရှင်များအဖွဲ့က “ပုံကြမ်းအဆင့်ဖြစ်နေသေးသော်လည်း ပြီးပြည့်စုံသော လူ့ဂျီနုမ်းမြေပုံ” ဟု Time မဂ္ဂဇင်းကခေါ်ဆိုသည့်အရာကို ဖန်တီးထုတ်လုပ်နိုင်ခဲ့သည်။

စီမံကိန်း၏နောက်ပန်းတိုင်မှာ လူ့ဗီဇ ၁၀၀,၀၀၀ ခန့်မှ တစ်ခုစီတွင်ပါရှိသည့် ဓာတုအစိတ်အပိုင်းများနှင့် ကျန်ဂျီနုမ်းအစိတ်အပိုင်းများ၏ စီစဉ်ထားပုံကို အတိအကျ စာရင်းပြုစုရန်ဖြစ်သည်။ သို့သော် သိပ္ပံပညာရှင်များ ဒီအင်အေဖတ်သည့်စွမ်းရည် တိုးတက်လာသည်နှင့်အမျှ ဂျီနုမ်းသည် သူတို့မျှော်လင့်ထားသည်ထက် များစွာရှုပ်ထွေးနက်နဲကြောင်း တွေ့ရှိလာကြသည်။

ဂျီနုမ်းကိုဖတ်ခြင်း

ဂျီနုမ်းအတွင်း၌ ဗီဇသည် ၂ မှ ၅ ရာခိုင်နှုန်းမျှသာ ပါဝင်သည်။ ကျန်အပိုင်းများကို “အရေးမပါသည့် ဒီအင်အေ” ဟုခေါ်ဆိုလေ့ရှိကြသည်။ အသုံးမဝင်သောအစီအစဉ်များဟုခေါ်သော ဤအပိုင်းများသည် ဆင့်ကဲဖြစ်စဉ်အတွင်း မတော်တဆတိုက်ဆိုင်၍ ဖြစ်ပွားလာရာဖြစ်သည်ဟု တစ်ချိန်က သုတေသီအချို့ယူဆခဲ့ကြသည်။ ယခုအခါ ဗီဇမဟုတ်သောဤအပိုင်းအချို့သည် ဒီအင်အေတည်ဆောက်ပုံကို ထိန်းညှိပေးသည့်အပြင် ၎င်းတို့အထဲ၌ ဆဲလ်ကွဲပွားစဉ်ခရိုမိုဆုမ်းများ မိတ္တူကူးပွားရန် လိုအပ်သည့်ညွှန်ကြားချက်များ ပါရှိသည်ဟုယုံကြည်လာကြသည်။

ဗီဇတစ်ခု၏ခလုတ်အား အဖွင့်အပိတ်လုပ်ပေးသည့်အရာကို သုတေသီများစိတ်ဝင်စားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ညွန်ချက်ပြန်ဆိုပစ္စည်းများ (transcription factors) ဟုခေါ်သော ပရိုတင်းထုတ်လုပ်ခြင်းအတွက် အမှတ်သင်္ကေတပြုသည့်ဗီဇပေါင်း ၁၀,၀၀၀ ခန့်အထိရှိနိုင်သည်ဟု New Scientist မဂ္ဂဇင်းကဖော်ပြသည်။ ၎င်းပရိုတင်းအချို့သည် စုစည်းပေါင်းဖွဲ့ ပြီးနောက် သော့နှင့်သော့ခလောက် အံကိုက်သည့်ပမာ ဒီအင်အေ၌ရှိသည့်မြောင်းအတွင်း အံကိုက်ဝင်သွားသည်။ အံကျသွားသည်နှင့် အနီးရှိဗီဇကို ဆွပေးမည်၊ သို့မဟုတ် ၎င်း၏လုပ်ဆောင်မှုကို နှိမ်ထားမည်။

၎င်းပြင်၊ စကားထစ်သောဗီဇ (stuttering gene) ဟုခေါ်သည့် ဗီဇများလည်းရှိသည်။ ၎င်းဗီဇများ၌ ဓာတုသင်္ကေတ၏အစိတ်အပိုင်းများကို အကြိမ်ကြိမ်ထပ်ကျော့သည့်အရာများ ပါရှိသည်။ စကားထစ်သောဗီဇတစ်ခုသည် သာမန်အားဖြင့် ဗီဇသင်္ကေတသုံးခုတွဲ စီအေဂျီ (CAG) ကိုအကြိမ် ၁၁ ကြိမ်မှ ၃၄ ကြိမ်အထိ ထပ်ကျော့တတ်သည်။ ဤဗီဇသင်္ကေတသုံးခုတွဲမှာ အမိုင်နိုအက်ဆစ် (amino acid) တစ်မျိုးမျိုးကို သတ်မှတ်သည့်နယူကလီယိုတိုက် (nucleotide) သုံးခု၏အစဉ်ဖြစ်သည်။ အကယ်၍ ၃၇ ကြိမ်ထက်ပို၍ထပ်ကျော့ခဲ့သော် ဟန်တင်တန်၏ တုန်ရောဂါ (Huntington’s chorea) ခေါ် ဦးနှောက်ပျက်ရောဂါတစ်မျိုးကို ဖြစ်ပွားစေတတ်သည်။

ဗီဇတစ်ခုမှအက္ခရာတစ်လုံး၏ ပြောင်းလဲခြင်းအကျိုးဆက်ကိုလည်း သုံးသပ်ကြည့်ပါ။ ဟီမိုကလိုဗင်သွေးနီဆဲလ် (hemoglobin) အစိတ်အပိုင်းနှစ်ခုမှ တစ်ခု၏အက္ခရာ ၁၄၆-လုံးအစဉ်ထဲမှ အက္ခရာတစ်​လုံးလွဲမှားရုံမျှနှင့် တံစဉ်သွေးဆဲလ်နီ သွေးအားနည်းရောဂါ (sickle-cell anemia) ဖြစ်လာသည်။ သို့ဖြစ်လင့်ကစား ကိုယ်ခန္ဓာ၌ ဆဲလ်များကွဲပွားစဉ်တွင် ဒီအင်အေ (DNA) စင်းလုံးချောရှိမရှိစစ်ဆေးသည့် အမှားပြင်ယန္တရားတစ်မျိုးရှိသည်။ ဤစနစ်မှ အမှားတစ်ခုသည် အူမကင်ဆာဖြစ်စေနိုင်ကြောင်းတွေ့ရှိရသည်။ ဆီးချိုရောဂါနှင့် နှလုံးရောဂါအစရှိသော အခြားရောဂါများသည် မျိုးဗီဇတစ်ခု၏ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်ရသည်ဟု မဆိုသာသော်လည်း ဖောက်ပြန်သောဗီဇအများ စုပေါင်းလုပ်ဆောင်ရာမှဖြစ်လာသော အကျိုးရလဒ်ဖြစ်ပေသည်။

ဂျီနုမ်းကို ပြင်ဆင်ရေးသားခြင်း

ဆရာဝန်များသည် လူတို့၏ရောဂါဖြစ်ရခြင်းအကြောင်း ရှာဖွေရေးနှင့်ကုသရေးအတွက် အထောက်အကူပြုမည့် သတင်းအချက်အလက်များရရှိရန် လူ့ဂျီနုမ်းလေ့လာမှုစီမံကိန်းကို မျှော်လင့်အားထားကြသည်။ အချို့ဗီဇအစဉ်များမှ မူမမှန်သည့်နေရာများကို ဖော်ထုတ်သည့်စမ်းသပ်မှုများကို သူတို့တွေ့ရှိပြီးဖြစ်သည်။ မသမာသူတို့က မျိုးရိုးဗီဇစမ်းသပ်မှုကိုအသုံးပြု၍ လူမျိုးသန့်မူဝါဒ (policy of eugenics) ဖော်ဆောင်မည်ကို အချို့ကစိုးရိမ်ကြသည်။ လောလောဆယ်အချိန်တွင် လူအများတို့က သုတ်ပိုးနှင့်မျိုးဥဆဲလ်များအတွင်း ဗီဇပြုပြင်ခြင်းပါဝင်သော မျိုးဗီဇကုထုံး (germ-line therapy) ကိုဆန့်ကျင်ကြသည်။ မျိုးရိုးဗီဇအရ မူမှန်သည့်သန္ဓေသားကို စမ်းသပ်ဖန်ပြွန်ဖြင့် သန္ဓေအောင်စေသည့်နည်းကို စဉ်းစားကြသော ဇနီးမောင်နှံတို့ပင် သားအိမ်အတွင်း ပြန်လည်ထည့်သွင်းရန် ရွေးချယ်မခံရသောသန္ဓေခဲများ (embryos) ကို မည်သို့ပြုလုပ်ရမည်အကြောင်း ဆုံးဖြတ်ချက်ချရကြသည်။ ၎င်းပြင်၊ စဉ်းစားတတ်သူတို့က မျိုးဗီဇမှားယွင်းမှုရှိကြောင်း စစ်ဆေးတွေ့ရှိသော သန္ဓေသား၏ဖြစ်အင်နှင့်ပတ်သက်၍ စိုးရိမ်ကြောင်းထုတ်ဖော်လာကြသည်။ အရွယ်ရောက်လူကြီးများ၏ ဗီဇတည်နေရာပြပုံက လူတို့၏အလုပ်ခန့်ထားခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းမက အာမခံထားခြင်းတို့ကိုပင် ပြောင်းလဲစေနိုင်သည်ဟူသော စိုးရိမ်စိတ်ကြောင့် လူများစွာ ပူပင်သောကရောက်နေကြသည်။ ထို့ပြင်၊ ဗီဇမွမ်းမံမှုနည်းပညာ (genetic engineering) နှင့်ပတ်သက်သော စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာလည်းရှိသေးသည်။

“သူတို့သည် ဇီဝအသက်စာအုပ်ကိုဖတ်နိုင်ရုံမျှနှင့် တင်းတိမ်ခြင်းမရှိဘဲ ပါဝင်ရေးသားချင်လာကြသည်” ဟု The Economist စာစောင်ကဖော်ပြသည်။ ဆရာဝန်များ ဤသို့အောင်မြင်စွာပြုနိုင်ဖွယ်ရှိသည့် နည်းတစ်နည်းမှာ ရီထရိုဗိုင်းရပ်စ်ပိုးများ (retroviruses) ကိုအသုံးပြုခြင်းပင်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို ဓာတုအိတ်တစ်လုံးရှိ ဗီဇတစ်စုအဖြစ် ယူမှတ်နိုင်သည်။ သိပ္ပံပညာရှင်တို့သည် လူသားတို့ကိုဥပဒ်ပေးတတ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြင့်အစချီလျက် ၎င်းဗိုင်းရပ်စ်ပိုးမှ မျိုးပွားရာ၌ လိုအပ်သောဗီဇကို ဖယ်ရှား၍ လူနာ၏ဖောက်ပြန်သောဗီဇ၏ ကျန်းမာသောမူကွဲဖြင့် အစားဖြည့်သွင်းပေးသည်။ ကိုယ်ခန္ဓာထဲသို့ထိုးထည့်ပေးလိုက်သည်နှင့် ၎င်းဗိုင်းရပ်စ်ပိုးသည် လျာထားသတ်မှတ်သည့်ဆဲလ်များအတွင်း ထိုးဖောက်ဝင်ရောက်ပြီး သယ်ဆောင်ထားသည့် ကျန်းမာသောဗီဇများဖြင့် ဖောက်ပြန်သောဗီဇများကို အစားထိုးနေရာယူမည်။

အရေပြားကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်သည့်ဗီဇတစ်မျိုးကို ရှာတွေ့မှုအပေါ်အခြေပြု၍ များမကြာမီကသိပ္ပံပညာရှင်တို့က လွယ်ကူရိုးရှင်းသော ကုသမှုတစ်မျိုးအကြောင်း ထုတ်ဖော်ရေးသားခဲ့ကြသည်။ လူ ၂၀ တွင် ၁ ဦး၌သာ အဆိုပါဗီဇမျိုး သယ်ဆောင်ခြင်းရှိသဖြင့် ၎င်းတို့၏ရည်ရွယ်ချက်မှာ အဆိုပါဗီဇကို ကရင်မ်လိမ်းဆေးထဲထည့်သွင်းခြင်းဖြင့် အရေပြားဆဲလ်များအတွင်း ရောက်ရှိသွားစေရန်ဖြစ်သည်။ ဆဲလ်အတွင်းရောက်ရှိသွားသည့်ထိုဗီဇက ကိုယ်ခန္ဓာကိုတိုက်ခိုက်သည့် ကင်ဆာဖြစ်ငန်းမန်းဆိပ်များ (cancer-causing toxins) ကိုချေဖျက်သည်ဟု ဆရာဝန်တို့ကယုံကြည်သည့်အင်ဇိုင်း (enzyme) တစ်မျိုးကိုထုတ်လုပ်ရန် စေ့ဆော်ပေးသည်။

ဤလုပ်ထုံးလုပ်နည်းများသည် အံ့မခန်းဖွယ်ဖြစ်သော်လည်း ဗီဇမွမ်းမံမှုနည်းပညာသုံးစွဲခြင်းကို တင်းကျပ်စွာထိန်းချုပ်ကန့်သတ်ထားသည်။ အကြောင်းမှာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် အကျိုးဆက်များကြောင့် စိုးရိမ်ပူပန်နေကြသော ပြည်သူတို့ကိုဖြေသိမ့်ရန် သိပ္ပံပညာရှင်တို့က လုံးပန်းနေရသောကြောင့်ပင်။

လူ့ဂျီနုမ်း၏ရှုပ်ထွေးနက်နဲမှုများနှင့်ပတ်သက်၍ ဆက်လက်လေ့လာရှာဖွေစရာ အမြောက်အမြားရှိသေးသည်။ “ကမ္ဘာပေါ်တွင် လူ့ဂျီနုမ်းတစ်ခုတည်း ရှိသည်မဟုတ်။ လူယောက်စီယောက်တိုင်း၌ဆိုရမလောက် တစ်ခုစီရှိကြသဖြင့် ဂျီနုမ်းသန်းပေါင်းငါးထောင်ကျော် ရှိနေပါသည်” ဟုမျိုးရိုးဗီဇပညာရှင် ခရစ္စတိုဖာ ဝီးလ်စ်ကဆိုသည်။ သင်၏ဂျီနုမ်းက သင့်အကြောင်းများစွာ ဖော်ပြပေးသည်။ သို့သော် တစ်ခုမကျန် အပြည့်အစုံ ဖော်ပြပါသလော။

ဂျီနုမ်းသည် အပြည့်အစုံဖော်ပြသလော

အချို့သူတို့က ဗီဇသည် ကျွန်ုပ်တို့ကို လက်ရှိအတိုင်း ပြုမူကျင့်ကြံစေရန်ဖန်တီးပေးသည့် အာဏာရှင်ပေါက်စဖြစ်သည်ဟု ယူဆကြသည်။ အမှန်ဆိုလျှင် မကြာမီက သတင်းစာနယ်ဇင်းများ၌ စိတ်ကစဉ့်ကလျားရောဂါ (schizophrenia)၊ အရက်စွဲရောဂါ (alcoholism)၊ လိင်တူကြိုက်ခြင်း (homosexuality) တို့ကိုဖန်တီးသည်ဟု ယုံကြည်လက်ခံထားကြသည့်ဗီဇများ ရှာဖွေတွေ့ရှိသည့်သတင်းများ ကြေညာခဲ့ကြသည်။ သိပ္ပံပညာရှင်အများက ဖြစ်နိုင်သည့်အလားအလာရှိသော ဤကွင်းဆက်များနှင့်ပတ်သက်၍ သတိပြုရန်အကြံပေးကြသည်။ သာဓကအနေနှင့် စာရေးဆရာ ခရစ္စတိုဖာ ဝီးလ်စ်က အချို့ကိစ္စများ၌ ဗီဇကွဲပြားမှုများက ထိုဗီဇ “သယ်ဆောင်သူအား အရက်စွဲရောဂါရရှိစေရန် လွယ်ကူစေခြင်း” မျှသာဖြစ်ကြောင်း ရေးသားခဲ့သည်။ လန်ဒန်မြို့ထုတ် The Times သတင်းစာ၏အဆိုအရ မော်လီကျူးဗီဇပညာရှင် ဒင်းဟမ္မာက လူ့အဖိုအမသဘာဝ (sexuality) သည် အလွန်ရှုပ်ထွေးနက်နဲလှသဖြင့် ဗီဇတစ်မျိုးတည်းဖြင့် ဆုံးဖြတ်၍မရကြောင်းဖြင့် ၎င်း၏အမြင်ကိုထုတ်ဖော်ပြောကြားခဲ့သည်။ အမှန်ဆိုလျှင် “လိင်တူကြိုက်ခြင်းကိုဖြစ်စေလွယ်သည့် ဗီဇအတိအကျဟူ၍ ယခုတိုင်ရှာမတွေ့သေးပါ။ ယခုအထိလုပ်ဆောင်ခဲ့သမျှသည် အခြားသောအတည်ပြုချက် ရရှိရန်လိုသည်” ဟူ၍ 1994 Britannica Book of the Year စွယ်စုံကျမ်းကဖော်ပြသည်။ ၎င်းပြင်၊ Scientific American မဂ္ဂဇင်းကလည်း “အမူအကျင့်ဆိုင်ရာ စရိုက်လက္ခဏာများသည် အဓိပ္ပာယ်ဖွင့်ဆိုရန် အလွန်တရာခက်ခဲသည့်အပြင် မျိုးရိုးဗီဇအခြေခံကြောင့်ဖြစ်သည်ဟုဆိုသော စရိုက်လက္ခဏာတိုင်းသည် ပတ်ဝန်းကျင်၏သက်ရောက်မှု အကျိုးဆက်ဖြစ်သည်ဟူ၍လည်း ရှင်းပြနိုင်သည်” ဟုရေးသားထားသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ဘီဘီစီရုပ်မြင်သံကြားအစီအစဉ်မှ Cracking the Code အခန်းဆက်တွင် ဗီဇပညာရှင် ဒေါက်တာ ဒေးဗစ် စူဇူကီးက “ကျွန်ုပ်တို့တစ်ဦးစီ၏ အခြေအနေများ၊ ဘာသာတရား၊ လိင်ကွဲပြားမှုတို့က ကျွန်ုပ်တို့အပေါ် ဗီဇသက်ရောက်စေသည့်အကျိုးကို ပြောင်းလဲစေနိုင်သည်။ . . . ကျွန်ုပ်တို့အပေါ် ဗီဇသက်ရောက်သည့်အကျိုးသည် ကျွန်ုပ်တို့၏အခြေအနေပေါ်မူတည်သည်” ဟူသော ယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ သို့နှင့် သူက “အကယ်၍ သတင်းစာတွင် အရက်စွဲရောဂါ၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဉာဏ်ထက်မြက်ခြင်း၊ တစ်စုံတစ်ရာနှင့်ဆိုင်သောဗီဇတစ်ခုခုကို သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိပြီ ဟူသောသတင်း ဖတ်ရသည့်အခါ ချင့်ချိန်ပြီးလက်ခံပါ။ လူတစ်ဦးအပေါ် ဗီဇတစ်မျိုးမျိုးက အကျိုးသက်ရောက်မှုရှိသည်ဟုပြောနိုင်ရန် သိပ္ပံပညာရှင်များအနေဖြင့် ထိုသူ၏ပတ်ဝန်းကျင်နှင့်ဆိုင်သော အကြောင်းအရာအလုံးစုံကို သိရှိရန်လိုပါသည်။ ထိုမျှသိရှိရုံနှင့်ပင် လုံလောက်ကောင်းမှလုံလောက်ပေမည်” ဟုသတိပေးထားသည်။

အမှန်ပင်လုံလောက်မည်မဟုတ်ပါ။ အကြောင်းမှာ သင်၏ဥပဓိရုပ်အပေါ် ဩဇာသက်ရောက်နိုင်သော အခြားအချက်တစ်ချက်ရှိနေပါသည်။ နောက်ဆက်တွဲဆောင်းပါးတွင် ထိုအချက်အကြောင်းနှင့် ၎င်းသည် သင်၏ကောင်းကျိုးအတွက် မည်သို့သြဇာသက်ရောက်မှုရှိနိုင်သည့်အကြောင်းတို့ကို သုံးသပ်ထားပါသည်။

[စာမျက်နှာ ၆၊ ၇ ပါလေးထောင့်ကွက်/ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သင်၏ပုံစံပြာ

• သင်၏ကိုယ်ခန္ဓာသည် တစ်ဆယ်ထရီလီယံမျှရှိသောဆဲလ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဆဲလ်အများ၌ သင်ကိုယ်တိုင်၏ပုံစံပြာ (blueprint) ပါရှိကြသည်။ (သွေးဆဲလ်နီ၌ နယူကလီယ (nucleu) မရှိသောကြောင့် ပုံစံပြာမပါရှိချေ။)

• သင်၏ဆဲလ်များသည် ရှုပ်ယှက်ခတ်နေသော အဆောက်အအုံများဖြစ်ကြသည်။ စက်မှုလုပ်ငန်းများ၊ စွမ်းအားသိုလှောင်ဝင်းများ၊ တိကျသောအဝင်အထွက် လမ်းကြောင်းများနှင့်ပြည့်နှက်နေသည့် မြို့ကြီးများနှင့် အလားသဏ္ဌာန်တူသည်။ ဆဲလ်၏နယူကလီယသည် ညွှန်ကြားမှုပေးသော ဗဟိုချက်ဖြစ်သည်။

• သင့်ဆဲလ်၏နယူကလီယဖြစ်သည့် သင်၏ပုံစံပြာတည်ရှိရာဌာနကို ယေဘုယျအားဖြင့် ဒေသအစိုးရအာဏာပိုင်က ဒေသအတွင်းတည်ဆောက်သော အဆောက်အအုံများ၏ပုံစံများကို သိမ်းဆည်းထားသည့် မြို့တော်ခန်းမနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုအဆောက်အအုံများကို ဆောက်လုပ်ရန်အတွက် တစ်စုံတစ်ယောက်က ဆောက်လုပ်ရေးပစ္စည်းများကို မှာယူခြင်း၊ လုပ်ငန်းအတွက်လိုအပ်သော လက်နက်ကိရိယာများကို စီစဉ်ပေးခြင်း၊ ဆောက်လုပ်ရေးလုပ်သားများကိုစုစည်းခြင်း ပြုလုပ်ရန်လိုသည်။

• သင်၏ခရိုမိုဆုမ်း (chromosome) များက သင်၏ပုံစံပြာအကြောင်း အသေးစိတ်ရှင်းပြသည်။ ကျစ်လစ်စွာလိမ်ကျစ်နေသည့် ဤဒီအင်အေမော်လီကျူး ၂၃ စုံတို့ကိုဖြေ၍ တစ်ခုနှင့်တစ်ခု တန်းစီထိဆက်ထားလိုက်မည်ဆိုလျှင် စုစုပေါင်းအလျားသည် လကမ္ဘာသို့ အသွားအပြန်ခရီး အခေါက်ပေါင်း ၈,၀၀၀ မျှရှည်လျားမည်ဖြစ်သည်။

• သင်၏ဒီအင်အေ၌ လှေကားထစ်ကဲ့သို့သော ဗီဇအခြေခံဓာတ် (base) ခေါ်ကာ ဓာတုအစိတ်အပိုင်းအတွဲများ တွယ်ဆက်နိုင်သည့်နေရာများ ပါရှိသည်။ သို့သော် ၎င်းလှေကားသည် ခရုပတ်လိမ်နေသောလှေကားမျိုးဖြစ်သည်။ ဗီဇအခြေခံဓာတ် အက်ဒီနင်း (အေ၊ adenine) သည် သိုင်မင်း (တီ၊ thymine) နှင့်လည်းကောင်း၊ ဆိုက်တိုဆင်း (စီ၊ cytosine) သည် ဂွာနင်း (ဂျီ၊ guanine) နှင့်လည်းကောင်း အစဉ်သဖြင့်တွဲနေကြသည်။ လှေကားသဖွယ်ဖြစ်နေသော ဒီအင်အေကို ဇစ်ဆွဲဖွင့်လိုက်သကဲ့သို့ အလျားလိုက်ခွဲလိုက်မည်ဆိုပါက အေ၊ စီ၊ ဂျီနှင့် တီ အက္ခရာလေးလုံးဖြင့် ရေးသားထားသည့် ဗီဇလျှို့ဝှက်သင်္ကေတ ပေါ်လာပေမည်။

• သင့်ရိုင်ဗိုဆုမ်း (ribosomes) များသည် ရွှေ့ပြောင်းလွယ်သော စက်ရုံများသဖွယ် မိမိတို့ဘာသာတွဲဖက်၍ အာရ်အင်အေ (RNA, ribonucleic acid) ၏သင်္ကေတပါသတင်းအချက်အလက်ကိုဖတ်သည်။ ထိုသို့ဖတ်သွားစဉ်တွင် ၎င်းတို့သည် အမိုင်နိုအက်ဆစ် (amino acid) ခေါ် မျိုးမတူဓာတ်ပေါင်းများကိုစုစည်း၍ သင့်အား “သင်” ဖြစ်စေသည့် ပရိုတင်းများ (proteins) ကိုဖြစ်တည်စေသည်။

• သင့်ဗီဇများမှာ ဒီအင်အေ၏အစိတ်အပိုင်းများဖြစ်ပြီး ကိုယ်ခန္ဓာ၏တည်ဆောက်ပစ္စည်းများဖြစ်သော ပရိုတင်းများကိုပြုလုပ်ရာ၌ ပုံစံများကို ထုတ်လုပ်ပေးသည်။ အချို့ရောဂါများနှင့်ပတ်​သက်၍ သင်၌ခံ​နိုင်​ရည်ရှိမရှိကို ဤဗီဇများက ဆုံးဖြတ်ပေးသည်။ သင့်ဗီဇကိုဖတ်ရန် အင်ဇိုင်း (enzyme) ခေါ်ဓာ​တုကိ​ရိ​ယာများက ဒီအင်အေအပိုင်းတစ်ပိုင်းကို အလိမ်ဖြေ၍ အလျားလိုက်ခွဲလိုက်သည်။ ထို့နောက် အခြားသောအင်ဇိုင်းများက ဗီဇတစ်လျှောက် “ဖတ်” သွားရင်းနှင့် အ​ပြန်​အ​လှန်အ​ကျိုးပြုသော ဗီဇအခြေခံဓာတ် (base) များကို တစ်စက္ကန့်လျှင် ၂၅ ခုနှုန်းဖြင့်တန်းစီ၍ တစ်​ဆက်​တည်းတည်​ဆောက်သွားသည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဗီဇမှတ်ပုံတင်

လူ့တစ်သျှူးများမှ ဒီအင်အေအချို့ကိုထုတ်ယူပြီး အပိုင်းအစများဖြစ်အောင် ပိုင်းဖြတ်လိုက်သည်။ ထိုအပိုင်းအစများကို ဂျဲအရည် (gel) အတွင်းထည့်၍ လျှပ်စီးကိုစီးဆင်းစေပြီးနောက် ရရှိလာသည့်အမဲကွက်များကို ပါးလွှာသောနိုင်လွန်ဖလင်ပြားပေါ် ထင်စေသည်။ ရေဒီယိုသတ္တိကြွ ဗီဇစစ်ဆေးမှုပြုလုပ်ပြီးနောက် ဓာတ်ပုံရိုက်ယူသည်။ ရရှိလာသည့်ရလဒ်မှာ ဒီအင်အေလက်ဗွေရာပင်ဖြစ်တော့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ