ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၄/၈ စာ. ၁၅-၁၇
  • ရွှေ့ဆိုင်းခြင်း အချိန်သူခိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွှေ့ဆိုင်းခြင်း အချိန်သူခိုး
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဤကား ရွှေ့ဆိုင်းခြင်းဖြစ်သလော
  • သူခိုးကိုအမိဖမ်းခြင်း
  • အကျိုးဆက်ကိုစဉ်းစားပါ
  • ကျွန်ုပ်ဘာလုပ်နိုင်သနည်း
  • အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ
    လူငယ်များအမေး
  • အချိန်ဆွဲခြင်းကို ရှောင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ
    လူငယ်များအမေး
  • ယင်းကို သင်မစုဆောင်းထားနိုင်သဖြင့် ကောင်းစွာအသုံးချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၄/၈ စာ. ၁၅-၁၇

ရွှေ့ဆိုင်းခြင်း အချိန်သူခိုး

“ရွှေ့ဆိုင်းခြင်းသည် အချိန်သူခိုးဖြစ်သည်။”—အက်ဒွတ် ယန်း၊ ၁၇၄၂ ခုနှစ်။

ရပ်! ဤဆောင်းပါးကို လက်မှမချလိုက်ပါနှင့်! ဘာဖြစ်လာနိုင်သည်ကို သင်သိပါသည်။ “စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်ပါပဲ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ဖတ်ဖို့အချိန်မရသေးဘူး။ နောက်မှပဲဖတ်တော့မယ်။” သို့သော် နောက်တော့မှဆိုသည်မှာ မည်သည့်အခါမှမရောက်လာဘဲ ဖြစ်သွားနိုင်သည်။

ဤရွှေ့ဆိုင်းခြင်းဆောင်းပါးကိုဖတ်ရန် ရွှေ့ဆိုင်းခြင်းမပြုပါနှင့်! အချိန်ကိုတွက်ကြည့်လိုက်ပါ။ သင့်အနေဖြင့် ဤဆောင်း​ပါးကိုဖတ်ရန် ငါးမိ​နစ်မျှ​သာကြာကောင်းကြာမည်။ သို့ဖြင့် ဤမဂ္ဂဇင်းတစ်စောင်လုံး၏ ၁၀ ရာနိုင်နှုန်းခန့်ကို သင်ဖတ်ပြီးဖြစ်လိမ့်မည်။ နာရီကိုကြည့်၍ အချိန်ကိုစတင်မှတ်သားပါ။ (ယခုပင် ဤဆောင်းပါး၏ ၅ ရာခိုင်နှုန်းကို သင်ဖတ်ပြီးနေပြီ!)

ဤကား ရွှေ့ဆိုင်းခြင်းဖြစ်သလော

အကယ်၍ သင့်အနေဖြင့် ယခုပြုလုပ်နိုင်သော၊ သို့မဟုတ် ပြုလုပ်သင့်သောအလုပ်တစ်ခုကို အချိန်ဆွဲနေမည်ဆိုလျှင်၊ သို့မဟုတ် ဆိုင်းငံ့ထားမည်ဆိုလျှင် သင်သည်ရွှေ့ဆိုင်းနေသည်ဟု ဆိုနိုင်ပါသည်။ တစ်နည်းအားဖြင့် ယနေ့လုပ်နိုင်သောအလုပ်ကို မနက်ဖြန်သို့ ရွှေ့ဆိုင်းနေခြင်းပင်ဖြစ်သည်။ ရွှေ့ဆိုင်းတတ်သူသည် လိုအပ်သောလုပ်ဆောင်မှုကိုမလုပ်ဘဲ အချိန်ဆွဲနေတတ်သည်။

ကြီးကြပ်ရေးမှူးတစ်ဦးက အလုပ်သမားတစ်ဦးအား အစီရင်ခံစာတင်သွင်းခိုင်းထားသည်; မိဘတို့က သားသမီးကို အခန်းသန့်ရှင်းရေးလုပ်ခိုင်းထားသည်; ဇနီးသည်က လင်သားဖြစ်သူအား ရေပိုက်ခေါင်းပြင်ခိုင်းထားသည်။ “ကျွန်တော်အလုပ်များသွားလို့ပါ၊” သို့မဟုတ် “ကျွန်တော်မေ့သွားလို့ပါ” သို့တည်းမဟုတ် “ကျွန်တော်အချိန်မရလိုက်လို့ပါ” စသည်ဖြင့် ပျက်ကွက်ခြင်းအတွက် ဆင်ခြေဆင်လက်ပေးတတ်ကြသည်။ အမှန်ဆိုရလျှင် လုပ်ရကိုင်ရပို၍ပျော်စရာကောင်းသောအလုပ်မျိုး ရှိသည့်အခါများ၌ အစီရင်ခံစာရေးခြင်း၊ အခန်းသန့်ရှင်းရေးလုပ်ခြင်း၊ သို့မဟုတ် ရေပိုက်ပြင်ခြင်းလုပ်လိုသောသူ ရှားပါသည်။ သို့နှင့် ၎င်းတို့ကို ကျွန်ုပ်တို့ ရွှေ့ဆိုင်းထားတတ်ကြသည်၊ အချိန်ဆွဲတတ်ကြသည်။

သို့သော် တစ်ခါတစ်ရံတွင်တစ်ခုခုကိုလုပ်ရန် ဆိုင်းငံ့ထားလိုက်ခြင်းသည် ရွှေ့ဆိုင်းခြင်းမဟုတ်ကြောင်း သင်သိပါသ​လော။ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးသည် တောင်းခံလွှာတစ်စောင်ရရှိသော်လည်း ဘာလုပ်ရမည်ကိုမသိသဖြင့် သူမစားပွဲပေါ်ရှိ “ဆိုင်းငံ့” ဟူ၍အမည်တပ်ထားသောဖိုင်ထဲတွင် သိမ်းထားလိုက်သည်။ သီတင်းပတ်အနည်းငယ်ကြာပြီးနောက် ထိုစာရင်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါ ထက်ဝက်ခန့်မှာ အရေးယူဆောင်ရွက်စရာမလိုတော့သည်ကို တွေ့ရှိရသည်။ ၎င်းတို့သည် သူ့ဘာသာသူ ပြေလည်သွားသည်၊ သို့မဟုတ် အရေးယူစရာမလိုတော့ဘဲဖြစ်သွားသည်။ အလုပ်တစ်ခုကို ဆိုင်းငံ့ထားရမည်လော၊ ချက်ချင်းအရေးယူလုပ်ကိုင်ရမည်လောဟူ၍ ဇဝေဇဝါဖြစ်နေပါက မိမိရွှေ့ဆိုင်းထားသည့်အလုပ်ကို မလုပ်ဘဲပစ်ထားလျှင် ဘာဖြစ်မည်နည်းဟူ၍ စိစစ်ကြည့်ပါ။ ထိုအလုပ်ကိုပြီးစီးအောင်လုပ်လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာမည့်အကျိုးရလဒ်သည် ပို၍ကောင်းလာနိုင်သလော၊ ပို၍ဆိုးသွားနိုင်သလော။

ယခုချက်ချင်းလုပ်နိုင်ရုံမက လုပ်လည်းလုပ်သင့်သောအ​လုပ်တစ်ခုကို မလုပ်ဘဲအချိန်ဆွဲခြင်းအားဖြင့်နောက်ပိုင်းတွင် ပြဿနာပို၍ဖြစ်စေပါက အချိန်ဆွဲခြင်းသည် ရွှေ့ဆိုင်းခြင်းပင်ဖြစ်တော့သည်။ ဥပမာအားဖြင့် ပေနေသောပန်းကန်များကို အချိန်အတော်ကြာပြီးမှ ဆေးကြောမည်ဆိုပါက စင်ကြယ်အောင်တိုက်ချွတ်ရ ပို၍ခက်တတ်သည်။ ကားပြုပြင်ထိန်းသိမ်းရေးကို နေ့ရွှေ့ ညရွှေ့လုပ်မည်ဆိုလျှင် နောက်နောင်တွင်ပြုပြင်မှုအတွက် အကုန်အကျများနိုင်သည်။ ပြေစာကျသင့်ငွေပေးဆောင်ရန် နောက်ကျမည်ဆိုပါက ဒဏ်ကြေးအပိုပေးဆောင်ရတတ်သည်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်မျိုးမျိုး လက်လွတ်ဆုံးရှုံးရတတ်သည်။ အမျိုးသမီးတစ်ဦးက ယာဉ်စည်းကမ်းဖောက်ဖျက်မှုဒဏ်ငွေပေးဆောင်ရန်၊ ဗီဒီယိုတိတ်ခွေပြန်အပ်ရန်၊ စာကြည့်တိုက်မှစာအုပ်ပြန်အပ်ရန်ရက်လွန်သဖြင့် တစ်လတည်းအတွင်း၌ ပေးဆောင်လိုက်ရသည့် ရက်လွန်ကြေးစုစုပေါင်းမှာ ၄၆ ဒေါ်လာရှိသတည်း!

သူခိုးကိုအမိဖမ်းခြင်း

မိမိအဘယ်ကြောင့်ရွှေ့ဆိုင်းသည်ကိုသိရှိရန် အောက်ပါအကြောင်းတို့ကို လေ့လာကြည့်ပြီး မည်သည့်အချက်သည် သင်မစတင်ရသေးသော၊ သို့မဟုတ် မပြီးစီးသေးသော လတ်တလောအစီအစဉ်နှင့်ကိုက်ညီကြောင်း ဝေခွဲနိုင်မနိုင် ဆန်းစစ်ကြည့်ပါ–

အကျင့်–

နောက်ဆုံးအချိန်အထိစောင့်ပြီးမှလုပ်လျှင် အလုပ်ပြီးစီးရန် လှုံ့ဆော်မှုတွန်းအားပိုရှိသည်။

နောက်ဆုံးအချိန်ကျမှလုပ်ဆောင်ခြင်းဖြင့် ခံစားရသည့်စိတ်လှုပ်ရှားမှုမျိုးကို နှစ်သက်သည်။

အထက်လူကြီးက အကြိမ်ကြိမ်သတိပေးလာသည်အထိ စောင့်ဆိုင်းမည်၊ သို့ပါမှ အမှန်တကယ် ပြုစေလိုကြောင်း အသေအချာသိမည်။

လုပ်ကိုင်စရာ အလွန် များပြားသဖြင့် တကယ်အရေးကြီးသောအလုပ်များကိုသာ အရေးပေးသည်။

သဘောထား–

ပေးအပ်သည့်တာဝန်ကို လုပ်ဆောင်လိုသောဆန္ဒ၊ သို့မဟုတ် တက်ကြွမှုမရှိပါ။

လုပ်နိုင်သောစွမ်းရည်နှင့် လုပ်ချင်သောစိတ်ရှိသည့်အချိန်ကျမှ ထ၍လုပ်သည်။

အခြားတစ်ခုခုကိုသာ လုပ်ကိုင်ချင်သည်။

ကျွန်ုပ်၌ စည်းကမ်းကြပ်မတ်ခြင်းမရှိပါ။

စိုးရိမ်ခြင်း–

လုပ်နိုင်မလုပ်နိုင် အသေအချာမသိပါ။

လုပ်ကိုင်ရန်အချိန် အလုံအလောက်မရှိပါ။

ဤအလုပ်တာဝန်အလွန်ကြီးသည်၊ အကူအညီလိုအပ်သည်။

မအောင်မြင်လျှင်၊ သို့မဟုတ် မပြီးနိုင်လျှင် မည်သို့ပြုမည်နည်း။

အလုပ်ပြီးစီးရန် ပစ္စည်းပစ္စယများ လိုသည်။

ဝေဖန်ခံရမည်၊ သို့မဟုတ် အနေရခက်မည်ကို ကျွန်ုပ်စိုးရိမ်သည်။

လူအသီးသီးက အဆင့်အသီးသီးတွင် ရွှေ့ဆိုင်းတတ်ကြသည်။ အချို့က အလုပ်တာဝန်ကြီးမားလွန်းသည်ဟုမြင်ထားသောကြောင့် မစမီကတည်းက ရွှေ့ဆိုင်းတတ်ကြသည်။ အခြားသူတို့မှာ စ၍လုပ်ကိုင်သော်လည်း တစ်ဝက်လောက်တွင် စိတ်အားထက်သန်မှုလျော့ပါးလာရာ တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်တတ်ကြသည်။ နောက်အချို့သူတို့မှာ အလုပ်ပြီးခါနီးမှ လက်စမသတ်ဘဲ အခြားအလုပ်တစ်ခုကို စလုပ်တတ်ကြသည်။ (စကားမစပ်၊ သင်အတော်တိုးတက်နေပါသည်၊ ဤဆောင်းပါးတစ်ဝက်ပင်ရောက်နေပြီ။)

အလုပ်တာဝန်တစ်ခုကိုမစနိုင်ခြင်း၊ သို့မဟုတ် ပြီးစီးအောင်မလုပ်နိုင်ခြင်း၏ အကြောင်းရင်းများကို အမျိုးအစားသုံးစား ခွဲခြား၍ရနိုင်သည်။ The Now Habit စာအုပ်တွင် နီးလ် ဖိုင်အိုရေက “ရွှေ့ဆိုင်းခြင်းပြဿနာအများစု၏ အဓိကအခြေခံအကြောင်းတရားသုံးခုမှာ ဓားစာခံကဲ့သို့သောခံစားချက်ဖြစ်ပေါ်ခြင်း၊ ဖိစီးလွှမ်းမိုးခံရခြင်းနှင့် မအောင်မြင်မည်ကို စိုးရိမ်ခြင်းတို့ဖြစ်သည်” ဟုရေးသားထားသည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ၊ အကြောင်းရင်းခံကို သင်လက်ညှိုးထိုးပြနိုင်မည်ဆိုလျှင် ဖြေရှင်းနည်းကိုတွေ့ရန်အလားအလာ ပို၍ရှိလာမည်။

အဘယ်ကြောင့်ရွှေ့ဆိုင်းရကြောင်း အသေအချာမသိပါက တစ်ပတ်အတွင်း သင်၏လှုပ်ရှားဆောင်ရွက်မှုများကို နာရီဝက်စီခွဲ၍ မှတ်တမ်းပြုလုပ်ပါ။ အချိန်ကိုမည်သို့အသုံးချနေကြောင်း စိစစ်ပါ။ အရေးကြီးသောအလုပ်များလုပ်ဆောင်ရာ၌ အရေးမပါလှသောကိစ္စများအတွက် ကျွန်ုပ်တို့ အချိန်မည်မျှအသုံးပြုနေသည်ကို အံ့သြဖွယ်တွေ့ရှိရပေမည်။ သို့ဖြစ်လျှင် မည်သို့ဆက်လုပ်ရမည်နည်း။

အကျိုးဆက်ကိုစဉ်းစားပါ

အလုပ်တစ်ခုခုကို ကြိုးစားအားထုတ်စရာမလိုဘဲ ပြီးစီးသွားမည်ဟုမျှော်ပါက စိတ်မသက်သာဖွယ်ခံစားချက်ဖြစ်ပေါ်လာနိုင်သည်။ အလုပ်ပြီးရန်သတ်မှတ်ထားသောအချိန် နီးကပ်လာသည်နှင့်အမျှ ဖိအားနှင့်စိုးရိမ်သောကတို့ကို သင်စ၍ခံစားရပေမည်။ ၎င်းခံစားချက်များ အဆောက်အအုံဖြစ်လာသည့်အခါ သင်၏ဖန်တီးမှုစွမ်းရည်သည် ဟန့်တားခံရစရာရှိသည်။ ထိုအခါ အလုပ်အောင်မြင်ပြီးစီးရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားချင့်ချိန်မနေနိုင်တော့ဘဲ အလုပ်ပြီးစီးရန်သာ အဓိကစိတ်စောနေတတ်သည်။

သာဓကအားဖြင့် သင့်အနေနှင့် အကြောင်းအရာတစ်ခုကိုဟောပြောရန် တာဝန်ရရှိသည်။ မဟောပြောမီညတွင် သင်သည်ထိုင်၍စာရွက်ပေါ်တွင် စာသုံးလေးကြောင်းလောက်ရေးလိုက်သည်။ ဟောပြောရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန် အချိန်အလုံအလောက်မရသဖြင့် ၎င်းဟောပြောချက်ကို လက်တန်းဟောပြောလိုက်ရသည်။ အကယ်၍ အနည်းငယ်သာကြိုးစားအားထုတ်လိုက်မည်ဆိုပါကသက်ဆိုင်ရာအတွေ့အကြုံများ၊ ဟောပြောချက်ကိုထောက်ခံသည့် အချက်အလက်များ၊ သို့မဟုတ် ပုံစံကားချပ်များထည့်သွင်းခြင်းအားဖြင့် ပရိသတ်ကို ကောင်းစွာနားလည်သဘောပေါက်အောင် ကူညီပေးနိုင်ပေမည်။

အလုပ်တာဝန်တစ်ခုကိုဆိုင်းငံ့ထားလျှင် ဖြစ်ပေါ်တတ်သည့်အကျိုးဆက် နောက်တစ်ခုမှာ အလုပ်နားချိန်၌ပင် ကောင်းစွာအနားမရခြင်းပင်ဖြစ်သည်။ အကြောင်းမှာ အလုပ်တာဝန်တစ်ခုကို မလုပ်ဘဲထားခြင်းကြောင့် တစ်ချိန်လုံးစိတ်ပူနေတတ်သည် (သို့မဟုတ် တစ်ယောက်ယောက်က တကျည်ကျည်နှင့် သတိပေးနေသကဲ့သို့ ခံစားရတတ်သည်)။

ကျွန်ုပ်ဘာလုပ်နိုင်သနည်း

တန်းစီရေးချပါ။ နောက်တစ်နေ့တွင် ပြီးစီးအောင်လုပ်လိုသည့်အလုပ်များကို စာရွက်ပေါ်တွင် တစ်ညကြို၍ရေးချပါ။ ဤသို့ဖြင့် တစ်ခုမျှမေ့မည်မဟုတ်တော့သည့်ပြင် ပြီးစီးသွားသည့်အမျိုးအမည်၏ဘေးတွင် အမှတ်အသားပြုလုပ်ခြင်းအားဖြင့် မိမိ၏တိုးတက်မှုအခြေအနေကိုလည်း သိရှိနိုင်သည်။ အမျိုးအမည်တစ်ခုစီ၏ညာဘက်တွင် ၎င်းအလုပ်တာဝန်ပြီးစီးရန် ခန့်မှန်းခြေလိုအပ်သည့်အချိန်ကို ရေးမှတ်ပါ။ တစ်နေ့တာအတွက် လုပ်ရမည့်အလုပ်စာရင်းကို ရေးဆွဲသည်ဆိုပါက လိုအပ်သည့်အချိန်ကို မိနစ်ဖြင့်မှတ်သားပါ။ အလုပ်တာဝန်စာရင်းကို ရေးဆွဲသည်ဆိုပါက နာရီဖြင့်မှတ်သားပါ။ ၎င်းစာရင်းကို တစ်ညကြို၍ရေးဆွဲပါ။ နောက်တစ်နေ့အတွက် အလုပ်စာရင်းရေးဆွဲရန် အချိန်အနည်းငယ်ပေးပါ။ လစဉ်ပြက္ခဒိန်ကို မြင်သာသည့်နေရာတွင်ထားပါ။ တာဝန်ပေးအပ်ခြင်းနှင့်ချိန်းချက်ခြင်းကို လက်ခံလိုက်သည်နှင့် ပြက္ခဒိန်ပေါ်တွင်ရေးမှတ်ပါ။

နောက်တစ်နေ့လုပ်ရမည့်အလုပ်များကို စစ်ဆေးသည့်အခါ ပြက္ခဒိန်မှအမျိုးအမည်များကို ဦးစားပေးအစီအစဉ်အတိုင်း ပြီးစီးအောင်လုပ်ရမည့် အမျိုးအမည်၏ဘေးတွင် က၊ ခ၊ ဂ အစရှိသည်ဖြင့်မှတ်သားပါ။ အချို့သူတို့သည် နံနက်ပိုင်းတွင် အလုပ်တွင်ကျယ်တတ်ပြီး အခြားသူတို့မှာ မွန်းလွဲပိုင်း၊ သို့မဟုတ် ညနေပိုင်းတွင် အလုပ်တွင်ကျယ်တတ်သည်။ အကြီးဆုံးအလုပ်တာဝန်များကို အကောင်းဆုံးအချိန်တွင်လုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲပါ။ နှစ်သက်ဖွယ်သိပ်မကောင်းသောအလုပ်များကို နှစ်သက်ဖွယ်ကောင်းသောအလုပ်များရှေ့တွင် နေရာချပါ။

အချိန်ကိုတွက်ချက်ပါ။ သင်သည် အမြဲတမ်းနောက်ကျတတ်သဖြင့် သုတ်သီးသုတ်ပျာပြေးလွှားနေရပါက အချိန်ကိုတွက်ချက်တတ်အောင်သင်ယူပါ။ ဆိုလိုသည်မှာ အလုပ်တစ်ခုကို လုပ်ကိုင်ပြီးစီးရန် အချိန်မည်မျှလိုအပ်သည်ကို အတိအကျ ခန့်မှန်းတွက်ချက်တတ်ဖို့လိုသည်။ မျှော်လင့်မထားသော “ကိစ္စ” အတွက် အချိန်ပို အနည်းအကျဉ်းထည့်တွက်ပါ။ ချိန်းဆိုချက်တစ်ခုနှင့်တစ်ခုကြားတွင် အချိန်ပေးရန်မမေ့ပါနှင့်။ ခရီးသွားရသည့်အချိန်ကိုလည်းထည့်ဖို့လိုသည်။ အစည်းအဝေးတစ်ခုကို နံနက် ၁၀: ၀၀ နာရီတွင်အပြီးသတ်၍ နောက်အစည်းအဝေးတစ်ခုကို နံနက် ၁၀:၀၀ နာရီတွင် တက်ရောက်နိုင်မည်မဟုတ်ပေ။ မြို့၏အစွန်းနှစ်ဖက်ရှိ အစည်းအဝေးနှစ်ခုကို တက်ရောက်ရန်မဆိုထားနှင့် အခန်းချင်းကပ်လျက်နေသော အစည်းအဝေးနှစ်ခုကိုပင် ထိုသို့တက်ရောက်နိုင်မည်မဟုတ်။ တစ်ခုနှင့်တစ်ခုကြားတွင် အချိန်အလုံအလောက်ပေးပါ။

အလုပ်တာဝန်ခွဲဝေပါ။ ကျွန်ုပ်တို့သည် မကြာခဏ မလိုအပ်ဘဲနှင့် အရာရာတိုင်းကို ကိုယ်တိုင်ကိုယ်ကျလုပ်တတ်ကြသည်။ အထုပ်တစ်ထုပ်ပို့လိုပါက စာတိုက်သို့သွားသူတစ်ယောက်ယောက်နှင့် လူကြုံပါးလိုက်နိုင်သည်။

ခွဲခြမ်းစိတ်ဖြာပါ။ တစ်ခါတစ်ရံတွင် အလုပ်တာဝန်အသစ်တစ်ခုကို စ၍မလုပ်ဘဲနေရခြင်းမှာ ၎င်းအလုပ်၏အရွယ်ပမာဏကြောင့် ဖြစ်တတ်သည်။ ကြီးမားသောအလုပ်တာဝန်ကို သေးငယ်သောအလုပ်များဖြစ်အောင် ခွဲခြမ်းစိတ်ဖြာလိုက်ပါ။ သေးငယ်သောအလုပ်တာဝန်များကို ပြီးစီးအောင်လုပ်လာသည်နှင့်အမျှ တိုးတက်မှုကိုမြင်ပြီး နောက်တစ်ဆင့်တက်၍လုပ်ကိုင်ရန် အားတက်လာပေမည်။

ကြားဖြတ်ကိစ္စများအတွက်စဉ်းစားထားပါ။ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းတွင် ကြားဖြတ်ကိစ္စများ အမြဲလိုလိုဝင်တတ်သည်– တယ်လီဖုန်း၊ ဧည့်သည်၊ ပြဿနာများ၊ ချောစာစသည်တို့ဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်ကို ထိထိရောက်ရောက်လုပ်လိုကြသည်။ အလုပ်ကို အချိန်သတ်မှတ်၍လုပ်ရသော အခြားသူများနှင့်လည်း ပူးပေါင်းလုပ်ကိုင်ရသည်။ အကယ်၍ ကျွန်ုပ်တို့သည် မိမိအလုပ်ကို ထိထိရောက်ရောက်လုပ်ဖို့အတွက်သာ အာရုံစိုက်မည်ဆိုလျှင် အခြားသူများက ကြားဖြတ်ဝင်လာသည့်အခါ စိတ်အနှောင့်အယှက်ဖြစ်မိမည်။ ထို့ကြောင့် ကြားဖြတ်ကိစ္စများအတွက် စဉ်းစားထားပါ။ အစီအစဉ်၌မပါသော ဖြစ်ပေါ်တိုးတက်မှုများအတွက် နေ့စဉ်အချိန်ဖယ်ထားပါ။ ၎င်းတို့ပေါ်လာသည့်အခါ၌ ၎င်းတို့အတွက် အချိန်ပေးထားသည်ဟူသောအသိစိတ်ဖြင့် ၎င်းတို့ကို ကောင်းစွာဆောင်ရွက်နိုင်ပေသည်။

ဆုလာဘ်။ အစီအစဉ်ရေးဆွဲသည့်အခါ၌ မိနစ် ၉၀ ခန့် အားစိုက်ခွန်စိုက်လုပ်ကိုင်ရသောအလုပ်မျိုးကို စီစဉ်သင့်သည်။ အလုပ်အတွက် ပြင်ဆင်ရန်လိုအပ်သောအချိန်ကို ထည့်သွင်းရန်မမေ့ပါနှင့်။ အလုပ်ကိုတကယ်စ၍ တစ်နာရီခွဲခန့်ကြာအောင်လုပ်ပြီးနောက် ခေတ္တခဏအနားယူရန်လိုပေမည်။ ရုံးတွင်အလုပ်လုပ်သူဖြစ်ပါက အလုပ်ကိုခေတ္တရပ်နားပါ၊ အညောင်းအညာပြေ ခြေလက်ဆန့်တန်းပါ၊ အလေးအနက်စဉ်းစားပါ။ ပြင်ပတွင်အလုပ်လုပ်သူဖြစ်ပါက အဆာပြေတစ်ခုခုစားသောက်ပါ၊ မိမိလုပ်ကိုင်သည့်အလုပ်အတွက် မိမိကိုယ်ကိုဆုချပါ။—ဒေသနာ ၃:၁၃။

ဤဆောင်းပါးခေါင်းစဉ်ကိုဖတ်ပြီးနောက် ဆောင်းပါးတစ်ခုလုံးကို ငါးမိနစ်မျှနှင့် သင်ပြီးအောင်ဖတ်လိုက်သည်ကို စဉ်းစားကြည့်လိုက်ပါ။ သင့်အဖို့ ရွှေ့ဆိုင်းတတ်သည့်ပြဿနာကို အောင်မြင်ရန်လမ်းစ ပွင့်လာဖွယ်ရှိလည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ