စိန် အဘယ်ကြောင့် ဤမျှတန်ဖိုးကြီးမားရသနည်း
စပိန်မှနိုးလော့! သတင်းထောက်ပေးပို့သည်
တစ်ခါတစ်ရံ အလှတရားကို ရှာဖွေဖော်ထုတ်နိုင်သည်။ ယင်းကို ဖန်တီးယူရသောအခါများရှိသည်။ သို့သော် စိန်ကို ရှာဖွေဖော်ထုတ်ရသည့်အပြင် ဖန်တီးယူရပါသည်။
စိန်ရိုင်းများသည် သဘာဝတရား၏ လှပသောဖန်တီးမှုတစ်ခုဖြစ်သည်မှာ အမှန်ပင်။ ကမ္ဘာမြေကြီး၏အပေါ်ယံလွှာအောက်ရှိ ပြင်းထန်သောဖိအားနှင့် မြင့်မားသောအပူချိန်တို့ကြောင့် ရိုးရိုးကာဗွန်သည် တဖြည်းဖြည်းနှင့် အလင်းမှုန်ပုံဆောင်ခဲဖြစ်သွားသည်။ သို့သော် ထိုရှားပါးသောကျောက်များက တွေ့အောင်ရှာရဲလျှင် ရှာကြည့်စမ်းဟု စိန်ခေါ်နေတတ်သည်။ ဩစတြေးလျ၊ ဆိုက်ဘေးရီးယား၊ တောင်အာဖရိကနယ်မြေတစ်ခွင် ပြန့်ကြဲလျက်ရှိသော လူတူးမြေတွင်းကြီးများသည် ဤတန်ဖိုးရှိသောကျောက်များကို ရှာဖွေရင်း တူးခဲ့ကြခြင်းဖြစ်သည်။ တစ်အောင်စ၏ငါးပုံတစ်ပုံအလေးချိန်ခန့်ရှိသော စိန်အနည်းအကျဉ်းကိုရဖို့အရေး မြေကြီးတန်တစ်ရာကို တူးထုတ်ပြီး ဆန်ခါချရပေမည်!
စိန်တစ်ပွင့်ကို ရှာဖွေတွေ့ရှိသည့်အခါ လက်စွပ်တစ်ကွင်း သို့မဟုတ် ဘယက်တစ်ကုံးအဖြစ် တင့်တင့်တယ်တယ်ဖြစ်မလာမီ ကျွမ်းကျင်သောလက်မှုပညာသည်များက ယင်း၏ဖုံးကွယ်နေသောအလှကျက်သရေ ပေါ်လာအောင် ဒုက္ခခံပြီးထုဆစ်ရမည်။
အမှန်မှာ ယင်းကြိုးစားမှုနှင့်ကျွမ်းကျင်မှုအားလုံးတို့သည် တန်ဖိုးမသေးလှချေ။ သို့သော် အမျိုးသမီးအများစုနှင့် အမျိုးသားများကပါ ကုန်ကျရကျိုးနပ်သည်ဟု ခံစားကြရသည်၊ အထူးသဖြင့် အိမ်ထောင်ဖက်အား သို့မဟုတ် စေ့စပ်ထားသူအား ထာဝရချစ်ခင်တွယ်တာမှုအထိမ်းအမှတ်အဖြစ် စိန်ကို လက်ဆောင်ပေးသည့်အခါတွင် ဖြစ်သည်။ အလှကျက်သရေနှင့် အချစ်ရေးတို့က စိန်ကို ကမ္ဘာပေါ်တွင် တန်ဖိုးထားစရာအကောင်းဆုံး ပုံဆောင်ကျောက်ဖြစ်စေခဲ့သည်။a
အန့်ထ်ဝပ်သို့ အလည်တစ်ခေါက်
အများအားဖြင့် စိန်ကို အမှီပြုပြီးကြွယ်ဝချမ်းသာနေသော ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်ထ်ဝပ်မြို့သို့ အလည်တစ်ခေါက်ရောက်သည့်အခါ ပြိုင်စံရှားသည့် ဤကျောက်များကြောင့် ကျွန်တော်စိတ်ဝင်စားစရာဖြစ်ခဲ့ရသည်။ ‘စိန်ကို ဘာက ဒီလောက်တောင် ဆွဲဆောင်မှုဖြစ်စေရတာလဲ။ စိန်တစ်ပွင့်ဖြစ်လာရေး ကုလားကာနောက်ကွယ်မှ လျှို့ဝှက်ချက်ကဘာဖြစ်မလဲ’ ဆိုပြီးကျွန်တော်သိလိုခဲ့သည်။
ယင်းမေးခွန်းများကို အဖြေရဖို့အတွက် လူမျိုးဆက်သုံးဆက်အထိ စိန်လုပ်ငန်းကိုလုပ်ကိုင်လာခဲ့သော ဒါခ်လိုစ်မိသားစုနှင့် ကျွန်တော်စကားပြောခဲ့သည်။ “ကမ္ဘာပေါ်မှာ အဓိကစိန်ထွက်ရှိတဲ့မြို့ထဲက မြို့တစ်မြို့ဟာ အန့်ထ်ဝပ်မြို့ဖြစ်တဲ့အတွက် အဲဒီမြို့ကို စိန်ရဲ့အကောင်းဆုံးမိတ်ဆွေလို့ ကျွန်တော်တို့ခေါ်ကြတယ်။ ဒါကြောင့် ခင်ဗျားအတွက် စိန်ဖန်တီးရှင်ရဲ့လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်” ဟုသူရှင်းပြခဲ့သည်။
ဦးဆုံး၊ လောလောဆယ် သူဝယ်ထားသော လက်တစ်ခုပ်စာစိန်ရိုင်းများကို ကျွန်တော့်အားပြခဲ့သည်။ ယင်းသည် ဒေါ်လာ ၃၅၀,၀၀၀ တန်ဖိုးရှိသော်လည်း ရုတ်တရက်အကြည့်တွင် စွဲမက်စရာမကောင်းသည့်အပြင် လက်တစ်ခုပ်စာ ဖန်စကွဲများနှင့်ပို၍ပင်တူသည်။ သို့သော် အနီးကပ်ကြည့်လိုက်လျှင် စိန်သွေးသမားက ဖော်ပေးနိုင်သောအလှကျက်သရေကိုပေါ်လွင်စေသည့် အတွင်းပိုင်းရွှန်းလဲ့တောက်ပမှုကိုမြင်ရသည်။ စိန်၏ဆွဲဆောင်မှုကို ကျွန်တော်စတင်သဘောပေါက်ခဲ့သည်။
“တစ်ခါတလေ စိန်ရိုင်းကြီးတစ်ပွင့်ကို မြင်လိုက်ရတဲ့အခါမှာ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် အညှို့ခံလိုက်ရသလို ကျွန်တော်ခံစားမိတယ်” ဟုဒါခ်ဝန်ခံခဲ့သည်။ “အဲဒီကျောက်ကို အလိုလိုဝယ်ချင်လာတယ်။ သူ့မှာရှိသမျှအရာတွေကို ရောင်းဖို့ပြင်ဆင်ရတဲ့အထိ လုံးဝအနာအဆာကင်းပြီး တန်ဖိုးကြီးတဲ့ပုလဲတစ်လုံးကိုတွေ့ခဲ့တဲ့လူနဲ့ပတ်သက်ပြီး ယေရှုရဲ့ပုံဥပမာကို ကျွန်တော်အမှတ်ရမိတယ်။ အဲဒီလောက်ထိတော့ ကျွန်တော်မလုပ်ခဲ့သေးဘူး။” သူပြုံးလိုက်ပြီး “ဒါပေမဲ့ အရည်အသွေးကောင်းတဲ့ကျောက်အချို့ဟာ စိန်အရောင်းအဝယ်လုပ်နေတဲ့သူတွေကိုတောင် တကယ့်ကိုဆွဲဆောင်တယ်လို့ ကျွန်တော်ဝန်ခံတယ်။ ကျောက်ရိုင်းကနေ ကျောက်မျက်ရတနာဖြစ်လာဖို့ လုပ်တဲ့နေရာမှာ ဘယ်လောက်ပဲဆွဲဆောင်မှုရှိရှိ မမြင်ရတဲ့အခက်အခဲတွေရှိနေမှာတော့အမှန်ပဲ” ဟုသူပြောခဲ့သည်။
စိန်ရိုင်းကိုသွေးခြင်း
တန်ဖိုးမဖြတ်နိုင်သောကျောက်တစ်လုံးသည် ပေါ့ဆသောစိန်ဖြတ်သမားတစ်ဦးကြောင့် အစိတ်စိတ်အပိုင်းပိုင်းကွဲသွားနိုင်ကြောင်း ကျွန်တော်ကြားဖူးသည်။ မကြာခဏဖြစ်လေ့ရှိသည်ကို ကျွန်တော်သိလိုခဲ့သည်။ “ဒါဟာ ကြုံခဲတဲ့ဖြစ်ရပ်ဆန်းတစ်ခုတော့မဟုတ်ပါဘူး။ ကျောက်ကိုခွဲတဲ့အခါမှာပဲ ဒီလိုဖြစ်နိုင်တာမဟုတ်ပါဘူး။ စိန်သွေးသမားတောင် ဂလက်စ် ဒါမှမဟုတ် အတွင်းအနာကို တစ်ခါတလေ သွားထိနိုင်ပြီး ကျောက်ကိုပျက်စီးစေနိုင်တယ်။ ကျောက်ရိုင်းကို အနာအဆာရှိမရှိဖော်ပြနိုင်တဲ့ အလင်းသန့်နဲ့ဂရုတစိုက်အမြဲတမ်းစစ်ဆေးတယ်; ဒါပေမဲ့ အမှားကင်းတဲ့ နည်းစနစ်မရှိတာ ခက်တယ်ဗျာ။
“အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားတဲ့ ကျောက်တစ်လုံးဟာ ကျွန်တော်တို့အတွက် အိပ်မက်ဆိုးလိုဖြစ်ပေမဲ့လည်း ဒါဟာ တစ်ခုတည်းသောအခက်အခဲမဟုတ်သေးဘူး။ တစ်ခါတလေ မျက်ကွက်တွေကို ဖြတ်ပြီးသွေးတာတောင် ကျောက်အရောင်က မှိန်နေသေးရင် ကျောက်တန်ဖိုးလျော့သွားပါတယ်။ များသောအားဖြင့် ပထမတန်းစားကျောက်မျက်ရတနာတစ်ခုဖြစ်ဖို့အတွက် ကျောက်ရိုင်းကို ၆၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်ပိုပြီးဖြတ်ပစ်ရတယ်ဆိုတာ ခင်ဗျားသိပါတယ်” ဟုဒါခ်ဝန်ခံခဲ့သည်။
စိန်ပြုလုပ်ခြင်းတွင်ပါဝင်သည့်အရာအဝဝကို ကျွန်တော်သဘောမပေါက်မီအထိ ငွေမြောက်မြားစွာကို အလဟဿဖြုန်းပစ်နေသည်ဟု ထင်မိခဲ့သည်။ ဒါခ်သည် ဖြတ်ပြီးသွေးထားသော နှလုံးပုံစိန်ကြီးတစ်ပွင့်ကို ကျွန်တော့်အားပြခဲ့သည်။ “ဘယ်လိုအရောင်လက်သလဲဆိုတာ ခင်ဗျားမြင်လား” ဟုသူမေးခဲ့သည်။ “ကျောက်ထဲက ‘ပြိုးပြိုးပြက်ပြက်အရောင်လက်’ တာဟာ အလင်းရောင်ပြန်ဟပ်တာကလွဲလို့ ဘာမှမဟုတ်တာတော့အမှန်ပဲ။
“ကျောက်ထဲကို အလင်းစုဝင်ပြီး အလင်းဖြာထွက်အောင် လက်မှုပညာသည်က မျက်ကွက်အားလုံးကိုဖြတ်ရတယ်။ ဒီလိုလုပ်နေကျအဝိုင်းပုံစံဟာ အဲဒီလိုအလင်းဖြာဖို့ အထိရောက်ဆုံးနည်းဖြစ်တယ်။ ဒါပေမဲ့ ဒီနှလုံးပုံလို အလှဒီဇိုင်းတွေတောင် အလင်းအများဆုံးရောင်ပြန်ဟပ်ဖို့ ရည်ရွယ်ပြီးလုပ်ထားတာဖြစ်တယ်။ ဒါဟာ စိန်ပြုလုပ်သူရဲ့မဖြစ်မနေတတ်ထားရမယ့် အတတ်ပညာဖြစ်တယ်။ တကယ်တော့ နာမည်ကျော်စိန်ထုတ်လုပ်သူတစ်ဦးဟာ ‘ကျောက်၏ပုံပန်းအနေအထားတွင် ညှို့ဓာတ်ရှိရမည်’ ဆိုတဲ့ဆောင်ပုဒ်ရွေးထားတယ်။’ ”
“စိန်ကိုဘယ်လိုပုံဖြတ်ရမလဲဆိုတာ ခင်ဗျားဆုံးဖြတ်ချက်ဘယ်လိုချသလဲ” ဟုဒါခ်ကိုမေးခဲ့သည်။ “ဝယ်ထားတဲ့နဂိုကျောက်ကို အသေအချာဂရုစိုက်ကြည့်ခြင်းကနေ စပါတယ်။ သေသေချာချာဂရုစိုက်ကြည့်ရမှာနော်! ဘယ်လိုပုံဖြတ်သင့်သလဲဆိုတဲ့ နောက်ဆုံးဆုံးဖြတ်ချက်မချခင် တစ်လတိတိစစ်ဆေးရတဲ့ ကျောက်ကြီးတစ်လုံးကို ကျွန်တော်သတိရမိတယ်။ တစ်ခါတလေ ကျောက်ရိုင်းကိုယ်နှိုက်က ပုံစံတစ်မျိုးမျိုးဖြတ်ထားတဲ့ပုံထွက်နေလေတော့ လွယ်သွားတာပေါ့။ ကိစ္စရပ်တိုင်းမှာ အလေအလွင့်အနည်းဆုံးဖြစ်အောင် ကျောက်တစ်လုံးစီအတွက် ဘယ်ပုံစံဟာအကောင်းဆုံးဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ပဲဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖြတ်လိုက်တဲ့ မျက်ကွက်တိုင်း—စံမီစိန်တစ်ပွင့်မှာ မျက်ကွက် ၅၀ ကျော်ရှိပြီး—အလေးချိန်ကို ရော့ရော့သွားစေတယ်” ဟုသူပြောပြခဲ့သည်။
ထို့နောက် ဒါခ်က ကျောက်တစ်ပွင့်ကို အသေအချာကြည့်ဖို့ ကျွန်တော့်ကိုပြောခဲ့သည်။ ကျွန်တော့်ကို ပန်းထိမ်သမား၏မှန်ဘီးလူးလှမ်းပေးရင်း “ကျောက်ရဲ့ညာဘက်က အနာအဆာကိုတွေ့သလား” ဟုသူမေးခဲ့သည်။ ကျောက်၏ထောင့်တစ်နေရာ၌ အက်နေသည့်မှန်တစ်ချပ်ကဲ့သို့ လွှသွားပုံအစင်းကြောင်းအနည်းငယ်ကို ကျွန်တော်တွေ့ခဲ့ရသည်။ “အဲဒီလိုအနာအဆာမျိုးရှိမယ်ဆိုရင် စိန်တန်ဖိုးအများကြီးလျော့ကျသွားတယ်။ အဲဒါကို ဖြတ်ပစ်နိုင်ပေမဲ့ ကျောက်တန်ဖိုးအကြီးအကျယ်လျော့သွားမယ်။ တကယ်လို့ အနာအဆာကို သာမန်မျက်စိနဲ့ကြည့်တဲ့အခါ မသိသာဘူးဆိုရင် ကျောက်ကို လျှော့ဈေးနဲ့ရောင်းနိုင်ပါသေးတယ်။”
ဤကဲ့သို့သော အလွန်သေးငယ်သည့်ကျောက်များ တန်ဖိုးကြီးမားရခြင်းအကြောင်းကို ကျွန်တော်သိလိုခဲ့၏။ ပါဝင်ပတ်သက်သည့် အကြောင်းရင်းများစွာရှိသည်မှာ ထင်ရှားပါသည်။
“ ‘စိန်သည် ထာဝရ’ ဆိုတဲ့လူတိုင်းရဲ့နှုတ်ဖျားကထွက်တဲ့စကား—ကြော်ငြာဆောင်ပုဒ်တစ်ခုဖြစ်ပေမဲ့—ဟာယေဘုယျတော့မှန်ပါတယ်” ဟုဒါခ်ကဆိုသည်။ “စိန်ဟာ ပွန်းရိဟောင်းနွမ်းသွားခြင်းမရှိတဲ့အပြင် အရောင်လည်း မမှိန်သွားဘူး။ အဲဒါတွေက တစ်ချိန်တုန်းကလောက် မရှားပေမဲ့ ရှားတော့ရှားပါးလှပြီး အလှကျက်သရေရှိတယ်ဆိုတာ ယုံမှားဖွယ်ရာမရှိပါဘူး! ဒါပေမဲ့ စိန်ကို ကမ္ဘာအနှံ့ဝယ်လိုအားပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်တယ်ဆိုတာ အရေးပါဆုံးအချက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒါဟာ ကြော်ငြာအားအပေါ် အဓိကမူတည်တယ်။
“အမျိုးသမီးတစ်ဦးက ဘာဖြစ်လို့စိန်လက်စွပ်ကို လိုချင်တာလဲ” ဟုဒါခ်စဉ်းစားခဲ့သည်။ “သူမဟာ စိန်ကို မေတ္တာ၊ အချစ်ရေးတို့နဲ့ ဆက်စပ်လိုက်ဖွယ်ရှိတယ်။ စိန်ဟာ သူမအတွက် စိန်တမျှသက်တမ်းရှည်မယ့် မေတ္တာတစ်ရပ်ကို သူမကိုသတိရစေတဲ့ ထူးခြားတဲ့ပစ္စည်း၊ ထာဝရတန်ဖိုးထားစရာပစ္စည်းတစ်ခုဖြစ်တယ်။ အချို့က အဲဒီလိုသတ်မှတ်တဲ့အတွက် ဒီအယူအဆ ဒါမှမဟုတ် ဒီအရှိန်အဝါကို ပါးနပ်စွာနဲ့ပဲပြုစုပျိုးထောင်ပေးလိုက်ခြင်းဖြစ်တယ်။ ကမ္ဘာတစ်ဝန်းကသူတွေ စိန်ဝယ်ကြပါဆိုတဲ့အကြောင်း ကြော်ငြာဖို့ ၁၉၉၅ ခုနှစ်မှာ ဒေါ်လာ ၁၈၀,၀၀၀,၀၀၀ ခန့်သုံးခဲ့တယ်။”
စိန်တစ်ပွင့်၏တန်ဖိုး
“အချောကိုင်ပြီးရတနာရဲ့တန်ဖိုးဟာ အရွယ်အစားပေါ်မူတည်တယ်လို့ထင်တယ်” ဟုကျွန်တော်မှတ်ချက်ချခဲ့သည်။ “အဲဒါနဲ့မလုံလောက်သေးပါဘူး” ဟုဒါခ်ပြန်ပြောပြခဲ့သည်။ “စိန်ရဲ့တန်ဖိုးဟာ ဖြတ်ခြင်း၊ ကရက်၊ အရောင်နဲ့ ကြည်လင်ခြင်း ဆိုတဲ့အချက်လေးချက်ပေါ် မူတည်တယ်လို့ စိန်ကုန်သည်တွေက ပြောလေ့ရှိကြတယ်။ အဲဒီအကြောင်းရင်းတစ်ခုစီဟာ စိန်ရဲ့အလှကျက်သရေအပြင် တန်ဖိုးအပေါ်မှာပါ ဩဇာညောင်းတယ်။
“ကျောက်ဖြတ်ခြင်းနဲ့ စပြောရအောင်။ ကျောက်ဖြတ်ကောင်းခြင်းဟာ အနုပညာလက်ရာတစ်ခု၊ ပန်းပုလက်ရာ အသေးစားတစ်ခုလို့ ခင်ဗျားဆိုနိုင်မယ်။ ခင်ဗျားသဘောကျနေတဲ့ နှလုံးပုံစိန်ကို အသေအချာကပ်ကြည့်ပါ။ ဒီပုံကိုထုတဲ့အခါ မလွယ်ကူလှတဲ့အပြင် မူရင်းကျောက်ကနေ အခြားပုံတွေထက် ပိုပြီးဖြတ်ပစ်လိုက်ရတယ်။ ကျောက်မျက်ရတနာရဲ့အလှကျက်သရေတိုးအောင် မျက်ကွက်အားလုံးကို ဘယ်လိုအချိုးအစားညီညီထားရတယ်ဆိုတာ သတိထားကြည့်ပါ။ ဒီတစ်မူထူးခြားတဲ့စိန်ဟာ တကယ့်ကိုကောင်းအောင် ဖြတ်ထားတယ်လို့ ကျွန်တော်တို့ဆိုနိုင်တယ်။
“၈ ကရက်လောက်ကြီးတဲ့ အဲဒီကျောက်ရဲ့အရွယ်ပမာဏကြောင့် ခင်ဗျား ဦးဆုံးစွဲမက်လောက်မယ်ဆိုရင်လည်း စွဲမက်လောက်ပါတယ်။ စကားမစပ် တစ်ကရက်ဟာ တစ်ဂရမ်ရဲ့ဆယ်ပုံနှစ်ပုံနဲ့ညီမျှတဲ့အတွက်ကြောင့် ကျောက်ကို ချိန်ကြည့်ပြီးတော့ ကရက်တန်ဖိုးကို ကျွန်တော်တို့ဆုံးဖြတ်ကြတယ်။ ခြုံပြီးပြောရမယ်ဆိုရင် ကရက်ပိုများလေ စိန်တန်ဖိုးပိုကြီးလာလေပဲ။ ဒါပေမဲ့ စိန်တန်ဖိုးဟာ အရောင်အသွေးနဲ့ကြည်လင်တောက်ပမှုပေါ်လည်း မူတည်တယ်။
“ကျွန်တော်ရဲ့အထုပ်ထဲက ကျောက်ရိုင်းတွေကို ခင်ဗျားတွေ့တဲ့အတိုင်း စိန်တွေမှာ ပုံစံအမျိုးမျိုးနဲ့ အရောင်အမျိုးမျိုးရှိတယ်။ ကျွန်တော်တို့ ဦးဆုံးလုပ်ရမှာက အရောင်လိုက် ခွဲထုတ်ရမယ်၊ ပိုပြီးဖြူလေ ပိုပြီးတန်ဖိုးမြင့်လေပဲ။ ဒါပေမဲ့ ပန်းရောင်၊ အပြာရောင်၊ အနီရောင်တို့လို အရောင်အသွေးဆန်းဆိုပြီး ကျွန်တော်တို့ခေါ်တဲ့ ကျောက်မျက်အချို့လည်းရှိတယ်; အဲဒါတွေက အလွန့်အလွန် ရှားပါးတဲ့အတွက် အဖြူရောင်ကျောက်ထက် ဈေးပိုရတယ်။
“နောက်ဆုံးမှာ ကျောက်တစ်လုံးကို ကြည်လင်မှုပေါ်မူတည်ပြီး အတန်းအစားခွဲတယ်။ ကျောက်တစ်လုံးဟာ ပြစ်ချက်ကင်းတဲ့အုပ်စုမှာပါမယ်ဆိုရင် အဲဒီကျောက်ကို မှန်ဘီလူးနဲ့ကြည့်တာတောင် အနာအဆာအချို့ကို ခင်ဗျားတွေ့မှာမဟုတ်ဘူး။ ဒါကြောင့် စိန်တစ်ပွင့်ကို ဖြတ်တောက်မှု၊ ကြည်လင်မှုနဲ့ အရောင်အသွေးတို့ဟာ ကရက်အလေးချိန်လိုပဲ အရေးကြီးတယ်။ ခင်ဗျားကို သာဓကတစ်ခုပြရမယ်ဆိုရင် သွေးခဲ့ဖူးသမျှမှာ အကြီးဆုံးဖြစ်နိုင်တဲ့ စိန်တစ်ပွင့် (၅၄၆.၆၇ ကရက်) ကို ၁၉၉၅ ခုနှစ်မှာ ခင်းကျင်းပြသခဲ့တယ်။ ဂေါက်သီးလုံးနီးပါးလောက်အရွယ်ရှိပေမဲ့လည်း ကြည်လင်တောက်ပမှုနည်းခြင်း၊ ဝါညိုရောင်ဖြစ်ခြင်းတို့ကြောင့် ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံးစိန်မဖြစ်လိုက်ပါဘူး။”
အန့်ထ်ဝပ်မြို့မှမထွက်ခွာခင် စိန်လုပ်ငန်းတွင် နှစ်ပေါင်း ၅၀ ထိလုပ်ခဲ့သော ဟဲန်ဗီန်နှင့်ကျွန်တော်စကားပြောခဲ့သည်။ စိန်တစ်လုံးကို ဘာကအလွန်ထူးခြားစေပါသလဲဟု နောက်ဆုံးမေးခွန်းတစ်ခုကို ကျွန်တော်မေးလိုသည်။
“အပွင့်သေးလေးတွေကိုကျတော့ သိပ်စိတ်မလှုပ်ရှားမိဘူး—သူတို့ကို စက်နဲ့တောင် ပုံဖော်သွေးနိုင်တယ်။ ဒါပေမဲ့ စိန်အပွင့်ကြီးတွေကတော့ ကျွန်တော့်ကို ညှို့ယူထားတယ်။ ကျောက်တိုင်းက ကွဲပြားကြတယ်—နှစ်ပေါင်းသန်းချီပြီး မီးတောင်ဖိအားကြောင့် ကာဗွန်ကနေထွက်လာတဲ့ ရှားပါးဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ ခင်ဗျား ကျောက်ကိုလေ့လာကြည့်တဲ့အခါ သစ်ပင်ရဲ့ပင်စည်မှာတွေ့ရတတ်တဲ့ သက်ရစ်ကွင်းလိုကွင်းတွေကို အမှန်ပဲတွေ့နိုင်တယ်။ အတွေ့အကြုံရှိတဲ့ကုန်သည်တစ်ဦးက ဒီကျောက်က ဘယ်ကျောက်တွင်းက ထွက်တာလဲဆိုတာကိုတောင် ပြောနိုင်တယ်။
“ပန်းပုဆရာက စကျင်ကျောက်တုံးကို ကြည့်တဲ့အတိုင်း စိန်ထုတ်လုပ်သူတစ်ယောက်ကလည်း ကျောက်တစ်ပွင့်ကို ကြည့်ပါတယ်။ ဘယ်လိုဖန်တီးရမလဲဆိုတာကို သူ့ရဲ့စိတ်မျက်စိနဲ့မြင်လိုက်ပြီး သူ့ရဲ့စိတ်ကူးထဲမှာ ကျောက်ကို ဖြတ်ပြီးသွေးလိုက်တဲ့အခါ လှပတဲ့ကျောက်မျက်ရတနာတစ်ခု ပေါ်ထွက်လာတယ်။ အဲဒီစိန်က လက်စွပ်တစ်ကွင်းမှာ ဒါမှမဟုတ် ဆွဲကြိုးတစ်ကုံးမှာ အထိုင်ကျသွားတဲ့အခါ အဲဒါကိုပိုင်ဆိုင်သူက အလားတူကျေနပ်မှုမျိုးရှိမယ်လို့ ကျွန်တော်ထင်တယ်” ဟုသူပြန်ပြောခဲ့သည်။
ခြုံ၍ကြည့်မည်ဆိုလျှင် ယင်းကြောင့်ပင် စိန်ပြုလုပ်ရကျိုးနပ်ပါသည်။
[အောက်ခြေမှတ်ချက်]
a စိန်တန်ဖိုးကြီးရခြင်း အဓိကအကြောင်းရင်းတစ်ခုမှာ ရောင်းချခွင့်မူပိုင်ရထားသော ဗဟိုရောင်းချရေးအဖွဲ့တစ်ခုက ချုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။
[စာမျက်နှာ ၁၅ ပါပုံစာ]
၈ ကရက်ရှိ နှလုံးပုံစိန် (စကေးမကျသောကျောက်များ)
သစ်တော်သီးပုံ ဖြတ်ထားခြင်း
“ကာဒီနယ်လ်ဦးထုပ်” ပုံဖြတ်ထားခြင်း
မဖြတ်ရသေးသောကျောက်များကို ကရက်အလေးချိန်အတိုင်း ဆုံးဖြတ်ခြင်း
အရောင်အလိုက် စိန်ရိုင်းများကို ခွဲထုတ်ခြင်း
ထပ်သွေးရန် လို၊ မလို ဆုံးဖြတ်ဖို့ မျက်ကွက်များကို စစ်ဆေးခြင်း