ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၀/၈ စာ. ၂၀-၂၁
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အေအိုင်ဒီအက်စ်နှင့်အာရှ
  • ဂျာမနီမှဓာတ်မတည့်မှုများ
  • သင့်လက်ကိုဆေးပါ!
  • ကလေးကိုမတော်မတန်ပြုခြင်းနှင့် ရောဂါပြီးစနစ်
  • မက်ဆိုပိုတေးမီးယားနှင့် တရုတ်၏ဆက်နွှယ်မှု
  • အသည်းရောင်ဘီရောဂါ၏ သေစေနိုင်စွမ်း
  • အိမ်တွင်းလေထုညစ်ညမ်းမှု
  • ရေစစ်ပွဲ
  • ဗင်နီဇွဲလားမှ အကြမ်းဖက်ရာဇဝတ်မှု
  • ကျန်းမာစေသော ဘဝပုံစံကိုအားပေးခြင်း
  • ၂၀ ရာစု ရောဂါကပ်ဘေး
    နိုးလော့!—၁၉၉၈
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၁၉၉၈
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၁၉၉၉
နိုးလော့!—၁၉၉၈
န၉၈ ၁၀/၈ စာ. ၂၀-၂၁

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အေအိုင်ဒီအက်စ်နှင့်အာရှ

အချို့သောအနောက်နိုင်ငံများ၌ အေအိုင်ဒီအက်စ်ရောဂါရှိသူဦးရေ အနည်းငယ်လျှော့နည်းလာသော်လည်း အာရှဒေသများစွာ၌ ထိုကူးစက်ရောဂါသည် အလျင်အမြန်ပျံ့နှံ့လျက်ရှိသည်။ အေးရှားဝိခ်သတင်းတစ်ခုအရ အိန္ဒိယတွင် ရောဂါသည်ဦးရေမှာ “၁၉၉၀ ပြည့်လွန်နှစ်များ၏ အစပိုင်းငါးနှစ်အတွင်း ၇၁ ဆတိုးပွားခဲ့သည်။” ၁၉၉၀ ပြည့်နှစ်တွင်ကမ္ဘာ၌ ရောဂါသည်ဦးရေအဆင့် ၅၇ ရှိသောထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်လွန်နှစ်များအလယ်တွင် အဆင့် ၅ ဖြစ်သွားသည်။ ကမ္ဘောဒီးယားသည် ၁၇၃ မှ ၅၉ ဖြစ်သွားသည်။ အလားတူကာလအတွင်း၌ ဖိလစ်ပိုင်တွင် ၁၃၁ ရာခိုင်နှုန်းတိုးတက်မှုကို ကြုံခဲ့ရသည်။ လူများစွာသည် ဤနိုင်ငံများမှအချို့တို့တွင် ကြီးထွားလာလျက်ရှိသည့် ကလေး-လိင်လုပ်ငန်းကို တစ်စိတ်တစ်ဒေသအနေနှင့်အပြစ်တင်ရမည်ကိုသိသော်လည်း “ကမ္ဘာလှည့်ခရီးသည်ဒေါ်လာများအပေါ် အကြီးအကျယ်မှီခိုအားထားရသော” နိုင်ငံများမှနိုင်ငံရေးသမားအချို့သည် ယင်းကိုဆန့်ကျင်ဖို့ “ထိရောက်သည့်အတိုင်းအတာအထိလုပ်ဆောင်ရန် တွန့်ဆုတ်နေကြသည်” ဟုအေးရှားဝိခ်က ဖော်ပြသည်။

ဂျာမနီမှဓာတ်မတည့်မှုများ

ကုမ္ပဏီကျန်းမာရေးအာမခံစီမံချက်ဆိုင်ရာ ဂျာမန်ဖက်ဒရယ်အသင်းမှထုတ်ပြန်သော စစ်တမ်းတစ်ရပ်က အသက် ၁၄ နှစ်အထက်ရှိ ဂျာမန် ၄ ဦးတွင် ၁ ဦးသည် ဓာတ်မတည့်မှုတစ်မျိုးမျိုးကိုခံစားကြရကြောင်းဖော်ပြသည်။ အဖြစ်အများဆုံးဓာတ်မတည့်မှုမှာ ထိုတွင်ရှိလူခြောက်သန်းနီးပါးကို ထိခိုက်စေသည့် မြက်သီးနှာစေးဖျားဖြစ်သည်။ ၂.၃ သန်းခန့်မှာ နေကြောင့်အထိခိုက်ခံရကြပြီး ၂ သန်းကျော်မှာ တိရစ္ဆာန်အမွေးနှင့်ဓာတ်မတည့်မှုဖြစ်ကြကြောင်း စူဒိုချာဇိုက်တွမ် ကအစီရင်ခံသည်။ ဓာတ်မတည့်မှုရောဂါခံစားရသူများမှ ၄၀ ရာခိုင်နှုန်းကျော်သည် သူတို့၏ရောဂါအတွက်ကုသမှုပြုကြပြီး ၁၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာများက သူတို့အသက်တာ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို အကြီးအကျယ်ကန့်သတ်မှုဖြစ်စေသည်ဟု ဖော်ပြကြသည်။ “မုန့်ဖုတ်သမားများ၊ သစ်သားဆက်သမားများ၊ သူနာပြုများနှင့်ဆရာဝန်များကဲ့သို့သော အသိပညာရှင်နှင့် အတတ်ပညာရှင်များသည် ဓာတ်မတည့်မှုအန္တရာယ်ပို၍ ဖြစ်လေ့ရှိကြသည်။”

သင့်လက်ကိုဆေးပါ!

“သင့်လက်များကိုဆေးခြင်းသည် များစွာသောရောဂါကူးစက်ခြင်းကိုကာကွယ်သည့် အထိရောက်ဆုံး၊ အရိုးရှင်းဆုံးနှင့် ချွေတာရာအကျဆုံးနည်းဖြစ်သည်” ဟုအီတာလျံသတင်းစာ ကိုရီရယ်ဒဲလစယ်ရာ ကဖော်ပြသည်။ သို့သော် “အီတလီ ၁၀ ယောက်တိုင်းတွင် ၃ ယောက်ထက်မကသောသူတို့သည် အိမ်သာကိုအသုံးပြုပြီးပြီးချင်း အစာသွားစားလျှင်ပင် သူတို့၏လက်ကိုမဆေးကြပါ။” ဤစုံစမ်းစစ်ဆေးမှု၏ရလဒ်သည် အခြားနိုင်ငံများမှ အလားတူစုံစမ်းစစ်ဆေးမှု၏ရလဒ်များနှင့် ထပ်တူနီးပါးဖြစ်သည်။ “လက်သည် ရောဂါများကို အစာသို့ကူးစက်စေနိုင်ပြီး ညစ်ညမ်းမှုကွင်းဆက်ဖြစ်စဉ်ကို စတင်ဖြစ်စေနိုင်သည်” ဟုအဏုဇီဝဗေဒပညာရှင် အန်ရီကို မလျာနော်ကရှင်းပြသည်။ ကွင်းဆက်ဖြစ်စဉ်ကို မည်သို့ဖြတ်နိုင်မည်နည်း။ သင့်လက်—လက်သည်းကြားများကိုပါ—ဆပ်ပြာနှင့် ရေပူ သို့မဟုတ် ရေနွေးဖြင့် အနည်းဆုံးစက္ကန့် ၃၀ (ဘက်တီးရီးယားကိုသုတ်သင်ဖို့ လိုအပ်သည့်အနည်းဆုံးအချိန်) ဆေးပါ။ လက်များကို ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိပွတ်တိုက်ခြင်းပါဝင်သည်။ လက်မောင်းမှစ၍သင့်လက်ချောင်းအထိ ဆေးကြောပြီး ကောင်းစွာခြောက်သွေ့စေပါဟု ဆောင်းပါးကဆိုသည်။

ကလေးကိုမတော်မတန်ပြုခြင်းနှင့် ရောဂါပြီးစနစ်

ဂျပန်နိုင်ငံ မေရာတက္ကသိုလ်မှ သုတေသနပြုသူများ၏အဆိုအရ ကလေးငယ်တစ်ဦးသည် ကြာရှည်စွာ မတော်မတန်ပြုခြင်းခံရသောအခါ သူ၏ရောဂါပြီးစနစ်ယိုယွင်းသွားပြီး ရောဂါကိုခုခံနိုင်စွမ်းကင်းမဲ့သွားသည်။ ထိုတက္ကသိုလ်က ဦးနှောက်ဆိုင်ရာသွေးလွန်ခြင်း သို့မဟုတ် ကာယရေးမတော်မတန်ပြုမှုကြောင့်ဖြစ်ပေါ်သည့် အခြားအကြောင်းများဖြင့် သေဆုံးခဲ့ကြသည့် အသက်တစ်လမှ ကိုးနှစ်အကြားရှိ ကလေးအလောင်း ၅၀ ကို လေ့လာခဲ့ကြသည်။ “ရောဂါပြီးစနစ်၏လုပ်ဆောင်မှုကိုထိန်းချုပ်သော” ကလေးများ၏သိုင်းမတ်စ်ဂလင်းသည် “သာမန်အလေးချိန်၏ ထက်ဝက်သို့ရှုံ့သွားသည်” ဟု မိုင်နီချီနေ့စဉ်သတင်းက အစီရင်ခံသည်။ မတော်မတန်ပြုမှုကြာရှည်လေ ပို၍ကျုံ့လေဖြစ်သည်။ အမှန်မှာ “ခြောက်လထက်မက မတော်မတန်ပြုခံရသောကလေးတစ်ဦး၏ ဂလင်းအလေးချိန်သည် ထိုသို့အပြုမခံရသောကလေး၏ ဆယ့်ခြောက်ပုံတစ်ပုံသာရှိသည်” ဟုသတင်းစာကဆိုသည်။ သုတေသနပြုသူများသည် စိတ်ပိုင်းဆိုင်ရာမတော်မတန်ပြုခြင်းခံရသော သို့မဟုတ် အစားအသောက်ကျွေးမွေးရန် မိဘများ၏ပျက်ကွက်မှုကြောင့် အာဟာရချို့တဲ့သောကလေးများ၌အလားတူ ဂလင်းကျုံ့ခြင်းကို တွေ့ရှိကြသည်။

မက်ဆိုပိုတေးမီးယားနှင့် တရုတ်၏ဆက်နွှယ်မှု

ရှေးတရုတ်ယဉ်ကျေးမှုသည် ဝှမ်ဟတ်မြစ်ဝှမ်းဒေသမှအစပြုခဲ့ပြီး ပြင်ပသြဇာလွှမ်းမိုးမှုနှင့်ကင်းသည်ဟု ကြာမြင့်စွာကတည်းက ယူမှတ်လာခဲ့ကြသည်။ မကြာသေးမီက ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုနောက်ပိုင်းတွင်မူ ဤအယူအဆနှင့်ပတ်သက်၍ သံသယဝင်စရာဖြစ်လာသည်။ ပြင်သစ်မဂ္ဂဇင်းကူရ်ယာ အင်တာနေရှင်နယ်က သုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်ရှိ ချန်တူးမြို့အနီးမြေနေရာတွင် တံတိုင်းခတ်ထားသည့်ဝင်းအတွင်း ဆောက်လုပ်ထားသည့် ရှေးဗိမာန်တစ်ခုဖြစ်ပုံရသော အကြွင်းအကျန်အစအနများကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဖော်ပြသည်။ ဗိမာန်၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် အပြင်ပုံပန်းသည် ရှေးမက်ဆိုပိုတေးမီးယားဗိမာန်များဖြစ်သည့် ဇစ်ဂူရတ်များကို ပြန်လည်သတိရစေသည်ဟု သုတေသနပညာရှင်များက အစီရင်ခံသည်။ ကျိုတိုတက္ကသိုလ်ပါမောက္ခ အီချီရို ကိုမီနာမီက “[ဇီချွမ်] သည် အင်ဒတ်စ်နှင့် မက်ဆိုပိုတေးမီးယားတို့နှင့် အနီးကပ်ဆက်နွှယ်လျက်ရှိသော ထူးခြားသည့်ရှေးတရုတ်ယဉ်ကျေးမှု အစပြုခဲ့သည့်နေရာဖြစ်နိုင်သည်” ဟုဖော်ပြသည်။

အသည်းရောင်ဘီရောဂါ၏ သေစေနိုင်စွမ်း

တစ်သန်းထက်မကသောလူများသည် အသည်းရောင်ဘီရောဂါဖြင့် နှစ်စဉ်သေဆုံးကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းသည်။ ဤသေဆုံးသူများထဲမှ ၁၅၀,၀၀၀ နီးပါးသည် အိန္ဒိယတွင်ဖြစ်သည်ဟု ကလေးအထူးကုဆရာဝန် ဂျတ်ဒီးရှ် ချီနာပတ်ကဆိုသည်။ နိုင်ငံတကာဆေးဝါးဆိုင်ရာကုမ္ပဏီတစ်ခုမှစီစဉ်သော ဆွေးနွေးပွဲတစ်ခု၌ အိန္ဒိယတွင် “တစ်ကမ္ဘာလုံးရှိ HBV [အသည်းရောင်ဘီ ​ဗိုင်းရပ်စ်] သယ်ဆောင်သူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော သယ်ဆောင်သူ ၃၅ သန်းမှသန်း ၄၀ ရှိသည်” ဟုသူရှင်းပြကြောင်း သည်တိုင်းမ်စ်အော့ဖ်အင်းဒီးယား သတင်းစာကအစီရင်ခံသည်။ “အသည်းနာတာရှည်ရောဂါ နှစ်မှုတွင်တစ်မှုနှင့် ပထမအဆင့်အသည်းကင်ဆာ ဆယ်မှုတွင်ရှစ်မှုသည် အသည်းရောင်ဘီရောဂါကူးစက်ခြင်းကြောင့်ဖြစ်သည်” ဟုသတင်းစာကထပ်ဆင့်၍ဆိုသည်။

အိမ်တွင်းလေထုညစ်ညမ်းမှု

အိန္ဒိယနိုင်ငံ နယူးဒေလီတွင်အခြေစိုက်သော (TERI) တာတာစွမ်းအင်သုတေသနဌာန၏ မကြာမီကပြုလုပ်သောလေ့လာချက်တစ်ရပ်က လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်သော အဖျားအနာကြောင့် အိန္ဒိယနိုင်ငံသား ၂.၂ သန်းနှစ်စဉ်သေဆုံးကြကြောင်းဖော်ပြသည်။ လေ့လာချက်အရ အိမ်တွင်းညစ်ညမ်းမှုသည် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သည်အင်းဒီးယန်းအိတ်စပရက်စ်က အစီရင်ခံသည်။ မီးသွေး၊ သစ်သားနှင့် နွားချေးလောင်စာဖြင့်ချက်ပြုတ်သော ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်သည့် အမျိုးသမီးများသည် အန္တရာယ်အကြီးမားဆုံးရင်ဆိုင်ကြရသည်။ ပြင်ပရှိလေထုညစ်ညမ်းမှုကိုထိန်းချုပ်ရန်ကြိုးစားနေကြစဉ် သန်းပေါင်းများစွာသောသူများ၏ ကိုယ်ပိုင်အိမ်များအတွင်းရှိ အန္တရာယ်ကိုလျှော့ချပစ်ရန် အနည်းငယ်သာလုပ်ဆောင်ခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။ “လတ်တလောဖြေရှင်းနည်း ရှိပုံမပေါ်သေးသည့် ဖုံးကွယ်နေသောအန္တရာယ်တစ်ခုရှိနေသည်” ဟုTERI ညွှန်ကြားရေးမှူး အာ. ကေ ပချာယူရီကဆိုသည်။

ရေစစ်ပွဲ

၁၉၉၇ မတ်လအတွင်း မော်ရိုကိုနိုင်ငံ မာရာကစ်ရှ်မြို့တွင်ပြုလုပ်သော ရေနှင့်ပတ်သက်သည့် ပထမဆုံးကမ္ဘာ့စည်းဝေးကြီးတွင် အနာဂတ်ကမ္ဘာ့ရေပေးဝေမှုနှင့်ပတ်သက်၍ ဆိုးဆိုးဝါးဝါးဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ကြသည်။ ညစ်ညမ်းမှု၊ မိုးခေါင်မှုနှင့် လူဦးရေတိုးပွားမှုတို့က ရေအရင်းအမြစ်များကို တစ်ခါနှင့်မျှမတူအောင် လိုအပ်စေလျက်ရှိသည်။ ပြင်သစ်သတင်းစာ လမော်န်ဒ်အစီရင်ခံသည့်အတိုင်း “ကမ္ဘာ့လူဦးရေကဲ့သို့ပင် ရေလိုအပ်မှုသည် လျင်မြန်စွာနှစ်ဆတိုးလာသည်။” ကမ္ဘာ့မိုးလေဝသအဖွဲ့၏အဆိုအရ သက္ကရာဇ် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံသည် လိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းမပေးနိုင်သောဒေသများတွင် နေထိုင်ကြမည်ဖြစ်သည်။ လိုအပ်ချက်နှင့်အညီမဖြေရှင်းနိုင်ပါက ၂၁ ရာစုတွင် ရေသည် စစ်ဖြစ်စရာအကြောင်းရင်းတစ်ရပ်ဖြစ်လာမည်ကို အချို့သောအာဏာပိုင်များ စိုးရိမ်ကြောက်ရွံ့ ကြသည်။ “ပဋိပက္ခဖြစ်ရန်အလားအလာရှိသော နေရာဒေသ ၃၀၀ ခန့်ကို ယူအဲန်ကညွှန်ပြထားပြီးဖြစ်သည်ဟု” လမော်န်ဒ်ကဆိုသည်။

ဗင်နီဇွဲလားမှ အကြမ်းဖက်ရာဇဝတ်မှု

လူဦးရေ ၂၀,၀၀၀,၀၀၀ ရှိသော ဗင်နီဇွဲလားတွင် ပျမ်းမျှအားဖြင့် တစ်လလျှင်လူသတ်မှု ၄၀၀ ခန့်ဖြစ်ပွားလျက်ရှိသည်ဟု အီးယူနီဗာစယ်လ် သတင်းစာကဆိုသည်။ အဖွဲ့အစည်းတစ်ခု၏လေ့လာချက်တစ်ရပ်က ရာဇဝတ်မှုမြင့်တက်လာရသည့် အဓိကအကြောင်းရင်းမှာ စီးပွားရေးကြောင့်မဟုတ်ဘဲ လူမှုရေးယဉ်ကျေးမှုကြောင့်ဖြစ်သည်ဟု ဖော်ပြသည်။ “ဆင်းရဲနွမ်းပါးမှုသည် ရာဇဝတ်မှုဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမဟုတ်” ဟူသည့်ခေါင်းစဉ်အောက်တွင် မှတ်တမ်းအရ ဗင်နီဇွဲလား၏အကြမ်းဖက်မှုသည် လူ့ကျင့်ဝတ်နှင့် အိမ်တွင်မိဘတို့၏လေ့ကျင့်မှု ကင်းမဲ့ခြင်းတို့ကြောင့်ဖြစ်သည်ဟု သတင်းစာကဆိုသည်။ အခြေအနေကိုတိုးတက်စေရန် အုပ်ထိန်းမှုဆိုင်ရာတာဝန်ကိုသင်ပေးဖို့နှင့် လူများအား သူတို့၏မိသားစုကိုပို၍အာရုံစိုက်ဖို့အားပေးရန် ကျွမ်းကျင်သူများက အကြံပြုကြသည်။

ကျန်းမာစေသော ဘဝပုံစံကိုအားပေးခြင်း

သူတို့၏ ၁၉၉၇ ကမ္ဘာ့ကျန်းမာရေးမှတ်တမ်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလူသားတို့သည် “ဝေဒနာခံစားရသည့် ခက်ခဲသောကာလကို” တိုး၍ရင်ဆိုင်နေရကြကြောင်း သတိပေးသည်။ နာတာရှည်ကျန်းမာရေးပြဿနာများနှင့်အတူ ကင်ဆာနှင့်နှလုံးရောဂါသည် နှစ်စဉ် လူပေါင်း ၂၄ သန်းကျော်ကိုသေစေကာ အခြားသန်းပေါင်းများစွာ၏ဝန်ကို တိုးပွားစေရန်ခြိမ်းခြောက်လျက်ရှိသည်။ နောက် ၂၅ နှစ်အတွင်း နိုင်ငံအတော်များများတွင် ကင်ဆာဖြစ်ပွားမှုအရေအတွက် နှစ်ဆဖြစ်လာမည်ဟု မျှော်လင့်ရသည်။ ချမ်းသာသောနိုင်ငံများတွင် အဓိကလူသတ်ကောင်များဖြစ်သည့် နှလုံးရောဂါနှင့်လေဖြတ်ခြင်းသည် ဆင်းရဲသောနိုင်ငံများတွင် ပို၍အဖြစ်များလာလိမ့်မည်။ ဤအလားအလာကိုတုံ့ပြန်ရန် WHO ကကျန်းမာစေသောဘဝပုံစံကိုအားပေးရန်နှင့် သေစေသည့်ရောဂါများဖြစ်စေသော—ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာ၊ ဆေးလိပ်သောက်ခြင်း၊ ဝလွန်းခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း—တို့ကိုလျှော့ချရန် “စိတ်အားထက်သန်စွာနှင့်ကူညီထောက်မ” သည့်ကမ္ဘာချီအစီအစဉ်တစ်ရပ်ကို တောင်းဆိုသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ