“သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” တွင်နှစ်သိမ့်မှုရရှိခြင်း
ဘာဘရာ ရှဝိုက်ဇာ ပြောပြသည်
တစ်ခါတလေ အစစအရာရာအဆင်ပြေနေတဲ့အခါ ကျွန်မရဲ့ဘဝဟာ သာယာတဲ့ “စိမ်းလန်းသောကျက်စားရာအရပ်” နဲ့တူတယ်။ “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” မှာသွားလာနေရတယ်ဆိုတာကိုလည်း ကျွန်မသိထားတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ကျွန်မတို့ရဲ့သိုးထိန်းဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေတွေပဲပေါ်ပေါက်လာပါစေ တိုက်လှန်နိုင်မယ်ဆိုတာကို ကျွန်မယုံကြည်တယ်။—ဆာလံ ၂၃:၁-၄။
ကျွန်မခင်ပွန်းနဲ့ကျွန်မဟာ အသက် ၇၀ နီးပါးဖြစ်တဲ့ ၁၉၉၃ ခုနှစ်မှာ စွန့်စားမှုအသစ်—ကျမ်းစာသွန်သင်ပေးတဲ့သူတွေပိုပြီးလိုအပ်နေတဲ့ အီကွေဒေါမှာစပြီးအမှုဆောင်ဖို့ ကျွန်မတို့ဆုံးဖြတ်ခဲ့ကြတယ်။ အမေရိကန်မှာမွေးခဲ့ပေမဲ့လည်း ကျွန်မတို့ဟာ စပိန်စကားတတ်ပြီး ငွေကြေးဆိုင်ရာတာဝန်တွေလည်းမရှိခဲ့ဘူး။ အီကွေဒေါမှာ ‘လူကိုမျှားခြင်း’ လုပ်ငန်းဟာ အကျိုးဖြစ်ထွန်းနေတယ်ဆိုတာကို ကျွန်မတို့သိတဲ့အတွက် အဲ့ဒီအကျိုးဖြစ်ထွန်းတဲ့ရေထဲကို ကျွန်မတို့ရဲ့ပိုက်ကွန်တွေချဖို့ စီစဉ်ခဲ့ကြတယ်။—မဿဲ ၄:၁၉။
ကင်းမျှော်စင်အသင်းရဲ့ အီကွေဒေါဌာနခွဲရုံးမှာ ပျော်စရာကောင်းတဲ့ ရက်အနည်းငယ်နေပြီးတဲ့နောက် ကျွန်မတို့ဟာ ဂွာရယ်ခီးလ်မြို့မှာရှိတဲ့ ဘက်စကားဂိတ်ကိုသွားခဲ့တယ်၊ အထူးအကူအညီလိုအပ်နေတဲ့မြို့တစ်မြို့ဖြစ်တဲ့—မာချားလာမြို့ကိုသွားဖို့ စိတ်စောနေကြတယ်။ ဒါပေမဲ့ ဘတ်စကားစောင့်နေတုန်း ကျွန်မခင်ပွန်းဖရက်ဒ်ဟာ ရုတ်တရက်နေမကောင်းဖြစ်လာပြီး ခရီးထွက်တာကိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြရတယ်။ ဖရက်ဒ်က ကျွန်မတို့ရဲ့ခရီးဆောင်အိတ်နဲ့အတူ ထိုင်နေချိန်မှာ ကျွန်မက ဌာနခွဲပြန်ဖို့အတွက်အစီအစဉ်တွေလုပ်ဖို့ အများသုံးတယ်လီဖုန်းစကားပြောရုံဆီသွားခဲ့တယ်။ မိနစ်အနည်းငယ်ကြာပြီး ကျွန်မပြန်ရောက်လာတဲ့အခါ ကျွန်မခင်ပွန်းကိုမတွေ့တော့ဘူး!
ဖရက်ဒ်ကို အသက်ရှင်လျက်နဲ့ နောက်ဘယ်တော့မှပြန်မတွေ့ရတော့ဘူး။ ကျွန်မမရှိတဲ့အချိန်ခဏလေးအတွင်းမှာ အဲ့ဒီဘတ်စကားဂိတ်မှာပဲ သူဟာ နှလုံးချို့ယွင်းမှုကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ ဖရက်ဒ်ကိုရှာရင်းနဲ့ ကျွန်မဗျာများနေချိန်မှာ ဂိတ်မှူးက ကျွန်မဆီကိုလာပြီး သူ့ကိုဆေးရုံပို့လိုက်ပြီလို့ ပြောပြခဲ့တယ်။ ကျွန်မလည်းဆေးရုံရောက်ရော သူဆုံးသွားပြီဆိုတာကိုပဲ သိခဲ့ရတယ်။
ချက်ချင်းဆိုသလိုပဲ ကျွန်မဟာ အိမ်မရှိ၊ မှီခိုအားကိုးရမယ့် ခင်ပွန်းလည်းမရှိဘဲ သူစိမ်းတိုင်းပြည်မှာ တစ်ယောက်တည်းဖြစ်သွားပါတော့တယ်။ “မှီခိုအားကိုး” ရတဲ့သူလို့ကျွန်မပြောရတာက ဖရက်ဒ်ဟာ ကျွန်မတို့နှစ်ယောက်စလုံးရဲ့ ကိစ္စအရပ်ရပ်ကို အမြဲတမ်းဦးဆောင်စီစဉ်လုပ်ကိုင်လို့ပါပဲ။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုနဲ့ ဆုံးဖြတ်နိုင်တဲ့စွမ်းရည်မရှိဘူး၊ သူကဦးဆောင်ပေးတဲ့အတွက် ကျွန်မဝမ်းသာခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မရဲ့ဘဝအတွက် ဆုံးဖြတ်ချက်တွေ၊ အစီအစဉ်တွေလုပ်ရတဲ့အပြင် တစ်ချိန်တည်းမှာ ဝမ်းနည်းပူဆွေးမှုကလည်း ကျွန်မကိုစိုးမိုးထားတယ်။ ကျွန်မဟာ အကြီးအကျယ်ကြေကွဲရပါတယ်—“သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” မှာပစ်ချထားခြင်းခံနေရသလိုပါပဲ။ ကိုယ့်အစွမ်းအစနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ပါ့မလား။
သမ္မာတရားကိုသင်ယူကာ အသက်တာကိုရိုးရှင်းစေခြင်း
ကျွန်မတို့နှစ်ယောက် ပထမဆုံးအကြိမ်တွေ့ကြတုန်းက ဖရက်ဒ်ရောကျွန်မပါ အိမ်ထောင်ကျဖူးခဲ့ကြပြီး ကွာရှင်းထားသူတွေဖြစ်ကြတယ်။ မိတ်ဆွေကောင်းအဖြစ်ကနေ ရင်းနှီးတဲ့ဆက်ဆံမှုအထိတိုးတက်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်မတို့ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ် စီရယ်တလ်မြို့မှာနေကြတဲ့ အမည်ခံချာ့ချ်တက်သူတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခင်မင်စရာကောင်းတဲ့ ရှေ့ဆောင် (အချိန်ပြည့်ဧဝံဂေလိဟောပြောသူ) ညီမငယ်လေးဂျေမီ ကျွန်မတို့ရဲ့တံခါးဝမှာ စကားမပြောခင်အချိန်အထိ ဘာသာရေးဟာ ကျွန်မတို့ရဲ့အသက်တာမှာ သိပ်အရေးမပါခဲ့ဘူး။ သူနဲ့အတူကျမ်းစာလေ့လာဖို့ကမ်းလှမ်းချက်ကို ကျွန်မလက်ခံဖြစ်လိုက်တဲ့အထိ သူလေးဟာ သိပ်ဖော်ရွေပါတယ်။
ဖရက်ဒ်လည်းစိတ်ဝင်စားမှုပြခဲ့တာကြောင့် သင်အံမှုကို ဂျေမီရဲ့မိဘတွေကလွှဲပြောင်းယူခဲ့ပြီး တစ်နှစ်ကြာပြီးတဲ့နောက် ၁၉၆၈ ခုနှစ်မှာ ကျွန်မတို့နှစ်ယောက်စလုံး နှစ်ခြင်းယူခဲ့ကြတယ်။ အစကတည်းက ကျွန်မတို့ရဲ့ဘဝအသက်တာမှာ ဘုရားသခင့်နိုင်ငံတော်ရေးရာတွေကို ပထမနေရာမှာထားဖို့ စိတ်ထက်သန်ခဲ့ကြတယ်။ (မဿဲ ၆:၃၃) ကျွန်မတို့ကိုသင်အံမှုလုပ်ခဲ့တဲ့ လော်ရန်နဲ့ ရူဒီ နွတ်စ်တို့ဇနီးမောင်နှံက ဒီသဘောထားကို နမူနာပြပေးခဲ့ကြတယ်။ ကျွန်မတို့နှစ်ခြင်းခံပြီးမကြာခင်မှာ ပိုပြီးလိုအပ်တဲ့နေရာမှာအမှုဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ကမ်းခြေမှာရှိတဲ့မြို့လေးတစ်မြို့ကို သူတို့ပြောင်းသွားခဲ့တယ်။ အဲ့ဒါက ကျွန်မတို့ရဲ့နှလုံးထဲမှာ မျိုးစေ့လေးကို ကြဲပေးခဲ့တယ်။
ပြောင်းရွှေ့ဖို့အတွက် ကျွန်မတို့ဆီမှာ တခြားအကြောင်းရှိသေးတယ်။ ဖရက်ဒ်က ကုန်ပဒေသာစတိုးဆိုင်ကြီးတစ်ဆိုင်ရဲ့ မန်နေဂျာတစ်ယောက်လေ။ သူရဲ့အလုပ်မှာ အရမ်းနစ်နေရလေတော့ တကယ်လို့ တစ်နေရာရာကိုပြောင်းခဲ့မယ်ဆိုရင် သူရဲ့ဘဝကိုရိုးရိုးလေးနေနိုင်မှာဖြစ်ပြီး သမ္မာတရားနဲ့ ကျွန်မတို့ရဲ့ကလေးနှစ်ယောက်ကို ပိုပြီးဂရုစိုက်နိုင်မယ်ဆိုတာကို သူသိခဲ့တယ်။ ကျွန်မမှာ ပထမအိမ်ထောင်နဲ့ရခဲ့တဲ့ အခုအိမ်ထောင်ကျနေပြီဖြစ်တဲ့ သမီးတစ်ယောက်လည်းရှိတယ်၊ သမီးနဲ့သူရဲ့အမျိုးသားလည်း သမ္မာတရားကိုလက်ခံခဲ့တဲ့အတွက် စီရယ်တလ်မြို့ကနေထွက်ခွာဖို့ ကျွန်မတို့ဆုံးဖြတ်ရခက်နေတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကို သူတို့နားလည်ပေးပြီး ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်ကို အထောက်အကူပေးခဲ့ကြတယ်။
ဒီလိုနဲ့ ၁၉၇၃ ခုနှစ်မှာ စပိန်ကို ကျွန်မတို့ပြောင်းသွားကြတယ်၊ အဲ့ဒီအချိန်တုန်းက စပိန်မှာသတင်းကောင်းဟောပြောသူတွေနဲ့ ဦးဆောင်ပေးမယ့်ညီအစ်ကိုတွေအရမ်းလိုအပ်နေတဲ့အချိန်ပေါ့။ တကယ်လို့ ခြိုးခြံပြီးနေမယ်ဆိုရင် ကျွန်မတို့စုဆောင်းထားတဲ့ငွေဟာ စပိန်မှာကျွန်မတို့ရဲ့ကုန်ကျစရိတ်ကို လုံလောက်စေနိုင်ပြီး ဓမ္မအမှုမှာ ကျွန်မတို့ရဲ့အချိန်ကိုအများကြီးအသုံးပြုနိုင်မယ်ဆိုတာကို ဖရက်ဒ်တွက်မိခဲ့တယ်။ အဲ့ဒီအတိုင်း ကျွန်မတို့လုပ်ခဲ့ကြတယ်။ သိပ်မကြာလိုက်ဘူး၊ ဖရက်ဒ်ဟာ အကြီးအကဲတစ်ယောက်အဖြစ်အမှုထမ်းခွင့်ရခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ကျွန်မတို့နှစ်ယောက်စလုံး ရှေ့ဆောင်တွေဖြစ်လာခဲ့ကြတယ်။
စပိန်စကားကိုသင်ပြီး တွေ့ကြုံမှုကောင်းလေးတွေမှာပျော်ရွှင်ရင်းနဲ့ပဲ အနှစ် ၂၀ လုံးလုံးစပိန်မှာ ကျွန်မတို့အမှုဆောင်ခဲ့ကြတယ်။ ဖရက်ဒ်နဲ့ကျွန်မဟာ များသောအားဖြင့် အတူတူဟော၊ မောင်နှံစုံတွေကို အတူတူသင်ပေးကြတယ်၊ အခုဆိုရင် သူတို့ထဲက တော်တော်များများဟာ နှစ်ခြင်းခံထားတဲ့ သက်သေခံတွေဖြစ်နေကြပြီ။ စပိန်မှာ နှစ်တော်တော်လေးကြာပြီးတဲ့နောက် ကျွန်မတို့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ ဟိုင်ဒီနဲ့မိုက်တို့လည်း ရှေ့ဆောင်လုပ်ငန်းမှာ စပြီးပါဝင်လာခဲ့ကြတယ်။ ကျွန်မတို့ဆီမှာ ရုပ်ပစ္စည်းနည်းနည်းလေးပဲရှိပေမဲ့ ဒါဟာကျွန်မတို့ရဲ့အသက်တာမှာ အပျော်ဆုံးအချိန်တွေဖြစ်ခဲ့တယ်။ ကျွန်မတို့ရဲ့ အသက်တာက ရိုးရိုးလေးပါပဲ။ အချိန်တော်တော်များများကို မိသားစုလိုက်အတူတကွအသုံးပြုနိုင်ခဲ့ပြီး ကျမ်းစာမှတ်တမ်းထဲက မုဆိုးမရဲ့ဆီလိုပါပဲ ဂရုတစိုက်စီမံထားတဲ့ ကျွန်မတို့ရဲ့စုဆောင်းငွေလေးဟာ တစ်ခါမှကုန်မသွားခဲ့ဘူး။—၃ ဓမ္မရာဇဝင် ၁၇:၁၄-၁၆။
နိုင်ငံများထပ်ပြောင်းခြင်း
၁၉၉၂ ခုနှစ်မှာ ပြောင်းရွှေ့ဖို့နဲ့ပတ်သက်ပြီး တစ်ခါပြန်စဉ်းစားလာခဲ့ကြတယ်။ ကျွန်မတို့ရဲ့ကလေးတွေလည်းကြီးကုန်ကြပြီ၊ စပိန်မှာလည်း အရင်ကလောက်မလိုအပ်တော့ဘူး။ အီကွေဒေါမှာအမှုဆောင်ခဲ့တဲ့ သာသနာပြုတစ်ယောက်နဲ့ ကျွန်မတို့ရင်းနှီးခဲ့ကြပြီး အဲ့ဒီနိုင်ငံမှာ ရှေ့ဆောင်တွေနဲ့အကြီးအကဲတွေ အရေးတကြီးလိုအပ်နေတဲ့အကြောင်းကို သူပြောပြခဲ့တယ်။ ကျွန်မတို့ဟာ နိုင်ငံသစ်တစ်ခုမှ ပြန်စပြီးအမှုမဆောင်နိုင်လောက်တဲ့အထိ အိုမင်းနေပြီလို့ ယူဆထားပြီလား။ ကျွန်မတို့နှစ်ယောက်စလုံးက ကျန်းမာရေးကောင်းကြပြီး ဟောပြောခြင်းလုပ်ငန်းကိုမြတ်နိုးကြတဲ့အတွက် အဲ့လိုမယူဆခဲ့ကြဘူး။ ဒါကြောင့် အီကွေဒေါဌာနခွဲရုံးနဲ့အဆက်အသွယ်လုပ်ခဲ့ပြီး ကျွန်မတို့ရဲ့အစီအစဉ်ကိုစစီစဉ်ခဲ့ကြတယ်။ စပိန်နိုင်ငံမြောက်ပိုင်းမှာအမှုဆောင်နေကြတဲ့ ကျွန်မရဲ့သမီးဟိုင်ဒီနဲ့သူ့ရဲ့ခင်ပွန်း ခွမ်န် မန္နဝဲလ်တို့လည်း ကျွန်မတို့နဲ့လိုက်ချင်ကြတယ်။
နောက်ဆုံးတော့ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်မတို့ရဲ့ဝေယျာဝစ္စတွေအားလုံးကို အစီအစဉ်လုပ်ပြီး နိုင်ငံအသစ်ကိုရောက်ခဲ့ကြတယ်။ ကျမ်းစာသင်အံမှုကို လူတော်တော်များများက စိတ်ထက်ထက်သန်သန် လက်ခံကြတဲ့နေရာဖြစ်တဲ့အီကွေဒေါမှာ ရှေ့ဆောင်လုပ်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ကျွန်မတို့နှစ်ယောက်စလုံးပီတိဖြစ်ခဲ့ကြတယ်။ ဌာနခွဲမှာ ဖော်ရွေပျူငှာတဲ့ကြိုဆိုမှုကိုရပြီးတဲ့နောက် အထူးလိုအပ်တဲ့နေရာတွေအဖြစ် သတ်မှတ်ထားတဲ့မြို့တော်တော်များများကိုလည်ပတ်ဖို့ ကျွန်မတို့စီစဉ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ကျွန်မခင်ပွန်းဆုံးသွားခဲ့တယ်။
“သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” တွင်
ပထမတော့ ကျွန်မလန့်ဖျပ်သွားပြီး လုံးဝမယုံခဲ့ဘူး။ ဖရက်ဒ်ဟာ ဖျားနာခဲတယ်လေ။ ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲ။ ကျွန်မ တွေးတောင်မတွေးတတ်တော့ဘူး။
ကျွန်မအသက်တာရဲ့ ဒီအဆိုးဆုံးအချိန်အတောအတွင်းမှာ အများအားဖြင့် ကျွန်မကိုသိတောင်မသိဖူးတဲ့ စာနာမှုရှိတဲ့ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မတွေရဲ့ ထောက်မမှုကို ကောင်းချီးအနေနဲ့ ကျွန်မခံစားခဲ့ရပါတယ်။ ဌာနခွဲကညီအစ်ကိုတွေဟာ အရမ်းကြင်နာမှုရှိကြပြီး ဈာပနအစီအစဉ်အပါအဝင် အစစအရာရာအားလုံးကို ဂရုစိုက်ပေးခဲ့ကြတယ်။ ညီအစ်ကိုနဲ့ညီမဘိုနိုတို့ ကျွန်မအပေါ်မှာပြတဲ့မေတ္တာကို ကျွန်မအထူးသတိရတယ်။ သူတို့က ကျွန်မဟာ ဘယ်တော့မှတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိစေကြပြီး ကျွန်မအထီးကျန်စိတ်မဝင်အောင် အိဒသ် ဘိုနိုဆိုရင် ညတော်တော်များများ ကျွန်မရဲ့အိပ်ရာခြေရင်းမှာ လာအိပ်ပေးခဲ့ပါတယ်။ ဗေသလမိသားစုတစ်ခုလုံးပြသတဲ့ မေတ္တာနဲ့ စာနာမှုဟာ လှိုက်လှဲနွေးထွေးမှုနဲ့ ကျွန်မကိုပိုက်ထွေးထားပြီး မေတ္တာခြုံထည်နဲ့ ကျွန်မကိုကာကွယ်ပေးထားသလိုပါပဲ။
ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်မရဲ့ကလေးသုံးယောက်ရောက်လာကြတယ်၊ သူတို့ရဲ့ထောက်မမှုကတော့ တန်ဖိုးမဖြတ်နိုင်ဘူး။ ဒါပေမဲ့ နေ့အချိန်မှာ မေတ္တာပြည့်ဝတဲ့သူတွေအများကြီးကြားထဲမှာ ကျွန်မရှိနေပေမဲ့ ရှည်လျားတဲ့ညတွေကိုဖြတ်ကျော်ဖို့ ပိုပြီးခက်ခဲတယ်။ အဲ့ဒီအချိန်မှာ ယေဟောဝါဟာ ကျွန်မကို ထောက်မပေးခဲ့ပါတယ်။ ဆိုးဆိုးရွားရွားအထီးကျန်ခံစားရတဲ့ ဘယ်အချိန်မဆို ကိုယ်တော်ထံဆုတောင်းရင်း ကိုယ်တော်ကျွန်မကိုနှစ်သိမ့်မှုပေးခဲ့တယ်။
အသုဘအစီအစဉ်ပြီးသွားတဲ့အခါ ငါ့အသက်တာအတွက် ငါဘာလုပ်သင့်သလဲဆိုတဲ့မေးခွန်းပေါ်လာခဲ့တယ်။ ကျွန်မတို့အတူတူဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက် ကျွန်မအီကွေဒေါမှာနေချင်တယ်၊ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်းတော့မဖြစ်နိုင်ဘူး။ ဒါကြောင့် မကြာခင် အီကွေဒေါကိုပြောင်းလာဖို့အစီအစဉ်ရှိတဲ့ ဟိုင်ဒီနဲ့ခွမ်န် မန္နဝဲလ်တို့ဟာ ချက်ချင်းပြောင်းလာပြီး ကျွန်မတို့အားလုံးအတူတကွအမှုဆောင်နိုင်ဖို့ သူတို့ရဲ့အစီအစဉ်တွေကို ပြုပြင်ခဲ့ကြရတယ်။
တစ်လအတွင်းမှာပဲ ကျွန်မတို့ဟာ ဌာနခွဲကတာဝန်ပေးခဲ့တဲ့လောဟာမှာ အိမ်တစ်လုံးကိုတွေ့ခဲ့ကြတယ်။ မကြာခင်မှာပဲ ကျွန်မဟာ လုပ်စရာရှိတာတွေကိုအစီအစဉ်ပြုလုပ်ရင်း၊ အိမ်အသစ်မှာနေသားတကျဖြစ်အောင်လုပ်ရင်း၊ နိုင်ငံသစ်မှာဟောပြောခြင်းလုပ်ငန်းကို စတင်ဟောပြောရင်းနဲ့ပဲ အလုပ်များလာခဲ့တယ်။ ဒီလုပ်ဆောင်မှုအားလုံးက ကျွန်မရဲ့ဝမ်းနည်းမှုတချို့တစ်ဝက်ကို သက်သာစေခဲ့တယ်။ အဲ့ဒီအပြင် ဖရက်ဒ်နဲ့တရင်းတနှီးရှိတဲ့ သမီးဖြစ်သူနဲ့အတူ ငိုနိုင်ခဲ့တယ်၊ အဲ့ဒါက ကျွန်မရဲ့ခံစားချက်တွေကို လျော့ပါးစေဖို့ အကူအညီဖြစ်စေခဲ့တယ်။
ဒါပေမဲ့ ကျွန်မရဲ့လုပ်ဆောင်မှုအသစ်တွေမှာ နေသားကျအောင်လုပ်ခဲ့ရတဲ့ လအနည်းငယ်ကြာပြီးနောက် ကျွန်မရဲ့ကြီးမားတဲ့ဆုံးရှုံးမှုကြောင့် ပိုပြီးခံစားလာခဲ့ရတယ်။ ဖရက်ဒ်နဲ့ကျွန်မ အတူတူလုပ်ဆောင်ခဲ့တဲ့ ပျော်စရာအချိန်တွေကို မစဉ်းစားနိုင်ခဲ့ဘူး၊ အဲ့ဒါက အရမ်းခံစားရစေတဲ့အတွက်ကြောင့်ပါပဲ။ အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး တစ်ရက်ပြီးတစ်ရက်အတွက်ပဲ အသက်ရှင်ခဲ့တယ်၊ အနာဂတ်ကိုလည်း သိပ်မတွေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ နေ့တိုင်း အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုခု၊ အထူးသဖြင့် ကျွန်မရဲ့ဟောပြောခြင်းလုပ်ငန်းနဲ့အလုပ်များနေအောင် ကျွန်မကြိုးစားခဲ့တယ်။ ဒါတွေက ကျွန်မကို ဆက်ပြီးလျှောက်လှမ်းနိုင်စေခဲ့တဲ့အရာတွေပါ။
ဟောပြောခြင်းနဲ့ ကျမ်းစာသင်ပေးတဲ့အလုပ်ကို ကျွန်မအမြဲချစ်မြတ်နိုးတာရယ်၊ အီကွေဒေါမှာရှိတဲ့လူတွေဟာ အရမ်းကိုလက်ခံလွယ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းဟာ ပျော်စရာကောင်းတဲ့အလုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ ပထမဆုံးအကြိမ် တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ “ဟုတ်ကဲ့၊ ကျွန်မကျမ်းစာလေ့လာချင်ပါတယ်!” လို့ပြောခဲ့တဲ့ အိမ်ထောင်သည်အမျိုးသမီးငယ်တစ်ဦးနဲ့တွေ့ခဲ့တယ်။ သူဟာ အီကွေဒေါမှာ ကျွန်မရဲ့ပထမဆုံးကျမ်းစာသင်အံမှုဖြစ်ခဲ့တယ်။ ဒီလိုမျိုးတွေ့ကြုံမှုတွေက ကျွန်မရဲ့စိတ်အာရုံကိုဆွဲဆောင်ထားပြီး ကျွန်မရဲ့ဝမ်းနည်းစရာတွေကိုပဲ တွေးတောနေတာကနေ တားဆီးပေးခဲ့တယ်။ ယေဟောဝါဟာ ကျွန်မရဲ့လယ်ကွင်းလုပ်ငန်းတော်ကို ကြွယ်ဝစွာကောင်းချီးပေးခဲ့တယ်။ သတင်းကောင်းဟောပြောဖို့သွားခဲ့တဲ့ အချိန်တိုင်းလိုလို တွေ့ကြုံမှုကောင်းတွေရရှိခဲ့လို့ပါ။
ရှေ့ဆောင်တစ်ယောက်အနေနဲ့ ဆက်ပြီးအမှုဆောင်တာဟာ ကောင်းချီးတစ်ခုဖြစ်တယ်ဆိုတာ သံသယမဖြစ်ခဲ့ဘူး။ ဒါက ကျွန်မရဲ့ကတိအတိုင်းနေထိုင်ဖို့နဲ့ နေ့တိုင်း အပြုသဘောပါတဲ့အရာတစ်ခုခုကိုလုပ်ဖို့ အကူအညီဖြစ်ခဲ့တယ်။ အချိန်တိုအတွင်းမှာပဲ ကျမ်းစာသင်အံမှု ခြောက်ခုကျင်းပခဲ့ရတယ်။
ကျွန်မရဲ့ဓမ္မအမှုကနေရရှိခဲ့တဲ့ စိတ်ကျေနပ်စရာကိုတင်ပြနိုင်ဖို့ မကြာသေးခင်ကမှ ကျမ်းစာသင်အံမှုအပေါ်မှာ စစ်မှန်တဲ့လေးမြတ်မှုကိုတင်ပြခဲ့တဲ့ လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်အကြောင်းပြောပါရစေ။ သူ့ကိုကျမ်းချက်တစ်ချက်ပြတဲ့အခါ ပထမတော့ သူ့ကဒီကျမ်းချက်ကို ကောင်းကောင်းနားလည်ချင်တယ်၊ နောက်တော့ အဲ့ဒီဆုံးမစကားကို လက်တွေ့ကျင့်ဖို့လိုလိုလားလားရှိလာတယ်။ အရင်တုန်းက အကျင့်ယိုယွင်းတဲ့အသက်တာနဲ့ နေထိုင်ခဲ့ပေမဲ့လည်း မကြာသေးခင်က လက်မထပ်ဘဲ သူမနဲ့အတူနေထိုင်ဖို့ အမျိုးသားတစ်ယောက်ရဲ့တောင်းဆိုချက်ကို သူခိုင်ခိုင်မာမာငြင်းပယ်ခဲ့တယ်။ အရင်တုန်းကလုံးဝမခံစားခဲ့ဖူးတဲ့ စိတ်ငြိမ်သက်မှုနဲ့ အခုပျော်ရွှင်နိုင်ပြီဖြစ်တဲ့အတွက် ကျမ်းစာရဲ့စံနှုန်းအတိုင်း စွဲစွဲမြဲမြဲနေထိုင်ခြင်းကနေ ပျော်ရွှင်မှုရတဲ့အကြောင်း ကျွန်မကိုပြောပြခဲ့တယ်။ ဒီလိုမျိုးသင်အံမှုတွေက ကျွန်မရဲ့နှလုံးကိုနွေးထွေးစေပြီး ကျွန်မဟာအသုံးဝင်တဲ့သူဖြစ်တယ်လို့ ခံစားစေတယ်။
ကျွန်မ၏ ရွှင်လန်းမှုကို ဆက်ထိန်းသိမ်းထားခြင်း
တပည့်ဖြစ်စေခြင်းလုပ်ငန်းကနေ ရွှင်လန်းမှုအများကြီးရရှိစေပေမဲ့ ကျွန်မရဲ့ဝမ်းနည်းမှုတွေက မြန်မြန်ပျောက်သွားခဲ့တာတော့မဟုတ်ဘူး။ ကျွန်မအတွက်တော့ ဝမ်းနည်းစရာတွေဟာ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်ပါပဲ။ ကျွန်မရဲ့သမီးနဲ့သားမက်က ကျွန်မကိုအရမ်းကောင်းတဲ့ထောက်မမှုတွေပေးခဲ့ကြတယ်၊ ဒါပေမဲ့ တစ်ခါတလေ သူတို့အတူတူလုပ်ဆောင်ကြတာတွေကို ကျွန်မတွေ့ရတဲ့အခါ ကျွန်မရဲ့ဆုံးရှုံးမှုကို ပိုပြီးအပြင်းအထန်ခံစားရတယ်။ ကျွန်မရဲ့ခင်ပွန်းကို ကျွန်မအရမ်းသတိရတယ်၊ ကျွန်မတို့အရမ်းရင်းနှီးခဲ့ကြတာကြောင့်ပဲမဟုတ်ဘူး၊ တော်တော်များများကိစ္စတွေမှာ သူ့ကိုကျွန်မအမြဲအားကိုးခဲ့ရလို့ပါ။ သူနဲ့စကားပြောဖို့၊ အကြံဉာဏ်တောင်းဖို့ ဒါမှမဟုတ် လယ်ကွင်းလုပ်ငန်းအတွေ့အကြုံတွေ သူနဲ့မဝေမျှနိုင်တော့တဲ့အတွက် စိတ်ပျက်အားလျော့မှုတွေဖြစ်ခဲ့ပြီး အတော့်ကိုမလွယ်ခဲ့ပါဘူး။
ဒီလိုအခြေအနေမှာ ကျွန်မကိုအကူအညီဖြစ်စေတာကတော့ အပြုသဘောပါတဲ့ တခြားအရာတစ်ခုခုကိုတွေးတောလာအောင် ကျွန်မကိုကူညီပေးဖို့ ယေဟောဝါကို စိတ်ထက်ထက်သန်သန်ဆုတောင်းခြင်းပဲဖြစ်တယ်။ (ဖိလိပ္ပိ ၄:၆-၈) ကိုယ်တော် ကျွန်မကိုတကယ်ပဲကူညီပေးတယ်။ နှစ်တော်တော်များများကြာခဲ့တဲ့ အခုအချိန်မှာတော့ ဖရက်ဒ်နဲ့ကျွန်မအတူတူပျော်ရွှင်ခဲ့ကြတဲ့ အချိန်ကောင်းတချို့အကြောင်းကို ကျွန်မပြောနိုင်ပြီလေ။ ဒါကြောင့် ကုထုံးဟာ တဖြည်းဖြည်းထိမိလာပြီဆိုတာသိသာတယ်။ ဆာလံဆရာဒါဝိဒ်လိုပဲ ကျွန်မလည်း “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” မှာလျှောက်ခဲ့ရတယ်လို့ခံစားရတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ကျွန်မကိုနှစ်သိမ့်မှုပေးပြီး သစ္စာရှိညီအစ်ကိုတွေဟာ မှန်တဲ့လမ်းကို ကြင်နာစွာနဲ့ပြပေးခဲ့ကြတယ်။
ကျွန်မသင်ယူရရှိခဲ့သော သင်ခန်းစာများ
ဖရက်ဒ်က အမြဲတမ်းဦးဆောင်ခဲ့တာကြောင့် ကျွန်မဘာသာကျွန်မ ကိစ္စဝိစ္စတွေကိုဦးဆောင်လုပ်နိုင်မယ်လို့ ကျွန်မတစ်ခါမှမတွေးမိခဲ့ဘူး။ ဒါပေမဲ့ ယေဟောဝါ၊ ကျွန်မရဲ့မိသားစုနဲ့ ညီအစ်ကိုညီအစ်မတွေရဲ့အကူအညီနဲ့ ကျွန်မဘာသာကျွန်မ စီစဉ်လုပ်နိုင်ခဲ့တယ်။ တစ်နည်းနည်းနဲ့ ကျွန်မဟာ အရင်တုန်းကထက် ပိုပြီးသန်မာလာတယ်။ အရင်တုန်းကထက်ပိုပြီး ယေဟောဝါကိုအားကိုးတယ်၊ ပြီးတော့ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ချက်တွေချနိုင်ဖို့ သင်ယူတယ်။
ပိုပြီးလိုအပ်တဲ့နေရာဖြစ်တဲ့ စပိန်မှာ ဖရက်ဒ်နဲ့ကျွန်မ အနှစ် ၂၀ အတူတူအမှုဆောင်ခဲ့တာတွေက ကျွန်မကိုအရမ်းပျော်ရွှင်စေခဲ့တယ်။ ဒီအစီအစဉ်စနစ်အတွင်းမှာ တစ်နေ့နေ့တစ်ချိန်ချိန် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ကျွန်မတို့လုံးဝမသိနိုင်တဲ့အတွက် အခွင့်အရေးရှိနေတဲ့အချိန်မှာ ယေဟောဝါနဲ့ ကျွန်မတို့ရဲ့မိသားစုအတွက် ကျွန်မတို့လုပ်နိုင်တဲ့အကောင်းဆုံးတွေကိုလုပ်ဖို့ အရမ်းအရေးကြီးတယ်လို့ကျွန်မစဉ်းစားမိတယ်။ အဲ့ဒီလိုလုပ်ခဲ့တဲ့နှစ်တွေက ကျွန်မတို့ရဲ့အသက်တာနဲ့ ကျွန်မတို့ရဲ့အိမ်ထောင်ကို အထူးကြွယ်ဝပြည့်စုံစေခဲ့ပြီး ဒါတွေဟာ ကျွန်မရဲ့ဆုံးရှုံးမှုကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ပြင်ဆင်ပေးခဲ့တယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့ပြီ။ ဖရက်ဒ်မဆုံးခင်ကတည်းက ရှေ့ဆောင်လုပ်ငန်းဟာ ကျွန်မရဲ့ဘဝလမ်းစဉ်ဖြစ်ခဲ့တာကြောင့် အဲ့ဒါက အသစ်ဖြစ်တဲ့ဘဝအခြေအနေမှန်ကိုလက်ခံဖို့ ရုန်းကန်နေရတဲ့အခါ ရည်ရွယ်ချက်ရှိစေခဲ့တယ်။
ဖရက်ဒ်ဆုံးသွားတဲ့အခါ ပထမတုန်းကတော့ ကျွန်မရဲ့ဘဝလည်းဆုံးသွားပြီလို့ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တော့ ဒီလိုမဖြစ်ခဲ့ပါဘူး။ ကျွန်မမှာ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ လုပ်ဆောင်စရာတွေ၊ လူတွေကို အကူအညီပေးစရာတွေရှိခဲ့ပါတယ်။ သမ္မာတရားကိုလိုအပ်နေတဲ့သူတွေတော်တော်များများဟာ ကျွန်မရဲ့ပတ်ပတ်လည်မှာရှိနေသေးတော့ ကျွန်မဘယ်လိုလုပ်ရှောင်ထွက်သွားနိုင်ပါ့မလဲ။ ယေရှုပြောခဲ့သလို တခြားသူတွေကိုကူညီပေးတာက ကျွန်မကိုပျော်ရွှင်စေခဲ့တယ်။ (တမန်တော် ၂၀:၃၅) လယ်ကွင်းဓမ္မအမှုကနေရတဲ့ ကျွန်မရဲ့တွေ့ ကြုံမှုတွေကြောင့် ရှေ့မှာမျှော်ရမယ့်အရာတွေနဲ့ စီစဉ်ရမယ့်အရာတွေကို ကျွန်မသိခဲ့ရပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အထီးကျန်တဲ့ခံစားချက်ကို ပြန်ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျမ်းစာသင်အံမှုသွားဖို့ အိမ်ကထွက်လိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ ပျော်ရွှင်လာတယ်။ နှစ်နာရီကြာပြီးတဲ့နောက် ကျေနပ်မှု၊ တည်ဆောက်မှုအပြည့်နဲ့ ကျွန်မအိမ်ပြန်ရောက်ခဲ့တယ်။ ဆာလံဆရာပြောခဲ့သလို ကျွန်မတို့ဟာ တစ်ခါတလေ ‘မျက်ရည်ကျလျက် မျိုးစေ့ကြဲ’ တဲ့သူတွေဖြစ်နိုင်တယ်၊ ဒါပေမဲ့ ယေဟောဝါဟာ ကျွန်မတို့ရဲ့ကြိုးစားအားထုတ်မှုကို ကောင်းချီးပေးတဲ့အတွက် ကျွန်မတို့ဟာ ‘ရွှင်လန်းလျက် စပါးရိတ်ကြရမယ်။’—ဆာလံ ၁၂၆:၅၊ ၆။
မကြာသေးခင်တုန်းက သွေးတိုးအရမ်းတက်ခဲ့တဲ့အတွက် ကျွန်မရဲ့အစီအစဉ်ဇယားကို နည်းနည်းလေးပြုပြင်ခဲ့ရပြီး အခုတော့ ပုံမှန်အရန်ရှေ့ဆောင်တစ်ယောက်ဖြစ်နေပြီ။ ကျွန်မရဲ့ဆုံးရှုံးသွားတဲ့အရာတွေကို ဒီအစီအစဉ်စနစ်မှာ အပြည့်အဝပြန်ရမယ်လို့ ကျွန်မမမျှော်လင့်ပေမဲ့ ကျေနပ်ရောင့်ရဲတဲ့အသက်တာနဲ့ ကျွန်မနေထိုင်တယ်။ ကျွန်မရဲ့သားသမီးသုံးယောက်စလုံး အချိန်ပြည့်အမှုဆောင်နေတာကိုမြင်ရတာက ကျွန်မကိုပျော်ရွှင်စေတယ်။ အဲ့ဒီအပြင် ကမ္ဘာသစ်မှာ ဖရက်ဒ်နဲ့ပြန်ပြီးဆုံတွေ့ရဦးမယ်လေ။ ကျွန်မတို့ရဲ့ရည်မှန်းချက်တွေဖြစ်တဲ့—အီကွေဒေါမှာ ကျွန်မအမှုဆောင်နိုင်ခဲ့ပြီး အသီးတွေသီးခဲ့တယ်ဆိုတာကိုသူသိရင် ပီတိဖြစ်မှာသေချာတယ်။
ဆာလံဆရာရဲ့ပြောထားတဲ့စကားတွေ ကျွန်မရဲ့အဖြစ်မှာ တကယ်ပဲဆက်ပြီးပြည့်စုံဖို့ ကျွန်မဆုတောင်းနေတယ်။ “အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစား၍၊ ထာဝရဘုရား၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။”—ဆာလံ ၂၃:၆။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အီကွေဒေါနိုင်ငံ၊ လောဟာမြို့ စန် လူးကပ်စ်တွင်အမူဆောင်စဉ်