နားလည်ရခက်သော မိုးလေဝသ
ကျွန်ုပ်တို့အများစုသည် ကာဗွန်အဓိကပါဝင်သော လောင်စာများအပေါ်တွင် နည်းအမျိုးမျိုးဖြင့် မှီခိုနေရသည်။ ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီလောင်စာမှ စွမ်းအားရသည့် ကားနှင့် အခြားယာဉ်များကို ကျွန်ုပ်တို့မောင်းကြသည်။ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် ဆီတို့ကို လောင်စာအဖြစ်သုံးသည့် ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ကျွန်ုပ်တို့အသုံးပြုကြသည်။ ချက်ပြုတ်ရန် သို့မဟုတ် အနွေးဓာတ်ရရန် ထင်း၊ မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့ကို မီးဆိုက်ကြသည်။ ဤလုပ်ဆောင်မှုအားလုံးက လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်တိုးများလာစေသည်။ ဤဓာတ်ငွေ့သည် နေမှလာသည့်အပူကို လှောင်ပိတ်ထားသည်။
ကျွန်ုပ်တို့သည် အပူလှောင်ပိတ်ထားသော အခြားဖန်လုံအိမ်ဓာတ်ငွေ့များကိုလည်း လေထုထဲသို့ ထပ်ထည့်ပေးကြသည်။ စိုက်ပျိုးရေးတွင်အသုံးပြုသည့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာများမှ နိုက်ထရပ်အောက်ဆိုဒ်ကို ထပ်တိုးလာစေသည်။ စပါးခင်းများနှင့် ကျွဲနွားမွေးမြူရေးခြံများမှ မီသိန်းဓာတ်ငွေ့ထွက်သည်။ ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့များ (စီအက်ဖ်စီအက်စ်) သည် ပလပ်စတစ်ရေမြှုပ်များထုတ်လုပ်မှုနှင့် အခြားစက်မှုလက်မှုလုပ်ငန်းစဉ်များမှ ထွက်လာသည်။ စီအက်ဖ်စီအက်စ်သည် အပူကိုလှောင်ပိတ်ထားရုံမက ကမ္ဘာ့အထက်လေထုအိုဇုန်းလွှာကိုပါ ပျက်စီးစေသည်။
ယခုထိန်းညှိထားပေးသည့် စီအက်ဖ်စီအက်စ် ဓာတ်ငွေ့များမှတစ်ပါး ဤအပူလှောင်ပိတ်ထားသောဓာတ်ငွေ့များကို အမြဲတိုး၍တိုး၍ လေထုထဲထုတ်လွှတ်နေကြသည်။ စွမ်းအင်အသုံးပြုမှု၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆောင်ရွက်ချက်တိုးပွားလာမှုတို့နှင့်အတူ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် တာဝန်ရှိသည်။ ဝါရှင်တန်တွင်အခြေစိုက်သည့် ပတ်ဝန်းကျင်ဆိုင်ရာကာကွယ်ရေးအေဂျင်စီအဆိုအရ လူသားတို့သည် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့တန်ပေါင်း သန်းခြောက်ထောင်ကို နှစ်စဉ် ထုတ်လွှတ်နေကြသည်။ ဤဖန်လုံအိမ်ဓာတ်ငွေ့များသည် ရုတ်ခြည်းလုံးဝကွယ်ပျောက်သွားသည်ဟူ၍မရှိပါ; ယင်းတို့သည် ဆယ်စုနှစ်နှင့်ချီပြီး လေထုထဲတွင် တဝဲလည်လည်ရှိနေနိုင်သည်။
သိပ္ပံပညာရှင်များအနေနှင့် ယေဘုယျအားဖြင့် အချက်နှစ်ချက်သေချာပါသည်။ ပထမ၊ မကြာသေးမီဆယ်စုနှစ်များနှင့် ရာစုနှစ်များတွင် လေထုထဲ၌ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ တိုးများလာခဲ့သည်။ ဒုတိယ၊ အနှစ်တစ်ရာကျော်အတွင်း ကမ္ဘာ့မျက်နှာပြင်ပျမ်းမျှအပူချိန်သည် ၀.၅ မှ ၁.၁ ဒီဂရီဖာရင်ဟိုက်အထိ တိုးလာခဲ့သည်။
ပေါ်လာသောမေးခွန်းမှာ ကမ္ဘာကြီးပူနွေးလာခြင်းသည် လူသားတို့က ဖန်လုံအိမ်ဓာတ်ငွေ့များ တိုးပွားစေခြင်းနှင့် ဆက်နွှယ်မှုရှိသလောဟူ၍ဖြစ်သည်။ သိပ္ပံပညာရှင်အချို့က ဆက်နွှယ်မှုမရှိဟုဆိုကြကာ၊ အပူချိန်မြင့်လာခြင်းမှာ ဆင့်ကာဆင့်ကာဖြစ်ပွားသည့် သဘာဝအပြောင်းအလဲကြောင့်ဖြစ်ရာ နေတွင်တာဝန်ရှိနိုင်ကြောင်း ထောက်ပြကြသည်။ သို့သော် ရာသီဥတုကျွမ်းကျင်သူများက ရာသီဥတုအပြောင်းအလဲဆိုင်ရာ အစိုးရချင်းဆွေးနွေးရေးအဖွဲ့၏သတင်းတစ်ပုဒ်မှအသုံးအနှုန်းကို သဘောတူလက်ခံကြသည်။ အပူချိန်မြင့်တက်လာခြင်းမှာ “သဘာဝကြောင့်ချည်းမဖြစ်နိုင်ပါ” နှင့် “သာဓကတင်ပြချက်များကို ချိန်ထိုးကြည့်လျှင် ကမ္ဘာ့ရာသီဥတုပေါ်တွင် လူ့သြဇာလွှမ်းမိုးမှုရှိသည်ကို ရိပ်စားမိနိုင်သည်” ဟုဖော်ပြထားသည်။ သို့တိုင် လူတို့၏လုပ်ဆောင်ပြုမူမှုတို့သည် ဤဂြိုဟ်ကို ပူနွေးလာစေမှုရှိမရှိနှင့်ပတ်သက်၍ မသေမချာဖြစ်လျက်ရှိသည်၊ အထူးသဖြင့် ၂၁ ရာစုတွင် ကမ္ဘာသည် မည်မျှမြန်မြန်ဆန်ဆန် ပူနွေးလာနိုင်သည်၊ အဘယ်အကျိုးဆက်များ အတိအကျဖြစ်လာနိုင်သည်တို့နှင့်ပတ်သက်၍ဖြစ်သည်။
မသေချာမရေရာမှုတို့က အငြင်းပွားစရာဖြစ်စေ
ရာသီဥတုပညာရှင်များက အနာဂတ်ဖန်လုံအိမ်အာနိသင်ကို ကြိုတင်ခန့်မှန်းသည့်အခါ ကမ္ဘာ့အမြန်ဆုံးနှင့် စွမ်းအားအကောင်းဆုံးကွန်ပျူတာများတွင်ဖွင့်ကြည့်နိုင်သည့် ယေဘုယျဖြစ်လေ့ရှိသော ရာသီဥတုပုံစံများပေါ်တွင် အမှီပြုကြရသည်။ သို့သော်ကမ္ဘာ့ရာသီဥတုကို အဆုံးအဖြတ်ပေးသည့်အရာမှာ ကမ္ဘာလည်ပတ်မှု၊ လေထု၊ သမုဒ္ဒရာ၊ ရေခဲ၊ ကုန်းမြေအသွင်အပြင်များနှင့် နေတို့၏ အလွန်ရှုပ်ထွေးလှသော အပြန်အလှန်အကျိုးသက်ရောက်မှုကပင်ဖြစ်သည်။ အကြောင်းတရားများလှသောကြောင့် နောက်အနှစ် ၅၀ သို့မဟုတ် ၁၀၀ တွင် မည်သည့်အရာအမှန်တကယ်ဖြစ်ပျက်လာမည်ဆိုသည်ကို မည်သည့်ကွန်ပျူတာမျှ ကြိုတင်ခန့်မှန်းနိုင်စွမ်းမရှိပါ။ သိပ္ပံမဂ္ဂဇင်းက မကြာသေးမီက ဤသို့ သတိပြုမိခဲ့သည်– “လူတို့၏ပြုမူလုပ်ဆောင်မှုတို့သည် ဤဂြိုဟ်ကို စတင်ပူနွေးလာစေပြီလော—သို့မဟုတ် ဖန်လုံအိမ်ပူနွေးမှုဖြစ်သည့်အခါ ယင်းသည် မည်မျှအထိဆိုးရွားလာမည်တို့ကို သဲသဲကွဲကွဲမသိရသေးကြောင်း ရာသီဥတုကျွမ်းကျင်သူအများက သတိပေးသည်။”
မသေချာမရေရာမှုတို့က အန္တရာယ်ရှိသည်ဟူသည့်အချက်ကို ငြင်းဆန်ရန် လွယ်ကူစေသည်။ မူလအခြေအနေကို ထိန်းသိမ်းရာတွင် စီးပွားရေးဘက်စိတ်ဝင်စားမှုရှိသော အင်အားကြီးမားသည့်စက်မှုလုပ်ငန်းများနှင့်အတူ ကမ္ဘာကြီးပူနွေးလာမှုနှင့်ပတ်သက်၍ သံသယဝင်နေသည့် သိပ္ပံပညာရှင်များက ယခုသိရသလောက်ဆိုလျှင် အကုန်အကျများနိုင်သော ပြုပြင်ဆောင်ရွက်မှုပြုရန် ခိုင်လုံသည့်အကြောင်းမရှိသေးပါဟု စောဒကတက်ကြသည်။ ထိုထက်ကား အနာဂတ်သည် အချို့လူများထင်သလောက်ဆိုးချင်မှဆိုးမည်ဟု သူတို့ဆိုကြသည်။
သိပ္ပံဆိုင်ရာမသေချာမရေရာမှုများဖြစ်နေခြင်းက ပေါ်လစီထုတ်သူများအား အေးအေးဆေးဆေးနေသည့်အဖြစ်သို့ မရောက်စေသင့်ကြောင်း ပတ်ဝန်းကျင်ပညာရှင်များက ချေပပြောခဲ့ကြသည်။ အနာဂတ်ရာသီဥတုသည် အချို့စိုးရိမ်သလောက် ဆိုးချင်မှဆိုးမည်ဖြစ်သော်လည်း အခြေအနေပို၍ဆိုးလာနိုင်ဖွယ်အလားအလာလည်း ရှိနေသည်! ထို့အပြင် အနာဂတ်တွင် မည်သည့်အရာဖြစ်မည်ကို သေချာစွာမသိခြင်းသည် အန္တရာယ်ကို လျော့ပါးသွားစေရန် မည်သည့်အရာကိုမျှမလုပ်ဆောင်သင့်ဟူသည့်အဓိပ္ပာယ်မဟုတ်ဟု သူတို့ဆင်ခြေပေးကြသည်။ ဥပမာ၊ ဆေးလိပ်ဖြတ်လိုက်သူများသည် သူတို့ဆက်သောက်မည်ဆိုလျှင် နောက်အနှစ် ၃၀ သို့မဟုတ် ၄၀ အကြာတွင် အဆုတ်ကင်ဆာဖြစ်မည်မှာ သေချာကြောင်း သိပ္ပံဆိုင်ရာအထောက်အထားကို အရင်မတောင်းဆိုကြပါ။ အန္တရာယ်ရှိသည်ကို အသိအမှတ်ပြုပြီး အန္တရာယ်နည်းစေချင် သို့မဟုတ် အမြစ်ပြတ်သုတ်သင်ပစ်ချင်သောကြောင့် ဖြတ်လိုက်ကြခြင်းဖြစ်သည်။
အဘယ်အရာလုပ်ဆောင်နေသနည်း
ကမ္ဘာကြီးပူနွေးလာမှုပြဿနာ၏အတိုင်းအတာနှင့်ပတ်သက်၍—ပြဿနာတစ်ခု လုံးဝရှိမရှိနှင့်ပတ်သက်၍ပင်—အကြီးကျယ်အငြင်းပွားမှုရှိသောကြောင့် အဘယ်သို့လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အမြင်ကွဲပြားမှုရှိနေခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ။ ပတ်ဝန်းကျင်ဆိုင်ရာအုပ်စုများသည် ညစ်ညမ်းမှုကင်းသည့် စွမ်းအင်အရင်းအမြစ်များ အသုံးပြုရေးကို နှစ်ပေါင်းများစွာကြာ အနှံ့အပြားစည်းရုံးအားပေးခဲ့ကြသည်။ နေ၊ လေ၊ မြစ်များ၊ ရေနွေးငွေ့နှင့် ရေပူ မြေအောက်ရေလှောင်ကန်များမှ စွမ်းအင်ကို ထုတ်ယူအသုံးပြုနိုင်သည်။
ပတ်ဝန်းကျင်လေ့လာရေးသမားများက အစိုးရများအား အပူကိုလှောင်ပိတ်ထားသောဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးရန် ဥပဒေများထုတ်ပြန်ဖို့လည်း တိုက်တွန်းခဲ့ကြသည်။ အစိုးရများက သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးကာ တုံ့ပြန်ခဲ့ကြသည်။ ဥပမာ၊ ၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့တွင်ကျင်းပသည့် မြေကမ္ဘာထိပ်သီးအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၅၀ ခန့်မှ ကိုယ်စားလှယ်များသည် ဖန်လုံအိမ်ဓာတ်ငွေ့၊ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ မိမိတို့၏ကတိကဝတ်ကို အတည်ပြုသည့် စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ သက္ကရာဇ် ၂၀၀၀ အရောက်တွင် စက်မှုနိုင်ငံများမှ ဖန်လုံအိမ်ထုတ်လွှတ်မှုကို ၁၉၉၀ ပြည့်နှစ်တွင်ရှိသည့်အဆင့်အထိ လျှော့ချပစ်ရန် ပန်းတိုင်ထားသည်။ အနည်းငယ်သာ ဤဦးတည်ချက်ဖြင့် တိုးတက်လုပ်ဆောင်ခဲ့ကြသော်လည်း ချမ်းသာသောနိုင်ငံအများစုမှာ သူတို့၏အနည်းငယ်သောကတိကိုစောင့်ထိန်းရေးနှင့်ပင် မနီးစပ်ခဲ့ကြပေ။ နိုင်ငံအများစုသည် ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချမည့်အစား ယခင်ထက်ပင် ပို၍ထုတ်လုပ်နေကြသည်တကား! ဥပမာ အမေရိကန်ပြည်ထောင်စု၌ သက္ကရာဇ် ၂၀၀၀ အရောက်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည် ၁၉၉၀ ပြည့်နှစ်ထက် ၁၁ ရာခိုင်နှုန်းပိုလာနိုင်ဖွယ်ရှိကြောင်း ယူဆရသည်။
မကြာသေးမီကပင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို “အသက်” သွင်းရန် ဆောင်ရွက်မှုများရှိခဲ့သည်။ ၁၉၉၂ ခုနှစ်သဘောတူညီချက်ကဲ့သို့ လျှော့ချမှုများကို ဆန္ဒအလျောက်လုပ်မည့်အစား ဥပဒေဖြင့်ပြဋ္ဌာန်းကာ ဖန်လုံအိမ်ထုတ်လွှတ်မှုပန်းတိုင်များထားရန် တောင်းဆိုထားသည်။
ပြောင်းလဲမှုစရိတ်
နိုင်ငံ့ခေါင်းဆောင်များသည် ကမ္ဘာကြီး၏မိတ်ဆွေများအဖြစ် အလွန်ရှုမြင်ခံလိုကြသည်။ သို့သော် အပြောင်းအလဲလုပ်မှုက စီးပွားရေးအပေါ်ကျရောက်မည့် အကျိုးဆက်များကိုလည်း မျက်စိဒေါက်ထောက်ကြည့်နေကြသည်။ သည်အီကိုနိုမစ်စ် မဂ္ဂဇင်းအရ ကမ္ဘာကြီး ၉၀ ရာခိုင်နှုန်းသည် စွမ်းအင်အတွက် ကာဗွန်အဓိကပါဝင်သော လောင်စာပေါ်တွင် မှီခိုနေရသည့်အတွက်ကြောင့် ယင်းကို အသုံးမပြုဘဲ ဖယ်ထုတ်ပစ်ဖို့အတွက် အကြီးအကျယ်အပြောင်းအလဲများ လုပ်ရပေမည်; အပြောင်းအလဲစရိတ်သည် ပြင်းပြင်းထန်ထန် အငြင်းပွားစရာပင်။
ဖန်လုံအိမ်ထုတ်လွှတ်မှုကို သက္ကရာဇ် ၂၀၁၀ အရောက်တွင် ၁၉၉၀ ပြည့်နှစ်ကရှိခဲ့သည်ထက် ၁၀ ရာခိုင်နှုန်းလျှော့ချပစ်ရန် မည်မျှကုန်ကျမည်နည်း။ အဖြေမှာ သင်မေးမည့်သူအပေါ် မူတည်ပါသည်။ လေထုထဲသို့ ဖန်လုံအိမ်ဓာတ်ငွေ့ပိုမိုထုတ်လွှတ်သောနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏အမြင်ကို သုံးသပ်ကြည့်ပါ။ ဤသို့လျှော့ချလိုက်လျှင် ယူ.အက်စ်.စီးပွားရေးတွင် နှစ်စဉ်ဒေါ်လာဘီလီယံနှင့်ချီပြီးဆုံးရှုံးကာ လူ ၆၀၀,၀၀၀ အလုပ်လက်မဲ့ဖြစ်သွားမည်ဟု စက်မှုလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့များက သတိပေးသည်။ ယင်းနှင့်မတူဘဲ ပတ်ဝန်းကျင်လေ့လာရေးသမားများက ထိုပန်းတိုင်အောင်မြင်လျှင် နှစ်စဉ် စီးပွားရေးကို ဒေါ်လာဘီလီယံနှင့်ချီပြီး စုဆောင်းမိစေနိုင်သည့်အပြင် အလုပ်သစ် ၇၇၃,၀၀၀ စနိုင်မည်ဟု ပြောပြန်သည်။
ချက်ချင်းအရေးယူလုပ်ဆောင်ရန် ပတ်ဝန်းကျင်ဆိုင်ရာအုပ်စုများကတောင်းဆိုနေလျက်ကယ် ကမ္ဘာကြီးပူနွေးလာမှုအန္တရာယ်ကို အရေးမကြီးသယောင်ယူမှတ်စေကာ တွင်းထွက်လောင်စာအသုံးပြုခြင်းမှ ပြောင်းလိုက်လျှင် ဖြစ်ပေါ်လာမည့် စီးပွားရေးထိခိုက်မှုကို ပုံကြီးချဲ့ရန် မိမိတို့၏ငွေကြေးနှင့်သြဇာကို များစွာအသုံးပြုသည့် ဩဇာကြီးမားသောစီးပွားရေးလုပ်ငန်းများ—အနည်းငယ်မျှဖော်ပြရလျှင် မော်တော်ယာဉ်ထုတ်လုပ်သူများ၊ ရေနံကုမ္ပဏီများနှင့် ကျောက်မီးသွေးထုတ်လုပ်သူများ—ရှိနေသည်။
ဆက်၍အငြင်းပွားဆဲပင်။ သို့သော် လူသားများသည် ရာသီဥတုကို ပြောင်းပစ်နေပြီး ယင်းနှင့်ပတ်သက်၍ အပြောသာရှိပြီး မည်သည့်အရာမျှမလုပ်လျှင် ရာသီဥတုအကြောင်းတော့ တပြောတည်းပြောကြပါရဲ့ ယင်းနှင့်ပတ်သက်ပြီး မည်သူမျှ မည်သည့်အရာမျှမလုပ်ပေးကြဟူသည့်ဆိုရိုးသည် အဓိပ္ပာယ်သစ်ဆောင်ပါလိမ့်မည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ကျိုတို သဘောတူညီချက်
၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှ ကိုယ်စားလှယ် ၂,၂၀၀ ကျော်တို့သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တွေ့ဆုံကြကာ ကမ္ဘာကြီးပူနွေးလာမှုအန္တရာယ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာလုပ်ဆောင်ရန် သဘောတူချက်တစ်ရပ်ထွက်ပေါ်လာရေးအတွက် အကြီးအကျယ်စေ့စပ်ညှိနှိုင်းခဲ့ကြသည်။ သီတင်းတစ်ပတ်ထက်မနည်း ဆွေးနွေးပြီးနောက် ဖွံ့ဖြိုးသောနိုင်ငံများသည် သက္ကရာဇ် ၂၀၁၂ အရောက်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအဆင့်ကို ၁၉၉၀ ပြည့်နှစ်အဆင့်၏ပျမ်းမျှခြင်းအောက် ၅.၂ ရာခိုင်နှုန်းရောက်အောင်လျှော့ချသင့်ကြောင်း သန္နိဋ္ဌာန်ချခဲ့ကြသည်။ ဤသဘောတူညီချက်ကို ချိုးဖောက်သူများအတွက် အပြစ်ဒဏ်များကို နောက်ပိုင်းတွင်ဆုံးဖြတ်မည်ဖြစ်သည်။ နိုင်ငံအားလုံး ဤစာချုပ်ကို လိုက်နာသည်ဆိုဦးတော့ ၅.၂ ရာခိုင်နှုန်းလျော့ကျသွားခြင်းသည် မည်မျှထူးခြားသွားစေမည်နည်း။ မဆိုစလောက်လေးသာဖြစ်သည်မှာ ရှင်းနေပါသည်။ တိုင်းမဂ္ဂဇင်းက ဤသို့တင်ပြထားသည်– “စက်မှုခေတ်ပြောင်းတော်လှန်ရေးစကတည်းက လေထုထဲတွင် တိုးပွားလာနေသော ဖန်လုံအိမ်ဓာတ်ငွေ့များကို ပီပီပြင်ပြင်လျော့နည်းသွားစေဖို့ဆိုလျှင် ၆၀% လျှော့ချပစ်ရမည်။”
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဖန်လုံအိမ် အာနိသင်ကိုသရုပ်ဖော်ချက်
ဖန်လုံအိမ်အာနိသင်– ကမ္ဘာ့လေထုသည် ဖန်လုံအိမ်တစ်လုံးမှ မှန်ချပ်များကဲ့သို့ နေမှလာသောအပူဓာတ်ကို လှောင်ပိတ်ထားသည်။ နေရောင်ခြည်သည် ကမ္ဘာကို အနွေးဓာတ်ပေးသည်၊ သို့သော် ဖြစ်ပေါ်လာသောအပူဖြစ်သည့် အနီအောက်ဖြာထွက်မှုရောင်ခြည် သယ်ဆောင်သည့်အပူဓာတ်မှာ လေထုမှ လွယ်လင့်တကူ လွတ်မထွက်နိုင်ပေ။ ယင်းအစား ဖန်လုံအိမ်ဓာတ်ငွေ့များသည် ဖြာထွက်ရောင်ခြည်ကို ပိတ်ဆို့ပြီး အချို့တို့ကို ကမ္ဘာသို့ပြန်ပို့ပေးသည်၊ ဤသို့ဖြင့် ကမ္ဘာ့မျက်နှာပြင်၏အနွေးဓာတ်ကို တိုးပွားစေသည်။
၁။ နေ
၂။ လှောင်ပိတ်မိသော အနီအောက်ဖြာထွက်ရောင်ခြည်
၃။ ဖန်လုံအိမ်ဓာတ်ငွေ့များ
၄။ လွတ်ထွက်သွားသော ဖြာထွက်ရောင်ခြည်
[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ရာသီဥတုကို ထိန်းချုပ်ထားသည့် စွမ်းအားစုများ
ကမ္ဘာကြီးပူနွေးလာမှုနှင့်ပတ်သက်၍ လက်ရှိအငြင်းပွားမှုကို ကျွန်ုပ်တို့ နားလည်ဖို့ရန် ကျွန်ုပ်တို့၏ရာသီဥတုကို ကြိုးကိုင်နေသည့် အံ့မခန်းဖွယ်စွမ်းအားစုအချို့ကို နားလည်ထားဖို့လိုသည်။ အခြေအမြစ်အချို့ကို သုံးသပ်ကြပါစို့။
၁။ နေ—အပူနှင့်အလင်းတို့၏ပင်ရင်း
ကမ္ဘာ့သက်ရှိများသည် နေဟုခေါ်သည့် အလွန်ကြီးမားသည့် နျူကလီးယားမီးပြင်းဖိုကြီးကို မှီခိုကြရသည်။ ကမ္ဘာအလုံးပေါင်း တစ်သန်းထက်ကြီးသော ဤနေသည် အပူနှင့်အလင်းအတွက် အမြဲအားထားနေရသည့် အထောက်အပံ့ ဖြစ်သည်။ နေ၏ထုတ်လုပ်မှုလျော့ကျသွားလျှင် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သည် ရေခဲတုံးကြီးဖြစ်သွားမည်သာ; တိုးလာလျှင် ကမ္ဘာသည် တဖျစ်ဖျစ်ဆူပွက်သံမြည်နေသောဒယ်ပူတစ်ခုဖြစ်သွားပေမည်။ ကမ္ဘာသည် နေမှ မိုင်ပေါင်း ၉၃ သန်းအကွာမှလှည့်ပတ်နေသောကြောင့် နေမှထွက်လာသည့်စွမ်းအင်၏ သန်းနှစ်ထောင်ပုံလျှင် တစ်ပုံကိုသာ လက်ခံရရှိသည်။ သို့သော် ယင်းသည် သက်ရှိများရှင်သန်ပေါက်ပွားနိုင်သည့် ရာသီဥတုကိုဖြစ်စေရန် အနေတော်ပမာဏပင်ဖြစ်သည်။
၂။ လေထု—ကမ္ဘာကို နွေးစေသည့်ခြုံထည်
နေကသာ ကမ္ဘာ့အပူချိန်ကို အဆုံးအဖြတ်ပေးသည်မဟုတ်ပေ; လေထုသည်လည်း အရေးပါသောကဏ္ဍမှ ပါဝင်သည်။ ကမ္ဘာနှင့်လသည် နေမှ အကွာအဝေးချင်းတူညီကြရာ နေမှအပူပမာဏကို သာတူညီမျှ အချိုးကျရရှိကြသည်။ သို့သော် ကမ္ဘာ၏ပျမ်းမျှအပူချိန်သည် ၅၉ ဒီဂရီဖာရင်ဟိုက်ရှိနေစဉ် လတွင် ပျမ်းမျှအားဖြင့် သုညဒီဂရီ ဖာရင်ဟိုက်ရှိနေသည်။ အဘယ်ကြောင့် ကွာခြားရသနည်း။ ကမ္ဘာတွင် လေထုရှိပြီး; လတွင်မူ မရှိချေ။
ကျွန်ုပ်တို့၏လေထုဖြစ်သော အောက်စီဂျင်၊ နိုက်ထရိုဂျင်နှင့်အခြားဓာတ်ငွေ့များပါဝင်သော ကမ္ဘာ့ပတ်ရစ်အနှီးသည် နေမှရသည့်အပူဓာတ်တချို့ကို ပိတ်လှောင်ထားပြီး ကျန်အပူဓာတ်တို့ကို လွှတ်ပေးလိုက်သည်။ ဤဖြစ်စဉ်ကို ဖန်လုံအိမ်တစ်ခုနှင့် နှိုင်းယှဉ်ပြလေ့ရှိသည်။ သင်သိကောင်းသိမည်ဖြစ်သည့် ဖန်လုံအိမ်တစ်ခုသည် ဖန် သို့မဟုတ် ပလပ်စတစ်တို့ဖြင့်ပြုလုပ်ထားသည့် နံရံနှင့်အမိုးပါသောအိမ်တစ်လုံးဖြစ်သည်။ နေရောင်ခြည်သည် အလွယ်တကူဝင်ရောက်ကာ အတွင်းပိုင်းကို အပူပေးသည်။ တစ်ချိန်တည်းမှာပင် အမိုးနှင့်နံရံတို့သည် အပူဓာတ်လွတ်ထွက်မှုကို နှေးကွေးစေသည်။
အလားတူစွာ ကျွန်ုပ်တို့၏လေထုသည် နေရောင်ခြည်ကို ဖြတ်ကျော်ခွင့်ပြုပြီး ကမ္ဘာမျက်နှာပြင်ကို ပူနွေးစေသည်။ အပြန်အလှန်အနေဖြင့် ကမ္ဘာသည် အပူစွမ်းအင်ကို အနီအောက်ဖြာထွက်ရောင်ခြည်အနေဖြင့် လေထုထဲသို့ ပြန်ပို့ပေးသည်။ ဤဖြာထွက်ရောင်ခြည်အများအပြားသည် အာကာထဲသို့ ဖြောင့်ဖြောင့်တန်းတန်းရောက်မသွားပေ၊ အကြောင်းမှာ လေထုထဲရှိ အချို့ဓာတ်ငွေ့များသည် ယင်းကို စုပ်ယူကာ ကမ္ဘာသို့ပြန်ပို့ပေးသည့်အတွက်ဖြစ်သည်၊ ဤသို့ဖြင့်ကမ္ဘာ့၏အနွေးဓာတ်ကို တိုးပွားစေသည်။ ပူနွေးစေသည့် ဤဖြစ်စဉ်ကို ဖန်လုံအိမ်အာနိသင်ဟုခေါ်သည်။ ကျွန်ုပ်တို့လေထုက ဤနည်းဖြင့် နေမှအပူရှိန်ကို ပိတ်လှောင်မထားလျှင် ကမ္ဘာသည် လကဲ့သို့ပင် သက်မဲ့နေရာဖြစ်သွားမည်။
၃။ ရေခိုးရေငွေ့—အရေးပါဆုံးဖန်လုံအိမ်ဓာတ်ငွေ့
ကျွန်ုပ်တို့လေထု၏ ကိုးဆယ်ကိုးရာခိုင်နှုန်းကို နိုက်ထရိုဂျင်နှင့် အောက်စီဂျင်ခေါ်ဓာတ်ငွေ့နှစ်မျိုးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဓာတ်ငွေ့တို့သည် ကမ္ဘာ့သက်ရှိများကို ထောက်ပံ့ပေးသည့်ရှုပ်ထွေးသောသံသရာတွင် အရေးပါသောကဏ္ဍမှပါဝင်သော်လည်း ရာသီဥတုကိုထိန်းညှိပေးရာတွင် တိုက်ရိုက်တာဝန်မရှိသလောက်ဖြစ်သည်။ ရာသီဥတုကို ထိန်းညှိပေးသည့်အလုပ်မှာ အပူကို ပိတ်လှောင်ထားသောဖန်လုံအိမ်ဓာတ်ငွေ့များဖြစ်သည့် လေထု၏ကျန် ၁ ရာခိုင်နှုန်း၏ ပခုံးပေါ်တွင်ကျရောက်သည်၊ ယင်းဓာတ်ငွေ့များတွင် ရေခိုးရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်၊ မီသိန်း၊ ကလိုရိုဖလူအိုရိုကာဗွန်နှင့် အိုဇုန်းတို့ပါဝင်သည်။
အရေးအပါဆုံးဖန်လုံအိမ်ဓာတ်ငွေ့—ရေခိုးရေငွေ့—ကို ဓာတ်ငွေ့အဖြစ် လုံးဝယူမှတ်ကြလေ့မရှိပါ၊ အကြောင်းမှာ ရေကို အရည်အသွင်ဖြင့်သာ ယူမှတ်ထားကြလေ့ရှိသောကြောင့်ဖြစ်သည်။ သို့တိုင် လေထုထဲရှိ ရေခိုးရေငွေ့၏မော်လီကျူးတစ်ခုစီတွင် အပူစွမ်းအင်ကို သိုမှီးထားသည်။ တိမ်ထဲတွင်ရှိသည့် ရေခိုးရေငွေ့သည် အေးပြီးငွေ့ရည်ဖွဲ့သည့်အခါ အပူကို ထုတ်လိုက်သည်၊ ဤသို့ဖြင့် အင်အားကြီးသောအပူစီးကြောင်းများ ဖြစ်ပေါ်လာသည်။ ကျွန်ုပ်တို့လေထုထဲရှိ ရေခိုးရေငွေ့၏ ပြင်းထန်သောရွှေ့ရှားမှုသည် မိုးလေဝသနှင့်ရာသီဥတုနှစ်ခုစလုံးကို အဆုံးအဖြတ်ပေးရာတွင် အရေးပါပြီးရှုပ်ထွေးသည့်တာဝန်ကို ယူထားသည်။
၄။ ကာဗွန်ဒိုင်အောက်ဆိုဒ်—အသက်အတွက် မရှိမဖြစ်လိုအပ်
ကမ္ဘာကြီးပူနွေးလာခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးခန်းများတွင် အထပ်ထပ်အပြန်ပြန်ပြောကြသည့် ဓာတ်ငွေ့မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ညစ်ညမ်းစေသည့်ဓာတ်ငွေ့တစ်ခုမျှသာဖြစ်သည်ဟု လွဲမှားစွာ ရှုတ်ချပြောဆိုတတ်ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အစိမ်းရောင်အပင်များ ၎င်းတို့အတွက် အစာချက်သည့်ဖြစ်စဉ်ဖြစ်သည့် အလင်းမှီစုဖွဲ့ခြင်းတွင် အရေးပါသော ဓာတ်ငွေ့တစ်ခုဖြစ်သည်။ လူနှင့်တိရစ္ဆာန်တို့သည် အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မှုတ်ထုတ်ကြသည်။ အပင်များက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်စီဂျင်ကို ထုတ်လွှတ်ပေးသည်။ အမှန်မှာ ယင်းသည် ဖန်ဆင်းရှင်က ကမ္ဘာပေါ်တွင် သက်ရှိများရပ်တည်နိုင်စေရန် ပြင်ဆင်ထားပေးသည့်အရာများထဲမှ တစ်ခုဖြစ်သည်။a သို့ရာတွင် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် အဆမတန်များနေခြင်းသည် အိပ်ရာကို စောင်အပိုတစ်ခု ထပ်လွှားပေးသည်နှင့်တူသည်။ ပို၍ပူနွေးလာစေနိုင်သည်။
အင်အားစုများဆိုင်ရာ ရှုပ်ထွေးသော အစီအစဉ်
နေနှင့် လေထုကသာ ရာသီဥတုကို အဆုံးအဖြတ်ပေးသည်မဟုတ်။ သမုဒ္ဒရာများ၊ ရေခဲပြင်ကြီးများ၊ မြေမျက်နှာပြင်ရှိ ဓာတ်သတ္တုများနှင့်အပင်များ၊ ကမ္ဘာ့ဂေဟဗေဒစနစ်များ၊ ဇီဝဓာတုဖြစ်စဉ်များ၊ ကမ္ဘာ့လည်ပတ်မှုယန္တရားများနှင့်လည်းပတ်သက်သည်။ ရာသီဥတုလေ့လာမှုသည် ကမ္ဘာ့သိပ္ပံပညာအားလုံးနီးပါးနှင့်ပတ်သက်သည်။
နေ
လေထု
ရေခိုးရေငွေ့ (H2O)
ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)
[အောက်ခြေမှတ်ချက်များ]
a ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးနီးပါးသည် ဇီဝအခြေခံသော အရင်းအမြစ်များမှ စွမ်းအင်ကို ရယူကြသောကြောင့် နေရောင်ခြည်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မှီခိုနေရသည်။ သို့ရာတွင် ဇီဝအခြေခံမဟုတ်သော ဓာတုပစ္စည်းများမှ စွမ်းအင်ကို ထုတ်ယူကာ သမုဒ္ဒရာကြမ်းပြင်အမှောင်ထဲတွင် ပေါက်ပွားသည့် သက်ရှိများရှိသည်။ ဤသက်ရှိများသည် အလင်းမှီစုဖွဲ့မှုကို အသုံးမပြုဘဲ ဓာတုမှီစုဖွဲ့ခြင်းဟုခေါ်သည့် ဖြစ်စဉ်ကို အသုံးပြုကြသည်။