အားလုံးက သင့်ကိုသာဝိုင်းကြည့်နေကြသည်ဟု ထင်ရသောအခါ
ယင်းကိုဖော်ပြရန် ဂျက်ဖရီက “နှိပ်စက်ညှဉ်းပန်းခြင်း” ဟူသည့်စကားလုံးကို အသုံးပြုသည်။သူက “စာသင်ခန်းထဲကိုဝင်သွားတိုင်း ဇောချွေးပြန်လာတယ်၊ပါးစပ်ကို ဂွမ်းနဲ့ဆို့ထားသလိုသေရေးရှင်ရေးဖြစ်နေတဲ့ကိစ္စကိုတောင် ပြောထွက်မယ်မထင်ဘူး။ အဲ့ဒီအခါမှာ ကျွန်တော့်ရဲ့လက်ခြေနဲ့မျက်နှာတွေမှာ ပူထူလာတယ်၊ တစ်ကိုယ်လုံးရှက်သွေးဖြန်းလိုက်သလို နီမြန်းလာတယ်။”
ဂျက်ဖရီသည် အခြားသူများက မျက်လုံးထောင့်ထောက်အကြည့်ခံရခြင်းနှင့် အများရှေ့တွင် အရှက်ခွဲခံရခြင်းကို အကြီးအကျယ်ကြောက်ခြင်းလက္ခဏာပြသည့်အခြေအနေဖြစ်သော လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းကို ခံစားနေရသည်။ “လူ့အသိုင်းအဝိုင်းကို အကြောက်လွန်သူသည် အားလုံးက မိမိအားဝိုင်းကြည့်နေကြသည်ဟု ထင်မှတ်နေ” ကြောင်း အမေရိကား စိုးရိမ်ကြောင့်ကြမှုဝေဒနာဆိုင်ရာ အဖွဲ့အစည်းကထုတ်ဝေသည့် စာစောင်ငယ်တစ်ခုတွင် ဖော်ပြထားသည်။ “စိုးရိမ်ကြောင့်ကြမှုကြောင့် နှလုံးတုန်လာခြင်း၊ မူးမေ့သွားခြင်း၊ အသက်ရှုမြန်ခြင်းနှင့် ဇောချွေးပြန်ခြင်းကဲ့သို့သော လက္ခဏာများအပါအဝင် အလိုလိုထိတ်လန့်ခြင်းမျိုးသို့ ဦးတည်သွားနိုင်သည်။”
အချို့က လူ့အသိုင်းအဝိုင်းအကြောက်လွန်သည့် ကြောက်စိတ်ကို ထုတ်ပစ်လိုကြသည်၊ ရှက်မနေနှင့်၊ “ထွက်သွားပြီး လူတွေနဲ့တွေ့လိုက်” ဟုမိမိတို့ကိုယ်ကို တွန်းအားပေးသင့်သည်ဟု ဆိုကြသည်။ လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုကို တွန်းလှန်ရာတွင် သင့်ကြောက်စိတ်ကို ထိပ်တိုက်တွန်းလှန်ရခြင်းပါဝင်သည်မှာ အမှန်ပင်။ သို့သော် အရှက်ကြီးခြင်းနှင့် လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းတို့သည် အကြီးအကျယ်ကွာခြားသည်။ ဂါရီလင် ရော့စ်က “လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းသည် သာမန်အရှက်ကြီးခြင်းနှင့် မတူဘဲ အလုပ်ခွင်၊ ကျောင်းနှင့် လူမှုဆက်ဆံရေးအားလုံးနီးပါး၌ နေ့စဉ်လုပ်ရိုးလုပ်စဉ်များ ပျက်ပြားရသည့်အထိ ပြင်းထန်သည်” ဟုဆိုသည်။
သန်းနှင့်ချီသောလူတို့၏ဘဝသည် လူ့အသိုင်းအဝိုင်းအကြောက်လွန်နေကြရကြောင်း လေ့လာမှုများက ဖော်ပြသည်။a ဤအားအင်ချိနဲ့စေသောအခြေအနေနှင့်ဆက်စပ်သည့် ရှက်ကြောက်မှုတချို့ကို သုံးသပ်ကြည့်ပါ။
လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်း၏ ကြောက်စိတ်များ
အများရှေ့စကားပြောခြင်း။ ဒတ်ဂ်သည် နယ်သူနယ်သားလူအုပ်ကို မိန့်ခွန်းတိုပေးနေစဉ် ကြောက်ဒူးတုန်နေကြောင်း ပြန်အမှတ်ရသည်။ “ရုတ်တရက် ချွေးစေးတွေထွက်လာတယ်” ဟုသူကဆိုသည်။ “ရင်တွေတဒိတ်ဒိတ်ခုန်ပြီး ကြောက်ဒူးတွေတုန်လာတယ်။ လည်ချောင်းထဲမှာ ဆို့နစ်နေပြီး စကားလုံးတွေထွက်လာဖို့ အခက်တွေ့နေတယ်။” လူတိုင်းနီးပါးသည် ပရိသတ်ရှေ့တွင်ရပ်သည့်အခါ ရင်ခုန်စမြဲပင်။ သို့သော် လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းသည် ပြင်းထန်ကာ လျော့ပါးသွားခြင်းမရှိသည့် တလိမ့်လိမ့်တက်လာသော ကြောက်ရွံ့မှုဒီလှိုင်းကြီးများကို ရင်ဆိုင်ခံစားရပြီး ကြောက်ရွံ့မှုလျော့သွားအောင် လုပ်၍မရပါ။ အမှန်ပင်၊ ဒတ်ဂ်သည် အသေးအဖွဲအဖြစ်ဆုံး စကားပြောခွင့်ကိုပင် သူ့အသက်တာကို ခြိမ်းခြောက်နေသည့်အရာအဖြစ် ယူမှတ်ခဲ့သည်။
အခြားသူများရှေ့တွင် အစာစားခြင်း။ လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများက မိမိတို့ကို မျက်လုံးထောင့်ထောက်ကြည့်နေကြသည်ဟု ယူဆထားသောကြောင့် ရိုးရိုးထမင်းပွဲလေးကပင် အိပ်မက်ဆိုးသဖွယ် တုန်လှုပ်ချောက်ချားလာတတ်သည်။ လက်တွေတုန်မှာ၊ အစားအစာတွေဖိတ်ကျမှာ၊ ပါးစပ်မှလွတ်ကျသွားမှာ သို့မဟုတ် ကြောက်ဖျားဖျားလာမှာကို စိုးရိမ်ပူပန်ကြသည်။ ဤကြောက်ရွံ့မှုတို့က မိမိ၏ရှေ့ဖြစ်ကို နိမိတ်ပြနေသကဲ့သို့ ဖြစ်လာတတ်သည်။ သေမတတ်ရှက်ခြင်းစာအုပ်က “အရှက်ကွဲစရာတစ်ခုခုဖြစ်မည်ဟု သင်ပူလေလေ ပိုပြီးစိုးရိမ်ကြောင့်ကြလာလေလေ ဖြစ်သည်။ ပို၍စိုးရိမ်ကြောင့်ကြလာလေ အမှန်ပင် တုန်လှုပ်ချောက်ချားလာနိုင်သည် သို့မဟုတ် အဆင်မပြေလေဖြစ်သည်။ ဤသို့ဖြစ်လာလျှင် အစားအစာ သို့မဟုတ် ယမကာတို့ကို ဖိတ်စင်မကျဘဲ သင့်ပါးစပ်ထဲရောက်ဖို့ ခက်လာတတ်သည်။”
အခြားသူများရှေ့တွင် စာရေးခြင်း။ လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများသည် သူတို့လက်တုန်မည် သို့မဟုတ် ဖတ်မရသည့်ရေးခြစ်နေမှုအား အကြည့်ခံရမည်ကိုကြောက်ကာ သူများကြည့်နေစဉ် ချက်လက်မှတ်ကို လက်မှတ်ထိုးရမည့်အခါဖြစ်စေ၊ အခြားရေးသားရသည့်ကိစ္စရပ်ဖြစ်စေ ထိတ်လန့်တတ်ကြသည်။ ဥပမာ၊ စမ်သည် အလုပ်လုပ်ရက်အစပြုတိုင်း လုံခြုံရေးအစောင့်၏ရှေ့တွင် မှတ်တမ်းစာအုပ်၌ လက်မှတ်ထိုးရန် သူ့အလုပ်ရှင်က တောင်းဆိုသောအခါ ဒုက္ခရောက်လေသည်။ “ကျွန်တော်မလုပ်နိုင်ဘူး” ဟုစမ်ကဆိုသည်။ “လက်တွေအရမ်းတုန်လွန်းလို့ မျဉ်းပေါ်ကျအောင်ရေးနိုင်ဖို့ ကျန်လက်တစ်ဖက်နဲ့ထိန်းပေးထားရတယ်၊ အဲ့ဒါတောင်မှ ကျွန်တော်ရေးထားတာကို ဖတ်တတ်မှာမဟုတ်ဘူး။”
တယ်လီဖုန်းအသုံးပြုခြင်း။ မိမိ၏လူနာအများအပြားက သူတို့သည် ဖုန်းကိုအသုံးမပြုဖို့ အတတ်နိုင်ဆုံးရှောင်သည်ဟုဝန်ခံကြကြောင်း ဒေါက်တာ ဂျွန်အာရ်မာရှယ်က ပြောသည်။ “အဆင်ပြေပြေပြန်မပြောတတ်မှာကို သူတို့တွေးပူကြသည်” ဟုသူကဆိုသည်။ “သူတို့ဘာပြောရမည်ကို မသိသောကြောင့် အကျပ်ရိုက်ကာ အသံတိတ်သွားလေသည်၊ ဤသို့စကားရပ်သွားသည့်အခါ စိုးရိမ်ကြောင့်ကြမှုက သူတို့၏အသံကို ပြောင်းသွားစေပြီး အသံတုန်ကာ ကွိကွိကွကွအသံများထွက်လာသည်။ သူတို့သည် အထစ်ထစ်အငေါ့ငေါ့ သို့မဟုတ် အခြားအကျပ်ရိုက်နေသည့်နည်းဖြင့် မိမိ၏ဗယောက်ဗယက်အခြေအနေ ပေါ်သွားမည်ကို စိုးရိမ်ထိတ်လန့်ကြသည်။”
လူတို့နှင့်ထိတွေ့ဆက်ဆံခြင်း။ အချို့သော လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများသည် အခြားသူများနှင့်ရောနှောနေရခြင်းနှင့်ပတ်သက်သည့်အခြေအနေကို အတော်ပင်ကြောက်တတ်ကြသည်။ အထူးသဖြင့် မျက်လုံးချင်းဆုံမိမည်ကို အလွန်ကြောက်လန့်တတ်ကြသည်။ “လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းကို ပြင်းပြင်းထန်ထန်ခံစားရသူများသည် မိမိတို့မည်သည့်နေရာကို ကြည့်နေရမည်၊ အခြားသူများက မိမိတို့အား ကြည့်သည့်အခါ မည်သို့တုံ့ပြန်ရမည်တို့ကို ဇဝေဇဝါဖြစ်ကာ စိုးရိမ်ကြောင့်ကြတတ်ကြသည်” ဟုဟာဗတ် စိတ္တကျန်းမာရေးစာက ဆိုသည်။ “မည်သည့်အချိန်တွင် ကြည့်ကာ မည်သည့်အချိန်တွင် မျက်နှာလွှဲရမည်ကိုမသိ ဟုယူဆထားသောကြောင့် မျက်လုံးချင်းမဆုံမိအောင် ရှောင်ကြသည်။ မိမိတို့၏အကြည့်ကို အခြားသူများက အဓိပ္ပာယ်ကောက်လွဲလေမလားဟု တွေးတတ်ကြသည်။”
လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုနှင့်ဆက်စပ်သည့် အခြားကြောက်ရွံ့မှုများလည်းရှိသည်။ ဥပမာ၊ အများသုံးအိမ်သာတွင် မသွားရဲကြပေ။ အခြားသူများမူ အရောင်းစာရေးများကြည့်နေလျှင် ဈေးမဝယ်ရဲကြပေ။ “ကျွန်မဟာ အရမ်းကိုရှက်ကိုးရှက်ကန်းဖြစ်လွန်းတော့ ကျွန်မကြည့်နေတဲ့အရာကိုတောင် မမြင်ဘဲဖြစ်လေ့ရှိတယ်” ဟုအမျိုးသမီးတစ်ဦးကဆိုသည်။ “အရောင်းကောင်တာနောက်ကလူက ကျွန်မကို ဘာယူမှာလဲ၊ ငါ့အချိန်ကိုလာမဖြုန်းနဲ့လို့ ဟောက်မှာပဲဆိုပြီး အမြဲအတွေးဝင်နေတယ်။”
ရင်ဆိုင်ကျော်လွှားနိုင်ရန် သူတို့မည်သို့ကြိုးပမ်းကြသနည်း
ယင်းသို့မခံစားရသူများသည် လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်း၏နာကျင်မှုကို နားလည်ဖို့ခက်ကြောင်း တွေ့ရတတ်သည်။ ခံစားရသူတစ်ဦးက သူတွေ့ ကြုံခံစားရသည့်အရာသည် “ဘယ်သူမှတွေးယူလို့မရနိုင်တဲ့ အဆိုးဝါးဆုံး ရှက်ကြောက်မှုမျိုး” ဟုဖော်ပြသည်။ နောက်တစ်ဦးက ဤသို့ဝန်ခံသည်– “ကျွန်မဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ပဲ တစ်ချိန်လုံးစဉ်းစားနေမိတယ်။”
ဝမ်းနည်းစရာမှာ၊ လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများစွာသည် သူတို့၏စိုးရိမ်ကြောင့်ကြမှုကို လျော့ပါးသွားစေဖို့ အရက်ကို အဖော်ပြုလိုက်ကြခြင်းဖြစ်သည်။b တဒင်္ဂမျှလျော့ပါးသက်သာစေနိုင်သော်လည်း ရေရှည်တွင် ဖြစ်ပေါ်ခံစားရသူ၌ အရက်အလွဲသုံးခြင်းသာ ထပ်၍အဖတ်တင်လေသည်။ ဒေါက်တာ ဂျွန် အာရ်. မာရှယ်က ဤသို့မှတ်ချက်ချသည်– “မိတ်ဆုံသောက်ပွဲများတွင် အတွေ့အကြုံအနည်းအကျဉ်းရှိသော ကျွန်တော်၏လူနာတစ်ဦးထက်မကဟာ လူမှန်းမသိအောင်ကို သောက်ကြသည်—မိတ်ဆုံပွဲမတိုင်မီနှင့် မိတ်ဆုံပွဲကျင်းပစဉ်အတွင်း သူတို့ကိုယ်ကို တည်ငြိမ်ရန်ကြိုးစားရာတွင် ဤသို့ပြုလုပ်ခြင်းက မိမိတို့သည် အလွန်အရှက်အကြောက်ကြီးကြောင်း အခြားသူများရှေ့တွင် အကြီးအကျယ်အရှက်ကွဲမှုသာ ထပ်၍အဖတ်တင်လေသည်။”
လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများအလယ်တွင် အအောင်မြင်ဆုံးရင်ဆိုင်ကျော်လွှားနိုင်သောနည်းမှာ ဝေးဝေးရှောင်နေခြင်းဖြစ်ဖွယ်ရှိသည်။ မှန်ပါသည်၊ အများအပြားမှာ သူတို့ကြောက်လန့်သည့်အခြေအနေများကို ဝေးဝေးရှောင်ကြသည်။ “အခြေအနေအတော်များများကို အတတ်နိုင်ဆုံး ကျွန်မရှောင်တယ်၊ တယ်လီဖုန်းနဲ့ပြောတာကိုတောင် ရှောင်တယ်” ဟုလော်ရင်အမည်ရှိ လူ့အသိုင်းအဝိုင်းအကြောက်လွန်သူတစ်ဦးက ဆိုသည်။ သို့သော် ခံရသူများစွာမှာ ဤသို့ရှောင်ဖယ်နေခြင်းသည် သူတို့အတွက် အကာအကွယ်ဖြစ်စေမည့်အစား ချောင်ပိတ်အကျပ်ရိုက်စေကြောင်း တဖြည်းဖြည်းသိလာသည်။ “သိပ်မကြာခင်မှာပဲ အထီးကျန်ဆန်မှုနဲ့ ပျင်းရိငြီးငွေ့မှုတို့က ကျွန်မကို လွှမ်းမိုးလာပါတယ်” ဟုလော်ရင်က ဆို၏။
ဝေးဝေးရှောင်နေခြင်းသည် “ကိုယ့်ဟာကိုယ် ပို၍ခိုင်မာစေသည့် ထောင်ချောက်တစ်ခု” ဖြစ်လာနိုင်ကြောင်း ဂျာရီလင် ရော့စ်က သတိပေးသည်။ “ရှောင်ရှားမှုလုပ်ရပ်တိုင်းသည် နောက်တစ်ချီတွင် ထောက်ချောက်ထဲ သာ၍အလွယ်တကူကျသွားစေအောင်ပြုရာကျသည်—ဝေးဝေးရှောင်ခြင်းသည် အလိုလိုတုံ့ပြန်မှုဖြစ်လာသည်အထိဖြစ်သည်” ဟုသူကထပ်လောင်းပြောဆိုသည်။ ဤသို့ဖြစ်သူအချို့သည် ညစာစားဖို့ဖိတ်ခေါ်ခံရခြင်း သို့မဟုတ် လူတို့နှင့်ထိတွေ့ဆက်ဆံရသော အလုပ်အကိုင်အခွင့်ထူးများကို အမြဲပင် လက်မခံငြင်းပယ်လိုကြသည်။ ရလဒ်အနေဖြင့် မိမိတို့ရှက်ကြောက်မှုကို ရင်ဆိုင်ကာ အောင်မြင်ကျော်လွှားရန် ဘယ်တော့မျှမသင်ယူကြပေ။ ဒေါက်တာ ရစ်ချပ်ဟင်ဘာ့ဆိုသည့်အတိုင်း “သူတို့၏ဘဝသည် တစ်ခါမျှဖြစ်မလာသည့် ငြင်းပယ်ခဲ့မှုများကို တစ်ချိန်လုံးတွေးတောနေရ၊ တစ်ခါမျှမကြိုးစားကြည့်ဘဲ ရှောင်ခဲ့သည့်အလုပ်များ၌ ရှုံးနိမ့်မှုများကို တွေးတောနေရခြင်းနှင့် ပြည့်နှက်နေသည်။”
သို့သော် လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုနှင့်ပတ်သက်ပြီး သတင်းကောင်းရှိသည်– ယင်းကို ကုသနိုင်သည်။ စိုးရိမ်ကြောင့်ကြမှုမှန်သမျှကို တစ်ပြိုင်တည်း အမြစ်လှန်ပစ်ရန် မဖြစ်နိုင်—မလိုလားအပ်ဖွယ်ပင်ဖြစ်သည်မှာလည်း အမှန်ပင်။ သို့တိုင် လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများသည် သူတို့၏ရှက်ကြောက်စိတ်ကို ထိန်းတတ်ရန် သင်ယူနိုင်ကြပြီး ကျမ်းစာထဲတွင် အကူအညီဖြစ်နိုင်သည် လက်တွေ့ကျဆုံးမစကားများပါရှိသည်။
[အောက်ခြေမှတ်ချက်]
a လူတိုင်းနီးပါး လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုတစ်မျိုးမျိုးရှိကြောင်း မှတ်သားထားသင့်သည်။ ဥပမာ၊ လူအများသည် အများရှေ့စကားပြောဖို့ရှိသည့်အခါ စိုးရိမ်စိတ်ဝင်တတ်ကြသည်။ သို့သော် လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုမှာ များသောအားဖြင့် သာမန်လုပ်ရိုးလုပ်စဉ်ကို သိသိသာသာအခြေပျက်စေသည့်အထိ အလွန်အကျွံရှက်ကြောက်သူများနှင့်သာဆိုင်သည်။
b လေ့လာမှုများကလူ့အသိုင်းအဝိုင်းအကြောက်လွန်သူများထဲတွင် အရက်သောက်ကြူးမှုနှုန်းမြင့်မားပြီး အရက်အိုးများထဲတွင်လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။ မည်သည့်အရာက အရင်ဖြစ်သနည်း။ အရက်အိုးသုံးပုံတစ်ပုံတွင် သူတို့စမသောက်မီ ကြောက်ဒူးတုန်ခြင်း သို့မဟုတ် လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုတစ်မျိုးမျိုးဖြစ်တတ်သည့် သမိုင်းကြောင်းရှိခဲ့ကြကြောင်း ယင်းကဖော်ပြသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများအတွက် လူတို့နှင့်ထိတွေ့ဆက်ဆံရခြင်းသည် အိပ်မက်ဆိုးသဖွယ် ထိတ်လန့်စရာဖြစ်လာသည်