လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုကို ထိန်းချုပ်ခြင်း
“လူ့အသိုင်းအဝိုင်းကို အကြောက်လွန်သူများအတွက် သတိရရမည့်အရေးအကြီးဆုံးအရာမှာ ခံစားရသူများသည် ကုသမှုကို ကောင်းစွာတုံ့ပြန်ခြင်းဖြစ်သည်။ယင်းသည် ဆက်၍ခံစားရမည့်အရာတစ်ခုမဟုတ်ပေ။”—ဒေါက်တာ ခရစ္စလက်တန်။
ဝမ်းသာစရာမှာ လူ့အသိုင်းအဝိုင်းအကြောက်လွန်သူအများအပြားသည် သူတို့၏စိုးရိမ်ကြောင့်ကြမှုများ လျော့ပါးသွားစေရန် အကူအညီပေးခံခဲ့ရသည်၊ နှစ်ပေါင်းများစွာကြာကြာ သူတို့ကြောက်ခဲ့သည့် လူ့အသိုင်းအဝိုင်းများကိုပင် ရင်ဆိုင်ရန်အကူအညီရခဲ့သည်။ သင်လည်း လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုကိုခံစားနေလျှင် ဤဝေဒနာကို ရင်ဆိုင်ဖြေရှင်းရန် တည်ဆောက်မှုပေးသောနည်းလမ်းများကို သင်ယူနိုင်ကြောင်းစိတ်ချပါလေ။ ဤသို့ဖြစ်ရန် သင်သည် (၁) သင့်ကာယဆိုင်ရာ ခံစားရသည့်လက္ခဏာများ (၂) သင်ကြောက်သည့်အခြေအနေများနှင့်ပတ်သက်၍ သင်စွဲနေသည့် ယုံကြည်ယူဆချက်များနှင့် (၃) သင့်အားကြောက်စိတ်ဝင်စေသည့် အပြုအမူတို့ကို ဂရုထားဖို့လိုမည်။
ကျမ်းစာမူများက အကူအညီပေးနိုင်သည်။ ဘုရားသခင့်ကျမ်းစကားတော်သည် ဆေးကျမ်းတစ်ခုမဟုတ်သကဲ့သို့ “လူ့အသိုင်းအဝိုင်းအကြောက်လွန်မှု” ဟူသည့်ဝေါဟာရလည်း မဖော်ပြထားပါ။ သို့သော် သင့်ကြောက်စိတ်ကို ရင်ဆိုင်ဖြေရှင်းသည့်အခါ “အမြော်အမြင်ပညာနှင့် ကြံစည်သောဉာဏ်ကို စောင့်ထိန်း” ရန် ကျမ်းစာကသင့်ကို ထောက်ကူနိုင်သည်။—သု. ၃:၂၁၊ သမ; ဟေရှာယ ၄၈:၁၇။
သင်ခံစားရသည့်လက္ခဏာများကို ကိုင်တွယ်ခြင်း
လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုဆိုင်ရာ ကာယပိုင်း ခံစားရသည့်လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦးမတူပါ။ ကြောက်စရာအခြေအနေတစ်ခုကို သင်ရင်ဆိုင်ရစဉ် သင့်ခန္ဓာက မည်သို့တုံ့ပြန်သနည်း။ လက်များတုန်လာသလော။ နှလုံးခုန်မြန်လာသလော။ ဗိုက်ထဲတွင် ကသိကအောက်ဖြစ်လာသည်ကို ခံစားရသလော။ ချွေးများထွက်လာသလော သို့မဟုတ် ရှက်သွေးဖြန်းလာသလော သို့တည်းမဟုတ် အာခြောက်လာသလော။
အခြားသူများရှေ့တွင် ချွေးများထွက်လာမလား၊ စကားထစ်ထစ်ငေါ့ငေါ့ဖြစ်လေမလား သို့မဟုတ် တုန်တုန်ရီရီဖြစ်လာမလားဟု တွေးခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သည်အမှန်။ သို့သော် အကူအညီမရလျှင် စိုးရိမ်ကြောင့်ကြစိတ်က ဖိစီးလာလေသည်။ ယေရှုက ဆီလျော်စွာ ဤသို့မေးတော်မူသည်– “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။” (မဿဲ ၆:၂၇; သု. ၁၂:၂၅ နှိုင်းယှဉ်။) အမှန်မှာ သင်ခံစားရသည့်လက္ခဏာအပေါ်တွင်ဖြစ်စေ၊ ယင်းတို့နှင့်ပတ်သက်ပြီး အခြားသူများထင်မြင်ပုံပေါ်တွင်ဖြစ်စေ တစိမ့်စိမ့်တွေးနေလျှင် ပြဿနာပို၍ဆိုးလာမည်။ “မိမိတို့၏စိတ်လှုပ်ရှားမှုကို အခြားသူများသတိပြုမိလေမလားဟုတွေးတောခြင်းသည် လူ့အသိုင်းအဝိုင်းအကြောက်လွန်သူများကို သာ၍စိုးရိမ်စိတ်ဝင်စေနေဆဲပင်” ဟု ဟားဗတ် စိတ်ပိုင်းကျန်းမာရေးသဝဏ်လွှာက သတိပြုမိသည်။ “သူတို့သည် ကိုးရိုးကားရားဖြစ်မှုနှင့် ညံ့ဖျင်းသောလုပ်ဆောင်မှုဖြစ်မည်ကို ကြို၍တွက်ဆထားကြသည်—ကြိုမျှော်လင့်ထားသည့်အတိုင်း ကြောက်စရာအခြေအနေတစ်ခုကို ရင်ဆိုင်ရသောအခါ ထပ်၍ထိတ်လန့်စရာဖြစ်လေသည်။”
သင်သည် ရင်ဝမ်းခြားကြွက်သားမှ ဖြည်းဖြည်းခြင်းအသက်ရှူကျင့်ပေးခြင်းဖြင့် သင်ခံစားရသည့်လက္ခဏာ၏ပြင်းထန်မှုကို လျော့ပါးသွားအောင်လုပ်နိုင်သည်။ (“သင့်အသက်ရှုခြင်းကို ဂရုစိုက်ပါ!” လေးထောင့်ကွက်ကိုရှု။) ကာယလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းနှင့် ကြွက်သားများလျှော့ပေးခြင်းတို့သည်လည်း အကူအညီဖြစ်စေသည်။ (၁ တိမောသေ ၄:၈) အချို့သော ဘဝပုံစံအပြောင်းအလဲများကို လုပ်ပေးဖို့လည်း လိုပေမည်။ ဥပမာ၊ ကျမ်းစာက ဤသို့မိန့်မှာသည်– “ငြိမ်သက်ခြင်းနှင့်ယှဉ်လျက်၊ လက်တစ်ဆုပ်တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဖက်၌ပြည့်သောဥစ္စာထက် သာ၍ကောင်း၏။” (ဒေ. ၄:၆) ထို့ကြောင့် အလုံအလောက်အနားယူရန် သေချာစေပါ။ ထို့အပြင် သင့်အစာကိုလည်း ဂရုစိုက်ပါ။ အစာမစားဘဲမနေပါနှင့်၊ အချိန်မှန်မှန်စားပါ။ စိုးရိမ်စိတ်ကို အဓိကဆွပေးနိုင်သည့် ကက်ဖင်းဓာတ်ကို လျှော့ချရန်လိုပေမည်။
ထို့ထက်ကား စိတ်ရှည်ပါ။ (ဒေ. ၇:၈) ဆရာဝန်အသင်းတစ်ခုက ဤသို့ဆိုသည်– “အချိန်တန်သော် သင်သည် အချို့လူ့အသိုင်းအဝိုင်းတွင် အတော်အတန်စိုးရိမ်ကြောင့်ကြမှုရှိနိုင်သေးသော်လည်း သင့်ခန္ဓာဆိုင်ရာ ခံစားရသည့်လက္ခဏာများ၏ပြင်းထန်မှု အတော်ပင်လျော့ပါးသွားကြောင်း သတိပြုမိပေမည်။ သာ၍အရေးကြီးသည်ကား လေ့ကျင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုတိုးလာမည်၊ သို့နှင့် သင်ကြောက်သည့် လူ့အသိုင်းအဝိုင်းတွင် ဝင်ရောက်ရန် သာ၍အသင့်ဖြစ်လာမည်။”
သင့်အကြောက်လွန်ယုံကြည်ချက်များကို ဆန်းစစ်ခြင်း
ဦးဆုံးမတွေးဘဲ ခံစားချက်ဖြစ်ပေါ်မလာတတ်ပါဟု ဆိုရိုးရှိသည်။ လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုတွင်လည်း ဤစကားမှန်ပုံရသည်။ ထို့ကြောင့် ကာယပိုင်းရောဂါခံစားချက်များကို လျော့ပါးစေရန် ယင်းကို မီးထိုးယပ်ခတ်လုပ်ပေးသည့် “ငြိမ်သက်မှုမရှိသော အတွေးများ” ကိုဆန်းစစ်ရန်လိုပေမည်။—ဆာလံ ၉၄:၁၉၊ ကဘ။
ကျွမ်းကျင်သူအချို့က လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းသည် အနှစ်သာရအားဖြင့် အပယ်ခံရမည်စိုးခြင်းဖြစ်သည်ဟုဆိုသည်။ ဥပမာ၊ မိတ်ဆုံပွဲတစ်ခုကျင်းပစဉ်အတွင်း လူ့အသိုင်းအဝိုင်းအကြောက်လွန်သူတစ်ဦးက မိမိကိုယ်ကို ‘ငါဟာ ရူးမိုက်တဲ့ပုံထွက်နေမှာပဲ။ ဒီနေရာမျိုး ငါနဲ့မကိုက်ပါဘူးလို့ လူတွေသတိပြုမိမှာ။ လူတိုင်းက ငါ့ကိုလှောင်ကြမှာသေချာတယ်’ ဟုပြန်ပြောတတ်သည်။ ထရေစီအမည်ရှိ လူ့အသိုင်းအဝိုင်းအကြောက်လွန်သူသည် ဤသို့ပင်ခံစားနေရသည်။ သို့သော် တဖြည်းဖြည်း မိမိ၏ယူဆချက်များအပေါ် ဆန်းစစ်ကြည့်ခဲ့သည်။ လူတို့သည် အချိန်ကုန်ခံပြီး သူ့ကို မျက်လုံးထောင့်ထောက်ကြည့်ကာ စီရင်နေကြမည့်အစား သူတို့အတွက် သာ၍ကောင်းသောလုပ်စရာအလုပ်များရှိနေကြကြောင်း သူသိမြင်လာသည်။ “ငြီးငွေ့စရာကောင်းတဲ့အရာတစ်ခုအကြောင်း ကျွန်မပြောရင်တောင် ဒီအတွက်ကြောင့် တစ်ဦးတစ်ယောက်က ကျွန်မကိုလူတစ်ယောက်အဖြစ်က ပယ်လိုက်ဖို့အတွက် အကြောင်းခိုင်လုံပါ့မလား” ဟုထရေစီက ကောက်ချက်ချသည်။
ထရေစီကဲ့သို့ပင် သင်လည်း လူမှုရေးအသိုင်းအဝိုင်းတွင် အခြားသူများ အပယ်ခံရမှု၏ အလားတူကိစ္စမျိုး—နှင့်ပြင်းထန်မှုမျိုး—နှင့်ပတ်သက်သော အတွေးမှားကို ဆန်းစစ်ကြည့်ဖို့လိုပေမည်။ သင်သည် အမှန်တကယ် အကြီးအကျယ်ကြောက်စိတ်ဝင်နေလျှင် လူများက သင့်ကိုစိတ်ပျက်မိမည်ဖြစ်ကြောင်းယူဆရန် ခိုင်လုံသောအကြောင်းအမှန်ပင်ရှိသလော။ အချို့က စိတ်ပျက်မိလျှင်ပင် ဤချောက်ချားဖွယ်အခြေအနေမှ လွတ်မြောက်မည်မဟုတ်ဟု ကောက်ချက်ချဖို့အကြောင်းရှိသလော။ သူတစ်ထူး၏သဘောထားက လူသားတစ်ယောက်အနေနှင့် သင့်တန်ဖိုးကို အမှန်တကယ်ပြောင်းသွားစေပါသလော။ ကျမ်းစာက ပညာရှိစွာ ဤသို့အကြံပေးသည်– “သူတစ်ပါးပြောသမျှသောစကားတို့ကိုမမှတ်နှင့်။”—ဒေ. ၇:၂၁။
ဆရာဝန်များအသင်းတစ်ခုက လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုနှင့်ပတ်သက်ပြီး ရေးသားရာတွင် ဤသို့ဆိုသည်– “ဘဝတွင် မလွဲမသွေကြုံရမည့် အပယ်ခံရမှုများကို အဓိပ္ပာယ်အမျိုးမျိုးနှင့်အတွေးနက်နေလျှင် ပြဿနာတက်လာတော့သည်။ အပယ်ခံရလျှင် အလွန်ပင် စိတ်ဓာတ်ကျနိုင်သည်။ အမှန်ပင်နာကြည်းမိနိုင်သည်။ သို့သော် ယင်းကြောင့် သင်ဘဝပျက်သွားဖို့မဟုတ်ပါ။ သင်ကသာ ပုံကြီးမချဲ့လျှင် ယင်းသည် သင့်အတွက် ကပ်ဆိုက်မှုကြီးလုံးဝမဖြစ်ပေ။”
ကျမ်းစာက ကျွန်ုပ်တို့ကိုယ်ကို အရှိကိုအရှိအတိုင်းမြင်ရန် အကူအညီပေးသည်။ “ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏” ဟုယင်းကအသိအမှတ်ပြုသည်။ (ယာကုပ် ၃:၂) မှန်ပါသည်၊ မည်သူမျှမစုံလင်မှု၏ဒဏ်ချက်နှင့် ယင်းကြောင့် တစ်ခါတစ်ရံ အရှက်ကွဲရသည့်အဖြစ်မှ မလွတ်ကင်းပါ။ ယင်းကို ကောင်းစွာနားလည်ထားခြင်းက သူတစ်ထူး၏အားနည်းချက်များကို လက်ခံတတ်ရန် အကူအညီပေးရာ ယင်းက အခြားသူများအားလည်း ကျွန်ုပ်တို့၏အခြေအနေကို အလားတူနားလည်ပေးရန် တိုက်တွန်းမှုဖြစ်စေသည်။ မည်သည့်အခြေအနေတွင်မဆို ခရစ်ယာန်များအနေဖြင့် ယေဟောဝါဘုရားသခင်၏လက်ခံမှုကိုရရှိဖို့သာအရေးကြီးကြောင်း သိထားကြသည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်အနာအဆာများကိုသာ ကြည့်မနေပါ။—ဆာလံ ၁၀၃:၁၃၊ ၁၄; ၁၃၀:၃။
ကြောက်ရွံ့မှုများကို ရင်ဆိုင်ခြင်း
လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းနှင့်တိုက်သော သင့်တိုက်ပွဲအောင်နိုင်ရန် အနှေးနှင့်အမြန်ပင် သင့်ကြောက်ရွံ့မှုများကို ထိပ်တိုက်ရင်ဆိုင်ဖို့လိုမည်။ အစတွင် ထိတ်လန့်စရာကောင်းသည်ဟု သင်ယူမှတ်နိုင်သည်။ ယခုအထိ သင်သည် သင့်အားကြောက်စိတ်ဝင်စေမည့် လူ့အသိုင်းအဝိုင်းများကို ရှောင်ဖယ်နေပေမည်။ သို့သော် ဤသို့ရှောင်နေခြင်းက သင့်ကိုယ်သင်ယုံကြည်စိတ်ချမှုကို တစ်စစလျော့ပါးစေကာ ကြောက်ရွံ့စိတ်များသာ၍ အရိုးစွဲလာမည်သာတည်း။ ခိုင်လုံသောအကြောင်းရင်းဖြင့် ကျမ်းစာက ဤသို့ဆိုသည်– “ထီးတည်းနေသူသည် ကိုယ့်အတ္တဆန္ဒကိုသာ ရှာကြံမည်; လက်တွေ့ကျသောဉာဏ်ပညာမှန်သမျှကို ငြင်းပယ်ချိုးဖျက်ပစ်တတ်သည်။”—သု. ၁၈:၁၊ ကဘ။
ဆန့်ကျင်ဘက်အနေဖြင့် ကြောက်ရွံ့မှုများကို ရင်ဆိုင်ခြင်းသည် စိုးရိမ်ကြောင့်ကြမှုကို လျော့ပါးစေနိုင်သည်။a ဒေါက်တာ ဂျွန်အာရ်မာရှယ်က ဤသို့ဆိုသည်– “လူမှုရေးဘက် လူ့အသိုင်းအဝိုင်းအကြောက်လွန်သည့်လူနာများ—အထူးသဖြင့် လူထုရှေ့စကားပြောခြင်းကဲ့သို့သော အတော်အတန်ကန့်သတ်ချက်ထားခြင်းကို ကြောက်ရွံ့သူများ—အား လူမှုရေးအဆက်အသွယ်လိုအပ်သည့် အသိုင်းအဝိုင်းများနှင့် အဖွဲ့အစည်းများတွင် တက်တက်ကြွကြွရှိရန် မိမိတို့ကိုယ်ကို တွန်းအားပေးရန် ကျွန်တော်တို့ အားပေးတိုက်တွန်းပေးလေ့ရှိသည်။”
သင်ကြောက်ရွံ့ခဲ့သည့် အခြေအနေများကို ထိပ်တိုက်ရင်ဆိုင်ခြင်းသည် သင့်အား (၁) အရှက်ကွဲစရာအပြစ်အနာဆာသည် အခြားသူများ၏အပယ်ခံရမှုကြောင့် ဖြစ်လေ့မရှိကြောင်းနှင့် (၂) အပယ်ခံရမှုတစ်မျိုးမျိုးကြောင့် ဤသို့ ဖြစ်သွားလျှင်ပင် ယင်းသည် ကပ်ဆိုက်မှုကြီးမဟုတ်ကြောင်း ယုံကြည်စိတ်ချလာစေမည်။ သို့သော် သင့်တိုးတက်မှုအတွက် စိတ်ရှည်ရှည်ထားရန် သတိရပါ။ နေ့ချင်းညချင်း ပြေပျောက်သွားမည်မဟုတ်သကဲ့သို့ လူ့အသိုင်းအဝိုင်းအကြောက်လွန်သည့်လက္ခဏာမှန်သမျှ ပျောက်သွားမည်မဟုတ်သည်မှာ အမှန်ပင်။ ဒေါက်တာ စဲလီဝင်စတင်၏အဆိုအရ ကုသမှု၏ပန်းတိုင်မှာ ခံစားရသည့်လက္ခဏာများကို ဖယ်ထုတ်ပစ်ရန်မဟုတ်ဘဲ ယင်းတို့ကို မှုစရာမဟုတ်ဟု သဘောထားဝင်စေရန်ဖြစ်သည်။ ယင်းတို့ကို သင်မမှုလျှင် ယင်းလက္ခဏာများ ပျောက်သွားမည် သို့မဟုတ် အနည်းဆုံးတိုးတက်မှုရှိလာမည်ဟု သူကဆိုသည်။
ခရစ်ယာန်များသည် လူ့အသိုင်းအဝိုင်းကြောက်ရွံ့မှုကို ကျော်လွှားရန် ပြင်းပြသောလှုံ့ဆော်မှုရှိကြသည်။ အမှန်မှာ သူတို့အား “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ . . . အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်” ဟုပြောထားသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ခရစ်ယာန်လုပ်ငန်းသည် အခြားသူများနှင့် ထိတွေ့ဆက်ဆံရသည်ဖြစ်ရာ လူ့အသိုင်းအဝိုင်းကြောက်ရွံ့မှုကို ထိန်းပေးရန် အပြင်းအထန်ကြိုးစားခြင်းသည် သင့်ဝိညာဉ်ရေးတိုးတက်မှုကို အကြီးအကျယ်အထောက်အကူပြုနိုင်သည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၂:၄၂; ၁ သက်သာလောနိတ် ၅:၁၄) ဤကိစ္စကို ယေဟောဝါဘုရားသခင်ထံ ဆုတောင်းပြီး တင်ပြပါ၊ အကြောင်းမှာ ကိုယ်တော်သည် “သာမန်ထက်ထူးကဲသောတန်ခိုး” ကိုပေးစွမ်းနိုင်သောကြောင့်တည်း။ (၂ ကောရိန္သု ၄:၇၊ ကဘ; ၁ ယောဟန် ၅:၁၄) အခြားသူများ၏လက်ခံခံရမှုနှင့်ပတ်သက်၍ မျှမျှတတရှုမြင်တတ်ရန်နှင့် ကိုယ်တော်တောင်းဆိုသည့်အရာကို လုပ်ရန် လိုအပ်သည့်အစွမ်းကို ပြုစုပျိုးထောင်နိုင်ရန် ယေဟောဝါထံ အကူအညီတောင်းပါ။
ခံစားရသူတစ်ဦးစီ၏ပြဿနာသည် တစ်မျိုးတစ်ဘာသာစီဖြစ်နေတတ်ပြီး တစ်ဦးစီ ရင်ဆိုင်ရသည့်အတားအဆီးနှင့် အသုံးပြုရသည့်ခွန်အား မတူကြကြောင်း ဝန်ခံရပေမည်။ အချို့သူတို့သည် ဆွေးနွေးခဲ့ပြီးသည့် အကြံပြုချက်များကို သုံးကာ အတော်အတန်တိုးတက်လာခဲ့ပြီ။ ထိုတွင် ထပ်ဆင့်အကူအညီလိုအပ်နိုင်သည့် ဝေဒနာသည်များရှိသည်။ ဥပမာ အချို့တို့သည် ဆေးဝါးအကူအညီလိုအပ်နိုင်သည်။b အခြားသူများမူ စိတ်ပိုင်းကျန်းမာရေးကျွမ်းကျင်သူ၏အကူအညီကို ရှာယူခဲ့ကြသည်။ နိုးလော့! အနေဖြင့် ကုသမှုတစ်မျိုးမျိုးကို အကြံပြုခြင်းသော်လည်းကောင်း၊ ဆေးညွှန်းပေးခြင်းသော်လည်းကောင်း မလုပ်ပါ။ ခရစ်ယာန်တစ်ဦး ကုသမှုတစ်မျိုးမျိုးကို ခံယူရေးသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် မိမိလက်ခံလိုက်သည့် ကုထုံးတစ်မျိုးမျိုးသည် ကျမ်းစာမူများနှင့် ဆန့်ကျင်ဘက်မဖြစ်ရန် သတိထားရမည်။
“လောကဓံတရား၌ကျင်လည်သော” အမျိုးသားများ
ကျမ်းစာသည် အကြီးအကျယ်အားပေးမှုဖြစ်နိုင်သည်၊ အကြောင်းမှာ ယင်းတွင် သူတို့ထံမှ ဘုရားသခင်တောင်းဆိုသည့်အရာကို လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်အခက်အခဲများကို အောင်မြင်ခဲ့ကြသူတို့၏ တကယ့်ဘဝနမူနာများပါရှိသောကြောင့်ဖြစ်သည်။ ဧလိယကို သုံးသပ်ကြည့်ပါ။ ဣသရေလနိုင်ငံ၏အကျော်ကြားဆုံး ပရောဖက်တစ်ပါးအနေဖြင့် သူသည် အာဂသတ္တိမျိုး တင်ပြခဲ့သည်။ သို့သော် ကျမ်းစာက “ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ကျင်လည်သောသူဖြစ်” သည်ဟု ကျွန်ုပ်တို့အား အသေအချာဆိုသည်။ (ယာကုပ် ၅:၁၇) သူသည်လည်း အပြင်းအထန်ကြောက်ရွံ့မှု၊ စိုးရိမ်ကြောင့်ကြမှုတို့နှင့် မကင်းခဲ့ချေ။—၃ ဓမ္မရာဇဝင် ၁၉:၁-၄။
ခရစ်ယာန်တမန်တော်ပေါလုသည် ကောရိန္သုမြို့သို့ “အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ” သွားခဲ့ရာ၊ မိမိ၏အရည်အသွေးနှင့်ပတ်သက်ပြီး အကြီးအကျယ်စိတ်ထင့်နေကြောင်း ထင်ရှားသည်။ အတော်အတန်လက်မခံမှု သူကြုံခဲ့ရသည်။ အမှန်မှာ ပေါလုအား အတိုက်အခံလုပ်သူတချို့က ဤသို့ဆိုသည်– “ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကိုပြောသောသူဖြစ်သည်။” သို့တိုင် အခြားသူများ၏ မှားယွင်းသောသဘောထားကို သူကိုယ်တိုင်၏သဘောထားပုံတွင်သော်လည်းကောင်း၊ သူ့အရည်အသွေးများတွင်သော်လည်းကောင်း လွှမ်းမိုးခွင့်ပြုခဲ့သည်ဟု ဖော်ပြထားခြင်းမရှိပါ။—၁ ကောရိန္သု ၂:၃-၅; ၂ ကောရိန္သု ၁၀:၁၀။
မောရှေသည် ဖာရောထံသွားဖို့ မိမိ၏အရည်အသွေးကို ယုံကြည်စိတ်ချမှုမရှိဘဲ၊ “နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်” ပါသည်ဟု ထုတ်ပြောခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၀) ယေဟောဝါဘုရားသခင်က သူအား အကူအညီပေးမည်ဟု ကတိပေးသည့်တိုင်အောင် မောရှေက “အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု” တောင်းပန်ခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၃) မောရှေသည် မိမိ၏ခွန်အားကို မမြင်နိုင်သော်လည်း ယေဟောဝါ တွေ့မြင်တော်မူသည်။ ဤတာဝန်ကို ကျေပွန်နိုင်သည့် စိတ်ပိုင်းနှင့်ကာယပိုင်းစွမ်းရည်ရှိသူအဖြစ် မောရှေကို ကိုယ်တော်ရှုမြင်သည်။ သို့ဖြစ်လျက်ပင် မောရှေအား လက်ထောက်တစ်ယောက်ကို မေတ္တာဖြင့် ယေဟောဝါ ပေးသနားတော်မူသည်။ ကိုယ်တော်သည် မောရှေအား ဖာရောကို တစ်ယောက်တည်းရင်ဆိုင်ရန် အတင်းအကျပ်မပြုခဲ့ချေ။—ထွက်မြောက်ရာ ၄:၁၄၊ ၁၅။
ယေရမိသည်လည်း ဤကိစ္စတွင် ထင်ရှားသောစံနမူနာတစ်ရပ်ဖြစ်သည်။ ဘုရားသခင့်ပရောဖက်အဖြစ် တာဝန်ရသည့်အခါ ဤလူငယ်လေးက ဤသို့တုံ့ပြန်ခဲ့သည်– “ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည်မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏။” ဤတာဝန်ကိုထမ်းဆောင်နိုင်သည့်ခွန်အား ယေရမိတွင် ပါမလာပါ။ သို့တိုင် ယေဟောဝါသည် သူနှင့်အတူရှိခဲ့သည်။ ကိုယ်တော်က ယေရမိအား “တစ်နိုင်ငံလုံးတစ်ဖက်၌၊ ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးဝါထရံ” ဖြစ်လာရန် ထောက်ကူပေးတော်မူခဲ့သည်။—ယေရမိ ၁:၆၊ ၁၈၊ ၁၉။
ထို့ကြောင့် ကြောက်ရွံ့မှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့က သင့်အားဒုက္ခပေးနေလျှင် သင့်တွင်ယုံကြည်မှုမရှိကြောင်း သို့မဟုတ် ယေဟောဝါသည် သင့်ကို ငြင်းပယ်လိုက်ကြောင်း ကောက်ချက်မချလိုက်ပါနှင့်။ ယင်းသို့မဟုတ်ဘဲ “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။”—ဆာလံ ၃၄:၁၈။
အမှန်မှာ အထက်ဖော်ပြပါ ကျမ်းစာနမူနာများက ခိုင်မာသည့် ယုံကြည်ခြင်းရှိသောအမျိုးသားများပင် အရည်အချင်းမပြည့်မီပါဟူသည့် ခံစားချက်များရှိခဲ့ကြကြောင်းပြသည်။ တစ်ဦးစီ ပေးနိုင်သည့်အတိုင်းအတာထက်ပို၍ တောင်းဆိုတော်မမူသော်လည်း ဧလိယ၊ ပေါလု၊ မောရှေနှင့် ယေရမိတို့သည် သူတို့မျှော်လင့်ထားဖွယ်ရှိသည့်အတိုင်းအတာထက် သာ၍ပြီးမြောက်ရန် ယေဟောဝါထောက်မပေးခဲ့သည်။ ယေဟောဝါသည် “ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ” သောကြောင့် သင့်အားလည်း ဤသို့ပင်သဘောထားနိုင်ကြောင်း စိတ်ချနိုင်သည်။—ဆာလံ ၁၀၃:၁၄။
[အောက်ခြေမှတ်ချက်များ]
a ဤသို့ပြုရန်မလွယ်လျှင် သင်ကြောက်ရွံ့သည့်အခြေအနေတွင်ရောက်နေသည်ဟု သင့်ကိုယ်ကို တွေးယူပြီး လေ့ကျင့်ရန် အချို့ဆရာဝန်များက အကြံပြုသည်။ အတတ်နိုင်ဆုံး အသေးစိတ်မြင်ကွင်းကို တွေးယူကြည့်ပါ။ သင့်စိုးရိမ်ကြောင့်ကြမှုအဆင့်သည် မြင့်တက်လာနိုင်သည်; သို့သော် အများ၏အပယ်ခံရခြင်း မဖြစ်တန်ရာကြောင်း သို့မဟုတ် သင်ထင်သလောက်မပြင်းထန်ကြောင်း သင့်ကိုယ်သင်မပြတ်သတိပေးနေရမည်၊ ထို့နောက် ထိုသဘောထားကိုထောက်ခံသည့် မြင်ကွင်းနိဂုံးကို ဖန်တီးယူပါ။
b ဆေးဝါးသောက်သုံးဖို့စဉ်းစားသူများသည် ဆိုးကျိုးနှင့်ကောင်းကျိုးများကို ချင့်ချိန်သင့်သည်။ ဤအကြောက်လွန်မှုသည် ဆေးဝါးကုထုံးအသေအချာလိုအပ်လောက်သည့်အထိ ပြင်းထန်၏လောဆိုသည်ကို သုံးသပ်သင့်သည်။ ကျွမ်းကျင်သူအများက လူ့အသိုင်းအဝိုင်းကြောက်ရွံ့မှုနှင့် အမူအကျင့်တို့အတွက်ရည်ရွယ်သည့် ကုသမှုနှင့် ဆေးဝါးတို့ကိုတွဲဖက်သည့်အခါ အထိရောက်ဆုံးဖြစ်သည်ဟု ယူဆကြသည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
သင့်အသက်ရှူခြင်းကို ဂရုစိုက်ပါ!
အချို့သော လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုတို့မှာ အသက်ရှူခြင်းကို ဂရုစိုက်ပေးခြင်းအားဖြင့် ကာယပိုင်းခံစားရမှုလက္ခဏာများ၏ပြင်းထန်မှု လျော့သွားနိုင်သည်။ အစတွင် ယင်းသည် အထူးအဆန်းဖြစ်နေပေမည်။ နောက်ဆုံးတွင် လူတိုင်း မည်သို့အသက်ရှူရမည်ကို သိကြလေသည်! သို့သော် ကျွမ်းကျင်သူများက စိုးရိမ်ကြောင့်ကြမှုပြဿနာရှိသောလူများစွာသည် အသက်ရှုမမှန်ကြဟု ဆိုသည်။ များသောအားဖြင့် အလွန်နှေးလျှင်နှေးမည်၊ အလွန်မြန်လျှင်မြန်မည်၊ သို့မဟုတ် ရင်ဘတ်နေရာမှ အကြီးအကျယ်ရှူတတ်သည်။
ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်ကျင့်ပေးပါ။ ပါးစပ်ဖြင့်အသက်မရှူဘဲ နှာခေါင်းဖြင့်အသက်ရှူပါက ပို၍သက်သာစေသည်။ ထို့အပြင်ရင်ဘတ်အထက်ပိုင်းနေရာမှ အသက်ရှူခြင်းသည် အကြီးအကျယ်ရှူသွင်းရှူထုတ်မှုကို ပို၍ပြုစေသည့်အတွက် ရင်ဝမ်းခြားကြွက်သားနေရာမှ အသက်ရှူနည်းကို သင်ယူပါ။ ဤကိစ္စတွင် သင့်ကိုယ်ကို စမ်းသပ်ရန် မတ်တတ်ရပ်သည့်အခါ လက်တစ်ဖက်ကို ခါးအထက်တွင်ထားပြီး ကျန်တစ်ဖက်ကို သင့်ရင်ဘတ်အလယ်တွင် ကပ်ထားပါ။ အသက်ရှူစဉ် မည်သည့်လက်က ပို၍လှုပ်နေသည်ကို သတိထားကြည့်ပါ။ အကယ်၍ သင့်ရင်ဘတ်ပေါ်ရှိလက်က ပိုလှုပ်နေလျှင် ရင်ဝမ်းခြားကြွက်သားမှ အသက်ရှူရန်ကျင့်ဖို့လိုသည်။
အမှန်မှာ အသက်ရှူလိုက်တိုင်း ရင်ဝမ်းခြားကြွက်သားမှ ရှူခြင်းမဟုတ်ပါ။ (ရင်ဝမ်းခြားကြွက်သားနှင့် ရင်ဘတ်တို့မှ အသက်ရှူမှု၏သာမန်အချိုးမှာ ၄ အချိုး ၁ ဖြစ်သည်၊ သို့သော် တစ်ခါတစ်ရံ အပြောင်းအလဲရှိမည်။) သတိထားရမည်မှာ– အဆုတ်အတွင်း လေအောင်းခြင်း သို့မဟုတ် ပန်းနာကဲ့သို့သော နာတာရှည်အသက်ရှူလမ်းကြောင်း အခြေအနေများခံစားနေရသူသည် အသက်ရှူနည်းသစ်များမပြောင်းမီ ဆရာဝန်နှင့် သွားပြသင့်သည်။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ကြောက်ရွံ့မှုက အထိတ်တလန့်ဖြစ်စေသော်
လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုအချို့အတွက် စိုးရိမ်ကြောင့်ကြမှုသည် အထိတ်တလန့်ဖြစ်စေသည်အထိ အလွန်ပြင်းထန်တတ်သည်။ ဤရုတ်တရက်အလွန့်အလွန်ကြောက်ရွံ့မှုသည် ခံစားရသူ၌ အကြီးအကျယ်အသက်ရှူသွင်းရှူထုတ်လုပ်နေရခြင်း၊ မူးမေ့သွားခြင်း၊ နှလုံးရပ်တန့်မှုဝေဒနာခံစားနေရသည်ဟု ယူဆမိခြင်းတို့ ဖြစ်ကျန်စေသည်။
ဤရုတ်တရက်ထိတ်လန့်မှုကို တန်မပြန်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ယင်းသို့တန်ပြန်မည့်အစား ခံစားရသူအနေဖြင့် စိုးရိမ်ကြောင့်ကြမှု ထွက်သွားသည့်အထိ ‘ခါးစီးခံသွား’ ဖို့၎င်းတို့က အကြံပြုကြသည်။ “ယင်းဝေဒနာစဖြစ်ဖြစ်ချင်း ရပ်ပစ်၍မရပါ” ဟု ဂျာရီလင် ရော့စ္စကဆိုသည်။ “သူ့လမ်းသူသွားရမည်ဖြစ်သည်။ ထိတ်လန့်စရာကောင်းတယ်၊ ဒါပေမဲ့အန္တရာယ်မရှိဘူးဟု ကိုယ့်ကိုယ်ကို ပြောပေးနေပါ။ ထွက်သွားပါလိမ့်မည်။”
လဟာအကြောက်လွန်မှုကို ကုသပေးသည့် အေဂျင်စီတစ်ခုမှ ဆရာဝန် မဲလ်ဗင် ဂရင်းက ဤရုတ်တရက်ထိတ်လန့်မှုကို ကမ်းခြေသို့ကပ်လာသည့် လှိုင်းလုံးငယ်တစ်ခုနှင့်နှိုင်းယှဉ်ပြသည်။ “ယင်းသည် သင့်စိုးရိမ်ကြောင့်ကျမှု၏ စတင်ခံစားချက်များကို တင်စားသည်” ဟုသူက ဆိုသည်။ “လှိုင်းလုံးသည် ကမ်းခြေသို့ကပ်လာသည်နှင့်အမျှ ကြီးသည်ထက်ကြီးလာသည်။ ယင်းက စိုးရိမ်ကြောင့်ကြမှုကြီးထွားလာသော သင့်ခံစားချက်ကို တင်စားသည်။ မကြာမီ လှိုင်းလုံးမှာ အလွန်ကြီးလာပြီး ဧရာမကြီးဖြစ်လာလေသည်။ ထို့နောက် လှိုင်းလုံးသည် ကမ်းခြေပေါ်တွင် ပျောက်ကွယ်သွားသည့်အထိ တဖြည်းဖြည်းငယ်သည်ထက်ငယ်သွားလေသည်။ ယင်းနမူနာသည် စိုးရိမ်ကြောင့်ကြမှုဖြစ်ပွားခြင်းအစနှင့်နိဂုံးတို့ကို တင်စားပြသည်။ ဂရင်းက ဝေဒနာခံရသူများအနေဖြင့် ဤခံစားချက်များကို တန်မပြန်ဘဲ ယင်းတို့ပျောက်ကွယ်သွားသည်အထိ အလိုက်သင့်လိုက်ပါသွားပါဟု ဆိုသည်။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
စိုးရိမ်ကြောင့်ကြမှုကို လျော့ပါးသွားစေရန် သင့်အစားအစာကို ဂရုစိုက်ပါ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊ သင့်တော်စွာအနားယူပါ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါသည် မောရှေကဲ့သို့သောအမျိုးသားများကို သူတို့၏လုပ်ငန်းတွင်၎င်းတို့မျှော်လင့်ထားသည့်အတိုင်းအတာထက် ပို၍ပြီးမြောက်ရန် ထောက်မပေးတော်မူသည်