ကြော်ငြာ ပင်လယ်ပြင်တွင်မျောနေ
“ဖေဖေ ဖိုးလမင်းကြီးက ဘာကြော်ငြာနေတာလဲ။” ကလေးမလေးတစ်ဦးက ထုတ်လိုက်သော ဤထူးဆန်းဖွယ်မေးခွန်းကို လွန်ခဲ့သည့်အနှစ် ၅၀ ခန့်က ကာလ် စန်ဘာဂ်ရေးသားခဲ့သောကဗျာ၌ ဖော်ပြထား၏။ အနာဂတ်တွင် အဆိုပါမေးခွန်းမှာ အထူးအဆန်းဖြစ်မည်ဟန်မရှိချေ။ နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းအရ လန်ဒန်တွင် စီမံဆောင်ရွက်နေသောကြော်ငြာနှစ်ခု၌ နေရောင်ခြည်၏ရောင်ပြန်ဟပ်မှုကိုအသုံးပြု၍ လမျက်နှာပြင်ပေါ်သို့ အရုပ်ထင်ဟပ်စေသည့်ကြော်ငြာများဖြစ်ပေါ်စေရန် စီမံကိန်းတစ်ခုကို ရေးဆွဲနေကြသည်။
လမင်းကြီးအား ကြော်ငြာသင်ပုန်းကြီးအဖြစ် အသုံးပြုမည်ကို စိတ်ကူးကြည့်လိုက်ပါ! ကမ္ဘာ့ပရိသတ်တစ်စုလုံးသို့ စီးပွားရေးသတင်းကြော်ငြာခြင်းကို စဉ်းစားကြည့်လိုက်ပါ၊ ကြည့်ရှုသူများအနေဖြင့် ပိတ်ပစ်၍လည်းမရ၊ အမှိုက်ပုံထဲလွှင့်ပစ်ဖို့လည်းမဖြစ်နိုင်၊ သို့မဟုတ် အဝေးထိန်းကိရိယာဖြင့် အသံပိတ်ပစ်၍လည်းမရသော ကြော်ငြာသတင်းမျိုးဖြစ်သည်။ ဤအကြံကို သင်သဘောတွေ့ချင်မှတွေ့မည်ဖြစ်သော်လည်း အခြားသူတို့အတွက်မူ ယင်းသည် အမှန်အကောင်အထည်ပေါ်လာမည့် တမ်းတအိပ်မက်တစ်ခုဖြစ်မည်။
ကြော်ငြာခြင်းသည် လကမ္ဘာတိုင်မရောက်သေးသော်လည်း ယင်းသည် ကမ္ဘာမြေကို ဖုံးလွှမ်းထား၏။ အမေရိကန်ရှိ မဂ္ဂဇင်းအများစုနှင့် သတင်းစာများသည် ၎င်းတို့၏စာမျက်နှာမှ ၆၀ ရာခိုင်နှုန်းကို ကြော်ငြာများအတွက် သီးသန့်ထားကြ၏။ တနင်္ဂနွေနေ့ထုတ် သည်နယူးယောက်တိုင်းမ်စ်တစ်ခုတည်းတွင် ကြော်ငြာများမှာ စာမျက်နှာပေါင်း ၃၅၀ ပါဝင်ပေမည်။ ရေဒီယိုအသံလွှင့်ဌာနအချို့က စီးပွားရေးကြော်ငြာများအတွက် တစ်နာရီလျှင် မိနစ် ၄၀ ထားရှိကြ၏။
ထို့နောက် ရုပ်မြင်သံကြားလည်းရှိသည်။ ခန့်မှန်းချက်တစ်ခုအရ ပတ်စဉ်ပတ်တိုင်း အမေရိကန်ရှိ ငယ်ရွယ်သူတို့သည် ရုပ်မြင်သံကြားကြော်ငြာရှေ့တွင် သုံးနာရီကြာကြာ ထိုင်လေ့ရှိသည်။ အထက်တန်းပြီးဆုံးသွားသောအခါ သူတို့သည် တီဗွီကြော်ငြာပေါင်း ၃၆၀,၀၀၀ ကိုမြင်တွေ့ပြီးသားဖြစ်ပေမည်။ ရုပ်မြင်သံကြားများသည် လေယာဉ်ကွင်းများ၊ ဆေးရုံနားနေခန်းများနှင့် ကျောင်းများ၌ ကြော်ငြာကြသည်။
အဓိကအားကစားပွဲစဉ်များသည် ယခု အဓိကကြော်ငြာပွဲများဖြစ်နေပြီ။ ပြိုင်ကားများကို မိုင်နှုန်းမြင့်ကားကြော်ငြာသင်ပုန်းကြီးများအဖြစ် အသုံးပြုနေသည်။ အားကစားသမားအချို့မှာ သူတို့၏ဝင်ငွေအများစုကို ကြော်ငြာရှင်များမှရရှိကြ၏။ အကျော်အမော် ဘတ်စကက်ဘောသမားတစ်ဦးသည် ဘတ်စကက်ဘောကစားရာ၌ ဒေါ်လာ ၃.၉ သန်းဝင်ငွေရှိသည်။ ကြော်ငြာရှင်များသည် မိမိတို့၏ပစ္စည်းများကိုကြော်ငြာပေးဖို့ သူ့အား ယင်း၏ကိုးဆပေးလေ၏။
မည်သည့်နေရာတွင်မျှ မလွတ်နိုင်။ စီးပွားဖြစ်ကြော်ငြာများကို နံရံများ၊ ဘတ်စကားများနှင့် ကုန်တင်ကားများ၌ ပြထားကြသည်။ အငှားယာဉ်များ၏အတွင်းနှင့် မြေအောက်ရထားများ—အများသုံးအိမ်သာများ၏တံခါးများ၌ပင်—ယင်းတို့ကို အလှဆင်ထားကြသည်။ ဈေးရုံကြီးများ၊ စတိုးဆိုင်များ၊ ဓာတ်လှေကားများ၌ အသံချဲ့စက်များဖြင့်ကြော်ငြာခြင်းအပြင် တယ်လီဖုန်းပြောစဉ်ပင် ကြော်ငြာသတင်းများကို ကြားရသည်။ နိုင်ငံအချို့၌ ကြော်ငြာစာများစွာသည် စာတိုက်မှတစ်ဆင့်ရောက်လာခြင်းကြောင့် ရရှိသူများစွာမှာ စာတိုက်ပုံးနှင့် အနီးဆုံးအမှိုက်ခြင်းထဲသို့ ၎င်းတို့ကို တိုက်ရိုက်လွှင့်ပစ်လိုက်ကြ၏။
ကမ္ဘာချီဆိုင်ရာကြော်ငြာအေဂျင်စီ၊ မက္ကင်း-အီရစ်ဆန်မှထုတ်ဝေသည့် အင်ဆိုက်ဒါရီပို့တ်အရ ၁၉၉၀ ပြည့်နှစ်၌ ကမ္ဘာနှင့်ချီ၍ကြော်ငြာအတွက်အသုံးပြုသော ငွေကြေးပမာဏမှာ ဒေါ်လာ ၂၇၅.၅ ဘီလီယံရှိသည်ဟု ခန့်မှန်းရသည်။ ထိုအချိန်ကတည်းက တွက်ဆချက်မှာ ၁၉၉၇ ခုနှစ်အတွက် ၄၁၁.၆ ဘီလီယံအထိထိုးတက်သွားပြီး ၁၉၉၈ ခုနှစ်တွင် ၄၃၄.၄ ဘီလီယံသုံးစွဲရန် စီစဉ်ထားသည်။ မြောက်မြားလှသည့် ငွေကြေးပမာဏပါတကား!
ယင်းတို့အားလုံး၏ အကျိုးသက်ရောက်မှုကား အဘယ်နည်း။ ဆန်းစစ်လေ့လာသူတစ်ဦးက ယင်းကို ဤနည်းဖြင့်ဖော်ပြသည်– “ကြော်ငြာခြင်းသည် ယဉ်ကျေးမှုတွင် ဩဇာအကြီးမားဆုံး ပေါင်းသင်းဆက်ဆံရေးစွမ်းအားတစ်ခုဖြစ်သည်။ . . . ကြော်ငြာများသည် ပစ္စည်းများရောင်းရုံထက်မက ပြု၏။ ယင်းတို့က ကျွန်ုပ်တို့မည်သူဖြစ်သည်၊ မည်သို့သောသူဖြစ်သင့်သည်နှင့်ပတ်သက်သော လူထုအမြင်များ၊ တန်ဖိုးထားရာများ၊ ပန်းတိုင်များနှင့် အယူအဆများကို ရောင်းချနေရာ . . . ယင်းတို့က ကျွန်ုပ်တို့၏သဘောထားများကို ပုံသွင်းပေးပြီး ကျွန်ုပ်တို့၏သဘောထားများက ကျွန်ုပ်တို့၏အမူအကျင့်ကို ပုံသွင်းပေးသည်။”
သင်သည် ကြော်ငြာ၏လက်မှမလွတ်နိုင်သောကြောင့် ယင်းတို့သည် မည်သို့လုပ်ဆောင်ကြောင်း၊ သင့်အပေါ် မည်သို့သြဇာလွှမ်းနိုင်ကြောင်း သိရန်ဖော်ထုတ်ပါလေ။