ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၆/၈ စာ. ၁၄-၁၇
  • ကျွန်ုပ်တို့၏ဝတ်စားပုံ—အမှန်ပင်အရေးပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ဝတ်စားပုံ—အမှန်ပင်အရေးပါသလော
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖက်ရှင်က အဘယ်အရာကို ဖော်ပြသနည်း
  • ဝတ်စားပုံကျင့်ဝတ်မူများ မည်သို့ဖြစ်သွားနေသနည်း
  • မိမိကိုယ်ကိုနှင့် မိမိမည်သူမည်ဝါဖြစ်ခြင်းကို အဘယ်ကြောင့်အာရုံစိုက်လွန်းရသနည်း
  • ကျွန်ုပ် သင့်တင်စွာဝတ်ဆင်ထားပါသလော
  • “လျောက်ပတ်” စွာ ဝတ်ဆင်
  • သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ငါ့အဝတ်အစားက ငါ့ရုပ်စစ်သဏ္ဌာန်စစ်ကို ဖော်ထုတ်နေသလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ငါ့ရဲ့ ရုပ်အသွင်အပြင် ဘယ်လိုရှိသလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၆/၈ စာ. ၁၄-၁၇

ကျွန်ုပ်တို့၏ဝတ်စားပုံ—အမှန်ပင်အရေးပါသလော

“ဘာဝတ်ရမလဲတောင် မသိတော့ဘူး!” ယင်းသို့ အကူအညီတောင်းခံခြင်းမှာ ကြားဖူးနားဝဖြစ်သည် မဟုတ်ပေလော။ ယနေ့ ဖက်ရှင်ခန်းများသည် နောက်ဆုံးပေါ်ဖက်ရှင်များပြ၍ သင့်ကို အမှန်ပင်အမြဲကူညီပေးလိုမည်၊ သို့မဟုတ် သာ၍စိတ်ရှုပ်စေမည်။

ဤအချိန်တွင် သင့်အနေဖြင့် ဆုံးဖြတ်ချက်များချရန် သာ၍ပင်ခဲယဉ်းမည်ကား သင်သည် ကြော့ကြော့မော့မော့ဝတ်ဖို့မဟုတ်ဘဲ ဖိုသီဖတ်သီဝတ်ဆင်ဖို့ ဖိအားပေးခံနေရ၍ဖြစ်မည်။ ၉၀ ပြည့်လွန်နှစ်များ၏ ခေတ်ရေစီးကြောင်းပြောင်းပြန်နှင့်ပတ်သက်၍ ဖက်ရှင်သတင်းစာခေါင်းကြီးပိုင်းတစ်ခုက ဤသို့ဆိုသည်– “စိတ်ပျက်လက်ပျက်၊ ရင့်ရော်၊ ဟောင်းနွမ်းပုံပေါက်ခြင်းသည် လက်သင့်ခံနိုင်ရုံမက ယင်းကို နှစ်သက်ကြကြောင်း သိရှိရခြင်းက အားရှိစရာကောင်းနိုင်သည်။”

မှန်ပါသည်၊ မကြာသေးမီနှစ်များအတွင်း အကြီးအကျယ်သြဇာလွှမ်းမိုးသောကြော်ငြာများ၊ တီဗွီမင်းသားမင်းသမီးများမှ မော်ဒယ်လ်များ၏သရုပ်ဆောင်ကဏ္ဍ၊ ရွယ်တူသက်တူများ၊ မိမိကိုယ်ကိုမြှင့်တင်လိုခြင်း၊ တစ်ဦးတစ်ယောက်နှင့်တူညီလိုခြင်းကလည်း လူတို့၏ဝတ်စားပုံကိုလွှမ်းမိုးနေသည်၊ အထူးသဖြင့် လူငယ်များတွင်ဖြစ်သည်။ အချို့မှာ စတိုင်ထုတ်နိုင်ရန် ခိုးယူခြင်းပင်ပြုကြ၏။

အနှစ် ၉၀ ပြည့်လွန်နှစ်များတွင် ခေတ်ထသောစတိုင်များစွာမှာ လွန်ခဲ့သောအနှစ်နှစ်အလလက အစွန်းရောက်ယဉ်ကျေးမှုများဖြစ်သည့် အနှစ် ၆၀ ပြည့်လွန်နှစ်များရှိ အနောက်တိုင်းသားများ၏ ဟစ်ပီလှုပ်ရှားမှုများမှ မြစ်ဖျားခံလာသည်။ မုတ်ဆိတ်မွေး၊ ရှုပ်ပွနေသောဆံပင်ရှည်နှင့် ဖရိုဖရဲအကျေသားဝတ်ဆင်ထားခြင်းက အစဉ်အလာတန်ဖိုးရှိရာတို့ကို ဆန့်ကျင်ဖီဆန်ကြောင်းဖော်ပြ၏။ သို့သော် အဝတ်အစားတော်လှန်မှုက လိုက်လျောညီထွေမှုအသစ်၊ သက်တူရွယ်တူဖိအားပေးမှုအသစ်တစ်မျိုးကို ဖြစ်ပေါ်စေသည်။

ဝတ်စားဆင်ယင်ပုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သာ၍ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာကြပေပြီ။ အဝတ်အစား၊ အထူးသဖြင့်တီရှပ်များသည် လူကြိုက်များသောအားကစားများနှင့် အားကစားအကျော်အမော်များကိုဖြစ်စေ၊ ရယ်ရွှင်ဖွယ်ရာ၊ မနှစ်ခြိုက်ဖွယ်ရာ၊ ရန်လိုစိတ်၊ ကိုယ်ကျင့်တရားကောင်း၊ မကောင်းနှင့် ထုတ်ကုန်များကိုဖြစ်စေ အသံတိတ်ကြော်ငြာသင်ပုန်းကြီးများဖြစ်လာပေပြီ။ သို့မဟုတ် တုန်လှုပ်ထိတ်လန့်သွားစေနိုင်သည်။ မကြာသေးမီက နယူးစ်ဝိခ်၌ပါသော ခေါင်းစီးတစ်ခုကိုသုံးသပ်ကြည့်ပါ– “ဆယ်ကျော်သက်ဖက်ရှင်ဖော်ပြသော ရက်စက်ကြမ်းကြုတ်မှု။” ထိုဆောင်းပါး၌ ၂၁ နှစ်အရွယ်တစ်ဦးက သူ့တီရှပ်နှင့်ပတ်သက်၍ ဤသို့ပြောဆိုခြင်းကို ကိုးကားထားသည်– “ကျွန်တော် ဘယ်လိုသဘောထားမျိုးရှိနေတယ်ဆိုတာ လူတွေသိရအောင် ဒါကိုဝတ်တာပါ။ ဟိုလိုလုပ်၊ ဒီလိုလုပ်လို့ သူများပြောတာကို မခံဘူး၊ လာဝင်ရှုပ်တာလည်း မကြိုက်ဘူး။”

ရင်ပတ်နှင့် ကျောဘက်တို့တွင် ဖော်ပြထားရာတို့မှာ တစ်ဦးနှင့်တစ်ဦး အလွန်ခြားနားပေမည်။ သို့တိုင် သဘောသကန်တူညီခြင်း—အုပ်စုတစ်စုအမှတ်အသား သို့မဟုတ် လက်ရှိပုန်ကန်သည့်စိတ်ထား၊ ငါသာပဓာနဝါဒ၊ စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်း သို့မဟုတ် အကြမ်းဖက်ခြင်း—ကား ထင်ရှားသည်။ အထည်ဒီဇိုင်းရှင်တစ်ဦးသည် မိမိဖောက်သည်များ၏ သတ်မှတ်ဖော်ပြချက်အတိုင်း အဝတ်အစားတွင် ကျည်ဆံရာများပစ်ဖောက်ပေးရ၏။ “သူတို့အနေနဲ့ ပစ္စတိုသေနတ်ရာတွေ၊ ရိုင်ဖယ်သေနတ်ရာတွေ၊ ဒါမှမဟုတ် စက်သေနတ်ရာတွေလိုချင်သလား၊ ကြိုက်တာပြောရုံပဲ” ဟု သူကဆိုသည်။ “ဒါ ဖက်ရှင်ဖော်ပြချက်တစ်ခုပါပဲ။”

ဖက်ရှင်က အဘယ်အရာကို ဖော်ပြသနည်း

“အများအားဖြင့် အဝတ်အစားသည် လူ့ဘောင်မှ တစ်စုံတစ်ရာသောလူစားမျိုးနှင့်သက်ဆိုင်ကြောင်း ကိုယ့်ကိုယ်ကိုခွဲခြားဖော်ပြသည့် နည်းတစ်နည်းဖြစ်သည်” ဟူ၍ ဩစတြေးလျ၊ ဆစ်ဒနီမြို့ရှိ ပါဝါဟောက်စ်ပြတိုက်မှ ဖက်ရှင်ပြတိုက်မှူးတစ်ဦးဖြစ်သူ ဂျေန်း ဒီ တီလီဂါကဆိုသည်။ ထပ်ဆင့်၍သူက “အဘယ်လူစားမျိုးတွင်ပါဝင်လိုသည်ကို သင်ရွေးချယ်ပြီး သူတို့ကဲ့သို့သာဝတ်ဆင်ရုံပဲ” ဟုပြော၏။ လူတို့ကို ခွဲခြားသတ်မှတ်ရာ၌ ဘာသာရေး၊ ကြွယ်ဝချမ်းသာမှု၊ အလုပ်အကိုင်၊ လူမျိုးစု၊ ပညာရေးနှင့် နေရပ်လိပ်စာကဲ့သို့ပင် ဝတ်စားဆင်ယင်မှုလည်း အရေးပါသည်ဟု ဆစ်ဒနီတက္ကသိုလ်မှ စိတ်ပညာကထိကတစ်ဦးဖြစ်သော ဒေါက်တာ ဒိုင်အဲနာ ကင်နီကပြောသည်။ ဂျက်မဂ္ဂဇင်းက အမေရိကန်ပြည်ထောင်စုမှ အားလုံးနီးပါး လူဖြူများဖြစ်သည့်ကျောင်းတစ်ခုတွင် “လူဖြူကျောင်းသူများသည် လူမည်းများနှင့်ဆက်နွှယ်သော ကျစ်ဆံမြီးကျစ်ခြင်း၊ ပွရောင်းရောင်းအဝတ်အစားများနှင့် အခြား ‘ဟစ်ပ်ဟော့ပ်’ ဖက်ရှင်များကို ဝတ်ဆင်ကြခြင်းကြောင့်” လူမျိုးရေးတင်းမာမှုဖြစ်ပွားခဲ့ကြောင်းဆိုသည်။

တေးဂီတလောကကဲ့သို့သော လူ့ယဉ်ကျေးမှုပွဲအချို့တွင် ကိုယ့်အဖွဲ့အပေါ်သစ္စာရှိမှုကိုလည်း တွေ့ရှိရသည်– မက္ကလီန်ဇ်မဂ္ဂဇင်းက “အဖြစ်အပျက်များစွာတွင် ကိုယ်နှစ်သက်ရာ တေးဂီတအလိုက် ဝတ်ဆင်ကြသည်– ရဂေးတေးသံကိုကြိုက်နှစ်သက်သူတို့က အရောင်တောက်တောက်များနှင့် ဂျမေကာဦးထုပ်များကိုဆောင်းလေ့ရှိကြစဉ် ဂရန့်ချ်ရော့ခ်ကို နှစ်သက်သူတို့က စကီးဦးထုပ်များနှင့် အကွက်တုံးကြီးရှပ်အင်္ကျီများကိုဝတ်ဆင်တတ်ကြသည်။” သို့သော် အဘယ်အမျိုးအစားပင်ဖြစ်ပါစေ၊ ဂရန့်ချ်ဟုအမည်တွင်သည့် ဂရုမစိုက်၊ ဖိုသီဖတ်သီ၊ အိမ်ခြေရာခြေမဲ့ ဆင်းရဲသားကဲ့သို့ဝတ်ဆင်ခြင်းက ငွေကြေးများစွာကုန်ကျနိုင်သည်။

ဝတ်စားပုံကျင့်ဝတ်မူများ မည်သို့ဖြစ်သွားနေသနည်း

“အရာအားလုံး သင်ထင်သည်နှင့် တခြားစီဖြစ်နေပြီ” ဟုပင်တိုင်ဆောင်းပါးရှင် ဝူဒီ ဟော်ခ်စဝန်ဒါကဆိုသည်။ “တစ်ချိန်က တင်းကျပ်သောကျင့်ဝတ်မူများ လွှမ်းမိုးထားသော အမျိုးသားဖက်ရှင်မှာ စည်းမဲ့ကမ်းမဲ့ဖြစ်လာပြီ . . . ဂရုမစိုက် ဖြစ်ကတတ်ဆန်း ကောက်၍ဝတ်လာကြဟန်ရှိသည်။” သို့သော် ဤခေတ်ရေစီးကြောင်းသည် ဒေသနောက်ခံအချို့တွင် ဂရုမစိုက် မမှုသောသဘောထားမျိုးကို တင်ပြပေမည်။ သို့မဟုတ် ထိုသို့ဝတ်စားခြင်းက မိမိကိုယ်ကိုအလေးမထား သို့မဟုတ် အခြားသူတို့ကို ဂရုမစိုက်သည့်သဘောကို တင်ပြရာရောက်ပေသည်။

ဆရာသမားများနှင့်ပတ်သက်၍ တပည့်များ၏အမြင်အကြောင်းဆောင်းပါးတစ်ခုတွင် သိမြင်မှုနှင့် လှုပ်ရှားမှုစွမ်းရည်ဂျာနယ်က ဤသို့ရှင်းပြ၏။ “ဂျင်းဘောင်းဘီဝတ်ဆင်လာသောဆရာကိုတွေ့လျှင် အတန်းထဲပျော်မြူးစရာရှိစေသည်ဟု ယူမှတ်ကြမည်ဖြစ်သော်လည်း ထိုသူ၏အယူအဆများကို လေးမြတ်မှုအနည်းဆုံးပြပြီး ဘုမသိဘမသိဆရာအဖြစ် များသောအားဖြင့် သဘောထားလေ့ရှိ၏။” “ဂျင်းဝတ်ဆင်သည့်ဆရာမတစ်ဦးကို ပေါင်းသင်းရကောင်း၍ ချဉ်းကပ်ရလွယ်ကူသူ၊ အသိဉာဏ်ပညာမကြွယ်ဝလှ၊ ရိုသေလေးစားရန် မလိုအပ်လှ၊ ဆရာအင်္ဂါရုပ်မရှိသူ၊ လူအများကြိုက်နှစ်သက်သူအဖြစ် တွေ့ မြင်လေ့ရှိကြသည်” ဟုထိုဂျာနယ်ကပင် ထုတ်ဖော်ပြောဆို၏။

တစ်ကြိမ်တည်းတွင် စီးပွားရေလောက၌မူ အခြားဖက်ရှင်တစ်မျိုးဖြစ်သည့် ဩဇာအာဏာရှိပုံဝတ်စားခြင်းကိုတွေ့ရသည်။ မကြာမီနှစ်များအတွင်း လုပ်ငန်းခွင်တွင် ရာထူးအမြင့်ပိုင်းသို့ တက်လှမ်းလိုသူ အမျိုးသမီးများတိုးများလာပေပြီ။ ပုံနှိပ်ထုတ်လုပ်ရေးဌာနတစ်ခုမှ စီမံကွပ်ကဲရေးအရာရှိ မာရီးဆိုသူက “အာဏာအပြည့်ရှိပုံ ကျွန်မဝတ်ဆင်တယ်။ ကျွန်မပေါ်လွင်ထင်ရှားချင်တယ်။ ထူးထူးခြားခြားထင်ပေါ်သူတစ်ဦးအဖြစ် ကိုယ့်ကို သူများယူမှတ်စေချင်တယ်” ဟူ၍ပြောသည်။ မာရီးက သူ့ကိုယ်သူအာရုံစိုက်သူပါဟုဖော်ပြရာ၌ ပွင့်လင်းလှသည်။

ပေါ်ပင်ဝတ်စားပုံများသည် ချာ့ချ်များထဲ၌လည်း မလွဲဧကန်ရောက်ရှိလာ၏။ ဖက်ရှင်ကိုပိုဂရုစိုက်သူအချို့သည် ၎င်းတို့၏နောက်ဆုံးပေါ်ဝတ်စုံကိုကြွားဖို့ ချာ့ချ်ကိုပင် အသုံးပြုတတ်ကြသည်။ သို့သော် ယနေ့ ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ထားကြသည့် ဓမ္မဆရာများသည် ဂျင်းဘောင်းဘီများနှင့် ကင်းဗတ်ရွက်ဖျင်ဖိနပ်များ၊ သို့မဟုတ် ပေါ်ပင်အဝတ်အစားများကို ဝတ်ဆင်လာကြသော အသင်းတော်ကို သူတို့၏တရားဟောစင်မြင့်မှ အထင်အမြင်သေးစွာ ကြည့်ရှုကြရလေ့ရှိ၏။

မိမိကိုယ်ကိုနှင့် မိမိမည်သူမည်ဝါဖြစ်ခြင်းကို အဘယ်ကြောင့်အာရုံစိုက်လွန်းရသနည်း

စိတ်ပညာရှင်များက ပေါ်ပင်အဝတ်အစား—အထူးသဖြင့် လူငယ်များအကြား—သည် အတ္တဆန်ခြင်းဝါဒ၏အသွင်တစ်ခုဖြစ်ပြီး အာရုံစိုက်စေလိုကြောင်း ဖော်ပြသည်။ သူတို့က ယင်းကို “မြီးကောင်ပေါက်အရွယ်၏ မိမိသည် အခြားသူတို့၏အာရုံစိုက်စရာဟုယူမှတ်တတ်သည့် နာတာရှည်ရောဂါ” အဖြစ်ဖော်ပြကြ၏။ တစ်နည်းအားဖြင့် သူက “ကျွန်ုပ်ကိုယ်ကိုကျွန်ုပ် အာရုံစိုက်သလောက် ခင်ဗျားတို့လည်း ကျွန်ုပ်ကိုအာရုံစိုက်နေကြတာပါပဲ လို့ထင်တယ်” ဟုဆိုရာရောက်သည်။—စိတ်ရောဂါကာကွယ်ကုသရေး အမေရိကန်ဂျာနယ်။

လူကို အရေးအပါဆုံးဖြစ်စေပြီး ဘုရားသခင်ကို လျစ်လျူရှုသည့် တွေးခေါ်ယူဆမှုများကလည်း စကြဝဠာတွင် သင်သည်သာအဓိကဟုထင်မှတ်ခြင်း (စီးပွားရေးလောကမှ ဖြန့်ချိလေ့ရှိ) ကိုအားပေးအားမြှောက်ပြုသော အတွေးအခေါ်များဖြစ်သည်။ ခက်သည်မှာ ယခုဤ ‘အရေးပါဆုံးသော’ သူ ခြောက်ဘီလီယံကျော်ရှိနေခြင်းဖြစ်သည်။ ခရစ်ယာန်ဘောင်ဘာသာရေးများမှ သန်းနှင့်ချီသောသူတို့သည်လည်း “ဤအချိန်တွင် ဘဝကောင်းကိုစံစား” ရန်ကြိုးစားကြရာ ရုပ်ပစ္စည်းများ၏ တစ်ဟုန်ထိုး ထိုးနှက်မှုအောက်ကျရောက်ခဲ့ကြရပြီ။ (၂ တိမောသေ ၃:၁-၅ နှိုင်းယှဉ်။) ထပ်ဆင့်၍ မိသားစုစည်းလုံးမှုနှင့် စစ်မှန်သောမေတ္တာ လုံးပါးပါးလာရာ အထူးသဖြင့် လူငယ်များနှင့်လူအများအပြားက မိမိမည်သူမည်ဝါဖြစ်ခြင်းနှင့် လုံခြုံမှုရှိခြင်းအတွက် မရမကကြိုးစားကြခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။

သို့သော် မိမိတို့၏အဝတ်အစားနှင့် ဘုရားသခင့်ရှေ့ မိမိတို့၏ရပ်တည်မှုအတွက် စိုးရိမ်ပူပန်သူတို့က စိတ်ရင်းမှန်ဖြင့် ဤသို့မေးတတ်ကြသည်– ဝတ်ပုံစားပုံကို အဘယ်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲသင့်သနည်း။ ကျွန်ုပ်၏ဝတ်စားပုံမှာ သင့်တော်မတော် မည်သို့သိနိုင်မည်နည်း။ ယင်းက ကျွန်ုပ်ကိုအထင်မှားစေသလော သို့မဟုတ် တစ်လွဲအချက်ပြသလော။

ကျွန်ုပ် သင့်တင်စွာဝတ်ဆင်ထားပါသလော

အမှန်မှာ ကျွန်ုပ်တို့ဝတ်ဆင်ပုံသည် ကိုယ့်အကြိုက်ကိုယ်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီ၏အကြိုက်သည် ကျွန်ုပ်တို့တတ်နိုင်သည့် ငွေကြေးအခြေအနေကဲ့သို့ ကွာခြားပေမည်။ ထို့အပြင် တစ်နေရာနှင့်တစ်နေရာ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ဒေသလိုက်ရာသီဥတု တစ်ခုနှင့်တစ်ခုအလိုက် ထုံးတမ်းစဉ်လာများမှာ မတူညီချေ။ သို့သော် သင့်အခြေအနေမှာ မည်သို့ပင်ဖြစ်နေပါစေ ဤမူကို သင့်စိတ်ထဲစွဲမှတ်ထားပါ– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။” (ဒေ. ၃:၁) တစ်နည်းဆိုရသော် အခါသမယနှင့်အညီဝတ်ဆင်ပါ။ ဒုတိယအနေဖြင့် ‘သင်၏ဘုရားသခင်နှင့်အတူသွားလာရာ၌ ဣန္ဒြေရှိ’ ပါ။—မိက္ခာ ၆:၈၊ ကဘ။

ယင်းက ဣန္ဒြေကြီးလွန်းစွာဝတ်ဆင်ရမည်ဟု မဆိုလိုဘဲ “ရှက်ကြောက်ခြင်း” ကိုထင်ဟပ်ပြသည့် “လျောက်ပတ်သော” နည်းဖြင့်ဝတ်စားဆင်ယင်ခြင်းဖြစ်သည်။ (၁ တိမောသေ ၂:၉၊ ၁၀) များသောအားဖြင့် ထိုသို့ဝတ်ဆင်ရန် ချုပ်တည်းမှုရှိကြောင်း တင်ပြခြင်းမျှဖြစ်သည်၊ အလုပ်သမမဂ္ဂဇင်းက ၎င်းအရည်အချင်းသည် လိုက်ဖက်တင့်တယ်စွာဆင်မြန်းစေ၏ဟုဆိုသည်။ လျောက်ပတ်သောလမ်းစဉ်မှာ သင်အခန်းထဲဝင်လာသောအခါ သင့်အဝတ်အစားသည် သူတစ်ပါးဦးဆုံးသတိထားရာ သူတစ်ပါးကိုလွှမ်းမိုးရန် ဘယ်သောအခါမျှမဖြစ်ပါစေနှင့်။ အလုပ်သမက ဤသို့ဆိုသည်– “သင့်အဝတ်အစားကိုကျော်လွန်၍ သင်၏ကောင်းမြတ်သောအရည်အသွေးများကို လူတို့ မြင်သာစေရန် . . . ဝတ်ဆင်ပါ။”

အာရုံသိလှုပ်ရှားမှု စွမ်းရည်များ ဂျာနယ်က ဤသို့ဆိုသည်– “သူတစ်ပါးကိုမြင်မြင်ချင်းမှတ်ချက်ချဖို့ အသုံးပြုသည့် အရေးပါသောလမ်းစတစ်ခုမှာ အဝတ်အစားဖြစ်ကြောင်း အသံတိတ်ဆက်သွယ်၍ စွဲမှတ်စရာဖြစ်စေသည့် အဝတ်အစား၏ကဏ္ဍကိုဆန်းစစ်သော စာပေအမြောက်အမြားကတင်ပြသည်။” ၎င်းနှင့်စပ်လျဉ်း၍ ယခင်ကမိမိဝတ်စားဆင်ယင်ပုံဖြင့် မိမိ၏ဆွဲဆောင်မှုအစွမ်းကိုနှစ်ခြိုက်ခဲ့သည့် အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “အဲဒီလိုဝတ်စားလို့ကျွန်မအကြီးအကျယ်ပြဿနာတွေတက်ခဲ့တယ်။ ကျွန်မအသက်မွေးဝမ်းကြောင်းနဲ့ ကိုယ်ပိုင်အသက်တာကို ခွဲခြားမမြင်စေတဲ့အတွက်ကြောင့်ဖြစ်တယ်။ စီးပွားဖက်တွေက ညစာစားဖို့ ကျွန်မကို အမြဲခေါ်သွားချင်နေကြတယ်။” ၎င်းနှင့်ခြားနားစွာဝတ်ဆင်မှုရလဒ်ကို ဖော်ပြရာတွင် အမျိုးသမီးစာရင်းကိုင်တစ်ဦးက ဤသို့ပြောပြသည်။ “ယောက်ျားပုံစံကျကျ ဝတ်ဆင်သည့်အမျိုးသမီးများကို အမျိုးသားများ မည်သို့ပြုမူဆက်ဆံသည်ကို ကျွန်မတွေ့ဖူးသည်။။ တစ်ဖက်သား၏ ပျော့ကွက်ကိုရှာ၍ တိုက်ခိုက်မည့်အမျိုးသမီးများဟု သူတို့ယူမှတ်ကြကာ အမျိုးသားများသည် ခပ်တင်းတင်းဆက်ဆံကြသည်။”

ဂျက်ဖီအမည်ရှိ မိန်းမငယ်လေးတစ်ဦးသည် ခေတ်စားသောဆံပင်ပုံစံထားသောအခါ သူတစ်ပါးအထင်လွဲစရာအချက်ပြမိလျက်သားဖြစ်ခဲ့သည်။ “ခါတိုင်းနှင့်မတူတဲ့ ဆံပင်ပုံလို့သာ ကျွန်မထင်ခဲ့မိတယ်” ဟုသူကပြောပြသည်။ “ဒါပေမဲ့ လူတွေက ‘မင်းဟာ ယေဟောဝါသက်သေတကယ်ဟုတ်ရဲ့လား’ လို့စပြီးမေးလာကြရော၊ တော်တော့်ကို ရှက်စရာပါပဲ။” ဂျက်ဖီသည် မိမိကိုယ်ကို ဆန်းစစ်လို၏။ “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း” နှုတ်ဖြင့်သာမက ကျွန်ုပ်တို့၏ဝတ်စားဖြီးလိမ်းပုံကလည်း အမှန်စကားပြောတတ်သည်မဟုတ်ပေလော။ (မဿဲ ၁၂:၃၄) သင်ဝတ်စားပုံက အဘယ်အရာကို ဖော်ပြသနည်း—ဖန်ဆင်းရှင်အား အာရုံစိုက်စေလိုသလော၊ သင့်ကိုအာရုံစိုက်စေလိုသလော။

“လျောက်ပတ်” စွာ ဝတ်ဆင်

ထို့ပြင် သင့်အဝတ်အစားများက သင့်ကိုမည်သို့ထိခိုက်ကြောင်းလည်း သုံးသပ်ကြည့်ပါ။ အာဏာရှိပုံစံမျိုးဝတ်ဆင်ခြင်းနှင့် အလွန်အကျွံဝတ်ဆင်ခြင်းက သင့်ကိုမာန်တက်စေပေမည်၊ သေသပ်မှုမရှိသောအဝတ်အစားက သင့်စိတ်ပျက်မှုကို စစ်ကူပေမည်၊ သင်အနှစ်သက်ဆုံး ရုပ်ရှင် သို့မဟုတ် အားကစား သို့မဟုတ် အခြားအကျော်အမော်များကို ကြော်ငြာပေးသည့်တီရှပ်များက ရုပ်ပုံကိုးကွယ်မှုသို့ သင့်ကို တွန်းပို့ပေးပေလိမ့်မည်။ မှန်ပါသည်၊ သင့်အဝတ်အစားသည် အခြားသူတို့ကို သင့်အကြောင်းပြောပြသည်။

သင်သည် သူတစ်ပါးသိမူရန်အပျံစား သို့မဟုတ် ရင်ဖိုစရာဖြစ်စေဖို့ဝတ်ဆင်ပါက သင့်အဝတ်အစားများသည် သင့်အကြောင်းအဘယ်အရာပြောသနည်း။ သင့်အနေဖြင့် ဖျောက်ဖျက်စွန့်လွှတ်သင့်သည့် ဥပဓိရုပ်ဉာဉ်များကို အမှန်အားဖြင့် သင်သည် စစ်ကူပို့နေသလော။ ထို့ထက်ကား မည်သို့သောလူစားမျိုးကို ဆွဲဆောင်ဖို့ သင်ကြိုးစားနေသနည်း။ ရောမ ၁၂:၃ တွင် မှတ်တမ်းတင်ထားသော ဆုံးမစကားက အတ္တဆန်ခြင်း၊ ဝင့်ဝါခြင်းနှင့် အပျက်သဘောရှိခြင်းတို့ကို ကျွန်ုပ်တို့ဖျောက်ဖျက်ဖို့ ကူညီပေးနိုင်သည်။ ထိုတွင် တမန်တော်ပေါလုက “ကိုယ်ကို [ကိုယ်] ထင်သင့်သည်အတိုင်းထက် လွန်၍မထင်ဘဲ . . . လျောက်ပတ်စွာထင်ရမည်” ဟု အကြံပြုသည်။ “လျောက်ပတ်စွာထင်ရမည်” ဟူသည်မှာ စဉ်းစားချင့်ချိန်တတ်ခြင်းကို ဆိုလိုခြင်းဖြစ်၏။

ယင်းသည် အထူးသဖြင့် တာဝန်ရှိ၍ ယုံကြည်အားထားရသောရာထူး ရရှိထားသူတို့အတွက် အထူးအရေးကြီးပေသည်။ သူတို့၏ပုံသက်သေသည် အခြားသူတို့ကို အလွန်ပင်လွှမ်းမိုးနိုင်ပေသည်။ ခရစ်ယာန်အသင်းတော်တွင် အခွင့်အရေးများကို လက်လှမ်းယူနေကြသူတို့နှင့် သူတို့၏ခရစ်ယာန်ဇနီးသည်များလည်း သူတို့ဝတ်စားဖြီးလိမ်းပုံဖြင့် ဣန္ဒြေရှိသူ၊ လေးစားသည့်သဘောရှိသူဖြစ်ကြောင်း အမှန်တင်ပြကြပေမည်။ ယေရှု၏မင်္ဂလာဧည့်ခံပွဲပုံဥပမာတွင် ထူးထူးခြားခြားကိုယ်တော်ဖော်ပြခဲ့သူနှင့် ကျွန်ုပ်တို့ ဘယ်တော့မျှတူလိုကြမည်မဟုတ်ပေ– “မင်းကြီးသည် ပွဲတော်၌လျောင်းသောသူတို့ကိုကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ မင်္ဂလာဆောင်ပွဲ၏အဝတ်ကိုမဝတ်သော သူတစ်ယောက်ကိုမြင်” ၏။ ဤသူသည် ထိုကဲ့သိုသော ဂုဏ်သိက္ခာကင်းမဲ့သည့်အဝတ်အစားကို ဝတ်ဆင်ခြင်းအတွက် အကြောင်းပြချက်မည်မည်ရရ မရှိကြောင်းသိရှိသွားရာ “မင်းကြီးသည် အခြံအရံတို့အား ‘ထိုသူ၏လက်ခြေကို တုပ်နှောင်လော့။ . . . ပြင်အရပ် . . . ထဲသို့ ယူသွားချလိုက်ကြ’ ဟု အမိန့်တော်ရှိ၏။”—မဿဲ ၂၂:၁၁-၁၃။

သို့ဖြစ်၍ မိဘများသည် ဝတ်စားဆင်ယင်မှု၌ ကြည့်ပျော်ရှုပျော်ဖြစ်ဖို့၊ ကောင်းမွန်သောသဘောထားများရှိဖို့ စကားဖြင့်သာမက ပုံသက်သေအားဖြင့် သားသမီးများကို သွန်သင်ပေးရန် အရေးကြီးပေသည်။ ဤသို့ပြုရာတွင် မိဘများသည် သူတို့၏သား သို့မဟုတ် သမီးကို ဖျောင်းဖျပြောဆိုရာ၌ တစ်ခါတစ်ရံကြပ်မတ်ဖို့လိုကောင်းလိုပေမည်။ သို့သော် ကျွန်ုပ်တို့၏လူငယ်များနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ဝတ်စားပြုမူပုံကြောင့် မမျှော်လင့်ဘဲချီးမွမ်းခံရပါက အမှန်တကယ်အားရှိစရာကောင်းလိုက်လေခြင်း!

မှန်ပါသည်၊ ယေဟောဝါ၏ကျေးကျွန်တို့သည် ဝင့်ဝါခြင်း၊ ခေတ်စား၍ဈေးကြီးသောအရာများကိုလိုချင်ခြင်း၊ မိမိကိုယ်ကို အာရုံစိုက်လွန်းခြင်းတို့မှ ကင်းဝေးလာခဲ့ကြပြီ။ သူတို့သည် လောကဝိညာဉ်ဖြင့်မဟုတ် ဘုရားသခင့်မူများဖြင့် လမ်းညွှန်ခံနေကြရသည်။ (၁ ကောရိန္သု ၂:၁၂) ဤမူများအတိုင်း သင်အသက်ရှင်မည်ဆိုလျှင် အဝတ်အစားရွေးချယ်ခြင်းသည် သင့်အတွက် အလွန်ခက်လိမ့်မည်မဟုတ်ပါ။ ထိုထက်ကား ကောင်းစွာရွေးချယ်ထားသော ဓာတ်ပုံဘောင်ကဲ့သို့ပင် သင့်အဝတ်အစားများသည် သင့်စရိုက်လက္ခဏာကို လွှမ်းမိုးသွားမည်မဟုတ်၊ တလွဲယူဆစေမည်မဟုတ်ချေ။ ဘုရားသခင်ကိုအတုယူဖို့ သင်သာ၍ကြိုးစားလေလေ သင့်အဝတ်အစားများထက် များစွာတာသွားသည့် ဝိညာဉ်ရေးဆိုင်ရာအလှအပကို သင်သာ၍မွေးမြူလေလေဖြစ်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ