ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ဖွားစကလေးနှင့်နာကျင်မှု
ဖွားစကလေးငယ်များသည် အရွယ်ရောက်သူများထက် နာကျင်မှုကိုပို၍ခံစားရလွယ်ပြီး အချိန်ပိုကြာကြာခံစားရကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ်မှ သုတေသီများက အတည်ပြုပြောကြားခဲ့သည်။ “ကလေးငယ်များနှင့် နို့စို့ကလေးများနာကျင်တတ်ကြောင်းကို လွန်ခဲ့သော ၁၀ နှစ်ကမှ သိရှိခဲ့ကြသည်” ဟုလန်ဒန်မြို့ထုတ် သည်ဆန်းဒေးတယ်လီဂရပ်ဖ်တွင် ဖော်ပြထားသည်။ ယင်းမတိုင်မီက လမစေ့သောကလေးငယ်များသည် မေ့ဆေး၊ ထုံဆေးများမပါဘဲ ထိခိုက်ဒဏ်ရာကုသမှုနှင့် ခွဲစိတ်ကုသမှုတို့ကို ခံခဲ့ရကြသည်။ ယခုအခါ ဆရာဝန်များက ထိုသို့သောကုသမှုသည် နာကျင်သည့်တုံ့ပြန်မူကို ကြာရှည်စွာဆက်၍ခံစားသွားရနိုင်ပြီး ယင်းသည် ကလေးဘဝလွန်သည့်အထိ ခံစားနေရနိုင်သည်ဟု ယုံကြည်ကြသည်။ ၎င်းမှာ သာ၍ကြီးသောကလေးများနှင့် အရွယ်ရောက်သူတို့တွင်ရှိသော နာကျင်ကြောင်းသတင်းပို့မှုများကို ‘လျော့နည်းစေ’ သည့် သဘာဝဖွဲ့စည်းမှုယန္တရားသည် လမစေ့ဘဲမွေးသည့်ကလေးများ၌ ကောင်းစွာမလည်ပတ်သေးသောကြောင့်ဖြစ်သည်။ ကလေးငယ်များ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအတော်များများမှာလည်း နာကျင်မှုခံစားရပြီး အရေပြားထိခိုက်ရှနာအသေးအဖွဲလေးပင်လျှင် အနာကျက်ပြီးအတန်ကြာအထိ ထိခိုက်ထားသောနေရာကို လုံးဝအထိမခံနိုင်သည်အထိဖြစ်နိုင်သည်ဟု သတင်းစာကဖော်ပြသည်။
ကျောင်းသားများ၏အကြံပေးချက်က ရှာဖွေတွေ့ရှိမှုကိုဖြစ်စေ
ရူပနက္ခတ္တဗေဒတက္ကသိုလ်ကျောင်းသားတစ်ဦးထံမှ မှတ်ချက်ငယ်တစ်ခုအရ နက္ခတ္တဗေဒပညာရှင်များသည် ကျွန်ုပ်တို့၏နေအပြင် ကြယ်များကိုလှည့်ပတ်သည့် ဂြိုဟ်များစာရင်းတွင် ဂြိုဟ်တစ်ခုကိုထပ်ဖြည့်စွက်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်စ်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကေဗဲန် အက်ပ်စ်က ဂြိုဟ် ကိုးလုံးကိုရှာဖွေတွေ့ရှိကြသည့် နက္ခတ္တဗေဒပညာရှင်နှစ်ဦးဖြစ်သော ဒေါက်တာ ဂျက်ဖရီ ဒဗလျူ. မာစီ နှင့် ဒေါက်တာ အာရ်. ပေါလ် ဘတ်တလာတို့အား သူတို့ သတိမမူမိခဲ့သည့် နေကဲ့သို့သော ကြယ် ၃၀ ကို ရှာဖွေကြရန် အကြံပြုခဲ့သည်။ သူတို့ထိုသို့ပြုခဲ့ကြရာ ကြယ်တစ်လုံးကိုလှည့်ပတ်နေသော ဂျူပီတာအရွယ်အစားရှိ ဂြိုဟ်တစ်လုံးကိုတွေ့ရှိခဲ့ကြသည်။ လိုက်စစ်ရှာဖွေရန် သူအကြံပေးထားသည့်ကြယ်များကိုရွေးချယ်ဖို့ အက်ပ်စ်သည် “နောက်ဆုံးပေါ် ဂြိုဟ်တုသတင်းအချက်အလက်ကိုအသုံးပြုကာ ဖြစ်နိုင်ခြေအရှိဆုံးဟု လက်သင့်ခံထားသော ဂြိုဟ်များလှည့်ပတ်နေမည့် ကြယ်များကို ဆန်ခါချလိုက်သည်” ဟု ဒေါက်တာ မာစီက ဆိုသည်။ ဤစုံစမ်းတွေ့ရှိမှုနှင့် နက္ခတ္တဗေဒပညာရှင်နှစ်ဦးတွေ့ရှိထားသော နောက်ထပ်ဂြိုဟ်တစ်လုံးတို့ကိုပေါင်းလျှင် နေမိသားစုအပြင်ဘက်တွင် သိရှိထားသည့် ဂြိုဟ်အရေအတွက် ၁၂ လုံးရှိပြီး အားလုံးကို သုံးနှစ်တာကာလအတွင်း ရှာဖွေတွေ့ရှိခဲ့သည်ဟု နယူးယောက်တိုင်းမ်စ်သတင်းစာက ဆိုသည်။
ဇရာအိုအတုဝတ်စုံ
လူအများက နုပျိုပြီး အားအင်ပြည့်ဖြိုးဖို့ ရှာကြံနေကြစဉ် လူတစ်ဦးကို အိုမင်းမစွမ်းခံစားမှုဖြစ်ပေါ်စေသည့် ဝတ်စုံကိရိယာကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်း ဂျာမန်သတင်းစာ ဒီဇစ်ကဖော်ပြသည်။ ဆေးဘက်ဆိုင်ရာဆရာဝန်များနှင့်အတူ အဝတ်အစားထုတ်လုပ်မှုအကြံပေးအဖွဲ့က “သက်ကြီးရွယ်အိုများ လောကကိုသိမြင်ခံစားပုံ” ကို သူနာပြုများနှင့် ထုတ်လုပ်သူဒီဇိုင်နာများနားလည်စေရန် အသက်ရွယ်တုဝတ်စုံကို ဖန်တီးခဲ့သည်။ ဤဝတ်စုံကိရိယာတွင် လှုပ်ရှားမှုကိုကန့်သတ်ပေးသည့် ပတ်တီးနှင့်ချုပ်ရိုးများ၊ ကြွက်သားအားလျော့သည်ဟု စိတ်ထင်မှတ်စေဖို့ ခဲသတ္တုပေါင် ၃၀၊ လက်ချောင်းများတင်းတောင့်စေဖို့ လက်အိတ်အတွင်းတွင် မာကျောသောဖုလုံးများ၊ ကြိမ်နှုန်းမြင့်ကိုဖမ်းယူသောနားကြပ်များနှင့် မြင်ကွင်းအကျယ်ကို ထက်ဝက်လျော့ချကာ အမြင်ဝါးစေသောမှန်သားပြင်တို့ပါဝင်သည်။ “လူမျိုးဆက်များစပ်ကြား နားလည်မှုရှိရန် ထောက်ကူပေးသည့်အနေနှင့် အသက် ၆၀ အောက်ရှိသူတိုင်း နာရီအတော်ကြာကြာ ဟိုဟိုဒီဒီလမ်းလျှောက်သင့်သည်” ဟုဒီဇစ်ကအကြံပြုသည်။
ပေါ်ထွက်လာသည့်ရာဇဝင်
“ဗြိတိသျှအင်ပါယာကို ဖျက်ဆီးချေမှုန်းမည့် နပိုလီယံ၏မျှော်လင့်ချက်ကို ပျက်ပြားသွားစေသည့် သမိုင်းဝင်တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီးနောက် ရာစုနှစ်ခုအကြာတွင် ပြင်သစ်အင်ပါယာ၏စစ်သင်္ဘောစုကို မြေထဲပင်လယ်တစ်ဝိုက်ရှိ ပင်လယ်အော်တစ်ခု၏ရေတိမ်ပိုင်းတွင် တွေ့ရှိခဲ့ကြသည်” ဟုတိုရွန်တိုစတားသတင်းစာက ဖော်ပြသည်။ ၁၇၉၈ ခု နိုင်းလ်မြစ်တိုက်ပွဲအတွင်း ရေတပ်ဗိုလ်ချုပ်ကြီး ဟာရာရှိုး နယ်လ်စင် ဦးဆောင်သောဗြိတိသျှရေတပ်က ဗိုလ်ချုပ်အလံထူထားသောစစ်သင်္ဘော လောရင့်ထ်နှင့် လာ စီးရီးရက်၊ လာ အာတီမီးစ်သင်္ဘောတို့ကို နှစ်မြုပ်ပစ်လိုက်သည်။ ပြင်သစ်အဏ္ဏဝါရှေးဟောင်းသုတေသနပညာရှင် ဖရဲန့်ခ် ဂိုဒီယိုသည် ၎င်းစစ်သင်္ဘောစုကို အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒြီးယားပင်လယ်ကမ်းခြေမှ တစ်မိုင်အကွာ ရေအောက်ပေ ၄၀ တွင်တွေ့ရှိခဲ့သည်။ “ဤနေရာသည် ဥရောပ၏ကံကြမ္မာကို အပြီးအပြတ်ဆုံးဖြတ်ခဲ့ရာနေရာဖြစ်၏” ဟုဂိုဒီယိုကမှတ်ချက်ချခဲ့သည်။
ခရီးသွားငှက်များ အပိုဝန်ထုပ်စွန့်ပစ်
ခရီးဝေးပြောင်းရွှေ့မှုမတိုင်မီ ငှက်အချို့၏ကျောက်ကပ်၊ အသည်းနှင့် အခြားဝမ်းတွင်းကလီစာများ ကျုံ့သွားသည်ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းကဖော်ပြသည်။ အလာစကာနှင့် နယူးဇီလန်စပ်ကြားပြောင်းရွှေ့သည့် စင်ရော်ငှက်အရွယ် ဘားတေးလ်ဂေါ့ဝိစ်ခေါ် ရေစပ်နေငှက်များသည် မနားတမ်းပျံသန်းမည့် မိုင် ၇,၀၀၀ ခရီးကိုမစမီ အစာနင့်အောင်စားကြသည်။ နယ်သာလန်နိုင်ငံ ဂရူနန်ဂျင်တက္ကသိုလ်မှ သုတေသီ သူးနစ္စ ပီရစ်မာနှင့် အမေရိကန်နိုင်ငံ ဘူမိဗေဒဆိုင်ရာသုတေသနအဖွဲ့မှ ရောဘတ်ဂေးလ်တို့က ငှက်များသည် တိုးလာသောအလေးချိန်ကို ၎င်းတို့၏အစာခြေဖြစ်စဉ်အင်္ဂါများ၏အရွယ်အစားကို ၂၅ ရာခိုင်နှုန်းခန့်မျှ လျော့ချပစ်ခြင်းဖြင့် အစားထိုးကြသည်။ “၎င်းတို့သည် လိုအပ်သလောက်သာထားရှိသည်၊ ၎င်းတို့ပြန်ဆင်းသက်သောအခါ အစာကိုထုတ်လုပ်ပြီး အတွင်းအင်္ဂါများကို ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်သည်” ဟုဂေးလ်ကထုတ်ဖော်ပြောဆိုသည်။
နို့စို့ကလေးနှင့်ပျားရည်သတိပေးချက်
ပျားရည်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အဲင်တီအောက်ဆီဒဲန့်တို့ပါဝင်သည်ဟု ဆိုင်းယင်းနယူးစ်ကဖော်ပြ၏။ အများအားဖြင့် ပျားရည်အရောင်ရင့်လေလေ အဲင်တီအောက်ဆီဒဲန့်ပါဝင်မှု ပိုများလေလေဖြစ်သည်။ သို့သော် ယူစီ ဘာကလေးဝဲလ်နက်စာစောင်က ဤသို့သတိပေးသည်– “အသက်တစ်နှစ်မပြည့်သည့် ကလေးငယ်များကို ဘယ်သောအခါမျှ ပျားရည်မတိုက်ပါနှင့်။” မြုံနေသောကလော့ဆထရီဒီယမ် ဗော်ကျူလိုင်နမ်မျိုးအောင်ရောဂါပိုးမှုန်များသည် ပျားရည် ၁၀ ရာခိုင်နှုန်းခန့်တွင် မှီတင်းနေထိုင်ကြပြီး နို့စို့ကလေးငယ်ကို အစာအဆိပ်သင့်စေနိုင်သည်။ “ကောင်းစွာမကုသပါက အသည်းအသန်ဖြစ်မှုမှာ သာမန်ဖျားနာခြင်းမှ ပြင်းထန်သည့်လေငန်းရောဂါနှင့် ရုတ်တရက်သေဆုံးခြင်းအထိဖြစ်သွားနိုင်သည်” ဟုဝဲလ်နက်စာစောင်ကဖော်ပြသည်။ သို့ရာတွင် သာ၍ကြီးသောကလေးများအတွက် ပျားရည်သည်အန္တရာယ်မရှိဟုယူမှတ်ရသည်။
သေးသွယ်စေဖို့ ဆေးလိပ်သောက်ခြင်း
“သေးသွယ်လိုစိတ်” သည် ဆယ်ကျော်သက်မိန်းကလေးများကို ဆေးလိပ်သောက်စေကြောင်း ကနေဒါနိုင်ငံ၏ သည်ဂလုပ်အင်မေးလ် သတင်းစာကဖော်ပြသည်။ အသက် ၁၀ မှ ၁၇ နှစ်ရှိ ကနေဒီယန်မိန်းမငယ် ၈၃၂ ဦးနှင့် ဗြိတိန်မိန်းမငယ် ၁,၉၃၆ ဦးတို့ကိုလေ့လာမှုတစ်ရပ်ပြုရာ၌ များစွာတို့က အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည့် နည်းတစ်ခုအဖြစ် “ဆေးလိပ်သောက်ခြင်းကို အစာစားခြင်းအစားပြုသည့်အမှုအဖြစ် စာရင်းသွင်းခဲ့ကြသည်။” ဆယ်ကျော်သက်မိန်းကလေးများစွာက “မိမိတို့သာ ဆေးလိပ်ဖြတ်လိုက်ပါက အစာပိုစားပြီး အလေးချိန်ပိုတိုးလာမည်” ဟုထင်မှတ်ကြသည်။ “ယခုခေတ် ဆယ်ကျော်သက်မိန်းကလေးများသည် ဆယ်ကျော်သက်ဆေးလိပ်သောက်မှု အကြီးအကျယ်တိုးများရခြင်း၏အကြောင်းရင်းဖြစ်ကာ အမျိုးသမီးများတွင် အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်ရခြင်းဖြစ်ကြောင်း မှတ်တမ်းများကဖော်ပြသည်” ဟုဂလုပ်ကဆိုသည်။
အလုပ်အကိုင်အတွက်စိုးရိမ်ခြင်းက ကျန်းမာရေးအတွက်စိုးရိမ်စရာဖြစ်စေနိုင်
သင့်အလုပ်အကိုင်၏အနာဂတ်ရေးကို စိတ်မချရခြင်းက သင့်ကျန်းမာရေးကိုပျက်ပြားစေနိုင်ကြောင်း ဆိုင်းယင်းနယူးစ်မဂ္ဂဇင်းကဖော်ပြသည်။ ရေရှည်ကျန်းမာရေးစစ်ဆေးချက်တစ်ခုတွင်ပါဝင်သော ဗြိတိသျှအရပ်ဘက်ဝန်ထမ်း ၁၀,၀၀၀ တွင် အမျိုးသား၊ အမျိုးသမီး ၆၀၀ ကျော်ရှိသည့်အုပ်စုတစ်စုသည် လေးနှစ်ကျော်ကာလအတွင်း မိမိတို့၏ဌာနကို ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့သို့ ရောင်းလိုက်တော့မည်ဟူသော ကောလာဟလသတင်းကို ကြားခဲ့ကြသည်။ ဤအတောအတွင်း အလုပ်အကိုင်ဆုံးရှုံးဖို့ အလားအလာမရှိသူတို့နှင့်နှိုင်းယှဉ်လေ့လာသည့်အခါ ၎င်းအုပ်စုရှိသူတို့၏ကျန်းမာရေးသည် ပျမ်းမျှအားဖြင့် ကျဆင်းလာခဲ့သည်။ ခြိမ်းခြောက်ခံနေရသည့်အုပ်စုရှိသူတို့သည် သွေးတွင် ကိုလက်စထရောစုခြင်း တိုးများလာကြောင်းနှင့် သွေးအရောက်နည်းနှလုံးရောဂါဖြစ်ပွားမှုသည် ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ ပို၍မြင့်မားလာကြောင်း တွေ့ရှိခဲ့ကြသည်။ ဆိုင်းယင်းနယူးစ် မဂ္ဂဇင်းကဤသို့ဆိုသည်– “ထိုအလုပ်သမားများသည် လေ့ကျင့်ခန်းမပြုလုပ်တော့ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ ၉ နာရီထက်ပိုအိပ်ခြင်း၊ အိမ်ထောင်ဖက်နှင့်ကွာရှင်းခြင်း သို့မဟုတ် ခွဲနေခြင်း ပိုများလာရန်အကြောင်းရှိကြောင်းလည်း ထင်ရှားလာသည်။”
ခွေးစုစည်းမှု
ခွေးတစ်ကောင်သည် မူးယစ်ဆေးဝါးရှာဖွေရန် ကျွမ်းကျင်ဖို့ အဘယ်အရာလိုအပ်သနည်း။ လိုအပ်ချက်များအနက်တစ်ခုမှာ ထူးခြားသောအနံ့ခံအာရုံနှင့် “မတိမ်းစောင်းသောအာရုံစုစည်းမှု၊” ဖြစ်သည်ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းကရှင်းပြသည်။ “မည်သည့်လေဆိပ် သို့မဟုတ် သင်္ဘောဆိပ်တွင်မဆို အာရုံပျံ့လွင့်စရာများရှိသော်ငြားလည်း ကျွမ်းကျင်စွာရှာဖွေတတ်သောခွေးသည် မူးယစ်ဆေးဝါးကိုရှာဖွေခြင်းအပေါ် အာရုံစူးစိုက်နိုင်စွမ်းရှိရမည်၊” ဟုမှတ်တမ်းကဆိုသည်။ ချောပို့စစ်ဆေးမှုကိုပုံမှန်ပြုရာတွင် အချိန်များစွာကုန်နိုင်သော်လည်း “ဖောင်းကားနေသောစာအိတ်တစ်အိတ်ထဲတွင် ဝှက်ထားသည့် ၀.၅ ဂရမ်ရှိ ဘိန်းဖြူကိုပင် ဤခွေးများသည် မလွတ်တမ်းအာရုံစိုက်တွေ့ရှိခဲ့ကြသည်။” ၁၉၉၃ တွင် ခွေးမွေးမြူရေးပရိုဂရမ်တစ်ခုကို စတင်ခဲ့ရာ အလွန်အောင်မြင်ခဲ့သည်; ရာခိုင်နှုန်း ၅၀ ထက်မကသောခွေးများသည် ဩစတြေးလျအကောက်ခွန်ဌာနတွင် မူးယစ်ဆေးဝါးရှာဖွေနိုင်ရန်အတွက် အရည်အချင်းပြည့်မီခဲ့ကြသည်။ ခွေးမွေးမြူရေးတစ်လျှောက်တွင် ခွေးမွေးမြူသူများက အခြားအရည်အသွေးများကိုပါရှာဖွေခဲ့ကာ ချီးမွမ်းခံလိုခြင်း၊ အမဲလိုက်ကောင်းသည့် ပင်ကိုဉာဏ်ရည်၊ သက်လုံကောင်းခြင်းနှင့် ကြောက်ရွံ့မှုကင်းမဲ့ခြင်းစသည်တို့ဖြစ်သည်။
အကွာအဝေးပါထည့်သွင်းထားသော ရှေးအကျဆုံးမြေပုံ
တရုတ်ရှေးဟောင်းသုတေသနပညာရှင်များသည် နှစ်ပေါင်း ၂,၃၀၀ သက်တမ်းရှိ ထွင်းထုထားသောကြေးနီပြားတစ်ပြားကို တွေ့ရှိခဲ့ကြသည်၊ အမှန်မှာ ယင်းသည် ကိန်းဂဏန်းများဖြင့်အကွာအဝေးဖော်ပြထားသော မြေပုံတစ်ပုံဖြစ်ကြောင်း အာဇန်စ် ဖရန်ဇ် ပရက်စ်က သတင်းပို့သည်။ တရုတ်ပြည်မြောက်ပိုင်း ဟိုပေပြည်နယ်ကိုဖော်ပြထားသည့် ထိုမြေပုံသည် စကေးတစ်လက်မလျှင် ၄၂ ပေခန့် အသုံးပြုထားသည်။ ယင်းတွင် ဘီ.စီ.အီး. လေးရာစုတွင် အသက်ရှင်ခဲ့သည့် ဝမ်ချောဘုရင်၏ တော်ဝင်သင်္ချိုင်းပုံတစ်ပုံ ပါဝင်သည်။ တရုတ်ပြည်၏ပိတ်ပင်ထားသောမြို့မှ သုတေသီတစ်ဦးဖြစ်သူ ဒျူနေစုန်းက ဤသို့ဆို၏– “ယင်းသည် တရုတ်ပြည်တွင် တွေ့ရှိခဲ့သမျှ၌ ရှေးအကျဆုံး မြေပုံတစ်ပုံဖြစ်သည်သာမက ကမ္ဘာပေါ်တွင် ကိန်းဂဏန်းများဖြင့်မှတ်သားထားသည့် ရှေးအကျဆုံးမြေပုံလည်းဖြစ်သည်။”
၁၉၉၉ တွင် သန်းပေါင်း ၆,၀၀၀
ယခုနှစ် [၁၉၉၉] တစ်ချိန်ချိန်တွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၆,၀၀၀ ကိုကျော်သွားမည်ဖြစ်ကြောင်း လီမွန်ဒီ ပြင်သစ်နေ့စဉ်သတင်းစာက သတင်းပို့သည်။ သို့ရာတွင် လူဦးရေတိုးပွားမှုနှုန်း နှေးကွေးနေသည်။ နှစ်စဉ်တိုးပွားမှုနှုန်းသည် ၁၉၆၀ ပြည့်လွန်နှစ်များကထက် ၃၀ ရာခိုင်နှုန်း လျော့နည်းပါသည်။ ဤသို့အရှိန်လျော့မှုက သန္ဓေတားဆေးအသုံးပြုမှုတိုးများလာခြင်းနှင့် မိန်းကလေးများ၏ပညာအရည်အချင်း ပို၍မြင့်မားလာခြင်းကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အစီရင်ခံစာအရ အသက် ၆၀ ကျော်သူ သန်းပေါင်း ၅၇၈ ထက်မကရှိစဉ် ၁၅ နှစ် နှင့် ၂၄ နှစ်အကြားရှိ လူငယ်များမူ ယခု [၁၉၉၉] သန်းတစ်ထောင်ကျော်ရှိခြင်းဖြစ်သည်။