ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၁၀/၈ စာ. ၆-၉
  • အိပ်ရေးဝဝအိပ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိပ်ရေးဝဝအိပ်ခြင်း
  • နိုးလော့!—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိပ်စက်ခြင်း၏ ခက်ခဲနက်နဲမှု
  • သင်မည်မျှ အိပ်ဖို့လိုသနည်း
  • လက်တွေ့ကျ ပြုအပ်ရာများ
  • အိပ်စက်ခြင်း ဇိမ်ခံခြင်းလော၊ မရှိမဖြစ်လိုအပ်ရာလော
    နိုးလော့!—၂၀၀၄
  • အိပ်ချိန် ဘယ်လို ပိုရနိုင်မလဲ
    လူငယ်များအမေး
  • သင်၏ အအိပ်အနေကို တိုးတက်စေနိုင်ပုံ
    နိုးလော့!—၂၀၀၄
  • ကျွန်ုပ်တို့ အိပ်မက်မြင်မက်ရမည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၁၀/၈ စာ. ၆-၉

အိပ်ရေးဝဝအိပ်ခြင်း

အိပ်စက်ခြင်းအကြောင်းကို လွန်ခဲ့သောအနှစ် ၅၀ အတွင်း တိုး၍သဘောပေါက်လာခဲ့ကြပြီ။ သိရှိခဲ့ရာများက ကြာမြင့်စွာကတည်းကရှိခဲ့သော လွဲမှားသည့်ယူဆချက်တချို့ကို ချေဖျက်လိုက်သည်။ ထိုသို့သောယူဆချက်တစ်ခုမှာ အနားယူစဉ်အတွင်း ခန္ဓာကိုယ်လုပ်ဆောင်မှုများစွာ အရှိန်လျှော့သွားရာ အိပ်စက်ခြင်းဟူသည် မလှုပ်မရှားဖြစ်သည့် အခြေအနေမျှသာဟူသည့် ယူဆချက်ဖြစ်၏။

ဆေးသုတေသီတို့သည် ဦးနှောက်လှိုင်းပုံစံတို့ကို လေ့လာခြင်းအားဖြင့် အိပ်စက်ခြင်းတွင် သံသရာလည်ပတ်မှု အဆင့်ဆင့်၊ အထပ်ထပ်ရှိကြောင်း သိရှိခဲ့ကြသည်။ တချို့သောအိပ်စက်ခြင်းအဆင့်အတွင်း မလှုပ်မရှားဖြစ်နေဖို့ဝေးစွ၊ လူ့ဦးနှောက်သည် အမြန်နှုန်းဖြင့် လုပ်ဆောင်နေသည်။ ကျန်းမာရေးနှင့်ညီညွတ်သည့် အိပ်စက်ခြင်းတွင် ညစဉ် ဤအဆင့်များကို လေးကြိမ် သို့မဟုတ် ထို့ထက်မကလည်ပတ်ပြီး အဆင့်တိုင်းတွင် အချိန်အလုံအလောက်ရှိကြောင်း သိရှိရ၏။

အိပ်စက်ခြင်း၏ ခက်ခဲနက်နဲမှု

ညဘက်ပုံမှန်အိပ်စက်ခြင်းတွင် အခြေခံအားဖြင့် အဆင့်နှစ်ဆင့်ခွဲခြားထားသည်– အာရ်အီးအမ် [REM] ဟုခေါ်လေ့ရှိသည့် (လျင်မြန်သောမျက်စိရွေ့လျားမှု သို့မဟုတ် အိပ်မက်) အိပ်စက်ခြင်းနှင့် အာရ်အီးအမ်မဖြစ်သော [non-REM] အိပ်စက်ခြင်းတို့ဖြစ်ကြသည်။ လူတစ်ဦး၏မျက်ဆန်သည် မျက်လွှာအောက်တွင် လျင်မြန်စွာရွေ့လျားနေပုံရလျှင် အာရ်အီးအမ်အိပ်စက်ခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။

အာရ်အီးအမ်မဖြစ်သော အိပ်စက်ခြင်းကို အဆင့်လေးဆင့် ထပ်မံခွဲနိုင်သည်။ သင်လဲလျောင်းလိုက်ပြီးနောက် ပထမအဆင့်ဖြစ်သည့် ငိုက်မျဉ်းချိန် သို့မဟုတ် အအိပ်ဆတ်ချိန်အဆင့်သို့ တဖြည်းဖြည်းရောက်ရှိသွားပေမည်။ ဤအဆင့်အတွင်း သင့်ကြွက်သားများ ဖြေလျော့သွားရာ သင့်ဦးနှောက်လှိုင်းများသည် ပုံမှန်မဟုတ်တော့ဘဲ ပိုမြန်လာသည်။ ညစဉ်တိုင်း ပထမဆုံးအကြိမ် ယင်းသို့ဖြစ်ပေါ်ချိန်တွင် အများအားဖြင့် စက္ကန့် ၃၀ မှ ၇ မိနစ်အထိ ကြာတတ်သည်။ သင်သည် ပုံမှန်အားဖြင့် ည၏ ၂၀ ရာခိုင်နှုန်း တကယ်အိပ်လေ့ရှိသည့် ဒုတိယအဆင့်သို့ ရောက်သွားသည့်အခါ ဦးနှောက်လှိုင်းများသည် ပိုကြီးမားလာသည်။ ထိုအခိုက် သင့်စိတ်ထဲတွင် စိတ်ကူးစိတ်သန်းများသာမက ပုံရိပ်အတိုအထွာများ ပေါ်လာမည်ဖြစ်သော်လည်း သင်သည် ပတ်ဝန်းကျင်ကို သတိမမူ၊ မျက်လုံးများဖွင့်ထားလျက်ပင် မမြင်နိုင်ဘဲဖြစ်နေပေမည်။

တတိယအဆင့်နှင့် စတုတ္ထအဆင့်တို့ဖြစ်သည့် အိပ်မောကျခြင်းမှ အိပ်မောအကျဆုံးအချိန်တို့ဖြစ်လာသည်။ ဤအချိန်ကို ဒယ်လတာအိပ်စက်ခြင်းဟုလည်းခေါ်ကြ၍ ၎င်းတွင် သင့်ဦးနှောက်သည် ကြီးမား၍နှေးကွေးသော ဒယ်လတာလှိုင်းများ ထုတ်လွှတ်ပေးသည်။ ဤအချိန်တွင် သင့်သွေးအများစုသည် ကြွက်သားများသို့ ဦးတည်နေသောကြောင့် သင်သည် နိုးထရန် အခက်ခဲဆုံးအချိန်ဖြစ်သည်။ (ပုံမှန်အားဖြင့် ည၏ ၅၀ ရာခိုင်နှုန်းနီးပါးကြာသည့်) ဤအချိန်အတွင်း ခန္ဓာကိုယ်သည် ပြန်လည်အားအင်ပြည့်ဖြိုးလာပြီး ပြန်လည်ပြုပြင်မှုများပြုကာ ဤဒယ်လတာအိပ်စက်ခြင်းတွင် လူငယ်တို့၏ခန္ဓာကိုယ်များ ကြီးထွားလာသည်။ ဒယ်လတာအဆင့် အိပ်မောကျခြင်းမရှိသူ ကြီးငယ်မဟူသည် နောက်နေ့တွင် မောပန်းခြင်း၊ စိတ်မပါခြင်းတို့နှင့် စိတ်ဓာတ်ကျခြင်းကိုပင် ခံစားရနိုင်ကြောင်း သိရှိထားရန်အရေးကြီးသည်။

နောက်ဆုံးတွင် ဖြစ်စဉ်တိုင်းသည် လုံးဝကွဲပြားသော အာရ်အီးအမ်အဆင့်ဖြင့် ပြီးစီးသွားသည်။ (အများအားဖြင့် မိနစ် ၉၀ တိုင်းနီးပါး ဖြစ်ပေါ်တတ်သော) ဤအိပ်မက်မက်ခြင်းအဆင့်အတွင်း ဦးနှောက်သို့ သွေးများ ပိုမိုဦးတည်သွားရာ သင်၏ဦးနှောက်လှိုင်းများသည် သင်နိုးထနေချိန်ကကဲ့သို့နီးပါး ဖြစ်နေ၏။ သို့ရာတွင် သင့်ကြွက်သားများကို မလှုပ်ရှားနိုင်ပေ။ ဤသို့မလှုပ်ရှားနိုင်ခြင်းက သင်အိပ်မက်မက်သည့်အတိုင်း မပြုမူမိရန်တားဆီးပေး၍ မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို အနာတရမဖြစ်စေပါ။

ဤအာရ်အီးအမ် သို့မဟုတ် အိပ်မက်မက်ခြင်း ဖြစ်စဉ်များသည် ညအချိန်တွင် ပိုကြာရှည်စွာဖြစ်ပေါ်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အလွန်အရေးကြီးပုံရသည်။ ကွန်ပျူတာတစ်လုံးကဲ့သို့ပင် ဦးနှောက်သည် ရေတိုမှတ်ဉာဏ်အားဖြင့် အသေးစိတ်စစ်ဆေးပြီး အရေးမကြီးသည့်အချက်အလက်များကို ဖျောက်ဖျက်လိုက်ကာ ရေရှည်မှတ်ဉာဏ်အတွက် လိုအပ်သည့်အချက်အလက်များကို ထိန်းသိမ်းထားပေးသည်။ အိပ်မက်မက်သည့်ဖြစ်စဉ်များ အလွန်ဖြစ်ခဲခြင်းက စိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်စေသည်ဟု သိထားကြသည်။ သာဓကအနေနှင့် အိပ်မရသူများသည် သာမန်လူတို့ထက် အာရ်အီးအမ်အိပ်စက်ခြင်း နည်းသောကြောင့် စိုးရိမ်ပူပန်မှုတိုးသည်ထက်တိုးလာသည့် ဝေဒနာရှိသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ပုံမှန်လည်ပတ်ရမည့် ဤဖြစ်စဉ်များကို မှန်မှန် (တမင်တကာ သို့မဟုတ် အလိုအလျောက်) မရရှိသဖြင့် အိပ်ရေးမဝသည့်အခါ မည်သို့ဖြစ်လာနိုင်သနည်း။ ကျွန်ုပ်တို့သည် အိပ်ရေးမဝသည့် အကြိမ်ပေါင်းများလာလျှင် စိတ်ဓာတ်ကျန်းမာရေးအတွက် အရေးကြီးသည့် နောက်ဆုံးနှင့် အကြာရှည်ဆုံး အာရ်အီးအမ်အိပ်ချိန်မှ အကျိုးအပြည့်အဝ ရလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏အိပ်စက်မှုပုံစံသည် မူမမှန်ဘဲ ခဏတာ တစ်မှေးမျှအိပ်စက်ခြင်းမျိုးများဖြစ်လာလျှင် ကျွန်ုပ်တို့ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပြုပြင်ပေးရန် လိုအပ်သည့် ဒယ်လတာအိပ်စက်ခြင်း ရလေ့မရှိပါ။ ဤသို့ဆက်တိုက် အိပ်ရေးပျက်သူများသည် အာရုံစိုက်နိုင်စွမ်းမရှိ၊ မှတ်ဉာဏ်မကောင်း၊ စကားပြောဆိုစဉ် စကားလုံးများရှာမရဖြစ်ပြီး ပိုင်းခြားစိတ်ဖြာနိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်း လျော့နည်းလာမည်ဖြစ်သည်။

ခန္ဓာကိုယ်ကို အဘယ်အရာများက အိပ်စက်စေသနည်း။ အကြောင်းရင်းများစွာ စုပေါင်း၍ (နေ့စဉ်) စည်းဝါးကျ သို့မဟုတ် အိပ်ခြင်း-နိုးခြင်းဖြစ်စဉ်ပုံစံကို ဖြစ်ပေါ်စေကြောင်း ထင်ရှားသည်။ ဤတွင် ဦးနှောက်၏ဓာတုဖွဲ့စည်းပုံ ပါဝင်ပုံရှိသည်။ ထို့ပြင် ဦးနှောက်တွင်ရှိသည့် အာရုံကြောဆဲလ်များ၏ဗဟိုချက်မသည် အိပ်စက်ခြင်းသံသရာကို ထိန်းချုပ်ရန်ကူညီပေးကြောင်း ထင်ရှားသည်။ ယင်းသို့ထိန်းချုပ်ပေးသော “နာရီ” သည် စက္ခုနဗ်ကြောအနီးတွင် တည်ရှိသည်။ သို့ဖြင့် စက္ခုအလင်းက အိပ်ချင်စိတ်ကို ဩဇာလွှမ်းမိုးထား၏။ စူးရှသည့်အလင်းသည် သင့်အားနိုးကြားနေစေ၍ အမှောင်မူကား အိပ်ချင်စိတ်ဖြစ်စေသည်။

ထို့ပြင် သင့်ခန္ဓာကိုယ်အပူချိန်နှင့်လည်း သက်ဆိုင်သည်။ သင့်ခန္ဓာကိုယ်အပူချိန် အမြင့်ဆုံးဖြစ်သည့် နံနက်လယ်နှင့် ညနေလယ်အချိန်တို့တွင် သင်သည် အနိုးကြားဆုံးဖြစ်နေလေ့ရှိသည်။ သင့်ကိုယ်ခန္ဓာအပူချိန် ကျဆင်းလာလေ ပိုပြီးငိုက်မျဉ်းလာလေဖြစ်သည်။ နိုးကြားနေခြင်းနှင့် ငိုက်မျဉ်းခြင်းပုံစံသည် တစ်ဦးနှင့်တစ်ဦး မတူကြောင်း သုတေသီတို့ သဘောတူကြသည်။

သင်မည်မျှ အိပ်ဖို့လိုသနည်း

ပျမ်းမျှအားဖြင့် တစ်ညလျှင် ရှစ်နာရီခန့် အိပ်စက်ရန်လိုသည်ဟု သိပ္ပံပညာရှင်များပြောကြသည်။ သို့သော် လေ့လာချက်များအရ တစ်ဦးစီ၏လိုအပ်ချက်များသည် ထူးခြားစွာကွဲပြားကြောင်းလည်း ဖော်ပြသည်။

မိမိကိုယ်ကို ရိုးရိုးသားသားဆန်းစစ်ခြင်းက သင်သည် ကျန်းမာရေးနှင့်ညီညွတ်သည့် အိပ်စက်ခြင်း ရှိ၊ မရှိ အိပ်ချိန်အကြွေးတင်နေ၊ မနေ သိရှိနိုင်သည်။ ကျွမ်းကျင်သူများက အောက်ဖော်ပြပါ ကျန်းမာရေးနှင့်ညီညွတ်သည့် အိပ်စက်ခြင်းလက္ခဏာများကို သဘောတူလက်ခံကြ၏–

◼ ဆေးဝါးမှီဝဲရခြင်းမရှိ၊ ဂနာမငြိမ်မဖြစ်၊ စိုးရိမ်ပူပန်မှုမရှိဘဲ အလွယ်တကူအိပ်ပျော်သွားသည်။

◼ ညဉ့်သန်းခေါင်ချိန်တွင် အိပ်ရာနိုးမှန်းမသိနိုး၍ အကယ်၍ နိုးလာသည့်တိုင် ချက်ချင်း ပြန်အိပ်ပျော်သွားသည်။

◼ များသောအားဖြင့် နံနက်တိုင်း နှိုးစက်မလိုဘဲ အချိန်မှန် အလိုအလျောက် အိပ်ရာမှနိုးထလေ့ရှိသည်။

◼ အိပ်ရာနိုးပြီး လုပ်ကိုင်စရာများ ပြုလုပ်ဆောင်ရွက်သည်နှင့် နိုးကြားနေပြီး တစ်နေ့လုံး ဖျတ်လတ်နေသည်။

လက်တွေ့ကျ ပြုအပ်ရာများ

ရံဖန်ရံခါ အိပ်မပျော်သူများကော အသို့နည်း။ ပညာရှင်အချို့က ဤလက်တွေ့ကျ ပြုအပ်ရာများကို အကြံပြုကြသည်–

၁။ အိပ်ခါနီးတွင် အရက်၊ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်အစရှိသည့် စိတ်နိုးကြွစေသည့်အရာများကို ရှောင်ပါ။ လူအများက အရက်ယမကာသည် အိပ်ပျော်စေသည်ဟု ထင်ယောင်ထင်မှားဖြစ်ကြသည်။ အမှန်မှာ အရက်သည် တန်ပြန်သတ္တိရှိနိုင်ပြီး သင့်အား နိုးကြားနေစေသည်ဟု လက်တွေ့စမ်းသပ်ချက်များက ဖော်ပြသည်။

၂။ ဆေးလိပ်ဖြတ်ပါ။ “စီးကရက်သည် သွေးတိုးစေ၍ နှလုံးခုန်နှုန်းမြန်စေပြီး ဦးနှောက်လှိုင်းတို့ကို နိုးကြွစေသောကြောင့် ဆေးလိပ်သောက်သူများသည် အိပ်ပျော်ဖို့ အလွန်ခက်ခဲကြသည်။ ဆေးလိပ်သောက်သူများသည် ညဉ့်သန်းခေါင်တွင် နိုးနေတတ်သည်၊ ဖြစ်နိုင်သည်မှာ သူတို့ကိုယ်ခန္ဓာသည် ဆေးပြတ်သည့်လက္ခဏာများ ခံစားနေခြင်းဖြစ်မည်” ဟုသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၃။ အိပ်ရာမဝင်မီလေးတွင် စိတ် သို့မဟုတ် ကိုယ်ခန္ဓာ အလွန်အမင်းတက်ကြွလှုပ်ရှားစေခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် လျောက်ပတ်သောအနားယူမှုကို ဖြစ်စေသော်လည်း အိပ်ချိန်မတိုင်မီလေးတွင် ထိုသို့ပြုပါက ယင်းသို့မဖြစ်စေချေ။ အိပ်ရာမဝင်မီလေးတွင် ကြီးလေးသောပြဿနာများ၊ ခက်ခဲသည့်တာဝန်များကို ဖြေရှင်းရန်ကြိုးစားခြင်းက အိပ်ပျော်ရန်လိုအပ်လေ့ရှိသည့် သက်သောင့်သက်သာရှိစိတ် ကင်းမဲ့သွားစေနိုင်သည်။

၄။ သင့်အိပ်ခန်းကို ဆိတ်ငြိမ်ကာ အမှောင်ချထားပြီး ဖြစ်နိုင်ပါက အတော်အသင့်အေးမြနေပါလေစေ။ အသံဗလံနှင့်ပတ်သက်၍ လေယာဉ်သံ မကြားကြရပါဟုဆိုသည့် လေဆိပ်အနီးနေထိုင်သူများအား လေ့လာချက်တစ်ခုကို သုံးသပ်ကြည့်ပါ။ ဤသူတို့၏အိပ်စက်ခြင်းပုံစံကို စမ်းသပ်ကြည့်ကြရာ သူတို့၏ ဦးနှောက်လှိုင်းများသည် လေယာဉ်အစင်းတိုင်း၏ ဆင်းသက်ခြင်းနှင့် ထွက်ခွာခြင်းကို မှတ်သားထားသည်! သုတေသီများက ထိုစမ်းသပ်ခံထားသူတို့၏အိပ်ချိန်သည် ဆိတ်ငြိမ်သည့်နေရာတွင် အိပ်စက်သူတို့၏အိပ်ချိန်ထက် ညစဉ် ပျမ်းမျှတစ်နာရီနီးပါး လျော့နည်းနေကြောင်း ယူဆကြသည်။ နားကြပ် သို့မဟုတ် ဆူညံသံလျော့ပါးစေသည့် အခြားနည်းစနစ်များကို အသုံးပြုခြင်းသည် ကောင်းစွာအနားရရန် အလွန်အထောက်အကူပြုခဲ့ပြီ။ အချို့က အိမ်အပြင်မှအသံဗလံများကို ဖုံးအုပ်သွားစေလို၍ တုန်ခါကြိမ်နည်းနည်းနှင့် မှန်မှန်၊ တစ်သံတည်းညည်းသံပေါ်စေသည့် လျှပ်စစ်ပန်ကာကဲ့သို့သော အသံမျိုးသည် အလွန်အကူအညီဖြစ်စေကြောင်း သိခဲ့ကြသည်။

၅။ အိပ်ဆေးများမှီဝဲခြင်းကို သတိထားပါ။ အိပ်ဆေးများစွာသည် စွဲစေသည့်အပြင် ရေရှည်မှီဝဲလျှင် ထိရောက်မှုလျော့နည်းသွားပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟူသော အထောက်အထားများ တိုးများလာလျက်ရှိသည်။ ဤကဲ့သို့ဆေးဝါးများသည် ရေတိုကုသခြင်းအတွက်သာ အသုံးပြုဖို့ကောင်းသည်။

အိပ်မရခြင်းသည် စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်နိုင်ရာ ကျန်းမာရေးနှင့်ညီညွတ်စွာ အိပ်စက်နိုင်ဖို့ အိပ်ရာမဝင်မီအချိန်လေးကို အေးဆေးငြိမ်သက်ပြီး သာယာကြည်နူးဖွယ်အချိန်သမယ ဖြစ်စေသင့်သည်။ တစ်နေ့တာ၏ စိုးရိမ်ကြောင့်ကြမှုများကို စိတ်ထဲမှဖယ်ထုတ်ထားပြီး စာဖတ်ခြင်းအစရှိသည့် နှစ်သက်ပျော်ရွှင်ဖွယ် အလုပ်တစ်မျိုးမျိုးလုပ်ဆောင်ခြင်းသည် အကူအညီဖြစ်စေမည်။ ထင်ရှားပေါ်လွင်ပြီး အစွမ်းထက်သည့် ကျမ်းစာအကြံပြုချက်မှာ ဤသို့ဖြစ်၏– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် . . . ဘုရားသခင်၏ငြိမ်သက်ခြင်းသည် . . . သင်တို့၏စိတ်နှလုံးကို စောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မှားယွင်းသည့်အယူအဆတချို့

၁။ အချိန်ကြာကြာ ကားမောင်းရသည့်အခါ နိုးကြားတက်ကြွနေစေရန် အကောင်းဆုံးနည်းမှာ ကဖိန်းဓာတ်ပါသောအရည် သောက်သုံးခြင်းဖြစ်၏။

ယာဉ်မောင်းတို့သည် အမှန်တကယ်ထက် မိမိတို့နိုးကြားနေသည်ဟုထင်ကာ မိမိတို့ကိုယ်ကို လှည့်စားလေ့ရှိကြောင်း လေ့လာမှုများက တင်ပြသည်။ သင်သည် ညအချိန်တွင် မလွှဲမရှောင်သာ ကြာရှည်စွာ ကားမောင်းရမည်ဆိုလျှင် ရံဖန်ရံခါ ကားကိုလမ်းဘေးတွင် တစ်ခဏထိုးရပ်ထား၍ (၁၅ မှ ၃၀ မိနစ်အထိ) တစ်မှေးအိပ်ပြီးနောက် လမ်းလျှောက်ခြင်း သို့မဟုတ် လက်မောင်း၊ ခြေထောက်ကြွက်သားများကို ဆန့်တန်းလှုပ်ရှားပေးရင်း ဖြည်းဖြည်းနှင့်မှန်မှန်ပြေးခြင်းသည် ကောင်း၏။

၂။ ကျွန်ုပ်သည် မအိပ်နိုင်ဖြစ်နေပါက တစ်မှေးအိပ်လျှင် ရပြီ။

ထိုသို့ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ပညာရှင်များစွာက ၂၄ နာရီလျှင်တစ်ကြိမ် ဆက်တိုက် ကြာရှည်အိပ်စက်ခြင်းသည် အကောင်းဆုံးပုံစံဖြစ်သည်ဟု ယူဆကြသည်။ နေ့လယ်ခင်းတွင် (အများအားဖြင့် ၁၅ မှ ၃၀ မိနစ်အထိ) ခဏတစ်ဖြုတ်အိပ်စက်ခြင်းသည် ညဘက်အိပ်စက်ခြင်းကို အနှောင့်အယှက်မဖြစ်ဘဲ မွန်းလွဲချိန်အတွင်း နိုးကြားမှုလျော့နည်းခြင်းကို ပြန်အားဖြည့်ပေးနိုင်သည်။ သို့သော် အိပ်ချိန်မတိုင်မီ လေးနာရီအတွင်း တစ်မှေးအိပ်ခြင်းက ညဘက်တွင် ကျန်းမာစေသည့်အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည်။

၃။ ကျွန်ုပ်တို့မှတ်မိသော အိပ်မက်များက လျောက်ပတ်သော အနားယူမှုကို ထိခိုက်သည်။

အိပ်မက်များ (အများအားဖြင့် အာရ်အီးအမ်အိပ်စက်ခြင်းအတွင်း ဖြစ်ပေါ်လေ့ရှိ) သည် အကျိုးပြုအနားရယူမှု၏လက္ခဏာဖြစ်ပြီး အများအားဖြင့် ပုံမှန် ညစဉ်အနားယူချိန်အတွင်း လေးကြိမ် သို့မဟုတ် ထို့ထက်မက ဖြစ်ပေါ်လေ့ရှိသည်။ ကျွန်ုပ်တို့မှတ်မိသည့်အိပ်မက်များသည် ၎င်းတို့ကို ကျွန်ုပ်တို့အိပ်မက်မက်နေစဉ်၊ သို့မဟုတ် အိပ်မက်ဆုံးသည်နှင့် မိနစ်အနည်းငယ်အတွင်း လန့်နိုးလာသည့် အိပ်မက်များသာဖြစ်ကြောင်း လေ့လာမှုများက ဖော်ပြသည်။ အခြားတစ်ဖက်တွင်မူ ထိတ်လန့် ဖွယ် အိပ်မက်ဆိုးသည် စိုးရိမ်ပူပန်မှုဖြစ်စေနိုင်ပြီး ပြန်အိပ်ပျော်ဖို့ ခက်ခဲ စေသည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

တစ်ညတာ ကောင်းစွာအိပ်ပျော်ခြင်းက သင့်အား တစ်နေ့လုံး ဖျတ်လတ်နိုးကြားနေစေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အိပ်စက်ခြင်းတွင် သံသရာဖြစ်စဉ် အဆင့်ဆင့်ရှိကြောင်း သိပ္ပံပညာရှင်များ ယခု သိရှိထားကြ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဆေးလိပ်သောက်သူများသည် အိပ်ပျော်ဖို့ ပို၍ခက်ခဲကြ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အိပ်ဆေးများမှီဝဲခြင်းကို သတိပြုပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ