အဆိုးမြင်စိတ်ကို ဖျောက်ဖျက်နိုင်
ကြုံတွေ့ခံစားနေရတဲ့ ဘဝဒုက္ခတွေကို ဘယ်လို ရှုမြင်သလဲ။ အဲဒီမေးခွန်းရဲ့ အဖြေပေါ် မူတည်ပြီး သင်ဟာ အကောင်းမြင်သူလား၊ အဆိုးမြင်သူလားဆိုတာ ခွဲခြားနိုင်တယ်လို့ ပညာရှင်တွေ ယူဆထားကြတယ်။ ကျွန်တော်တို့အားလုံး ခံစားနေရတဲ့ ဘဝဒုက္ခတွေ အမျိုးမျိုး ရှိကြတယ်။ ပိုဆိုးရွားတာတွေလည်း ရှိတယ်။ တချို့က ဒုက္ခတွေကို အောင်မြင်ကျော်လွှားပြီး ဘဝကို အစပြုကြိုးစားဖို့ ဘာကြောင့် အသင့်ရှိနေတာလဲ။ တချို့ကျတော့ ဘာမဟုတ်တဲ့ အခက်အခဲတွေကိုတောင် ဘာကြောင့် အရှုံးပေးပြီး လက်မှိုင်ချချင်တာလဲ။
ဥပမာ၊ သင်က အလုပ်ရှာနေတယ် ဆိုပါစို့။ သင့်ကို အင်တာဗျူး လုပ်ပြီး ပယ်ချလိုက်တဲ့အခါ ဘယ်လို ခံစားရလဲ။ သင့်ကို မကြိုက်လို့ ပယ်ချလိုက်တာဆိုတော့ ‘ငါ့ကို ဘယ်သူမှ အလုပ်ခန့်မှာ မဟုတ်ဘူး။ ဒီတစ်သက် အလုပ်ရတော့မယ် မထင်ဘူး’ လို့ ယူဆမိနိုင်တယ်။ ပိုဆိုးတာက ကိုယ့်ရဲ့ ဘဝကဏ္ဍတိုင်းမှာ အဲဒီလိုယူဆသွားပြီး ‘ငါ အရည်အချင်း မရှိဘူး၊ အသုံးမကျဘူး’ ဆိုတဲ့ အတွေး ဝင်လာနိုင်တယ်။ အဲဒီအတွေးတွေက အဆိုးမြင်စိတ်ကို ဖြစ်ပေါ်စေတယ်။
အဆိုးမြင်စိတ်ကို ဖျောက်ဖျက်ပါ
အဆိုးမြင်စိတ်ကို ဘယ်လို ဖျောက်ဖျက်နိုင်သလဲ။ အရေးကြီးဆုံးအဆင့်က အဆိုးမြင်စိတ် ရှိလာပြီဆိုတာ အသိအမှတ် ပြုရမယ်။ နောက်အဆင့်က အဲဒီစိတ်ကို ဖျောက်ဖျက်ရမယ်။ သင့်ကို ငြင်းပယ်လိုက်ရတဲ့ အကြောင်းရင်းကို စဉ်းစားကြည့်ပါ။ ဥပမာ၊ သင့်ကို အလုပ်မခန့်ချင်လို့ ငြင်းပယ်လိုက်တာလား။ အလုပ်ရှင် လိုချင်တဲ့ အရည်အသွေးတွေ သင့်မှာ မရှိလို့ တခြားတစ်ယောက်ကို ရှာနေတာလား။
အသေအချာ သုံးသပ်ကြည့်ရင် အဆိုးမြင် သဘောထားက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်လို့ ဖြစ်ပေါ်လာတာပါ။ အငြင်းခံလိုက်ရတာနဲ့ပဲ လုံးဝ အသုံးမကျတဲ့သူ ဖြစ်သွားသလား။ ဘုရားသခင်၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ ကိုယ် ဘယ်လောက်ထိ အောင်မြင်နေသလဲဆိုတာ စဉ်းစားကြည့်နိုင်မလား။ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ အဆိုးမြင်စိတ်တွေကို ဖယ်ရှားပစ်ဖို့ သင်ယူပါ။ သင် ဘယ်တော့မှ အလုပ်ရမှာ မဟုတ်ဘူးလို့ မယူဆလိုက်ပါနဲ့။ အဆိုးမြင် သဘောထားကို ဖျောက်ဖျက်နိုင်မယ့် အချက်တွေ ရှိသေးတယ်။
ပန်းတိုင်ရောက်မယ်ဆိုတဲ့ အကောင်းမြင်စိတ်
မကြာသေးခင်နှစ်တွေက မျှော်လင့်ချက်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သုတေသီတွေ စိတ်ဝင်စားလာကြတယ်။ မျှော်လင့်ချက်မှာ ကိုယ့်ပန်းတိုင်တွေအတိုင်း လုပ်နိုင်မယ်လို့ ယုံကြည်မှုလည်း ပါတယ်ဆိုပြီး ယူဆကြတယ်။ တကယ်တော့ မျှော်လင့်ချက်ရဲ့ အဓိပ္ပာယ်က နောက်ဆောင်းပါးမှာ တွေ့ရမယ့်အတိုင်း အများကြီး ကျယ်ပြန့်တယ်။ ဒါပေမဲ့ ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ကလည်း အများကြီး အကျိုးပြုပါတယ်။ ပန်းတိုင်အတိုင်း လုပ်နိုင်မယ်လို့ မျှော်လင့်ထားရင် အကောင်းမြင်စိတ်၊ ပန်းတိုင်ကို အာရုံစူးစိုက်နိုင်စွမ်း ရှိလာမယ်။
အနာဂတ် ပန်းတိုင်တွေအတိုင်း လုပ်နိုင်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ဖို့ ပန်းတိုင်တွေကို အရင်က အရောက်လှမ်းနိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက် ရှိဖို့ လိုအပ်တယ်။ အဲဒီလိုခံစားချက် မရှိရင် ကိုယ်ချမှတ်မယ့် ပန်းတိုင်တွေကို အသေအချာ စဉ်းစားရမယ်။ ဦးဆုံး၊ ကိုယ့်မှာ ပန်းတိုင်တွေ ရှိသလား။ ဘဝမှာ ဘာဖြစ်ချင်လဲ၊ ဘာက အရေးကြီးဆုံးလဲဆိုတာ အချိန်ယူ မစဉ်းစားဘဲ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကို လုပ်နေမိတတ်ကြတယ်။ ဦးစားပေးရာတွေကို အတိအကျ သိရှိဖို့ ရှေးနှစ်ပေါင်းများစွာကတည်းက ကျမ်းစာမှာ အကြံပြုထားတယ်– ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိမြင်ပါ။’—ဖိလိပ္ပိ ၁:၁၀။
ဦးစားပေးရာတွေကို သတ်မှတ်လိုက်ရင် ကဏ္ဍအသီးသီး ဖြစ်တဲ့ ဝတ်ပြုရေးပိုင်းမှာ၊ မိသားစုဘဝမှာ၊ အလုပ်အကိုင်၊ ပညာရေးမှာ အရေးကြီး ပန်းတိုင်တွေ ချမှတ်ဖို့ လွယ်သွားမယ်။ ဒါပေမဲ့ အစပိုင်းမှာ ပန်းတိုင်အများကြီး မချမှတ်ဖို့ အရေးကြီးတယ်။ ကိုယ်လုပ်နိုင်မယ့် ပန်းတိုင်တွေကို ဦးဆုံး ချမှတ်ပါ။ ပန်းတိုင်အတိုင်း မလုပ်နိုင်တော့ဘူးဆိုရင် စိတ်ပျက်အားလျော့ပြီး အရှုံးပေးလိုက်နိုင်တယ်။ ဒါကြောင့် ကြီးမားတဲ့ ရေရှည်ပန်းတိုင်တွေကို ရေတိုပန်းတိုင်အဖြစ် ခွဲပြီး လုပ်ဆောင်တာ ပိုကောင်းတယ်။
“ဆန္ဒရှိက နည်းလမ်းရ” ဆိုရိုးစကားအတိုင်း အရေးကြီး ပန်းတိုင်တွေ ချမှတ်ပြီးရင် အဲဒီပန်းတိုင်တွေကို ကြိုးစားလုပ်ချင်တဲ့ စိတ်ဆန္ဒ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိရမယ်။ ကိုယ့်ပန်းတိုင်ရဲ့ တန်ဖိုး၊ ဒီပန်းတိုင်ကို ရရှိခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို ဆင်ခြင်ခြင်းအားဖြင့် ကိုယ့်ဆုံးဖြတ်ချက် ခိုင်မာလာနိုင်တယ်။ အတားအဆီးတွေ ကြုံရမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအတားအဆီးတွေကြောင့် တက်လမ်းမှာ ပိတ်မိနေမယ့်အစား ကျော်လွှားအောင်မြင်ဖို့ ကြိုးစားရမယ်။
ပန်းတိုင်တွေအတိုင်း လုပ်ဆောင်နိုင်ဖို့ လက်တွေ့ကျ နည်းလမ်းတွေကို စဉ်းစားရမယ်။ မျှော်လင့်ချက်ရဲ့ တန်ဖိုးကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့တဲ့ စာရေးဆရာ စီအာရ် စနိုက်ဒါက ပန်းတိုင်တစ်ခုကို ရောက်နိုင်ဖို့ ဘက်ပေါင်းစုံ စဉ်းစားသုံးသပ်ရမယ်လို့ အကြံပြုထားတယ်။ ပထမနည်း မအောင်မြင်ရင် ဒုတိယနည်း၊ တတိယနည်း စသဖြင့် အသုံးပြုရမယ်။
ပန်းတိုင်တစ်ခုကို နောက်ပန်းတိုင်တစ်ခုနဲ့ ဘယ်အချိန် အစားထိုးရမလဲဆိုတာ သိအောင် လုပ်ဖို့လည်း စနိုက်ဒါ အကြံပေးတယ်။ ကိုယ်မလုပ်နိုင်တဲ့ ပန်းတိုင်အတွက် မကျေမနပ် ဖြစ်နေရင် စိတ်ဓာတ်ကျလာနိုင်တယ်။ ကိုယ် လုပ်နိုင်မယ့် ပန်းတိုင်တစ်ခုနဲ့ အစားထိုးလိုက်တဲ့အခါ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိလာနိုင်မယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာမှာ စံနမူနာကောင်းတစ်ခု ရှိတယ်။ ဘုရင် ဒါဝိဒ်က ယေဟောဝါဘုရားအတွက် ဗိမာန်တော်ကို သိပ်ဆောက်ပေးချင်ပေမဲ့ ဒီအခွင့်ထူးကို သူ့သား ရှောလမုန်ပဲ ရရှိမယ်လို့ ဘုရား ပြောတယ်။ အဲဒီအခါ ဒါဝိဒ်ဟာ မကျေမနပ် ဖြစ်မယ့်အစား၊ လုပ်ချင်တာကို တဇွတ်ထိုး လုပ်မယ့်အစား ပန်းတိုင်တွေ ပြောင်းလိုက်တယ်။ ဆောက်လုပ်ရေး စီမံကိန်းကို ရှောလမုန် အပြီးသတ်နိုင်ဖို့ လိုအပ်မယ့် ငွေကြေးနဲ့ ပစ္စည်းတွေကို စုဆောင်းပေးတဲ့နေရာမှာ ဒါဝိဒ် အားစိုက်လုပ်ဆောင်တယ်။—၁ ဘုရင်များ ၈:၁၇-၁၉။ ၁ ရာဇဝင်ချုပ် ၂၉:၃-၇။
အဆိုးမြင်စိတ်ကို ဖျောက်ဖျက်ပြီး အကောင်းမြင်စိတ်ကို ပျိုးထောင်ခြင်းအားဖြင့် ကိုယ့်မျှော်လင့်ချက် ရှင်သန်နေတာတောင် တစ်ခါတလေ မျှော်လင့်ချက် ပျောက်ဆုံးသွားနိုင်တယ်။ ကိုယ် ဘာမှ မတတ်နိုင်တဲ့ ဒီလောကရဲ့ မျှော်လင့်ချက် မဲ့နေတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဆင်းရဲမှု၊ စစ်မှု၊ မတရားမှု၊ ဖျားနာမှု၊ သေခြင်းစတဲ့ ဝမ်းနည်းစရာ ပြဿနာတွေကြားမှာ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက်ကို ဘယ်လို ထိန်းထားနိုင်မလဲ။
[ရုပ်ပုံ]
ကိုယ် ရချင်တဲ့ အလုပ်အတွက် ငြင်းပယ်ခံလိုက်ရရင် ဒီတစ်သက် အလုပ်ရတော့မှာ မဟုတ်ဘူးလို့ ယူမှတ်လိုက်မလား
[ရုပ်ပုံ]
ကာလဒေသ၊ အခြေအနေပေါ် မူတည်ပြီး ပန်းတိုင်တွေကို ဒါဝိဒ် ချမှတ်ခဲ့