ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ရေပုတ်သင်ငယ်ရဲ့ မျက်တွင်းမှန် အသစ်ပြန်ထွက်လာနိုင်စွမ်း
● ရေပုတ်သင်ငယ်တစ်မျိုး (newt) ဟာ တစ်ရှူး၊ ခြေတံလက်တံ၊ အမြီး စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အသစ်ပြန်ထွက်လာတဲ့နေရာမှာ စံတင်လောက်အောင် ထူးခြားလွန်းလှပါတယ်။ ဒါပေမဲ့ အဲဒီလိုအသစ်ပြန်ထွက်လာတဲ့အရာက နဂိုလိုမျိုးကောင်းနိုင်ပါ့မလား။ ရေပုတ်သင်ရဲ့ မျက်စိထဲက မျက်တွင်းမှန်ဘီလူးနဲ့ပတ်သက်ရင်တော့ သုတေသီတွေက နဂိုလိုပဲကောင်းတယ်လို့ပြောကြတယ်။
သုံးသပ်ကြည့်ပါ– ရေပုတ်သင်ငယ်ရဲ့မျက်စိထဲကဆဲလ်တွေဟာ မှန်ဘီလူးဆဲလ်တွေအဖြစ် ပြောင်းလဲသွားတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပိုသိနိုင်အောင် ဇီဝဗေဒပညာရှင်တွေက ဂျပန်ရေပုတ်သင်ငယ်တစ်စုကို ၁၆ နှစ်ကြာလေ့လာမှုလုပ်ခဲ့ကြတယ်။ ရေပုတ်သင်ငယ်တွေရဲ့ မျက်စိထဲက မှန်ဘီလူးကို ဆယ့်ရှစ်ကြိမ်တိုင်တိုင် ဖယ်ထုတ်ခဲ့ကြတယ်။ အကြိမ်တိုင်းမှာ မျှော်လင့်ထားတဲ့အတိုင်း ရေပုတ်သင်ငယ်တွေရဲ့ မျက်တွင်းမှန်က အသစ်ပြန်ထွက်လာတယ်။
လေ့လာမှုလုပ်ပြီးသွားတဲ့အခါ ရေပုတ်သင်ငယ်တွေရဲ့ အသက်က အနှစ် ၃၀ ရှိသွားပြီ။ ဒါက သူတို့တောထဲမှာ သဘာဝအတိုင်းနေတာထက် ငါးနှစ်ပိုရှည် တယ်။ ဒါပေမဲ့ သူတို့ရဲ့ မျက်တွင်းမှန် အသစ်ပြန်ထွက်လာတဲ့နှုန်းက ငယ်စဉ်အချိန်ကလို လျင်မြန်နေဆဲဖြစ်တယ်။ ဒါ့အပြင် အသစ်ပြန်ထွက်လာတဲ့ မျက်တွင်းမှန်တွေဟာ “အရွယ်ရောက်ပြီးသား ရေပုတ်သင်ငယ်ရဲ့ နဂိုမျက်တွင်းမှန်နဲ့ တစ်ထပ်တည်းနည်းပါးပဲ” လို့ အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ဒေတန်တက္ကသိုလ်က ဖော်ပြတယ်။ ရေပုတ်သင်ငယ်ကို လေ့လာတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဇီဝဗေဒပညာရှင် ပနာဂျီအိုတစ် တူနစ်က ပြန်ထွက်လာတဲ့မျက်တွင်းမှန်ဟာ “နဂိုလိုပဲကောင်းနေတဲ့အတွက် ကျွန်တော်တောင် အံ့ဩမိတယ်” လို့ပြောတယ်။
ဒီရေပုတ်သင်ငယ်ရဲ့ ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အသစ်ပြန်ထွက်လာမှုကို လေ့လာခြင်းက လူတွေရဲ့ပျက်စီးသွားတဲ့ ကိုယ်ခန္ဓာတစ်ရှူးတွေ ပြန်ထွက်လာအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာသိဖို့ အကူအညီဖြစ်စေမယ်လို့ သိပ္ပံပညာရှင်တွေ မျှော်လင့်ကြတယ်။ “ကိုယ်အင်္ဂါအသစ် ပြန်ထွက်နိုင်စွမ်း၊ အထူးသဖြင့် အသက်ကြီးတဲ့အချိန်မှာပြန်ထွက်နိုင်စွမ်းကို လေ့လာတဲ့နေရာမှာ ရေပုတ်သင်ငယ်က အကောင်းဆုံးရင်းမြစ်ပဲ” လို့ တူနစ်ကပြောတယ်။
သင်ဘယ်လိုထင်ပါသလဲ။ ရေပုတ်သင်ငယ်ရဲ့ မျက်တွင်းမှန် အသစ်ပြန်ထွက်လာနိုင်စွမ်းက သူ့အလိုလိုဖြစ်လာနိုင်မလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲပြီး ပြုလုပ်ခံထားရတာလား။
[စာမျက်နှာ ၁၅ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
“အသစ်ထွက်လာတဲ့” မျက်တွင်းမှန်တွေက နဂိုနဲ့ တစ်ထပ်တည်းနီးပါးတူ
[Picture Credit Lines on page 15]
Top photo: © Vibe Images/Alamy; middle photo: © Juniors Bildarchiv/Alamy