ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၄-၆
  • စစ်မှန်တဲ့အောင်မြင်မှုရနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့အောင်မြင်မှုရနိုင်ပုံ
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ
    နိုးလော့!—၂၀၁၄
  • သင် အောင်မြင်မှုရရှိနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အောင်မြင်မှုရရှိစေနိုင်သည့် နည်းလမ်းခြောက်ခု
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၄-၆
တင်မသီနဲ့ ရှားလော့

မျက်နှာဖုံးအကြောင်းအရာ | စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ

စစ်မှန်တဲ့အောင်မြင်မှုရနိုင်ပုံ

အောင်မြင်မှုနဲ့ပတ်သက်ပြီး သင့်တော်တဲ့အမြင်ရှိဖို့ သမ္မာကျမ်းစာမှာ အားပေးထားတယ်။ အောင်မြင်မှုဆိုတာ ကံကြမ္မာနဲ့ပဲဆိုင်တယ်လို့တော့ မသွန်သင်ဘူး။ ဝတ္ထုစာအုပ်တွေမှာဖော်ပြတဲ့ ကိုယ်ဖြစ်ချင်တဲ့ ‘အိပ်မက်ကို အကောင်အထည်ဖော်လိုက်’ အားလုံးဖြစ်လာလိမ့်မယ် ဆိုတဲ့ အဆိုကိုလည်း မထောက်ခံဘူး။ တကယ်တော့ ကလေးဘဝကတည်းက ဘာကြိုးစားအားထုတ်မှုမှမရှိဘဲ လိုတာအားလုံးရခဲ့သူဟာ စိတ်ပျက်စရာဘဝကိုပဲ ပိုင်ဆိုင်ရတတ်ပါတယ်။

စစ်မှန်တဲ့ အောင်မြင်မှုကို လူတိုင်း ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုတော့ လိုတယ်။ အောက်ပါ အကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ–

  • စီရရီဆင့်ထားတဲ့ ငွေဒ င်္ဂါးပြားများ

    သမ္မာကျမ်းစာပြောဆိုရာ–

    “ငွေကိုတပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွား သော်လည်း မရောင့်ရဲနိုင်။”—ဒေသနာ ၅:၁၀။

    ဘာကိုဆိုလိုတာလဲ– ရုပ်ပစ္စည်းကို အဓိကထားသူတွေဟာ မရောင့်ရဲနိုင်ကြဘူး။ ရလေလိုလေပဲ။ “ငွေကို အဓိကထားသူတွေဟာ တခြားသူတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အဓိကထားသူတွေထက် စိတ်သောကပိုရောက်ကြပြီး ကိုယ်စိတ်ဆင်းရဲတာများတယ်” လို့ ဒေါက်တာ ဂျန် အမ် တွမ်ဂျီက သူ့ရဲ့စာအုပ် (Generation Me) မှာ ရေးသားထားတယ်။ ဒီလိုလည်း ဖော်ပြထားသေးတယ်– “ဘယ်လိုပဲ လေ့လာလေ့လာ ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်လို့မရဘူး၊ ဝမ်းရေးအဆင်ပြေတဲ့အဆင့် ရောက်နေရင်တောင် ငွေနဲ့ ကျေနပ်ရောင့်ရဲတဲ့ဘဝ ဘယ်လိုမှမဆက်စပ်ဘူး ဆိုတာ တွေ့ရတယ်။”

    လုပ်ဆောင်နိုင်ရာ– စည်းစိမ်ဥစ္စာတွေထက် ပိုအကျိုးပြုတဲ့အရာတစ်ခု ပိုင်ဆိုင်ဖို့ ပန်းတိုင်ထားပါ။ “ခပ်သိမ်းသောတပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝ သော်လည်း သူ၏စည်းစိမ်၌ အသက်မတည်” ဆိုပြီး ယေရှုပြောခဲ့တယ်။—လုကာ ၁၂:၁၅။

  • မာန်ထောင်လွှားနေတဲ့ လူတစ်ယောက်

    သမ္မာကျမ်းစာပြောဆိုရာ–

    “မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။” —သုတ္တံ ၁၆:၁၈။

    ဘာကိုဆိုလိုတာလဲ– ရည်မှန်းချက်ကြီးတာ၊ ဘဝင်မြင့်တာတွေက စစ်မှန်တဲ့အောင်မြင်မှု မရစေဘူး။ နှစ်ပေါင်းများစွာ အောင်မြင်နေတဲ့ ကုမ္ပဏီဦးဆောင်သူတွေဟာ “နှိမ့်ချသူ၊ သိုသိုသိပ်သိပ်နေသူတွေဖြစ်ပြီး ကုမ္ပဏီ သုံးပုံနှစ်ပုံကို ဦးဆောင်နေသူတွေကတော့ အတ္တကြီးသူတွေဖြစ်ကြတဲ့အတွက် ကုမ္ပဏီကို ပျက်စီးစေတယ် ဒါမှမဟုတ် တိုးတက်မှုမရှိဘူး” ဆိုပြီး စာအုပ်တစ်အုပ် (Good to Great) မှာ ဖော်ပြထားတယ်။ သင်ခန်းစာက ဘာလဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာ၊ အတ္တကြီးလွန်းတာက အောင်မြင်မှုမရစေဘဲ ရှုံးနိမ့်ဖို့ အကြောင်းပိုများတယ်။

    လုပ်ဆောင်နိုင်ရာ– ထင်ပေါ်ကျော်ကြားအောင် ကြိုးစားမယ့်အစား နှိမ့်ချစိတ်ကို မွေးမြူပါ။ “မည်သူမဆို ဘာမျှမဟုတ်ဘဲလျက် ငါသည် အရေးပါသူဖြစ်သည်ဟု ထင်မှတ်လျှင် ထိုသူသည် မိမိကိုယ်ကို လှည့်ဖြားသောသူ ဖြစ်၏” လို့ ကျမ်းစာကဆိုတယ်။—ဂလာတိ ၆:၃။

  • တူတစ်လက်ကိုင်ထားတဲ့ လက်

    သမ္မာကျမ်းစာပြောဆိုရာ–

    ‘ပင်ပင်ပန်းပန်းလုပ်ဆောင်မှုကနေ ပျော်ရွှင်မှုခံစားတာထက်ပိုကောင်းတာ ဘာမှမရှိဘူး။’ —ဒေသနာ ၂:၂၄၊ ကဘ။

    ဘာကိုဆိုလိုတာလဲ– သင့်မှာ အလုပ်နဲ့ပတ်သက်ပြီး ကျင့်ဝတ်ကောင်းရှိမယ်ဆိုရင် အလုပ်မှာ ပျော်ပါလိမ့်မယ်။ ဒေါက်တာ မက်ဒလင်း လာဗင်က သူ့ရဲ့စာအုပ် (Teach Your Children Well) မှာ ဒီလိုဖော်ပြထားတယ်– “အောင်မြင်တယ်လို့ ခံစားရတာက အလုပ်ပြီးမြောက်လို့ဖြစ်တယ်။ အလုပ်ပြီးမြောက်တာကလည်း ဇွဲရှိရှိ ကြိုးစားလို့ပါ။” အဲဒီထဲမှာ အခက်အခဲတွေကို ခံနိုင်ရည်ရှိရှိ ကိုင်တွယ်ဖြေရှင်းတာလည်း ပါတယ်။

    လုပ်ဆောင်နိုင်ရာ– အလုပ်ကို ကျွမ်းကျင်လာအောင် ကြိုးစားပါ။ အခက်အခဲတွေ ကြုံရတဲ့အခါ လက်မလျှော့ပါနဲ့။ ကိုယ့်မှာ ကလေးတွေရှိမယ်ဆိုရင် သူတို့ရဲ့အသက်အရွယ်၊ လုပ်နိုင်မှုပေါ်မူတည်ပြီး သူတို့ရဲ့ပြဿနာကို သူတို့ကိုယ်တိုင်ဖြေရှင်းဖို့ အခွင့်ပေးပါ။ သူတို့ရဲ့ပြဿနာတွေကို ကိုယ်က ဒိုင်ခံဖြေရှင်းပေးတာမျိုး မလုပ်ပါနဲ့။ ကလေးတွေ ခံနိုင်ရည်ရှိလာတဲ့အခါ စိတ်ကျေနပ်မှု ခံစားရပြီး အဲဒါက လူကြီးဘဝအတွက် လိုအပ်တဲ့ လေ့ကျင့်ပေးမှုလည်းဖြစ်တယ်။

  • ခွေးတစ်ကောင်

    သမ္မာကျမ်းစာပြောဆိုရာ–

    ‘အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်း၏။’—ဒေသနာ ၉:၄။

    ဘာကိုဆိုလိုတာလဲ– ဝမ်းရေးအတွက် သင် အလုပ်လုပ်တာဖြစ်မယ်ဆိုရင် သင့်ဘဝတစ်ခုလုံးကို အလုပ်ထဲမှာပဲ ပုံအပ်မထားသင့်ဘူး။ အလုပ်မှာတော့ သင်ဟာ ထိပ်တန်းရောက်နေပေမဲ့လည်း ကျန်းမာရေးထိခိုက်လာမယ်၊ မိသားစုရဲ့ လေးစားမှုမရတော့ဘူးဆိုရင် အောင်မြင်တယ်လို့ ပြောနိုင်ပါ့မလား။ တကယ်အောင်မြင်သူတွေဟာ အလုပ်၊ ကျန်းမာရေး၊ မိသားစု စတာတွေကို သူ့နေရာနဲ့သူ ထားတတ်ကြတယ်။

    လုပ်ဆောင်နိုင်ရာ– ကျန်းမာရေးကို ဂရုစိုက်ပါ။ လုံလောက်စွာ အနားယူပါ။ ကျန်းမာရေး၊ မိသားစုနဲ့ မိတ်ဆွေတွေကို အဆုံးရှုံးခံပြီး အလုပ်ကိုပဲ မဲလုပ်နေရင် တလွဲအောင်မြင်မှုဖြစ်ပြီး အကျိုးမရှိပါဘူး။

  • ဖွင့်ထားတဲ့ ကျမ်းစာအုပ်

    သမ္မာကျမ်းစာပြောဆိုရာ–

    “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃။

    ဘာကိုဆိုလိုတာလဲ– သမ္မာကျမ်းစာကိုလေ့လာပြီး ကျမ်းစာလမ်းညွှန်ချက်တွေအတိုင်း ကျင့်သုံးတာက စစ်မှန်တဲ့အောင်မြင်မှုရစေတယ်။ ဝတ်ပြုရေးကို ပထမနေရာထားတာက ရုပ်ပစ္စည်းအတွက် စိုးရိမ်ပူပန်မှုတွေ လျော့နည်းသွားစေတယ်ဆိုတာကို သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေ တွေ့ရှိထားကြတယ်။—မဿဲ ၆:၃၁-၃၃။

    လုပ်ဆောင်နိုင်ရာ– စစ်မှန်တဲ့အောင်မြင်မှုရဖို့ သမ္မာကျမ်းစာက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ လေ့လာကြည့်ပါ။ ထပ်ဆင့်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ၊ www.pr418.com/mya မှာ ဝင်ကြည့်ပါ။

“အရင်တုန်းက ကျွန်တော် အောင်မြင်ခဲ့တာက အနှစ်သာရမရှိ”

တင်မသီနဲ့ ရှားလော့

တင်မသီနဲ့ ရှားလော့ဟာ အခန်းတွေအများကြီးပါတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးမှာ နေကြပြီး ဇိမ်ခံကားတွေလည်းရှိတယ်။ နှစ်တိုင်းလိုလို ငွေအများကြီးအကုန်ခံပြီး အပန်းဖြေခရီးထွက်တယ်။ သူတို့ဟာ စီးပွားရေးအအောင်မြင်ဆုံးအချိန်မှာ အဲဒီလုပ်ငန်းတွေကို စွန့်လွှတ်ခဲ့ကြတယ်။ ဘာက သူတို့ရဲ့အမြင်ကို ပြောင်းလဲစေခဲ့သလဲဆိုတာ တင်မသီကို နိုးလော့!က မေးမြန်းခဲ့ပါတယ်။

ဘာစီးပွားရေးတွေ လုပ်ခဲ့သလဲ။

ကျွန်တော်က စာရင်းကိုင်လုပ်တယ်၊ တေးထုတ်လုပ်ရေးလုပ်ငန်းမှာလည်း လုပ်တယ်။ ရှားလော့ကတော့ အကြောပြင်ဆေးခန်းမှာ အကူလုပ်တယ်။ ပြီးတော့ ဘဏ်မှာလည်း လုပ်သေးတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဆံပင်ညှပ်ဆိုင် လေးဆိုင် ဖွင့်ခဲ့တယ်။ ဒါတွေလုပ်နေရလို့ အောင်မြင်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တာ။ တကယ်တမ်းကျတော့ ကျွန်တော့်မှာ လုပ်စရာတွေ များလွန်းလို့ နိုင်တောင် မနိုင်တော့ဘူး။ ဒါနဲ့ပဲ နောက်ပိုင်းမှာ အလုပ်ကို လျှော့ချဖို့ ကျွန်တော်နဲ့ ရှားလော့ ဆုံးဖြတ်လိုက်ပြီး ပိုင်ဆိုင်ရာအတော်များများကို ရောင်းပစ်လိုက်တယ်။

ခင်ဗျားတို့ ဘာကြောင့် အလုပ် လျှော့ချလိုက်ကြတာလဲ။

ဒါက စစ်မှန်တဲ့အောင်မြင်မှု မဟုတ်ဘူးဆိုတာ သိလာတယ်။ တစ်ခုခုကို၀ယ်တဲ့အခါ စိတ်လှုပ်ရှားတယ်၊ ဝယ်ပြီးသွားတော့ ဟာတာတာဖြစ်နေတယ်လို့ ခံစားရတယ်၊ အာသာလည်း မပြေဘူး။

ဒါဆိုရင် စစ်မှန်တဲ့အောင်မြင်မှုကို ခင်ဗျားတို့ ဘယ်လို ရှာတွေ့ခဲ့တာလဲ။

ကျွန်တော်က ယေဟောဝါသက်သေ တစ်ယောက်အနေနဲ့ သမ္မာကျမ်းစာအကြောင်းဝေမျှခြင်းမှာ တက်တက်ကြွကြွ ပါဝင်တယ်။ ကျွန်တော်နဲ့ ရှားလော့က သမ္မာကျမ်းစာအကြောင်းဝေမျှခြင်းလုပ်ငန်းမှာ တစ်လကို နာရီ ၇၀ သုံးခဲ့ကြပေမဲ့ ကျွန်တော်တို့ဘဝမှာ အဲဒီလုပ်ငန်းကို ဦးစားပေးလုပ်ကိုင်ခြင်း မရှိခဲ့ဘူး။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေကို ရောင်းပစ်လိုက်ပြီး ကျမ်းစာအကြောင်းဝေမျှပေးဖို့ လိုအပ်တဲ့ဘယ်နေရာမှာမဆို လုပ်ဆောင်ဖို့ အသင့်ဖြစ်လာတယ်။ အခု ကျွန်တော်တို့က အမေရိကန်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်နေကြပါတယ်။ ဒါက ကျမ်းစာအကြောင်းဝေမျှပေးတဲ့လုပ်ငန်းရဲ့ ကဏ္ဍတစ်ခုပါ။ ပြီးတော့ လုပ်ခလစာ မရသလို မျက်နှာသာပေးခံရတာမျိုး မရှိဘူး။ ကျွန်တော်တို့ စားဖို့နေဖို့တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အဲဒါအတွက် အဓိကဦးစားပေးပြီးလုပ်တာ မဟုတ်တော့ဘူး။

အခုအချိန်မှာ အရင်ကထက် အောင်မြင်နေတယ်လို့ ခံစားရသလား။

ဘယ်ပြောကောင်းမလဲဗျာ၊ ခံစားရတာပေါ့။ အရင်တုန်းက ကျွန်တော် အောင်မြင်ခဲ့တာက အနှစ်သာရမရှိပါဘူး။ အခုလုပ်နေတဲ့အလုပ်က ကမ္ဘာတစ်ဝန်းကလူတွေဆီ ကျမ်းစာသတင်းတရားရောက်ရှိစေတဲ့ အလုပ်လေ၊ ပြီးတော့ အဲဒီသတင်းက လူတွေရဲ့ အသက်တာကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာကို သိရတော့ ကျွန်တော် အမြဲတမ်းကျေနပ်ပျော်ရွှင်နေတယ်။a

a ယေဟောဝါသက်သေတွေဟာ ကျမ်းစာပညာပေးလုပ်ငန်းမှာ လုပ်ဆောင်နေကြတဲ့သူတွေဖြစ်ပြီး အခကြေးငွေ မရရှိကြပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ