အခန်း ၂၅
စာတန့်လောကအတွက်လော၊ ဘုရားသခင့်စနစ်သစ်အတွက်လော
၁။ သင်သည် ဘုရားသခင့် စနစ်သစ်အတွက်ဖြစ်ကြောင်း တကယ်တမ်း ဘာကပြသနည်း။
သင်သည် ဘုရားသခင့် ဖြောင့်မတ်သော စနစ်သစ်အတွက် ဖြစ်သလော။ ၎င်းကို လာစေလိုသလော။ သင်သည် စာတန်ကို ဆန့်ကျင်၍ သူ၏လောကကို အဆုံးတိုင်စေလိုသလော။ ဟုတ်ကဲ့ဟူ၍ အမေးနှစ်ခုစလုံးကို အသင်ဖြေကောင်း ဖြေမည်။ သို့သော် ဤမျှနှင့် လုံလောက်ပြီလော။ အပြုအမူသည် ပြောစကားထက်ပို၍ အသံကျယ်သည်ဟူ၍ ရှေးဆိုရိုးစကားရှိသည်။ သင်သည် ဘုရားသခင့်စနစ်သစ်ကိုယုံလျှင် ထိုသို့ယုံကြောင်းကို သင့်အသက်တာနေထိုင်ပုံကသာ တကယ် သက်သေပြသည်။—မဿဲ ၇:၂၁-၂၃; ၁၅:၇၊ ၈။
၂။ (က) ကျွန်ုပ်တို့ဝတ်ပြုနိုင်သော သခင်နှစ်ပါးကား မည်သူတို့နည်း။ (ခ) ကျွန်ုပ်တို့ မည်သူ့ကျွန်၊ သို့မဟုတ် အစေခံ ဖြစ်ကြောင်း အဘယ်အရာက ပြသနည်း။
၂ သင့်အသက်တာနေထိုင်ပုံသည် သခင်နှစ်ဦးအနက် တစ်ဦး၏စိတ်ကြိုက်နှင့်သာ တွေ့နိုင်သည်ဟူသောအချက်မှာ အမှန်တရားဖြစ်သည်။ သင်သည် ယေဟောဝါဘုရားသခင်ကို ဝတ်မပြုလျှင် စာတန်မာရ်နတ်ကို ဝတ်ပြု၏။ ကျမ်းစာပါ မူတစ်ရပ်က ဤအချက်ကို သဘောပေါက်စေသည်။ “အကြင်သူ့ထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍ အစေခံ၏၊ [သူ့ကို သင်နာခံသောကြောင့်၊ ကဘ] ထိုသူသည် . . . သင်တို့၏သခင် ဖြစ်သည်ကို မသိကြသလော။” (ရောမ ၆:၁၆၊ သမ္မာ) သင်သည် မည်သူ့ကို နာခံသနည်း။ မည်သူ့အလိုသို့ လိုက်သနည်း။ သင် မည်သို့ပင် ဖြေစေကာမူ၊ ဤလောက၏ မဖြောင့်မတ်သောလမ်းစဉ်သို့လိုက်လျှင် စစ်မှန်သော ဘုရားသခင် ယေဟောဝါကို အသင် ဝတ်ပြုနေခြင်း မဖြစ်နိုင်။
စာတန့်လောက—၎င်းကား အဘယ်နည်း
၃။ (က) ဤလောက၏မင်းသည် မည်သူဖြစ်ကြောင်း ကျမ်းစာက ပြသနည်း။ (ခ) ယေရှုဆုတောင်းစဉ် ဤလောကနှင့် မိမိတပည့်တော်များ ကွာခြားကြောင်း မည်သို့ပြသတော်မူခဲ့သနည်း။
၃ ယေရှုက စာတန်ကို “ဤလောကမင်း” ဟု ခေါ်ထားသည်။ တမန်တော်ယောဟန်ကလည်း “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်” ဟုဆို၏။ (ယောဟန် ၁၂:၃၁၊ သမ; ၁ ယောဟန် ၅:၁၉) ဘုရားသခင်ထံ ယေရှုဆုတောင်းစဉ် မိမိတပည့်တော်များကို စာတန့်လောကထဲတွင် စာရင်းမသွင်းခဲ့ကြောင်း သတိပြုပါ။ “အကျွန်ုပ်သည် ထိုသူတို့ [တပည့်တော်များ] အဖို့ တောင်းလျှောက်ပါ၏။ လောကသားတို့အဖို့မဟုတ်။ . . . ဤလောကနှင့် အကျွန်ုပ်မစပ်ဆိုင်သည့်နည်းတူ သူတို့လည်း မစပ်ဆိုင်ကြ။” (ယောဟန် ၁၇:၉၊ ၁၆;၊ သမ; ၁၅:၁၈၊ ၁၉) ဤအချက်ကိုထောက်လျှင် ခရစ်ယာန်စစ်များ လောကနှင့် သီးခြားနေရမည်ကို ထင်ရှားစွာ တွေ့ရသည်။
၄။ (က) ယောဟန် ၃:၁၆ ၌ “လောကီသားတို့” ဟူသော စကားသည် မည်သူများကို ရည်ညွှန်းသနည်း။ (ခ) ခရစ်တော်၏ နောက်တော်လိုက်များ မိမိတို့ကိုယ်ကို သီးသန့်စေအပ်သော “လောက” မှာ အဘယ်လောကနည်း။
၄ သို့သော် “ဤလောက” ဟု ယေရှုဆိုရာ၌ ဘာကိုရည်ညွှန်းသနည်း။ ကျမ်းစာ၌ “ဤလောက” သို့မဟုတ် “လောကီသားတို့” ဟုဆိုရာတွင် တစ်ခါတစ်ရံ လူသားတစ်ရပ်လုံးကို ဆိုလိုသည်။ ဘုရားသခင်သည် လူသားတစ်ရပ်လုံးအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိသားတော်အသက်ကို ဆက်သစေရန် သားတော်ကို စေလွှတ်တော်မူခဲ့သည်။ (ယောဟန် ၃:၁၆) သို့တစေ စာတန်သည် လူသားအများထုကို ဘုရားသခင်အား အန်တုသူများအဖြစ် ဖွဲ့စည်းထားသည်။ ထို့ကြောင့် စာတန့်လောကဆိုသည်မှာ ဘုရားသခင့်မျက်မြင်ရအဖွဲ့အစည်းအပြင်ဘက်၊ သို့မဟုတ် သီးခြားတည်ရှိဖွဲ့စည်းထားသော လူ့အဖွဲ့ပင်ဖြစ်သည်။ ခရစ်ယာန်များ လောကနှင့် သီးခြားနေရမည်ဟု ဆိုရာ၌ ဤလောကကိုပင် ရည်ညွှန်း၏။—ယာကုပ် ၁:၂၇။
၅။ ဤလောက၏ အရေးပါသောအစိတ်အပိုင်းတစ်ရပ်မှာ အဘယ်နည်း။ ၎င်းကို ကျမ်းစာထဲ၌ မည်သို့ပုံဆောင်ထားသနည်း။
၅ စာတန့်လောက—သူ၏ဖွဲ့စည်းထားသည့် လူ့အဖွဲ့—သည် အနီးကပ် ဆက်စပ်လျက်ရှိသော အစိတ်အပိုင်းအမျိုးမျိုးဖြင့် ပေါင်းစပ်ထားသည်။ အရေးပါသောအပိုင်းတစ်ခုမှာ မှားယွင်းသောဘာသာဖြစ်သည်။ ကျမ်းစာ၌ မှားယွင်းသောဘာသာကို “ဗာဗုလုန်မြို့ကြီး” အမည်ရှိ “ပြည့်တန်ဆာကြီး” သို့မဟုတ် မိန်းမရွှင်တစ်ယောက်နှင့် ပုံဆောင်ထားသည်။ သူမ၌ “လောကီရှင်ဘုရင်တို့ကို အစိုးရသော နိုင်ငံတစ်ခုရှိ” သည်ဟူသည့်အချက်က သူမ သည် ကမ္ဘာ့အင်ပါယာတစ်ခုဖြစ်ကြောင်း သိနိုင်သည်။ (ဗျာဒိတ် ၁၇:၁၊ ၅၊ ၁၈၊ ကဘ) သို့သော် ဗာဗုလုန်မြို့ကြီး (မဟာဗာဗုလုန်) သည် ဘာသာရေးကမ္ဘာ့အင်ပါယာတစ်ခုဖြစ်ကြောင်း အဘယ်အချက်က သက်သေပြသနည်း။
၆၊ ၇။ (က) မဟာဗာဗုလုန်သည် ဘာသာရေးအင်ပါယာတစ်ခုဖြစ်ကြောင်း ဘာကပြသနည်း။ (ခ) မှောက်မှားသော ဘာသာသည် နိုင်ငံရေးအစိုးရများနှင့် မည်သို့သော ဆက်ဆံမှုမျိုး ရှိသနည်း။
၆ “လောကီရှင်ဘုရင်တို့” သည် သူမနှင့် ‘မတရားမေထုန်ပြု’ သည်ဟု ဆိုထားသောကြောင့် မဟာဗာဗုလုန်သည် နိုင်ငံရေးကမ္ဘာ့အင်ပါယာ မဖြစ်နိုင်။ “ကုန်သည်တို့” သည် သူမ၏ပျက်စီးခြင်းအတွက် အဝေးမှရပ်၍ ငိုကြွေးကြသည်ဟု ဆိုထားသောကြောင့် သူမသည် စီးပွားရေးကမ္ဘာ့အင်ပါယာတစ်ခုလည်း မဖြစ်နိုင်။ (ဗျာဒိတ် ၁၇:၂; ၁၈:၁၅) သို့ရာတွင် “လူအမျိုးမျိုးတို့သည်” သူမ၏ “ပြုစားခြင်းပရိယာယ် [နတ်ဝိဇ္ဇာအတတ်များ၊ ကဘ] အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီ” ဟူသော ကျမ်းအဆိုကိုကြည့်ခြင်းဖြင့် သူမသည် ဘာသာရေးအင်ပါယာတစ်ခု အမှန်ဖြစ်သည်ကို သိမြင်နိုင်သည်။—ဗျာဒိတ် ၁၈:၂၃။
၇ “သားရဲ” တစ်ကောင်နှင့် မဟာဗာဗုလုန် ဆက်ဆံပုံကလည်း သူမ သည် ဘာသာရေးအင်ပါယာတစ်ခုဖြစ်သည်ကို သက်သေပြ၏။ ကျမ်းစာ၌ သားရဲတို့သည် နိုင်ငံရေးအစိုးရများကို ပုံဆောင်သည်။ (ဒံယေလ ၈:၂၀၊ ၂၁) မဟာဗာဗုလုန်သည် “ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ . . . သော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိ” သည်ဟု ဆိုထားသည်။ ဤသို့ဖြင့် သူမသည် ၎င်း “သားရဲ” သို့မဟုတ် ကမ္ဘာ့အစိုးရအပေါ် ဩဇာညောင်းရန် အားထုတ်လာခဲ့သည်။ (ဗျာဒိတ် ၁၇:၃) ၎င်းပြင် သမိုင်းတစ်လျှောက် ဘာသာရေးသည် နိုင်ငံရေးရာများနှင့် ရောထွေးကာ အစိုးရများကို အမိန့်ပေးလာခဲ့သည်မှာ အမှန်တရားပင်ဖြစ်သည်။ သူမသည် အမှန်ပင် “လောကီရှင်ဘုရင်တို့ကို အုပ်စိုး” လာခဲ့သည်။—ဗျာဒိတ် ၁၇:၁၈။
၈။ စာတန့်လောက၏ အခြားအရေးပါသော အစိတ်အပိုင်းကား အဘယ်နည်း။ ၎င်းကို ကျမ်းစာထဲ၌ မည်သို့ပုံဆောင်ထားသနည်း။
၈ ဤနိုင်ငံရေးအစိုးရများသည်လည်း စာတန့်လောက၏ အရေးကြီးသော အခြား အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ သတိပြုမိခဲ့သည့်အတိုင်း ၎င်းတို့ကို ကျမ်းစာ၌ သားရဲများဖြင့် ပုံဆောင်ထားသည်။ (ဒံယေလ ၇:၁-၈၊ ၁၇၊ ၂၃) သားရဲနှင့်တူသော ဤအစိုးရများသည် မိမိတို့အာဏာကို စာတန်ထံမှရကြောင်း၊ တမန်တော်ယောဟန် ရေးသားသော ရူပါရုံ၌ တွေ့နိုင်သည်– “သားရဲတစ်ကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ . . . ပင်လယ်ထဲက တက်သည်ကိုမြင်၏။ . . . နဂါးသည် မိမိ . . . အာဏာစက်ကို . . . သားရဲ၌အပ်ပေး၏။” (ဗျာဒိတ် ၁၃:၁၊ ၂; ၁၂:၉) စာတန်က ယေရှုအား ထိုတိုင်းနိုင်ငံများကို ပေးမည်ဟု ကမ်းလှမ်းပြီး ယေရှုကို သွေးဆောင်ခဲ့သည့်အဖြစ်ကလည်း ထိုနိုင်ငံများ၊ သို့မဟုတ် အစိုးရများသည် စာတန့်လောက၏ အစိတ်အပိုင်းဖြစ်ကြောင်း ထပ်ဆင့်သက်သေပြ၏။ စာတန်သည် ၎င်းတို့ကို အစိုးမရလျှင် ထိုသို့ကမ်းလှမ်းနိုင်ခဲ့မည်မဟုတ်။—မဿဲ ၄:၈၊ ၉။
၉။ (က) စာတန့်လောက၏ အခြားအစိတ်အပိုင်းတစ်ခုကို ဗျာဒိတ် ၁၈:၁၁ ၌ မည်သို့ဖော်ပြထားသနည်း။ (ခ) ၎င်းသည် ဘာကိုပြုလုပ်၍ ဘာကို တိုးပွားစေခြင်းဖြင့် မိမိနောက်ကွယ်တွင် စာတန်ရှိနေကြောင်းကို ပြသနည်း။
၉ စာတန့်လောက၏ ထင်ပေါ်သော အခြားအစိတ်အပိုင်းတစ်ခုမှာ ဗျာဒိတ် ၁၈:၁၁ ၌ “လောကီကုန်သည်တို့” ဟုဆိုထားသော လောဘကြီး၍ နိုင်ထက်ကလူပြုသော စီးပွားရေးစနစ်ပင်ဖြစ်သည်။ ထိုစီးပွားရေးစနစ်သည် မိမိတို့၏ ထုတ်ကုန်များကို လူတို့မလိုအပ်သော်လည်း ရယူလို၊ မပိုင်ဆိုင်လျှင် သာ၍ကောင်းလျက်နှင့်လည်း ရယူပိုင်ဆိုင်လိုသော တစ်ကိုယ်ကောင်းစိတ်ကို ပွားများစေသည်။ တစ်ချိန်တည်းတွင် လောဘကြီးသော စီးပွားရေးစနစ်သည် ကုန်လှောင်ရုံကြီးများ၌ အစားအစာများကို သိုလှောင်သိမ်းဆည်းထားကာ အစားအစာအတွက် ဝယ်စရာငွေမရှိသော လူသန်းပေါင်းများစွာကို သေအောင် အငတ်ထားနေသည်။ တစ်ဖက်တွင်ကြည့်လျှင် လူ့မိသားစုတစ်ရပ်လုံးကို သုတ်သင်ချေမှုန်းနိုင်သော စစ်လက်နက်များကိုထုတ်လုပ်၍ အမြတ်အစွန်းအတွက် ရောင်းချနေသည်။ ဤသို့ဖြင့် စာတန့်စီးပွားရေးစနစ်သည် မှောက်မှားသော ဘာသာရေး၊ နိုင်ငံရေးအစိုးရများနှင့်အတူ တွဲဖက်၍ တစ်ကိုယ်ကောင်းစိတ်၊ ရာဇဝတ်မှုနှင့် ကြောက်မက်ဖွယ်စစ်ကြီးများကိုသာ တိုးပွားစေသည်။
၁၀၊ ၁၁။ (က) စာတန့်လောက၏ နောက်အစိတ်အပိုင်းတစ်ခုမှာ အဘယ်နည်း။ (ခ) အဘယ်ကျမ်းစာသတိပေးချက်များက ထိုအစိတ်အပိုင်းနှင့် ကင်းကင်းရှင်းရှင်းနေရန် သတိပေးထားသနည်း။
၁၀ စာတန်မာရ်နတ်လက်အောက် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းသည် တကယ်ပင်ဆိုးယုတ်ပျက်ပြား၏။ ၎င်းသည် ဘုရားသခင့်ပညတ်များကို ဆန့်ကျင်၍ အကျင့်ပျက်ပြားမှုမျိုးစုံနှင့် ပြည့်နှက်နေ၏။ ထို့ကြောင့် စာတန့်လောက၏ နောက်အစိတ်အပိုင်းတစ်ရပ်မှာ လျော့ရဲသောအနေအထိုင်၊ သီလပျက်သောလမ်းစဉ်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းကြောင့် တမန်တော်ပေါလုနှင့် ပေတရု နှစ်ဦးစလုံးက သာသနာပလူတို့၏ အကျင့်အကြံဆိုးများကို ရှောင်ရန် ခရစ်ယာန်တို့အား သတိပေးခဲ့ရခြင်းဖြစ်သည်။—ဧဖက် ၂:၁-၃; ၄:၁၇-၁၉; ၁ ပေတရု ၄:၃၊ ၄။
၁၁ တမန်တော်ယောဟန်ကလည်း လောက၏ မှားယွင်းသော တပ်မက်မှုများ၊ သီလပျက်လမ်းစဉ်များကို ခရစ်ယာန်တို့ ခုခံတိုက်လှန်ရန်လိုသည်ကို အလေးအနက် တင်ပြခဲ့သည်။ “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာ မရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်။ လောကနှင့်သာ စပ်ဆိုင်ကြ၏။” (၁ ယောဟန် ၂:၁၅၊ ၁၆) တပည့်တော်ယာကုပ်က ‘ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူ မည်သူမဆို မိမိကိုယ်ကို ဘုရားသခင့်ရန်သူ ဖြစ်စေသည်’ ဟုဆို၏။—ယာကုပ် ၄:၄။
လောကနှင့်စပ်ဆိုင်သူမဖြစ်ရန် မည်သို့ရှောင်နိုင်ကြောင်း
၁၂၊ ၁၃။ (က) ခရစ်ယာန်များသည် လောကထဲ၌နေရမည်ဖြစ်ကြောင်း ယေရှု မည်သို့ပြသသနည်း။ (ခ) လောကထဲ၌ရှိနေသော်လည်း ၎င်း၏ အစိတ်အပိုင်းမဖြစ်ဘဲ မည်သို့နေနိုင်သနည်း။
၁၂ စာတန့်လောက တည်ရှိနေသ၍ ခရစ်ယာန်များသည် ၎င်းလောက၌ နေရမည်ဖြစ်သည်။ “ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်” ဟု ခမည်းတော်ထံ ယေရှုဆုတောင်းစဉ် ထိုအချက်ကို ပြသခဲ့သည်။ သို့သော် မိမိနောက်တော်လိုက်များနှင့်စပ်လျဉ်း၍ ဤသို့ဆက်လက်မိန့်တော်မူသည်– “ဤလောကနှင့် . . . သူတို့ . . . မစပ်ဆိုင်ကြ။” “သူတို့သည် ဤလောက၏ အစိတ်အပိုင်းမဟုတ်။” (ယောဟန် ၁၇:၁၅၊ ၁၆၊ ကဘ) စာတန့်လောကထဲ၌နေလျက်နှင့် ၎င်း၏အစိတ်အပိုင်းမဖြစ် ဖို့ မည်သို့တတ်နိုင်မည်နည်း။
၁၃ သင်သည် ဖွဲ့စည်းထားသော ယနေ့ လူ့အဖွဲ့အစည်းတွင် ပါဝင်သောလူတို့အလယ်၌ နေထိုင်လျက်ရှိသည်။ ထိုသူများတွင် မတရားမေထုန်ပြုသူ၊ လောဘကြီးသူမှစ၍ ဆိုးသွမ်းသောအမှုပြုသူများ ပါဝင်ကြသည်။ သင်သည် သူတို့နှင့်အတူ အလုပ်လုပ်၊ ကျောင်းသွား၊ အတူစား၊ အခြားလုပ်ငန်းများကိုလည်း အတူလုပ်ကိုင်လျက် ရှိကောင်းရှိမည်။ (၁ ကောရိန္သု ၅:၉၊ ၁၀) သူတို့ကို ဘုရားသခင် ချစ်သကဲ့သို့ သင်ချစ်ရမည်။ (ယောဟန် ၃:၁၆) သို့သော် ခရစ်ယာန်စစ်တစ်ယောက်အနေဖြင့် လူတို့ပြုလုပ်သော အဆိုးများကို မချစ်ပါ။ သူတို့၏ စိတ်သဘောထား၊ အပြုအမူနှင့် ဘဝပန်းတိုင်များကိုလည်း လက်သင့်မခံပါ။ သူတို့၏ ဖောက်ပြန်သော ဘာသာရေးနှင့် နိုင်ငံရေးတွင် မပါဝင်ပါ။ အသက်မွေးရန်အတွက် စီးပွားရေးလောက၌ မကြာခဏ အလုပ်လုပ်ရမည်မှန်သော်လည်း မရိုးသားသောစီးပွားရေးအကျင့်များကို မကျင့်။ ပစ္စည်းဥစ္စာ ရယူခြင်းကိုလည်း အဓိကဘဝပန်းတိုင်အဖြစ် မထားပါ။ သူသည် ဘုရားသခင့်စနစ်သစ်အတွက်ဖြစ်သောကြောင့် စာတန့်လောကအတွက် အသက်ရှင်သော မကောင်းသည့်အပေါင်းအသင်းများကို ရှောင်၏။ (၁ ကောရိန္သု ၁၅:၃၃; ဆာလံ ၁:၁; ၂၆:၃-၆၊ ၉၊ ၁၀) ဤသို့ဖြင့် ထိုသူသည် စာတန့်လောကထဲ၌နေလျက်နှင့် ၎င်းအစိတ်အပိုင်း မဖြစ်ဘဲနေ၏။
၁၄။ သင်သည် ဘုရားသခင့်စနစ်သစ်အတွက် ရပ်တည်လျှင် အဘယ်ကျမ်းစာအမိန့်ကို နာခံမည်နည်း။
၁၄ အသင်ကော။ စာတန့်လောကအစိတ်အပိုင်း ဖြစ်လိုသလော။ သို့မဟုတ် ဘုရားသခင့်စနစ်သစ်အတွက် ဖြစ်သလော။ သင်သည် ဘုရားသခင့်စနစ်သစ်အတွက်ဖြစ်လျှင် ဤလောက၏ မှောက်မှားသော ဘာသာရေးအပါအဝင် ဤလောကမှ သီးခြားခွဲနေမည်ဖြစ်သည်။ “ငါ၏လူမျိုးတို့၊ . . . သူ [မဟာဗာဗုလုန်] ၏အထဲက ထွက်ကြလော့” ဟူသောအမိန့်ကို အသင်နာခံလိမ့်မည်။ (ဗျာဒိတ် ၁၈:၄) သို့ရာတွင် မဟာဗာဗုလုန်၊ မှောက်မှားသောဘာသာရေးအင်ပါယာထဲမှ ထွက်သည်ဆိုရာ၌ မှောက်မှားသော ဘာသာရေးအဖွဲ့အစည်းများနှင့် အဆက်အသွယ်ဖြတ်တောက်ရုံသာမဟုတ်။ ဤလောက၏ ဘာသာရေးပွဲသဘင် အခမ်းအနားနှင့်လည်း လုံးဝ မပတ်သက်ခြင်းကို ဆိုလိုသည်။—၂ ကောရိန္သု ၆:၁၄-၁၈။
၁၅။ (က) ခရစ်ယာန်တို့သည် ယေရှုမွေးနေ့အစား အဘယ်အရာကို ကျင်းပရန် မိန့်မှာခြင်းခံရသနည်း။ (ခ) ယေရှုသည် ချမ်းအေးသောဆောင်းဥတုတွင် မွေးဖွားခြင်းမဖြစ်နိုင်ကြောင်း ဘာကပြသနည်း။ (ဂ) ဒီဇင်ဘာလ ၂၅ ရက်ကို ယေရှုမွေးနေ့ကျင်းပရန်နေ့အဖြစ် အဘယ်ကြောင့် ရွေးချယ်ခဲ့ကြသနည်း။
၁၅ ခရစ်စ္စမတ်သည် ယနေ့ ထင်ပေါ်သော ဘာသာရေးပွဲတစ်ရပ်ဖြစ်သည်။ သို့သော် ၎င်းသည် အလွန်ရှေးကျသော ခရစ်ယာန်များ စောင့်ထိန်းခဲ့သော ပွဲတစ်ခုမဟုတ်ဟု သမိုင်းက ပြ၏။ ယေရှုက နောက်တော်လိုက်များအား မိမိ၏သေခြင်းကို အောက်မေ့ရန် မှာကြားခဲ့သည်။ မိမိမွေးဖွားခြင်းကို အောက်မေ့ရန် မဟုတ်။ (၁ ကောရိန္သု ၁၁:၂၄-၂၆) အမှန်မှာ ဒီဇင်ဘာလ ၂၅ ရက်သည် ယေရှုမွေးနေ့မဟုတ်။ ဖြစ်လည်း မဖြစ်နိုင်။ အကြောင်းမှာ ယေရှုမွေးဖွားသောအချိန်၌ သိုးထိန်းတို့သည် ညအခါ စားကျက်၌ ရှိနေဆဲဖြစ်သည်ဟု ကျမ်းစာဖော်ပြသောကြောင့်ဖြစ်၏။ မိုးရွာ၍ ချမ်းအေးသော ဆောင်းဥတုအချိန်၌ သူတို့ ထိုနေရာတွင် ရှိခဲ့ကြမည်မဟုတ်။ (လုကာ ၂:၈-၁၂) တကယ်ဆိုလျှင် ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ယေရှုမွေးနေ့အဖြစ်ကျင်းပရန် ရွေးချယ်ခဲ့သည့် အကြောင်းမှာ ကမ္ဘာ့စွယ်စုံကျမ်း ရှင်းပြသည့်အတိုင်း “ထိုနေ့ကို ရောမလူတို့က ဆက်တန်နတ်ဘုရားပွဲဓလေ့ဖြင့် နေ၏မွေးနေ့ ကျင်းပလျက်ရှိနှင့်ခဲ့ပြီ” ဖြစ်သောကြောင့်တည်း။
၁၆။ (က) အခြား အဘယ်ထင်ရှားသည့် ဘာသာရေးပွဲနေ့သည်လည်း ခရစ်ယာန်မဟုတ်သည့်အဖြစ်မှ စတင်ခဲ့သနည်း။ (ခ) ခရစ်ယာန်စစ်တို့သည် အဘယ်ခိုင်လုံသော အကြောင်းရင်းများကြောင့် ခရစ်စ္စမတ်နှင့် အီစတာပွဲများကို မကျင်းပကြသနည်း။
၁၆ အီစတာသည်လည်း ထင်ပေါ်သော ဘာသာရေးပွဲနေ့ တစ်နေ့ဖြစ်သည်။ လက်တင်အမေရိကနိုင်ငံအချို့မှ သန့်ရှင်းသော ရက်သတ္တပတ်သည်လည်း အလားတူဖြစ်သည်။ သို့သော် အီစတာကိုလည်း ရှေးခရစ်ယာန်များ မကျင်းပခဲ့ကြပါ။ ၎င်းသည်လည်း ခရစ်ယာန်မဟုတ်သော ပွဲလမ်းများမှ အစပြု ဆင်းသက်ခဲ့သည်။ ဗြိတိန်နီကာစွယ်စုံကျမ်းက “အီစတာပွဲကျင်းပခြင်း၏ အရိပ်အယောင်ကို ဓမ္မသစ်ကျမ်း၌ မတွေ့ရ” ဟုဆို၏။ သို့တစေ ခရစ်စ္စမတ်နှင့် အီစတာတို့သည် ခရစ်ယာန်ပွဲများမဟုတ်ဘဲ အမှန်အားဖြင့် မှောက်မှားသောဘုရားများကိုးကွယ်သူတို့က အစပြုခဲ့ရာများဖြစ်သည်ဟူသောအချက်သည် တကယ်အရေးကြီးသလော။ တမန်တော်ပေါလုက အစစ်နှင့်အတုကို မရောနှောရန် ဤသို့သတိပေး၏။ “အနည်းငယ်သောတဆေး” ပင်ဖြစ်ပါစေ၊ “မုန့်စိမ်း တစ်ပုံလုံးကို ဖောင်းကြွစေတတ်၏။” (ဂလာတိ ၅:၉) မောရှေပညတ်အောက်၌ စောင့်ထိန်းခဲ့ကြသော်လည်း ခရစ်ယာန်များအတွက် ဘုရားသခင်ပယ်လိုက်ပြီဖြစ်သော ပွဲနေ့များကို စောင့်ထိန်းခြင်းသည် မှား၏ဟု ရှေးခရစ်ယာန်အချို့တို့အား သူပြောခဲ့သည်။ (ဂလာတိ ၄:၁၀၊ ၁၁) ဘုရားသခင်ကလည်း ကျင်းပရမည်ဟု တစ်ခါမျှ မမိန့်မှာ၊ မှောက်မှားသည့် ဘာသာမှ ဆင်းသက်လာရာလည်းဖြစ်သော ပွဲနေ့များဆိုလျှင် ယနေ့စစ်မှန်သောခရစ်ယာန်များ ဝေးဝေးရှောင်ရန် ပို၍အရေးကြီးသည်တကား!
၁၇။ (က) ပုဂ္ဂိုလ်ကျော်များ သို့မဟုတ် တိုင်းနိုင်ငံများအား ဂုဏ်ပြုသောပွဲနေ့များကို အဘယ်ကြောင့် မကျင်းပသင့်သနည်း။ (ခ) ခရစ်ယာန်များ မည်သည့်လမ်းစဉ်ကို လိုက်အပ်ကြောင်း ကျမ်းစာ မည်သို့ပြသနည်း။
၁၇ လောက၏ အခြားပွဲနေ့များသည် ပုဂ္ဂိုလ်ကျော်တို့ကို ဂုဏ်ပြုကြ၏။ အချို့ပွဲနေ့များမှာမူ တိုင်းနိုင်ငံများ၊ သို့မဟုတ် လောကအဖွဲ့အစည်းများကို ဂုဏ်တင်ချီးမြှင့်ကြ၏။ သို့သော် ကျမ်းစာက လူသားများအား ကိုးကွယ်ဆည်းကပ် ဂုဏ်တင်ခြင်း၊ ဘုရားသခင်သာ တတ်စွမ်းရာများကို လူ့အဖွဲ့အစည်းများက လုပ်ဆောင်ပေးမည်ဟု ကိုးစားခြင်းမပြုရန် သတိပေးထားသည်။ (တမန်တော် ၁၀:၂၅၊ ၂၆; ၁၂:၂၁-၂၃; ဗျာဒိတ် ၁၉:၁၀; ယေရမိ ၁၇:၅-၇) ထို့ကြောင့် လူတစ်ဦးကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ ချီးမြှင့်မြှောက်စားကြသော ပွဲနေ့များသည် ဘုရားသခင့်အလိုတော်နှင့် မညီပါ။ ခရစ်ယာန်စစ်များ ၎င်းတို့တွင် ပါဝင်မည်မဟုတ်ပါ။—ရောမ ၁၂:၂။
၁၈။ (က) လူတို့သည် အဘယ်အရာများကို ပြုလုပ်၍ ဂုဏ်ပြုကိုးကွယ်လာခဲ့ကြပြီနည်း။ (ခ) အရာဝတ္တုတစ်ခုကို ကိုးကွယ်ဂုဏ်ပြုခြင်းနှင့်ပတ်သက်၍ ဘုရားသခင့်ပညတ်က မည်သို့ဆိုသနည်း။
၁၈ လူတို့သည် အရာဝတ္ထုများစွာပြုလုပ်၍ ၎င်းတို့ကို ဂုဏ်တင်ရန်၊ သို့မဟုတ် ရှိခိုးကိုးကွယ်ကြရန် လူတို့အား တောင်းဆိုကြ၏။ ထိုအရာဝတ္ထုများအနက် အချို့ကို သတ္တု၊ သို့မဟုတ် သစ်သားဖြင့် ပြုလုပ်ထားသည်။ အချို့ကို ပိတ်ထည်ဖြင့် ပြုလုပ်၍ ၎င်းတို့ပေါ်၌ ကောင်းကင်၊ သို့မဟုတ် မြေကြီးပေါ်ရှိ အရာတစ်ခုခုကို ချုပ်ကပ်ထားကြသည်။ သို့မဟုတ် ရုပ်ပုံဆွဲထားကြသည်။ ထိုအရာဝတ္ထုကို လူတိုင်းရှိခိုးကိုးကွယ် ဂုဏ်တင်ရမည်ဟု နိုင်ငံတစ်ခုက ဥပဒေထုတ်ထားချင် ထုတ်ထားမည်။ သို့သော် ဘုရားသခင့်ပညတ်က မိမိကျေးကျွန်များ ထိုသို့မပြုရဟု ဆိုထားသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; မဿဲ ၄:၁၀) ထိုသို့သောအခြေအနေမျိုးအောက်၌ ဘုရားသခင့်လူမျိုးတော် မည်သို့ပြုခဲ့ကြသနည်း။
၁၉။ (က) ဗာဗုလုန် ရှင်ဘုရင်က လူတိုင်း ဘာပြုရန် အမိန့်ထုတ်သနည်း။ (ခ) မည်သူတို့၏ ပုံနမူနာကို ခရစ်ယာန်များ လိုက်သင့်သနည်း။
၁၉ ရှေးဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ရွှေရုပ်တုကြီးတစ်ခုကို တည်လုပ်၍ လူတိုင်း ၎င်းကို ဦးညွတ်စေဟု အမိန့်ထုတ်ပြန်၏။ ‘ဦးမညွတ်သူ မည်သူကိုမဆို ရဲရဲတောက်လောင်နေသော မီးဖိုထဲသို့ ချပစ်စေ’ ဟုဆို၏။ ကျမ်းစာက ဟေဗြဲလူငယ်သုံးဦးဖြစ်ကြသော ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့က ဘုရင့်အမိန့်ကို လွန်ဆန်ကြသည်ဟု ဆို၏။ အဘယ်ကြောင့်နည်း။ ကိုးကွယ်ရေးနှင့် ပတ်သက်နေသောကြောင့်ဖြစ်၏။ သူတို့၏ ကိုးကွယ်ရေးကို ယေဟောဝါတစ်ပါးတည်းသာ ပိုင်ဆိုင်တော်မူ၏။ သူတို့အပြုအမူကို ဘုရားသခင် နှစ်သက်သဖြင့် ဘုရင့်အမျက်မှ သူတို့ကို ကယ်တင်တော်မူ၏။ နေဗုခဒ်နေဇာကလည်း ယေဟောဝါ၏ ထိုကျွန်များသည် နိုင်ငံကို အန္တရာယ်ပြုသူများမဟုတ်ကြောင်း သိမြင်လာကာ သူတို့၏လွတ်လပ်ခွင့်ကို ကာကွယ်သည့် ဥပဒေတစ်ရပ်ကိုပင် ထုတ်ပြန်ခဲ့လေသည်။ (ဒံယေလ ၃:၁-၃၀) ထိုလူငယ်များ၏ သစ္စာတည်ကြည်ပုံကို သင် အားမကျပေလော။ ဘုရားသခင့်ပညတ်အားလုံးကို နာခံခြင်းဖြင့် သင်သည် ဘုရားသခင့်စနစ်သစ်အတွက် ဖြစ်ကြောင်းကို ပြသမည်လော။—တမန်တော် ၅:၂၉။
၂၀။ လိင်စာရိတ္တဆိုင်ရာ ဘုရားသခင့်ပညတ်များကို ကျွန်ုပ်တို့ချိုးဖောက်စေရန် စာတန်အားထုတ်ရာ၌ သုံးသောနည်းအမျိုးမျိုးကား အဘယ်နည်း။
၂၀ ကျွန်ုပ်တို့ ယေဟောဝါအား ဝတ်ပြုသည်ကို စာတန်လိုလားမည်မဟုတ်။ သူ့အား ဝတ်ပြုဖို့သာ လိုလား၏။ ထို့ကြောင့် ပုဂ္ဂိုလ်တစ်ဦး၏စကားကို နားထောင်လျှင် ကျွန်ုပ်တို့ ထိုသူ၏ကျွန် ဖြစ်သွားမည်ကို သူသိသောကြောင့် သူလိုချင်ရာကို ကျွန်ုပ်တို့လုပ်စေရန် သူအားထုတ်၏။ (ရောမ ၆:၁၆) ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ အချို့သောအကအခုန်နှင့် စာရိတ္တပျက်စာပေများ အပါအဝင် နည်းအမျိုးမျိုးသုံးကာ စာတန်သည် လက်မထပ်ထားသူချင်း မေထုန်ပြုရန်၊ လင်မယားသစ္စာဖျက်ရန် အားပေးလှုံ့ဆော်၏။ ထိုသို့သောအကျင့်များကို လက်ခံနိုင်စရာ သင့်လျော်သောအရာဟု ထင်စရာဖြစ်အောင် ပြုလုပ်ထားသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင့်ပညတ်များနှင့် ဆန့်ကျင်၏။ (ဟေဗြဲ ၁၃:၄; ဧဖက် ၅:၃-၅) ထိုသို့သောအကျင့်ကို ကျင့်သောသူအနေဖြင့် မိမိသည် စာတန့်လောကအတွက်ဖြစ်ကြောင်း ပြသနေခြင်းဖြစ်သည်။
၂၁။ အခြား အဘယ်အကျင့်များကိုပြုလျှင်လည်း မိမိသည် စာတန့်လောကအတွက် ရပ်တည်ကြောင်း ပြရာရောက်မည်နည်း။
၂၁ စာတန့်လောကက လူကြိုက်များအောင် ပြုလုပ်ထားသော်လည်း စင်စစ်အားဖြင့် ဘုရားသခင့်ပညတ်နှင့် ဆန့်ကျင်သော အခြားအကျင့်များ ရှိသေးသည်။ တစ်ခုမှာ အရက်ပါသော အဖျော်ယမကာသောက်၍ ယစ်မူးခြင်း ဖြစ်သည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) နောက်တစ်မျိုးမှာ မာရီဟွားနား (ဆေးခြောက်)၊ ဟီးရိုးအင်း (ဘိန်းဖြူ) စသော မူးယစ်ဆေးဝါးများကို အပျော်သဘောဖြင့် သုံးစွဲခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်းတို့ ဖြစ်သည်။ ထိုအရာများသည် ကိုယ်ခန္ဓာကို ထိခိုက်စေသည်။ ညစ်ညူးစေသည်။ ထိုသို့ သုံးစွဲခြင်းသည် “ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ် ကင်းစင်စေ” လော့ဟူသော ဘုရားသခင့် ညွှန်ကြားချက်ကို သိသိသာသာ ချိုးဖောက်ခြင်းဖြစ်သည်။ (၂ ကောရိန္သု ၇:၁) ဆေးရွက်ကြီးကို (ဆေးလိပ်၊ စီးကရက်အဖြစ်) သောက်ခြင်းသည် ဆေးအခိုးအငွေ့ရှူမိသော အနီးအနားရှိ ပုဂ္ဂိုလ်များ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေ၏။ ထို့ကြောင့် ဆေးလိပ်သောက်သူသည် ခရစ်ယာန်များ လူလူချင်းကို ချစ်ရမည်ဟူသော ဘုရားသခင့်ပညတ်ကို ချိုးဖောက်ရာရောက်သည်။—မဿဲ ၂၂:၃၉။
၂၂။ (က) သွေးနှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဆိုသနည်း။ (ခ) သွေးသွင်းခြင်းသည် သွေး “စားခြင်း” နှင့် အဘယ်ကြောင့် စင်စစ် မခြားသနည်း။ (ဂ) ‘သွေးကိုရှောင်ခြင်း’ ဟူသည် ကိုယ်ခန္ဓာအတွင်းသို့ လုံးဝမထည့်သွင်းခြင်းကို ဆိုလိုကြောင်း အဘယ်အချက်က ပြသနည်း။
၂၂ ကမ္ဘာ့အစိတ်အပိုင်း အသီးသီးတွင် ပြုလုပ်နေကျဓလေ့တစ်ခုမှာ သွေးစားသုံးမှု ဖြစ်သည်။ သွေးကောင်းစွာမသွန်ပစ်သော တိရစ္ဆာန်များ၏အသားကို စားကြ၏။ သို့မဟုတ် သွေးကို သွန်ထုတ်ပြီးမှ ၎င်းကို အစာအဖြစ် ပြန်၍ အသုံးပြုကြသည်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်က သွေးစားခြင်းကို တားမြစ်ထား၏။ (ကမ္ဘာဦး ၉:၃၊ ၄; ဝတ်ပြုရာ ၁၇:၁၀) သို့ဖြစ်လျှင် သွေးသွင်းခြင်းကို မည်သို့ဆိုမည်နည်း။ သွေးသွင်းခြင်းသည် တကယ် “စားခြင်း” မဟုတ်ဟု အချို့ကထင်၏။ သို့သော် လူနာတစ်ယောက်ပါးစပ်မှ အစာမစားနိုင်သောအခါ ဆရာဝန်က သွေးသွင်းသည့်နည်းဖြင့် လူနာကို အစာကျွေးရန် ညွှန်ကြားလေ့ရှိသည်မဟုတ်လော။ ကျမ်းစာက “အသွေးကို . . . ကြဉ်ရှောင်ရမည်” ဟု ပညတ်ထားသည်။ (တမန်တော် ၁၅:၂၀၊ ၂၉) ဘာကို ဆိုလိုသနည်း။ အရက်ရှောင်ပါဟု သင့်အား ဆရာဝန်ကပြောလှာလျှင် သင့်ပါးစပ်မှတစ်ဆင့် မသောက်သုံးဘဲ သင့်သွေးကြောထဲသို့ တိုက်ရိုက်သွင်းနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်မည်လော။ လုံးဝမဆိုလို! ထိုနည်းတူ ‘သွေးကိုရှောင်ခြင်း’ သည်လည်း သင့်ကိုယ်ထဲသို့ လုံးဝမရောက်စေခြင်းပင် ဖြစ်သည်။
၂၃။ (က) သင် အဘယ်ဆုံးဖြတ်ချက်ချရန် လိုသနည်း။ (ခ) သင့်ဆုံးဖြတ်ချက်ကို အဘယ်အရာက ထင်ရှားစေမည်နည်း။
၂၃ သင့်အနေဖြင့် မိမိသည် ယေဟောဝါဘုရားသခင်၏ စနစ်သစ်အတွက်ဖြစ်ကြောင်း ဤလောက၏ အစိတ်အပိုင်းမဟုတ်ကြောင်း ကိုယ်တော်ကို ပြသရန်လိုသည်။ သို့ပြသနိုင်ရန် ဆုံးဖြတ်ချက်တစ်ရပ်ချဖို့လိုသည်။ ၎င်းမှာ ယေဟောဝါကို ဝတ်ပြု၍ အလိုတော် ဆောင်ရွက်ပါမည်ဟူသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ရှေးဣသရေလလူအချို့ကဲ့သို့ မပြတ်မသားဖြစ်၍မရ။ (၃ ဓမ္မရာဇဝင် ၁၈:၂၁) အကြောင်းမှာ သင်သည် ယေဟောဝါကို ဝတ်ပြုမနေလျှင် စာတန်ကို ဝတ်ပြုနေသည်ကို မမေ့ပါနှင့်။ သင့်အနေဖြင့် သင်သည် ဘုရားသခင့်စနစ်သစ်အတွက် ဖြစ်ပါသည်ဟုဆိုသော်လည်း သင့်အကျင့်အကြံ က ဘာကိုပြောနေသနည်း။ ဘုရားသခင်စနစ်သစ်အတွက် ဖြစ်သည်ဆိုရာ၌ ဘုရားသခင့်အပြစ်တင်ရှုတ်ချထားသော အကျင့်ဓလေ့များ၊ ကိုယ်တော်၏ ဖြောင့်မတ်သော စနစ်သစ်တွင် ရှိမည်မဟုတ်သော အကျင့်အကြံများအားလုံးကို ရှောင်ရန် လိုအပ်သတည်း။
[စာမျက်နှာ ၂၀၉ ပါ ရုပ်ပုံ]
ယေရှု ဆုမတောင်းပေးသော လောကနှင့် မိမိတပည့်များ မစပ်ဆိုင်သော လောကကား အဘယ်နည်း
[စာမျက်နှာ ၂၁၁ ပါ ရုပ်ပုံ]
ကျမ်းစာ၌ မှောက်မှားသောဘာသာကို ယစ်မူးနေသော ပြည့်တန်ဆာအဖြစ်၊ သူမ စီးနေသော လောကီအစိုးရကို သားရဲအဖြစ် ပုံခိုင်းထားသည်
[စာမျက်နှာ ၂၁၁ ပါ ရုပ်ပုံ]
လျော့ရဲသော နေထိုင်ပုံသည် စာတန့်လောက၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ လောဘကြီးသော စီးပွားရေးစနစ်လည်း ၎င်း၏ ထင်ပေါ်သော အပိုင်းတစ်ပိုင်း ဖြစ်သည်
[စာမျက်နှာ ၂၁၃ ပါ ရုပ်ပုံ]
ယေရှုဖွားမြင်စဉ် သိုးထိန်းများသည် ညအချိန်တွင် မိမိတို့သိုးများနှင့်အတူ ကွင်းပြင်၌ ရှိနေသေးသည်ဖြစ်ရာ ဒီဇင်ဘာ ၂၅ ရက်တွင် ယေရှု ဖွားမြင်တော်မူခြင်း မဖြစ်နိုင်
[စာမျက်နှာ ၂၁၄ ပါ ရုပ်ပုံ]
ဘုရားသခင့် ကျေးကျွန်များ ဘုရင်တစ်ပါးတည်ထားသောရုပ်တုကို မကိုးကွယ်ဘဲ နေခဲ့ကြသည်။ အလားတူအခြေအနေမျိုး၌ အသင်ကော မည်သို့ ပြုမည်နည်း