အခန်း ၂၆
မှန်ရာကိုလုပ်ရန် တိုက်လှန်ခြင်း
၁။ ခရစ်ယာန်များ အဘယ်အရာနှစ်ခုကို တိုက်လှန်ရမည်နည်း။
စာတန့်လောက တည်ရှိနေသ၍ ခရစ်ယာန်များသည် ၎င်း၏ ဆိုးယုတ်သောသြဇာနှင့် ကင်းလွတ်ရန် တိုက်လှန်နေရမည်။ တမန်တော်ပေါလု ဤသို့ရေး၏– “မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။” (ဧဖက် ၆:၁၁-၁၈) သို့ရာတွင် ကျွန်ုပ်တို့သည် စာတန်နှင့် သူ၏လောကကိုသာ တိုက်လှန်ရသည်မဟုတ်; မကောင်းရာကို လုပ်လိုသော ကျွန်ုပ်တို့၏ ပင်ကိုယ်ဆန္ဒမှားများကိုပါ တွန်းလှန်ရ၏။ ကျမ်းစာက “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏” ဟုဆို၏။—ကမ္ဘာဦး ၈:၂၁; ရောမ ၅:၁၂။
၂။ (က) မကောင်းမှုကို ပြုလိုသော ပြင်းပြသည့်ဆန္ဒ ကျွန်ုပ်တို့၌ အဘယ်ကြောင့် ပေါ်လေ့ရှိသနည်း။ (ခ) မကောင်းသောတပ်မက်မှုများကို အဘယ်ကြောင့်တိုက်လှန်ရမည်နည်း။
၂ ကျွန်ုပ်တို့သည် ပထမလူ အာဒံမှ အမွေရခဲ့သောအပြစ်ကြောင့် ကျွန်ုပ်တို့နှလုံးသည် မကောင်းမှုကို ပြုချင်သော အာသာဆန္ဒရှိမည်။ ထိုမက်မောတမ်းတစိတ်ကို အလိုလိုက်လျှင် ဘုရားသခင့်စနစ်သစ်တွင် ထာဝရအသက် ရတော့မည်မဟုတ်။ ထို့ကြောင့် မှန်ရာကိုလုပ်ဖို့ ကျွန်ုပ်တို့တိုက်လှန် ရမည်။ တမန်တော်ပေါလုပင် ထိုသို့တိုက်လှန်ခဲ့ရ၏။ “ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏” ဟူ၍ သူရှင်းပြခဲ့သည့်အတိုင်း ဖြစ်သည်။ (ရောမ ၇:၂၁-၂၃) ယင်းတိုက်ပွဲသည် သင့်အတွက်လည်း ပြင်းထန်၍ ခက်ခဲသောတိုက်ပွဲ ဖြစ်ကောင်းဖြစ်မည်။ ထိုအခါ သင်ဘာပြုရန် ဆုံးဖြတ်မည်နည်း။
၃။ (က) လူအများ၌ အဘယ်အတွင်း တိုက်ပွဲရှိသနည်း။ (ခ) အမှန်လုပ်လိုလျက်နှင့် အမှားကို လူအများပြုလုပ်နေကြသည့်အဖြစ်က အဘယ်ကျမ်းစာ အမှန်တရား မှန်ကြောင်း သက်သေပြသနည်း။
၃ သင်သည် ကမ္ဘာပေါ်၌ ပြည့်ဝစုံလင်သော အခြေအနေများအောက် ထာဝစဉ်အသက်ရှင်စေမည်ဟူသော ဘုရားသခင်၏ မြတ်လှစွာသော ကတိတော်များအကြောင်းကို သိရှိခဲ့ပြီ။ ထိုကတိတော်များကို ယုံကြည်ပြီး ထိုအရာများကိုလည်း ရလို၏။ သို့ဖြစ်၍ ဘုရားသခင်ကို ဝတ်ပြုခြင်းသည် သင့်ထာဝရကောင်းကျိုးဖြစ်ကြောင်း သင်သိပြီးဖြစ်သည်။ သို့သော် သင့်နှလုံးထဲ၌ မကောင်းမှန်းသိသောအရာတို့ကို မက်မောနေချင်နေမည်။ တစ်ခါတစ်ရံ မတရားမေထုန်ပြုလိုသော၊ ခိုးဝှက်လိုသော၊ အခြားမကောင်းမှုကို ပြုလိုသောဆန္ဒ ပြင်းပြစွာ ပေါ်ထွက်လာနိုင်၏။ ဤစာအုပ်ကို လေ့လာဖတ်ရှုနေသူအချို့သည် ဘုရားသခင်ရှုတ်ချပြစ်တင်ထားသောအရာများဖြစ်ကြောင်း သိလျက်နှင့် ထိုသို့သော မကောင်းသည့်အကျင့်များကို ပြုလုပ်လျက် ရှိနေချင်ရှိနေမည်။ သူတို့သည် မှန်ရာကိုလုပ်လိုသည့်ကြားမှ မှားယွင်းရာကို ပြုနေကြခြင်းအဖြစ်က “နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲ [လိမ်လည်၊ သမ] တတ်၏။ အလွန်ယိုယွင်းသောသဘော ရှိ၏” ဟူသော ကျမ်းစာပါ အမှန်တရားကို သက်သေထူသည်။—ယေရမိ ၁၇:၉။
၎င်းတိုက်ပွဲကို အောင်နိုင်သည်
၄။ (က) တိုက်ပွဲ အနိုင်အရှုံး မည်သူ့ပေါ် မူတည်သနည်း။ (ခ) မှန်ရာကိုလုပ်ရန် တိုက်ခိုက်သည့်တိုက်ပွဲ အောင်မြင်ရေးအတွက် အဘယ်အရာလိုအပ်သနည်း။
၄ သို့ရာတွင် လူသည် မကောင်းမှုပြုလိုသော ပြင်းပြသည့် မိမိစိတ်ဆန္ဒကို ထိန်း၍မရတော့ဟုကား မဆိုလို။ သင်တကယ်ပင် အလိုရှိလျှင် သင့်နှလုံးကို သင်အားဖြည့်နိုင်သည်။ သို့ပြုလျှင် ၎င်းသည် သင့်အား လမ်းမှန်သို့ ပို့ပေးမည်။ သို့သော် သင့်သဘောသာ ဖြစ်သည်။ (ဆာလံ ၂၆:၁၊ ၁၁) မည်သူမျှ သင့်အတွက် တိုက်ခိုက်အနိုင်ယူပေး၍ မရပါ။ ထို့ကြောင့် ဦးဆုံးအနေနှင့် အသက်ပေးကျမ်းပညာကို မပြတ်ဆည်းပူးပါ။ (ယောဟန် ၁၇:၃) သို့သော် ထိုအသိပညာကို ခေါင်းထဲသို့ သွင်းရုံနှင့် မပြီးပါ။ နှလုံးတွင်းသို့လည်း စိမ့်ဝင်သွားရန် လိုသည်။ သင်လေ့လာ သင်အံနေသောအကြောင်းအချက်တို့ကို အလေးအနက်သဘောထားရမည်။ သို့မှသာ ၎င်းအတိုင်း ပြုမူလိမ့်မည်။
၅။ ဘုရားသခင့်ပညတ်များကို နှလုံးထဲမှ လေးမြတ်တန်ဖိုးထားသည့်သဘောကို အသင် မည်သို့ရယူနိုင်သနည်း။
၅ သို့သော် ဘုရားသခင့်ပညတ်များကို နှလုံးထဲမှ လေးမြတ်တန်ဖိုးထားနိုင်ရန် မည်သို့ပြုရမည်နည်း။ ၎င်းတို့ကို လေးလေးနက်နက် တွေးတောဆင်ခြင်ရန် လိုသည်။ ဥပမာ၊ ဘုရားသခင်ကို နာခံလျှင် ဘာအကြောင်း ထူးသွားမှာလဲဟူ၍ သင့်ကိုယ်သင် မေးပါ။ ၎င်းနောက် ကိုယ်တော့်ပညတ်များကို အရေးမစိုက်ခဲ့သူများ၏ ဘဝကို ကြည့်လိုက်ပါ။ ဥပမာ၊ ၁၉ နှစ်အရွယ် မိန်းကလေးတစ်ယောက်အဖြစ်ကို ကြည့်ပါ။ သူမ ဤသို့ရေးလိုက်သည်– “ကျွန်မ ကာလသားရောဂါ သုံးကြိမ်ရခဲ့တယ်။ နောက်ဆုံးတစ်ကြိမ်ကျတော့ ကျွန်မကလေး မွေးဖွားနိုင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မသားအိမ် ဖြတ်ထုတ်လိုက်ရပါတယ်။” ဘုရားသခင့်ပညတ်များကို လူတို့ချိုးဖောက်သောအခါ ကြုံရသောဒုက္ခများအကြောင်း စဉ်းစားလိုက်သောအခါ တကယ်ပင် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပါသည်။ (၂ ဓမ္မရာဇဝင် ၁၃:၁-၁၉) မတရားမေထုန်ပြုခဲ့သော အမျိုးသမီးတစ်ယောက်က ကြေကွဲစွာ ဤသို့ဆိုခဲ့သည်– “မနာခံမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုနဲ့ စိတ်ဆင်းရဲချိနဲ့မှုဝေဒနာတွေကို ကြည့်လိုက်ရင် တန်ကိုမတန်ဘူး။ ကျွန်မမိုက်ပြစ်အတွက် ခု ကျွန်မခံနေရပြီ။”
၆။ (က) အဆိုးပြု၍ရသော သာယာမှုသည် အဘယ်ကြောင့် မတန်သနည်း။ (ခ) မောရှေသည်အီဂျစ်၌ မည်သို့သောဘဝမျိုး ခံစားနိုင်ခဲ့ဖို့အကြောင်းရှိသနည်း။
၆ သို့တစေ မတရားမေထုန်ပြုခြင်း၊ သောက်ကြူးမူးယစ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့သည် ပျော်စရာဖြစ်သည်ဟု ပြောကြသည်ကို အသင်ကြားဖူးပေမည်။ သို့သော် ပျော်ပါသည်ဆိုသော ထိုအပျော်မှာ တဒင်္ဂမျှသာ ဖြစ်သည်။ စစ်မှန်၍ တည်မြဲသော ပျော်ရွှင်မှု လက်လွတ်သွားစေမည့် မကောင်းသောလမ်းသို့ နားယောင်ပြီး လိုက်မသွားပါနှင့်။ “ဖာရောဘုရင်သမီး၏ သား” အဖြစ် မွေးစားခံရသော မောရှေကို ကြည့်ပါ။ ရှေးအီဂျစ်ပြည် မင်းမျိုးမင်းနွယ်တို့၏ စည်းစိမ်ဖြင့် နေခဲ့ရသူဖြစ်သော်လည်း ကြီးပြင်းလာသောအခါ “အပြစ်ရှိသောကာမဂုဏ်ကို ခဏခံစားခြင်း ထက်၊ ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရခြင်းကို သာ၍အလိုရှိ” ခဲ့သည်ဟု ကျမ်းစာဆို၏။ (ဟေဗြဲ ၁၁:၂၄၊ ၂၅၊ ၂၆) ထို့ကြောင့် အီဂျစ်နန်းတွင်းသားများဘောင်အတွင်း၌ သိသိသာသာတွေ့နိုင်သော စာရိတ္တပျက်၊ အကျင့်လျော့ရဲသောဘဝသည် ပျော်စရာအကွက် အမှန်ရှိခဲ့ပေမည်။ သို့ဖြစ်လျှင် မောရှေသည် ၎င်းတို့အားလုံးကို အဘယ်ကြောင့်စွန့်ခဲ့သနည်း။
၇။ မောရှေသည် အီဂျစ်နန်းတွင်းသားများ၏ ‘တဒင်္ဂအပျော်အပါး’ ကို အဘယ်ကြောင့် စွန့်ပယ်ခဲ့သနည်း။
၇ မောရှေသည် ယေဟောဝါဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြစ်သည်။ အီဂျစ်နန်းတွင်းသားများ ပျော်မွေ့သောအပြစ်ရှိသည့် တဒင်္ဂအပျော်အပါးထက် များစွာသာ၍မြတ်သော အရာတစ်ခုကို သိထား၍လည်း ဖြစ်သည်။ သူသည် “နောင်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏” ဟု ကျမ်းစာကဆို၏။ ဘုရားသခင်ကတိထားရာများကို မောရှေ လေးလေးနက်နက် တွေးတောခဲ့သည်။ ဖြောင့်မတ်သောစနစ်သစ်တစ်ခု ဖန်ဆင်းတော်မူမည်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်ကို သူယုံကြည်သည်။ လူသားများပေါ်ထားရှိသော ယေဟောဝါ၏ ကြီးမားသောမေတ္တာတော်နှင့် စေတနာတော် လှိုင်းဂယက်သည် သူ၏နှလုံးသားကို ရိုက်ခတ်ခဲ့သည်။ ယေဟောဝါအကြောင်းကို သူကြားရရုံ၊ ဖတ်ရ ရုံသာမဟုတ်။ ကျမ်းစာက သူသည် “မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏” ဟုဆို၏။ (ဟေဗြဲ ၁၁:၂၆၊ ၂၇) မောရှေသည် ယေဟောဝါကို တကယ်တည်ရှိသောပုဂ္ဂိုလ်အဖြစ် စွဲမှတ်၏။ ထာဝရအသက်နှင့်ဆိုင်သော ကတိတော်ကိုလည်း ထို့အတူပင် သဘောထား၏။
၈။ (က) မှန်ရာလုပ်ရန် တိုက်ခိုက်သည့်တိုက်ပွဲ အောင်နိုင်ရန် ကျွန်ုပ်တို့ဘာလိုအပ်သနည်း။ (ခ) လူငယ်တစ်ဦး ပြောခဲ့သည့် အဘယ်အမြင်သဘောထားမျိုး ကျွန်ုပ်တို့ရှိသင့်သနည်း။
၈ သင်ကော၊ ထိုသို့ပင် သဘောထားသလော။ ယေဟောဝါကို တကယ့်ပုဂ္ဂိုလ်တစ်ပါး၊ သင့်ကိုချစ်သော ဖခင်တစ်ဦးလို သင်မြင်သလော။ မြေကြီးပရဒိသုတွင် ထာဝရအသက်ဖြင့် အသက်ရှင်စေမည်ဟူသော ကိုယ်တော့်ကတိတော်များအကြောင်းကို ဖတ်ရှုသောအခါ သင်သည် ထိုနေရာသို့ရောက်ရှိကာ ထိုကောင်းချီးများကို ခံစားနေရသည့်အလား သင့်ကိုယ်ကိုသင် ပုံဖော်ကြည့်သလော။ (စာမျက်နှာ ၁၅၆ မှ ၁၆၂ ကိုကြည့်ပါ။) မကောင်းမှုပြုစေသော တိုက်တွန်းသွေးဆောင်မှု အမြောက်အမြားရှိသည်ဖြစ်ရာ ၎င်းတို့ကို အောင်မြင်စွာ တွန်းလှန်ရန် ယေဟောဝါနှင့် ကျွန်ုပ်တို့ ရင်းနှီးသောဆက်ဆံမှု ရှိဖို့လိုသည်။ မောရှေကဲ့သို့ “နောင်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ” ဖို့လည်း လိုသည်။ မတရားမေထုန်ပြုရန် သွေးဆောင်ခံရသော အသက် ၂၀ အရွယ် လူငယ်တစ်ဦး မောရှေကဲ့သို့သော အမြင်မျိုး ထားရှိခဲ့သည်။ “ကျွန်တော်ရဲ့ ထာဝရအသက်မျှော်လင့်ချက်ဟာ အင်မတန် အဖိုးတန်လှပါတယ်။ ဒါကြောင့် တစ်ခဏလောက် အကျင့်စာရိတ္တပျက်ပြီး အဲဒါကိုအရှုံးမခံနိုင်ပါဘူး” ဟူ၍ သူပြောခဲ့သည်။ ထိုသို့ပင် သဘောထားသင့်သည် မဟုတ်လော။
အခြားသူတို့၏ အမှားများမှ သင်ခန်းစာယူခြင်း
၉။ မှန်ရာလုပ်ရန် တိုက်ခိုက်သည့်တိုက်ပွဲ၌ ဒါဝိဒ်အဘယ်သို့ ရှုံးနိမ့်ခဲ့သနည်း။
၉ ဤတိုက်ပွဲ၌ သင်ဘယ်တော့မျှ ငိုက်၍မဖြစ်ပါ။ ဒါဝိဒ် တစ်ခါက ထိုသို့သတိလက်လွတ် ဖြစ်ခဲ့သည်။ တစ်နေ့တွင် ခေါင်မိုးအထက်မှ မျှော်ကြည့်နေစဉ် ခပ်လှမ်းလှမ်းတွင် ရေချိုးနေသော မိန်းမလှ ဗေသရှေဗကို တွေ့လေသည်။ မတော်မသင့်သောစိတ်ကူးမျိုး နှလုံးထဲ ကြီးထွားမလာမီ လှည့်သွားမည့်အစား ဆက်၍သာ ကြည့်နေ၏။ သို့နှင့် ဒါဝိဒ်သည် ဗေသရှေဗနှင့် ဆက်ဆံလိုသောရမ္မက် အလွန်ပြင်းပြလာပြီး သူမအား မိမိစံနန်းတွင်းသို့ သွင်းစေလေသည်။ နောက်ပိုင်း သူမ၌ ကိုယ်ဝန်ရှိလာသဖြင့် ဒါဝိဒ်သည် မိမိ၏ ဖောက်ပြားမှုကို ဖုံးဖိ၍ မရတော့သောကြောင့် သူမ၏ခင်ပွန်းကို စစ်ပွဲတွင် ကျဆုံးစေရန် စီစဉ်လိုက်သည်။—၂ ဓမ္မရာဇဝင် ၁၁:၁-၁၇။
၁၀။ (က) ဒါဝိဒ်သည် မိမိအပြစ်အတွက် မည်သို့ဒဏ်ခတ်ခံရသနည်း။ (ခ) သူ့မယားပြစ်မှားခြင်းအပြစ် မကျူးလွန်မိအောင် အဘယ်အရာက သူ့အား တားဆီးခဲ့ဖို့အကြောင်း ရှိသနည်း။
၁၀ ၎င်းသည် ကြောက်စရာကောင်းလှသော အပြစ်ဖြစ်၏။ ဒါဝိဒ်လည်း ၎င်းအတွက် တကယ်ပင် ဒုက္ခခံရလေသည်။ ပြုခဲ့သည့်အမှုအတွက် ကြီးစွာစိတ်ဆင်းရဲခဲ့ရသည့်ပြင် ကျန်ရှိသော နောက်ပိုင်းအသက်တာတစ်လျှောက်လုံးအတွင်း အိမ်တွင်းရေးဒုက္ခများဖြင့်လည်း သူ့အား ယေဟောဝါ ဒဏ်ခတ်တော်မူခဲ့၏။ (ဆာလံ ၅၁:၃၊ ၄; ၂ ဓမ္မရာဇဝင် ၁၂:၁၀-၁၂) ဒါဝိဒ်၏နှလုံးသည် သူထင်သည်ထက်ပို၍ ကောက်ကျစ်စဉ်းလဲခဲ့သည်; သူ၏ မှားယွင်းသောတပ်မက်မှုတို့သည် သူ့ကို အနိုင်ယူခဲ့၏။ နောက်ပိုင်း၌ သူဤသို့ဆို၏– “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။” (ဆာလံ ၅၁:၅) စင်စစ်အားဖြင့် ဒါဝိဒ်သည် ဗေသရှေဗနှင့် ထိုသို့ဆိုးဝါးသောအမှု ပြုခဲ့ရန် အကြောင်းမရှိပါ။ သူ ဆက်၍ဆက်ခါ ကြည့်နေခဲ့ခြင်းကြောင့် ဖြစ်ခဲ့ရသည်။ အခြားလူတစ်ယောက်၏မယားကို တပ်မက်သည့် ကာမစိတ် ကြီးထွားစေသောအခြေအနေကို သူမရှောင်ရှားခဲ့၍ဖြစ်သည်။
၁၁။ (က) ဒါဝိဒ်အဖြစ်မှ ကျွန်ုပ်တို့ ဘာသင်ခန်းစာ ရသင့်သနည်း။ (ခ) အဘယ်လုပ်ဆောင်မှုတို့သည် “ကိလေသာပူပန်” မှုကို ဖြစ်စေနိုင်သည်ဟု အသင်ဆိုမည်နည်း။ (ဂ) လူငယ်တစ်ဦးပြောသည့်အတိုင်း ပညာရှိသူသည် အဘယ်အရာကို ရှောင်သနည်း။
၁၁ မတော်သင့်သော ကိလေသာစိတ်ကိုဆွပေးသည့် အခြေအနေမျိုးကို ကျွန်ုပ်တို့ရှောင်ရှားရန် ဒါဝိဒ်၏အဖြစ်အပျက်မှ သင်ခန်းစာယူသင့်သည်။ ဥပမာ၊ လိင်ကို အသားပေးပြီး ရေးထားသောစာအုပ်များကိုဖတ်မည်၊ ထိုသို့သော ရုပ်မြင်သံကြားအစီအစဉ်၊ ရုပ်ရှင်များကို ကြည့်မည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ကိလေသာဆန္ဒ နှိုးဆွခံရဖို့အကြောင်း ရှိ၏။ ထို့ကြောင့် “ကိလေသာပူပန်ခြင်း” ကိုဖြစ်စေသော လှုပ်ရှားသွားလာမှု၊ အပန်းဖြေမှုမျိုးကို ရှောင်ပါ။ (ကောလောသဲ ၃:၅; ၁ သက်သာလောနိတ် ၄:၃-၅; ဧဖက် ၅:၃-၅) အခြားတစ်ယောက်နှင့် မတရားမေထုန်ပြုသည့်အဖြစ်သို့ ရောက်စေနိုင်သည့် အခြေအနေအောက်တွင် မိမိကိုယ်ကို မရောက်ရှိစေပါနှင့်။ ၁၇ နှစ်အရွယ်ရှိ သူတစ်ယောက်က ပညာရှိရှိ ဤသို့ဆို၏– “‘ဘယ်အချိန် ဘယ်အခါရောက်ရင် တော်ရမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်’ ဆိုပြီး ဘယ်သူမဆို ပြောနိုင်ပါတယ်။ ဘယ်တော့တော်ရမယ်ဆိုတာကို သိတာတော့ မှန်တယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက် ဒီလို လုပ်နိုင်လို့လဲ။ အဲဒီအခြေအနေကို ရှောင်လိုက်တာက ပိုကောင်းပါတယ်။”
၁၂။ ယောသပ်၏ အဘယ်စံနမူနာကို ကျွန်ုပ်တို့စိတ်စွဲသင့်သနည်း။
၁၂ ဒါဝိဒ်သာ ယောသပ်၏စံနမူနာကို နှလုံးသွင်းခဲ့လျှင် ဘုရားသခင်ကို ပြစ်မှားသည့် ဤကြီးမားသောအပြစ်ကို ပြုခဲ့မည်မဟုတ်။ အီဂျစ်ပြည်တွင် ယောသပ်သည် ပေါတိဖာ၏အိမ်ထောင်ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်အပ်နှင်းခံခဲ့ရသည်။ ပေါတိဖာမရှိခိုက် လိင်စိတ်မွှန်နေသော သူ့မယားက လူချော ယောသပ်ကို ဖြားယောင်းလျက် “ငါနှင့်အတူအိပ်ပါ” ဟုဆို၏။ သို့သော် ယောသပ်က ငြင်းလိုက်၏။ တစ်နေ့သော် သူမသည် ယောသပ်ကို ကိုင်ဖမ်းကာ မိမိနှင့်အတူအိပ်ရန် အားထုတ်၏။ သို့ရာတွင် ယောသပ်က အလွတ်ရုန်း၍ ထွက်ပြေးလေသည်။ ယောသပ်သည် မိမိကိလေသာစိတ်ကိုဖြေဖို့ မစဉ်းစားဘဲ ဘုရားသခင့်ရှေ့မှန်ရာကိုစဉ်းစားခြင်းအားဖြင့် မိမိနှလုံးကို ခိုင်ခံ့စေခဲ့သည်။ “အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း” ဟူ၍ သူပြောခဲ့သည်။—ကမ္ဘာဦး ၃၉:၇-၁၂။
အောင်နိုင်ရန် သင်လိုအပ်သောအကူအညီ
၁၃၊ ၁၄။ (က) ဤတိုက်ပွဲအောင်နိုင်ရန် အဘယ်အရာ လိုသနည်း။ (ခ) ကောရိန္သုမြို့တွင် ခရစ်ယာန်ဖြစ်လာသူများ မည်သို့ပြောင်းလဲခဲ့ရသနည်း။ အဘယ်အကူအညီ အားဖြင့်နည်း။ (ဂ) ပေါလုနှင့် တိတုတို့သည် တစ်ချိန်က မည်သို့သော ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသနည်း။
၁၃ ဤတိုက်ပွဲအောင်နိုင်ရန် သင်သည် ကျမ်းပညာကို နှလုံးအတွင်းသို့ စိမ့်ဝင်စေရမည်။ သို့မှသာ ၎င်းနှင့်အညီ သင်ပြုမူနိုင်မည်။ သို့သော် ဘုရားသခင့်လူမျိုးတော်နှင့် ပေါင်းသင်းရန်၊ ယေဟောဝါ၏ မျက်မြင်ရအဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန်လည်း လိုသေးသည်။ ၎င်း၏အကူအညီအားဖြင့် ဒုစရိုက်ထဲ၌ မည်မျှပင် သင်မိုက်တွင်းနက်လျက်နေစေကာမူ အသင် ပြောင်းလဲနိုင်သည်။ ပြောင်းလဲခဲ့သော ရှေးကောရိန္သုမြို့သားများနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ရေး၏– “အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကို ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူ ဖြစ်ကြသော်လည်း ယခုတွင် . . . ဆေးကြောသန့်ရှင်း . . . ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁။
၁၄ စဉ်းစားကြည့်ပါ! ထိုရှေးခရစ်ယာန်အချို့သည် တစ်ချိန်က မတရားမေထုန်ပြုသူ၊ လင်မယား သစ္စာဖျက်သူ၊ လိင်တူဆက်ဆံသူ၊ သူခိုး၊ အရက်သမားများ ဖြစ်ခဲ့ကြသည်။ သို့သော် ခရစ်ယာန်အဖွဲ့အစည်း၏ အကူအညီဖြင့် သူတို့ပြောင်းလဲခဲ့ကြသည်။ တမန်တော်ပေါလုကိုယ်တိုင် တစ်ချိန်က မကောင်းမှုများကို ပြုခဲ့သည်။ (၁ တိမောသေ ၁:၁၅) ခရစ်ယာန်ချင်းဖြစ်သူ တိတုအား သူ ဤသို့ရေးလိုက်သည်– “ငါတို့လည်း အထက်ကမိုက်မဲသူ၊ မလိုက်နာသူ၊ လှည့်စားခံရသူ၊ တပ်မက်ခြင်း၊ ပျော်မွေ့ခြင်း အမျိုးမျိုးအောက် ကျွန်ခံသူ . . . များဖြစ်ကြ” ၏။—တိတု ၃:၃၊ သမ။
၁၅။ (က) ပေါလုအနေဖြင့် မှန်ရာကိုလုပ်ရန် မလွယ်ကူခဲ့ကြောင်း ဘာကပြသနည်း။ (ခ) ပေါလုနမူနာမှ ကျွန်ုပ်တို့ အဘယ်အကျိုးရယူနိုင်သနည်း။
၁၅ ပေါလု ခရစ်ယာန်တစ်ဦးဖြစ်လာသောအခါ မှန်ရာလုပ်ရန် သူ့အတွက် လွယ်ကူခဲ့သလော။ မလွယ်ခဲ့ပါ။ တစ်ချိန်က မိမိကျွန်ခံခဲ့သော မကောင်းသောတပ်မက်မှုနှင့် အပျော်အပါးများကို တစ်သက်ပတ်လုံး တွန်းလှန်တိုက်ခိုက်လျက် နေခဲ့ရသည်။ သူ ဤသို့ရေး၏– “အခြားသူတို့အား ဟောပြောပြီးနောက် ကိုယ်တိုင် ထုတ်ပယ်ခံရမည်စိုး၍ ငါ့ခန္ဓာကို ထုသတ်လျက် [ကျွန်တစ်ယောက်ကဲ့သို့] နှိမ်နင်းတတ်သတည်း။” (၁ ကောရိန္သု ၉:၂၇၊ သမ) ပေါလုသည် မိမိကိုယ်ကို ‘ခပ်ကြမ်းကြမ်းကိုင်’ ခဲ့သည်။ သူ့ခန္ဓာသည် မှားယွင်းသောအရာကို ပြုလုပ်လိုသည့်အချိန်မှာပင် မှန်ရာကိုလုပ်ရန် သူ့ကိုယ်ကို သူအကျပ်ကိုင်၏။ သူ့ကဲ့သို့ သင်ပြုလျှင် သင်လည်းဤတိုက်ပွဲကို အောင်မြင်နိုင်မည်။
၁၆။ မှန်ရာလုပ်ရန် တိုက်ခိုက်ခြင်း၌ အောင်မြင်နိုင်ဖို့ အဘယ်ခေတ်သစ်နမူနာများက အထောက်အကူဖြစ်စေနိုင်သနည်း။
၁၆ အကျင့်ဆိုးတစ်ခုကို ဖျောက်ဖျက်ရာ၌ အခက်တွေ့နေရလျှင် ယေဟောဝါသက်သေများ ကျင်းပမည့် နောက်စည်းဝေးပွဲကြီးကို တက်ရောက်ပါ။ ပွဲလာသူများ၏ စင်ကြယ်သောအကျင့်နှင့် ရွှင်လန်းပုံတို့ကို အသင် အလွန်နှစ်သက်သွားမည်ဖြစ်သည်။ သို့တစေ ထိုသူတို့အနက် တော်တော်များများမှာ မတရားမေထုန်မှု၊ လင်မယားသစ္စာဖျက်မှု၊ သောက်ကြူးမှု၊ လိင်တူမေထုန်ပြုမှု၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးစွဲမှု၊ လိမ်လည်မှု၊ မုသားသုံးမှုနှင့် လောင်းကစားမှုတို့ဖြင့် ရိုးနေသော ဤလောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြသည်။ သူတို့ထဲမှ တော်တော်များများသည် ထိုအမှုများကို ပြုလုပ်ကျင့်ကြံခဲ့ကြသည်။ (၁ ပေတရု ၄:၃၊ ၄) ထို့ပြင် အသင်းတော်စည်းဝေးများ၌ ယေဟောဝါသက်သေများနှင့် ယခုပင် ပေါင်းသင်းပါ။ အချိန် ဆွဲမနေပါနှင့်။ ထိုသို့ ပေါင်းသင်းသောအခါ သင်သည် သင်တွန်းလှန်နေရသော အလားတူအကျင့်ဆိုးနှင့် ရမ္မက်ဆိုးများကို တိုက်ခိုက်အောင်မြင်ခဲ့သူများအလယ်တွင် ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် သတ္တိမွေးပါ! သူတို့သည် မှန်ရာလုပ်ရန် တိုက်ခိုက်ရာ၌ အောင်မြင်လျက်ရှိကြ၏။ သင်လည်း ဘုရားသခင့်မစမှုဖြင့် အောင်မြင်နိုင်သည်။
၁၇။ (က) တိုက်ပွဲအောင်နိုင်လိုလျှင် မည်သို့သောအပေါင်းအသင်း လိုအပ်သနည်း။ (ခ) ပြဿနာများနှင့်ပတ်သက်၍ မည်သူများထံမှ အကူအညီရနိုင်သနည်း။
၁၇ သင်သည် ယေဟောဝါသက်သေများနှင့် အတန်ကြာ ကျမ်းစာလေ့လာခဲ့ပြီ မှန်လျှင် နိုင်ငံတော်ခန်းမ၌ စည်းဝေးများ မုချတက်ရောက်ဖူးပေမည်။ ထိုစည်းဝေးတက်ခြင်းကို မှန်မှန်ပြုလုပ်သောအကျင့်တစ်ခု ဖြစ်စေပါ။ ထိုသို့သော ခရစ်ယာန်ပေါင်းသင်းမှုမှရသည့် ဝိညာဏ အားပေးတိုက်တွန်းမှုကို ကျွန်ုပ်တို့အားလုံး လိုအပ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အသင်းတော်ရှိ ‘အသက်ကြီးသူများ’ သို့မဟုတ် အကြီးအကဲများနှင့် သိကျွမ်းအောင် ပြုပါ။ သူတို့၏တာဝန်မှာ “ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်း” ဖြစ်သည်။ (၁ ပေတရု ၅:၁-၃; တမန်တော် ၂၀:၂၈) ထို့ကြောင့် ဘုရားသခင့်ပညတ်တော်နှင့်ဆန့်ကျင်သော အကျင့်အချို့ကို တွန်းလှန်ရာ၌ သင်အကူအညီလိုအပ်လျှင် သူတို့ထံ ချဉ်းကပ်ရန် မတွန့်ဆုတ်ပါနှင့်။ သူတို့သည် မေတ္တာ၊ ကြင်နာမှုနှင့် ထောက်စာမှု ပြည့်ဝသည်ကို အသင်တွေ့ရပါလိမ့်မည်။—၁ သက်သာလောနိတ် ၂:၇၊ ၈။
၁၈။ အဘယ်အနာဂတ် မျှော်လင့်ချက်က ဆက်လက်တိုက်ပွဲဝင်နိုင်အောင် ခွန်အားပေးသနည်း။
၁၈ မှားယွင်းမှုပြုစေသော ဖိအားသည် ကျွန်ုပ်တို့ပေါ် သက်ရောက်နေသည်။ စာတန့်လောကမှသာ သက်ရောက်သည်မဟုတ်။ အပြစ်မကင်းသော ကျွန်ုပ်တို့ကိုယ်တွင်းမှပင် သက်ရောက်၏။ ထို့ကြောင့် ဘုရားသခင်ပေါ် သစ္စာစောင့်ခြင်းသည် နေ့စဉ်နှင့်အမျှ တိုက်ခိုက်နေရသော တိုက်ပွဲတစ်ရပ် ဖြစ်သည်။ ထိုတိုက်ပွဲသည် ထာဝစဉ်တိုက်နေရသည့် တိုက်ပွဲမဟုတ်လျှင် မည်မျှကောင်းမည်ဖြစ်ခြင်း! မကြာမီ စာတန်သည် ပယ်ရှားခံရ၍ သူ၏လောကဆိုးတစ်ရပ်လုံးသည်လည်း ဖျက်ဆီးခံရတော့မည်။ ၎င်းနောက် ရောက်လာမည့် ဘုရားသခင့်စနစ်သစ်တွင် ကျွန်ုပ်တို့၏ အသက်တာလမ်းစဉ်ကို လွယ်ကူစေမည့် ဖြောင့်မတ်သောအခြေအနေများ ရှိလာမည်။ နောက်ဆုံးသော် အပြစ်၏ အစအနအားလုံး ပျောက်ကွယ်သွားမည်။ မှန်ရာကိုလုပ်ရန် တိုက်လှန်ရသော ဤတိုက်ပွဲသည်လည်း လုံးဝရှိတော့မည်မဟုတ်။
၁၉။ ယေဟောဝါ စိတ်တော်ရွှင်လန်းစေရန် သင့်အနေဖြင့် မည်သို့သောအားထုတ်မှုမျိုးကိုမဆို အဘယ်ကြောင့် ပြုလိုသောဆန္ဒ ရှိအပ်သနည်း။
၁၉ ထိုစနစ်သစ်၏ ကောင်းချီးများအကြောင်းကို အစဉ်မပြတ် မှန်မှန်စဉ်းစားပါ။ “ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို . . . ဝတ်ဆောင်” ပါ။ (၁ သက်သာလောနိတ် ၅:၈) မိန်းမငယ်တစ်ဦး ဤသို့ပြော၏– “ကျွန်မအတွက် ယေဟောဝါလုပ်ပေးခဲ့တာတွေ၊ ကတိပေးထားတာတွေ တစ်ခုချင်းကို ကျွန်မစဉ်းစားတယ်။ ကိုယ်တော်ဟာ ကျွန်မကို လက်မလျှော့သေးပါဘူး။ ကျွန်မကို နည်းအမျိုးမျိုးနဲ့ ကောင်းချီးပေးနေတယ်။ ကိုယ်တော်ဟာ ကျွန်မအတွက် အကောင်းဆုံးချည်းပဲ ဖြစ်စေချင်တဲ့ဆန္ဒရှိတယ်ဆိုတာ ကျွန်မသိတယ်။ ကိုယ်တော့်စိတ်တော် ပျော်အောင်လည်း ကျွန်မထားချင်တယ်။ ထာဝရအသက်အတွက် ဘာကိုပဲလုပ်ရလုပ်ရ လုပ်ရကျိုးနပ်ပါတယ်။” သင်လည်း သူမကဲ့သို့ သဘောထားနိုင်ပါစေ။ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းတရားကို သစ္စာရှိရှိလိုက်လျှောက်ပါက ယေဟောဝါကိုချစ်သောပုဂ္ဂိုလ်များအတွက် ‘ယေဟောဝါ ကတိထားရာ ကတိမွန်အားလုံး’ မုချဧကန် ပြည့်စုံလာမည်တည်း။—ယောရှု ၂၁:၄၅။
[စာမျက်နှာ ၂၁၉ ပါ ရုပ်ပုံ]
ရှေးအီဂျစ် နေထိုင်မှုစနစ်၌ စည်းစိမ်ရှိပါလျက်နှင့် ၎င်းကို မောရှေ အဘယ်ကြောင့် စွန့်ပယ်ခဲ့သနည်း
[စာမျက်နှာ ၂၂၀ ပါ ရုပ်ပုံ]
ဒါဝိဒ် တကြည့်တည်းကြည့်၏; စာရိတ္တပျက်စေသောအခြေအနေကို သူ မရှောင်ခဲ့
[စာမျက်နှာ ၂၂၂ ပါ ရုပ်ပုံ]
ပေါတိဖာ၏ မိန်းမ ဖောက်ပြားရန် ကြံစည်ပြုမူလာသောအခါ ယောသပ် ရုန်းပြေးခဲ့သည်