လိင်
အဓိပ္ပာယ်သတ်မှတ်ချက်– လိင်သည် မြေကြီးသတ္တဝါများ၏ကြန်အင်္ဂါများဖြစ်၍ မိဘနှစ်ပါးက ၎င်းတို့ကိုအသုံးပြုလျက် သားသမီးများမွေးဖွားကြသည်။ ကျားမအင်္ဂါခြားနားချက်သည် လူ့နေထိုင်ပုံအပေါ် ကြီးမားသောအာနိသင်သက်ရောက်၏။ ဘုရားသခင်သည် အသက်ပင်ရင်းဖြစ်ပြီး လူသားသည် ကိုယ်တော့်ဂုဏ်ရည်ကိုရောင်ပြန်ဟပ်ရမည်ဖြစ်သောကြောင့် လူသည် လိင်ဆက်ဆံခြင်းဖြင့် အသက်ကိုလက်ဆင့်ကမ်းနိုင်သောသတ္တိကို အထူးလေးစားရမည်ဖြစ်သည်။
လိင်ဆက်ဆံမှုသည် အပြစ်ဖြစ်သည်ဟု ကျမ်းစာကသွန်သင်သလော
က. ၁:၂၈– “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ . . . ကြလော့ဟု မိန့်တော်မူ၍ [အာဒံနှင့်ဧဝ] တို့ကို ကောင်းချီးပေးတော်မူ၏။” (ထိုအမိန့်တော်အတိုင်းပြုရာ၌ သူတို့လိင်ဆက်ဆံရမည်မဟုတ်လော။ သို့ ပြုခြင်းသည် အပြစ်မဟုတ်။ မြေကြီးကိုလူဖြင့်ပြည့်စေရန်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်နှင့် ညီညွတ်ပေမည်။ ဧဒင်ထဲမှ ‘တားမြစ်ရာအသီး’ သည် အာဒံနှင့်ဧဝတို့၏လိင်ဆက်ဆံခြင်းကိုကန့်သတ်ချက်၊ သို့မဟုတ် တားမြစ်ချက်ကို ရည်ညွှန်းဟန်ရှိသည်ဟု အချို့သူများ ထင်မှတ်ကြသည်။ သို့သော် ယင်းအယူသည် အထက်တွင်ကိုးကားသော ဘုရားသခင့်အမိန့်တော်နှင့်ဆန့်ကျင်၏။ ထို့ ပြင် အာဒံဧဝတို့သည် ဧဒင်၌ တားမြစ်ရာအသီးကိုစားသော်လည်း ၎င်းမှနှင်ထုတ်ခံရပြီးနောက်မှ လိင်ဆက်ဆံကြသည် ဟူသည့်ဖော်ပြချက်နှင့်လည်း ဆန့်ကျင်သည်။—က. ၂:၁၇; ၃:၁၇၊ ၂၃; ၄:၁)
က. ၉:၁– “ဘုရားသခင်သည်လည်း နောဧနှင့်သူ၏သားတို့ကိုကောင်းချီးပေးတော်မူ၍ သင်တို့သည် များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့” ဟု မိန့်တော်မူသည်။ (နောဧလက်ထက် ကမ္ဘာချီရေလွှမ်းမိုးပြီးနောက်၌ သူတို့အား သားသမီးထွန်းကားရန် ထပ်မံမိန့်ဆိုလျက် ကောင်းချီးပေးတော်မူခြင်းဖြစ်သည်။ တရားသဖြင့်လိင်ဆက်ဆံခြင်းနှင့်ဆိုင်သော ဘုရားသခင့်အမြင်သည် မပြောင်းလဲခဲ့ချေ။)
၁ ကော. ၇:၂-၅၊ သက– “ကာမဂုဏ်လိုက်စားမှုများ (“မတရားသောမေထုန်၊” ယဒ) လွန်စွာများပြားလျက်နေသဖြင့် အမျိုးသားတိုင်းမှာ ဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။ အမျိုးသားသည် လင်၏ကျင့်ဝတ်ကိုလည်းကောင်း၊ အမျိုးသမီးသည် မယား၏ကျင့်ဝတ်ကိုလည်းကောင်း ပြုကျင့်လျက် တစ်ဦး၏အလိုကိုတစ်ဦးက ဖြည့်တင်းပေးရာ၏။ . . . သင်တို့သည် ဆုတောင်းပတ္ထနာအတွက် အချိန်ပေးရန် ကြိုတင်သဘောတူညီချက်အရ ခေတ္တဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယားကျင့်ဝတ်များကို မပျက်မကွက်ကြစေနှင့်။ . . . သို့မှသာလျှင် မိမိတို့၏စိတ်ကိုထိန်းသိမ်းနိုင်လျက် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်းကို ခံနိုင်ကြလိမ့်မည်။” (မတရားမေထုန်သာလျှင် အပြစ်ဖြစ်၏။ တော်လျော်သော လင်မယားသံဝါသသည် အပြစ်မဟုတ်။)
လက်မထပ်မီ လိင်ဆက်ဆံမှုသည် အပြစ်လော
၁ သက်. ၄:၃-၈– “ဘုရားသခင်၏အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကိုကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကိုမသိသော သာသနာပလူတို့သည် ကိလေသာတပ်မက်ခြင်းရှိသကဲ့သို့မရှိ၊ သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိ ထိန်းတတ်စေခြင်းငှာလည်းကောင်း၊ ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်ကဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကိုခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။ ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကိုခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။ ထို့ကြောင့် ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။” (“မတရားမေထုန်” ဟုပြန်ဆိုသော ဂရိစကားလုံး ပေါ်နေးယား (por·neiʹa,) သည်လက်မထပ်သေးသူချင်းပြုသော သံဝါသမှအပ၊ အိမ်ထောင်ရှင်များ အပြင်လူနှင့်ဆက်ဆံခြင်းကိုလည်း ရည်ညွှန်းသည်။)
ဧ. ၅:၅– “မတရားသောမေထုန်၌မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရ။” (တစ်ချိန်က မတရားမေထုန်မှီဝဲသူဖြစ်လျှင် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို မခံစားနိုင်ဟု မဆိုလို။ သို့သော် ထိုသူသည် ထိုဘဝကိုစွန့်လွှတ်မှသာ မျက်နှာသာတော်ကိုရနိုင်မည်။ ၁ ကောရိန္သု ၆:၉-၁၁ ကိုရှု။)
တရားဝင်လက်မထပ်ဘဲ လင်မယားအဖြစ်ပေါင်းသင်းခြင်းကို ကျမ်းစာက သဘောတူသလော
“အိမ်ထောင်မင်္ဂလာ” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၄၃၃-၄၃၄ ကိုရှု။
လိင်တူဆက်ဆံခြင်းနှင့်ပတ်သက်၍ ကျမ်းစာဘာပြောသနည်း
ရော. ၁:၂၄-၂၇၊ သက– “ထိုအကြောင်းကြောင့် ထာဝရဘုရားသည် လူတို့အား မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်ပါစေရန်လည်းကောင်း၊ ကိုယ်ခန္ဓာအသရေပျက်စေရန်လည်းကောင်း စွန့်ပစ်၍ထားတော်မူ၏။ . . . သို့ဖြစ်၍ ထာဝရဘုရားသည် လူတို့အား ယုတ်ညံ့သည့် ကိလေသာစိတ်ဆွဲဆောင်ရာသို့လိုက်ပါကြစေရန် စွန့်ပစ်၍ထားတော်မူ၏။ မိန်းမတို့သည် ယောက်ျားများနှင့် ဓမ္မတာတရားအတိုင်း ပေါင်းသင်းနေထိုင်မှုမပြုဘဲ မိန်းမအချင်းချင်း ပေါင်းသင်းနေထိုင်ကြ၏။ ထိုနည်းတူစွာ ယောက်ျားတို့သည်လည်း မိန်းမများနှင့် ဓမ္မတာတရားအတိုင်း ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲ ယောက်ျားအချင်းချင်း ရာဂမီးတောက်လောင်လျက်ရှိကြ၏။ ယောက်ျားတို့သည် အချင်းချင်းအား ရှက်ကြောက်ဖွယ်သောအမှုတို့ကိုပြုကြသဖြင့် မိမိတို့ဆိုးညစ်သောအကျင့်အတွက် ထိုက်သင့်သည့်အပြစ်ဒဏ်ကိုခံကြရ၏။”
၁ တိ. ၁:၈-၁၁– “ပညတ်တရားကို တရားသဖြင့်ကျင့်သောသူအဖို့မထား၊ မတရားသဖြင့်ကျင့်သောသူ၊ နားမထောင်သောသူ၊ ဘုရားကိုမကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ . . . မတရားသောမေထုန်၌မှီဝဲသောသူ၊ ယောက်ျားချင်းမေထုန်၌မှီဝဲသောသူ၊ . . . စင်ကြယ်သောသြဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဖို့ ပညတ်တရားကိုထားသည်။ . . . ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း။” (ဝတ်ပြုရာ ၂၀:၁၃ နှင့်နှိုင်းယှဉ်ပါ။)
ယု. ၇၊ သမ္မာ– “သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော မြို့များသည် . . . ဓမ္မတာမဟုတ်သော မေထုန်ကိုမှီဝဲကြသောကြောင့် ထာဝရမီးဖြင့် ဒဏ်ခံရ၍ ပုံစံထင်ရှားလျက်ရှိကြ၏။” (“သောဒုံ” [Sodom] ဟူသောအမည်သည် “ဖိုချင်းမေထုန်” [sodomy] ဟူသောစကား၏အခြေခံဖြစ်လာသည်။ ကမ္ဘာဦး ၁၉:၄၊ ၅၊ ၂၄၊ ၂၅ နှင့်နှိုင်းယှဉ်။)
ခရစ်ယာန်စစ်တို့သည် တစ်ချိန်ကလိင်တူမေထုန်မှီဝဲခြင်းပြုခဲ့သူအပေါ် မည်သို့သဘောထားကြသနည်း
၁ ကော. ၆:၉-၁၁– “မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြ။ အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။” (လူတစ်ဦးသည် ထိုသို့သောနောက်ခံရှိသော်ငြား၊ မိမိတို့၏မသန့်ရှင်းသော အကျင့်ဟောင်းကိုစွန့်၍ ယေဟောဝါ၏ဖြောင့်မတ်သောစံများအတိုင်းကျင့်သုံးလျက် ခရစ်တော်အားဖြင့်အပြစ်လွှတ်ခြင်းအစီအစဉ်ပေါ်ယုံကြည်ပါက ဘုရားသခင့်ရှေ့တော်၌ စင်ကြယ်သောအဖြစ်ကို ရနိုင်သည်။ ထိုသို့ပြုပြင်ပြောင်းလဲလျှင် ခရစ်ယာန်အသင်းတော်ထဲသို့ ဝင်ရောက်နိုင်သည်။)
မျိုးရိုးအခြေအမြစ်ကြောင့်ဖြစ်စေ၊ ခန္ဓာဆိုင်ရာအကြောင်းကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အကြောင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်၍ အမြစ်စွဲနေသည့် မှားယွင်းသောတပ်မက်မှုများပင် ယေဟောဝါစိတ်တော်နှင့်တကယ်တွေ့လိုသူများအဖို့ မကျော်လွှားနိုင်သောတံတိုင်းမဟုတ်ကြောင်း ခရစ်ယာန်စစ်များ သိကြ၏။ အချို့လူတို့သည် ဗီဇအလျောက် အလွန်စိတ်မြန်သူများဖြစ်ကြသည်။ တစ်ချိန်က ဒေါသကိုဇက်ကုန်လွှတ်ထားသူ ဖြစ်ချင်ဖြစ်မည်။ သို့သော် ဘုရားသခင့်အလိုတော်ကိုသိလာပြီး စိတ်တော်နှင့်တွေ့လိုသောကြောင့် ဝိညာဉ်တော်မစမှုဖြင့် စိတ်ချုပ်တည်းမှုကိုမွေးမြူနိုင်ကြပေသည်။ အရက်သမားပင်ဖြစ်စေကာမူ စိတ်ကောင်း၏စေ့ဆော်မှုကြောင့် အရက်ကိုရှောင်ပြီး အရက်ချိုးဘဝမှ ကျွတ်လွတ်နိုင်ပေသည်။ ထို့အတူ၊ သူတစ်ထူးသည် လိင်တူချင်းကို အလွန်စွဲမက်သော်ငြား၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုနာခံလျှင် လိင်တူဆက်ဆံခြင်းအကျင့်များနှင့် ကင်းရှင်းနိုင်သည်။ (ဧဖက် ၄:၁၇-၂၄ ကိုရှု။) မှားယွင်းသောအပြုအမူသည် အရေးမဟုတ်ဟု ကျွန်ုပ်တို့တစ်သက်လုံးထင်မှတ်နေရန် ဘုရားသခင်ခွင့်ပြုတော်မမူ။ အဘယ်အကျိုးအပြစ်ခံရမည်ဖြစ်ကြောင်း ကြင်နာပြတ်သားစွာ သတိပေးတော်မူသည့်ပြင် “လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍ . . . လူသစ်ကိုယူတင်ဝတ်ဆောင်” လိုသူအဖို့ အမအစ များစွာပေးတော်မူပေ၏။—ကော. ၃:၉၊ ၁၀။
လိင်ဆိုင်ရာကျမ်းစာအမြင်သည် ရှေးကျ၍ကျပ်တည်းသလော
၁ သက်. ၄:၃-၈– သင်တို့သည် မတရားသောမေထုန်ကိုကြဉ်ရှောင် . . . စေခြင်းငှာ . . . အလိုတော်ရှိ၏။ . . . ထိုကြောင့် . . . ငြင်းပယ်သောသူသည် လူကိုသာငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။” (လိင်ဆိုင်ရာကျမ်းစာအမြင်မှာ ရှေးနှစ်ပေါင်းများစွာက လူအချို့တို့ ထွင်လိုက်သောအယူမျှသာမဟုတ်။ လူ့ဖန်ဆင်းရှင်ထံမှလာသည်။ စိတ်တော်နှင့်တွေ့ဖို့ ဘာလိုကြောင်း ရှင်းလင်းတင်ပြသည်။ တည်မြဲသောအိမ်ထောင်ရေး၊ အိမ်ထောင်ပြင်ပရှိလူတို့နှင့် ကောင်းမွန်ချမ်းမြေ့သောဆက်ဆံရေးရှိဖို့ လိုအပ်သောလမ်းညွှန်ကိုလည်းပေးသည်။ အထက်ပါသြဝါဒကိုကျင့်သုံးသူတို့သည် အကျင့်ယိုယွင်းမှုကြောင့်ဖြစ်သော မဖြေဆည်နိုင်သည့်စိတ်ဆင်းရဲမှုနှင့် ရွံစရာရောဂါများမှ ကင်းဝေးနိုင်ပေသည်။ ထိုကျမ်းစာသြဝါဒသည် ဘုရားသခင်ရှေ့ စင်ကြယ်သောသြတ္တပ္ပစိတ်ကိုရလိုသူ၊ စိတ်ပျက်ခြင်းနှင့်ကင်းသောဘဝကိုပိုင်ဆိုင်လိုသူတို့အဖို့ အလွန်ခေတ်မီပေသည်။)
တစ်စုံတစ်ယောက်ဤသို့ပြောလျှင်—
‘လိင်တူဆက်ဆံတာကို ခင်ဗျားဘယ်လိုသဘောထားသလဲ’
ဤသို့ပြန်ပြောနိုင်သည်– ‘ဒီကျမ်းချက်မှာ ပါတဲ့အမြင်အတိုင်းဖြစ်ပါတယ်။ ကျမ်းစာအဆိုဟာ ဘယ်လူသားအမြင်ထက်မဆို အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်တယ်။ လူ့ဖန်ဆင်းရှင်ရဲ့ အမြင်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ (၁ ကော. ၆:၉-၁၁) ခရစ်ယာန်ဖြစ်လာတဲ့ ဒီလူတွေထဲကတချို့ဟာ တစ်ချိန်ကလိင်တူဆက်ဆံခဲ့ကြတယ်ဆိုတာ မိတ်ဆွေသတိပြုမိပါလိမ့်မယ်။ ဒါပေမဲ့၊ သူတို့ဟာ ဘုရားသခင်ကိုချစ်တဲ့အတွက်၊ ဝိညာဉ်တော်အကူအညီနဲ့ ဘဝကိုပြုပြင်ခဲ့ကြပါတယ်။’
သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘ဒီမေးခွန်းကိုမဖြေခင်၊ ကျွန်တော်တစ်ခုပြောလိုတာကတော့၊ လိင်တူဆက်ဆံတဲ့ဘဝကို ရှက်ဖို့ကောင်းတယ်လို့မမှတ်သင့်ဘူး ဆိုပြီးပြောတဲ့လူတွေဟာ အများအားဖြင့် ကျမ်းစာကို ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်အဖြစ် မယုံကြည်ကြပါဘူး။ မိတ်ဆွေကော၊ ကျမ်းစာကိုဘယ်လိုမြင်သလဲ မေးပါရစေ။’ သူက ကျမ်းစာကိုအမှန်ယုံကြည်သည်ဟုဆိုလျှင် ဤသို့ဆက်ပြောနိုင်သည်– လိင်တူဆက်ဆံခြင်းဟာ ပုစ္ဆာအသစ်အဆန်းမဟုတ်ပါဘူး။ သမ္မာကျမ်းစာက ဘုရားသခင်ရဲ့မပြောင်းလဲတဲ့အမြင်ကို ရှင်းလင်းပြတ်သားစွာ တင်ပြပါတယ်။ (စာမျက်နှာ ၃၀၅၊ ၃၀၆ ပါအကြောင်းကို သုံးနိုင်သည်။)’ သူက ဘုရားသခင်တည်ရှိခြင်းနှင့် ကျမ်းစာအပေါ်သံသယရှိလျှင် ဤသို့ဆက်ပြောနိုင်သည်– ‘ဘုရားသခင်မရှိရင် သူ့အစစ်အကြောကိုလဲ ကျွန်တော်တို့ခံစရာမလိုဘူး။ ဒီတော့ ကြိုက်သလိုနေနိုင်ပါတယ်။ ဒါကြောင့် တကယ်မေးစရာက၊ ဘုရားသခင်ရှိသလား၊ သူအသက်ပေးလို့ ကျွန်တော်အသက်ရှင်နေရသလား ဆိုတာပဲ။ [ကျမ်းစာဟာ ဘုရားသခင်မှုတ်သွင်းတာလား ဟူသောမေးခွန်းလည်းမေးနိုင်သည်]။ (စာမျက်နှာ ၁၉၅-၂၀၂ သို့မဟုတ် ၃၄၀-၃၅၀ ပါအချက်များကိုသုံးပါ။)’