အပြစ်
အဓိပ္ပာယ်သတ်မှတ်ချက်– ဟေဗြဲနှင့်ဂရိကျမ်း၏ရှိရင်းစကားအရ၊ စာသားအတိုင်းဆိုလျှင် ပစ်မှတ်လွဲခြင်းဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မိမိ၏အသိဉာဏ်ရှိသတ္တဝါများ မှန်အောင်ပစ်ရမည့် “ပစ်မှတ်” ကို ချမှတ်တော်မူသည်။ ပစ်မှတ်လွဲခြင်းသည် အပြစ်ဖြစ်၍ မဖြောင့်မတ်မှု၊ မတရားမှုလည်းဖြစ်သည်။ (ရော. ၃:၂၃; ၁ ယော. ၅:၁၇; ၃:၄) အပြစ်ဟူသည် ဘုရားသခင့်ပင်ကိုစရိုက်၊ စံတော်၊ နည်းလမ်းတော်၊ အလိုတော်တို့နှင့်မညီညွတ်သော အရာမှန်သမျှပင်ဖြစ်သည်။ မှားယွင်းသောအကျင့်အကြံ၊ တာဝန်ပျက်ကွက်မှု၊ ဘုရားမဲ့အပြောအဆို၊ မစင်ကြယ်သောအတွေး၊ သို့မဟုတ် အတ္တဆန်သောရမ္မက်နှင့် လှုံ့ဆော်စိတ်တို့ပါဝင်နိုင်သည်။ ကျမ်းစာက မွေးရာပါအပြစ်နှင့်တမင်ပြုသောအပြစ်၊ ပြုပြီးနောက်နောင်တယူသောအပြစ်နှင့် အပြစ်ပြုလေ့ပြုထရှိခြင်းတို့ကို ခွဲခြားထားသည်။
အာဒံသည် စုံလင်လျှင် အဘယ်သို့အပြစ်ပြုနိုင်မည်နည်း
အာဒံစုံလင်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာဦး ၁:၂၇၊ ၃၁ နှင့် တရားဟောရာ ၃၂:၄ တို့ကိုဖတ်ပါ။ ယောက်ျားမိန်းမအပါအဝင် မြေကြီးနှင့်ဆိုင်သော မိမိ၏ဖန်ဆင်းရာများသည် “အလွန်ကောင်းသည်” ဟု ယေဟောဝါမိန့်မြွက်ရာ၌ ဘာကိုဆိုလိုသနည်း။ ပြုလေသမျှအမှုတော်၌ စုံလင်သောအရှင်က မိမိ၏အမှုတော်သည် “အလွန်ကောင်းသည်” ဟုမိန့်ဆိုသည်ဖြစ်ရာ ထိုအမှုတော်သည် မိမိ၏စုံလင်ခြင်းစံကိုမှီ၍ဖြစ်ရပေမည်။
အာဒံနှင့်ဧဝတို့အပြစ်မပြုနိုင်မှသာ စုံလင်သည်ဟုဆိုရမည်လော။ စက်ရုပ်တီထွင်သူသည် မိမိစီစဉ်သည့်အတိုင်း ထိုစက်ရုပ်ကို လှုပ်ရှားစေလို၏။ သို့သော် စုံလင်သောစက်ရုပ်သည် စုံလင်သောလူသား ဖြစ်မည်မဟုတ်။ ပဓာနကျသောအရည်အသွေးချင်း မတူချေ။ အာဒံနှင့်ဧဝတို့သည် လူဖြစ်ကြသည်။ စက်ရုပ်များမဟုတ်။ ဘုရားသခင်သည် လူသားတို့အား အမှားအမှန်၊ နာခံမနာခံ၊ ရွေးချယ်နိုင်သော၊ သီလဆိုင်ရာဆုံးဖြတ်ချက်ချနိုင်သည့် အစွမ်းအစကို ပေးတော်မူသည်။ လူသားတို့ကို ထိုသို့ဖန်ဆင်းထားသည်ဖြစ်၍ ထိုသို့သော (ပညာမဲ့မဟုတ်သည့်) ဆုံးဖြတ်ချက်များ ချနိုင်သောအစွမ်းအစ မရှိလျှင် မစုံလင်ကြောင်းကိုပြပေမည်။—တရားဟောရာ ၃၀:၁၉၊ ၂၀; ယောရှု ၂၄:၁၅ တို့နှင့်နှိုင်းယှဉ်။
အာဒံနှင့်ဧဝတို့သည် ဖန်ဆင်းခံရသည့်နောက်ပိုင်း၌ မိမိတို့ ချသမျှဆုံးဖြတ်ချက် မှန်ကန်မှသာ စုံလင်စွာဖန်ဆင်းခံရသည်ဟု ဆိုနိုင်မည်လော။ ဤသို့လျှင် သူတို့၌ ရွေးချယ်ပိုင်ခွင့်မရှိဟု ပြောသည်နှင့် ဘာမျှမထူးတော့။ သို့သော် အလိုအလျောက်နာခံစေရန် သူတို့ကို ဖန်ဆင်းတော်မမူ။ သူတို့အား ရွေးချယ်နိုင်စွမ်းကိုပေးတော်မူသဖြင့် သူတို့သည် ကိုယ်တော်ကိုချစ်၍နာခံနိုင်ကြပေသည်။ သို့မဟုတ် မိမိတို့နှလုံးကို အတ္တစိတ်၏စိုးမိုးခြင်းခံစေရန်ခွင့်ပြုလျှင်လည်း မနာခံသူများဖြစ်လာနိုင်သည်။ လူတစ်ဦးသည် အတင်းအကျပ်ပြုခံရသောကြောင့် သင့်အတွက်အလုပ်လုပ်သည်ကို သင်နှစ်သက်သလော။ သို့မဟုတ် သူဆန္ဒရှိ၍ သင့်အဖို့လုပ်ဆောင်သည်ကို သင်သာ၍လိုလားသလော။—တရားဟောရာ ၁၁:၁; ၁ ယောဟန် ၅:၃ တို့နှင့်နှိုင်းယှဉ်ပါ။
စုံလင်သောထိုလူသားများ ဘယ်လိုကြောင့် တစ်ကိုယ်ကောင်းဆန်လာပြီး အပြစ်ပြုခဲ့ကြသနည်း။ သူတို့၏ကိုယ်ခန္ဓာသည် စုံလင်စွာဖန်ဆင်းခံရသော်လည်း သင့်တော်သည့်အစာ မမှီဝဲရလျှင် စုံလင်စွာ လှုပ်ရှားဆောင်ရွက်နိုင်မည်မဟုတ်။ ထိုနည်းတူ သူတို့သည် မိမိတို့၏စိတ်ကို မှားယွင်းသောအတွေး သွတ်သွင်းပါက စာရိတ္တယိုယွင်း၍ မသန့်မရှင်း ဖြစ်လာနိုင်သည်။ ယာကုပ် ၁:၁၄၊ ၁၅ က ဤသို့ ရှင်းပြ၏– “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကို ဖွားတတ်၏။” ဧဝကိစ္စ၌ စာတန် မြွေကိုသုံး၍ပြောသောစကားကို သူမ စိတ်ဝင်တစား နားထောင်ရာမှ မှားသောရမ္မက် ပေါ်ခဲ့ခြင်းဖြစ်သည်။ အာဒံမူ မယားတိုက်တွန်းသည့်အတိုင်း သူနှင့်အတူ တားမြစ်ရာအသီးကို စားခဲ့သည်။ သူတို့နှစ်ဦးစလုံး မှားယွင်းသောအတွေးကို ထုတ်ပယ်မည့်အစား၊ အတ္တဆန္ဒများကိုရှင်သန်စေသည်နှင့် နောက်ဆုံး အပြစ်ပြုလေတော့သည်။—က. ၃:၁-၆။
အာဒံ့အပြစ်သည် “ဘုရားသခင့်စီမံချက်” တစ်စိတ်တစ်ပိုင်းလော
“အာဒံနှင့်ဧဝ” ခေါင်းစဉ်အောက် စာမျက်နှာ ၄၁၃ နှင့် “ကံကြမ္မာ” ခေါင်းစဉ်အောက် စာမျက်နှာ ၃၄ တို့ကိုရှု။
ယခုခေတ်တွင် “အပြစ်” ဟူသောအရာ တကယ်ပင်ရှိသလော
ဥပမာ– လူနာတစ်ဦး အပူချိန်တိုင်းကိရိယာကို ချိုးဖျက်လိုက်လျှင် သူ့ ၌အဖျားမရှိဟု သက်သေထူသလော။ သူခိုးတစ်ယောက် ဥပဒေကျမ်းပါရေးသားချက်များအပေါ် မိမိအယုံအကြည်မရှိဟု ဆိုသည်နှင့် သူ၌ အပြစ်ကင်းစင်သွားမည်လော။ ထိုနည်းတူ၊ ကျမ်းစာစံအတိုင်း နေထိုင်ရန်မလိုဟု လူအမြောက်အမြားက ယူမှတ်ကြသည့်အတွက်နှင့် အပြစ်ဟူသောအရာလည်း ပပျောက်သွားသည်မဟုတ်။—၁ ယောဟန် ၁:၈ ကိုရှု။
လူအချို့က ဘုရားသခင့်နှုတ်ကပါဌ်တော်တားမြစ်ရာကိုရွေး၍ ပြုချင်ပြုမည်။ သို့သော် ယင်းကြောင့် ကျမ်းစာမှားမသွားပါ။ ဂလာတိ ၆:၇၊ ၈ (သမ) က ဤသို့သတိပေး၏– “အထင်မလွဲကြနှင့်။ ဘုရားသခင်သည် ပြောင်လှောင်ခြင်းကို ခံတော်မမူ။ လူသည် စိုက်ပျိုးသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။ ရုပ်ခန္ဓာအလို့ငှာ စိုက်ပျိုးသူသည် ရုပ်ခန္ဓာဆိုင်ရာပုပ်ပျက်ခြင်းကို . . . ရိတ်သိမ်းရလိမ့်မည်။” ကာလသားရောဂါကူးစက်ပြန့်ပွားမှု၊ အိမ်ထောင်ပြိုကွဲမှု စသည်တို့က ကျမ်းစာအဆိုမှန်ကြောင်း သက်သေပြသည်။ လူကိုဘုရားသခင်ဖန်ဆင်း၏။ ထာဝရပျော်ရွှင်ဖို့ဘာလိုသည်ကို သိတော်မူ၏။ ကျမ်းစာအားဖြင့် ကျွန်ုပ်တို့အား မိန့်တော်မူ၏။ ကိုယ်တော်ကို နားထောင်ဖို့ မကောင်းပေလော။ (ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ “ဘုရားသခင်” ခေါင်းစဉ်ကိုရှု။)
အပြစ်ဟုသမုတ်သောအရာသည် အများအားဖြင့် လူသားတို့ သဘာဝအလျောက် ပြုသောအမှုများသာမဟုတ်လော
လိင်ဆက်ဆံမှုသည် အပြစ်လော။ အာဒံနှင့်ဧဝတို့သည် အချင်းချင်းလိင်ဆက်ဆံသည့်အတွက် အပြစ်ပြုခဲ့ခြင်းဖြစ်သလော။ ကျမ်းစာ ဤသို့မဆိုပါ။ ကမ္ဘာဦး ၁:၂၈ အရ၊ ဘုရားသခင်ကိုယ်တော်တိုင် အာဒံနှင့်ဧဝတို့အား “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ . . . ကြလော့” ဟု မိန့်တော်မူသည်။ သို့ ဖြစ်၍ သူတို့ချင်း သံဝါသပြုရမည် မဟုတ်လော။ ဆာလံ ၁၂၇:၃ ကလည်း “ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏” ဟုဆို၏။ တားမြစ်ရာအသီးကို ဧဝဦးစွာစားကြောင်း၊ စားစဉ်အခါလည်း တစ်ယောက်တည်းရှိကြောင်း၊ နောက်မှ အာဒံအား အသီးကိုပေးကြောင်း မှတ်သားအပ်သည်။ (က. ၃:၆) သို့ ဖြစ်၍ တားမြစ်ရာအသီးပင်သည် တကယ့်အပင်တစ်ပင် ဖြစ်ကြောင်း သိသာသည်။ ကျမ်းစာတားမြစ်သောအရာမှာ လင်မယားချင်းပြုသော ပုံမှန်လိင်ဆက်ဆံမှုမဟုတ်၊ မတရားမေထုန်၊ ဖောက်ပြားမှု၊ လိင်တူဆက်ဆံမှု၊ တိရစ္ဆာန်နှင့်ဆက်ဆံမှု စသောအကျင့်များတည်း။ ၎င်းအကျင့်တို့၏ဆိုးကျိုးများကိုထောက်လျှင် ကျွန်ုပ်တို့၏တည်ဆောက်ပုံကို သိကျွမ်းသောအရှင် ကျွန်ုပ်တို့အပေါ် စေတနာရှိ၍သာ ထိုသို့တားမြစ်ရကြောင်း ထင်ရှား၏။
က. ၁:၂၇– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူ [အာဒံ] ကိုဖန်ဆင်းတော်မူ၏။” (ထို့ကြောင့် အာဒံအနေနှင့် ဘုရားသခင့်သန့်ရှင်းသောအရည်အသွေးများကို ရောင်ပြန်ဟပ်လျက် ကိုယ်တော့်ညွှန်ကြားမှုကို လေးမြတ်စွာ လက်ခံမှသာ သဘာဝကျ ပါလိမ့်မည်။ သို့မပြုလျှင် ပစ်မှတ်လွဲရာ၊ အပြစ်ပြုရာရောက်မည်။ ရောမ ၃:၂၃ နှင့် ၁ ပေတရု ၁:၁၄-၁၆ တို့ကိုရှု။)
ဧ. ၂:၁-၃၊ သက– “အခါတစ်ပါးက သင်တို့ [ခရစ်ယာန်များ] သည် ဆိုးညစ်မှုနှင့်အပြစ်ဒုစရိုက်များတွင် နစ်မြုပ်ဆုံးပါးလျက်ရှိနေခဲ့ကြ၏။ ဤမျက်မှောက်လောက၏ အပြစ်လမ်းစဉ်အတိုင်း လိုက်လျှောက်ခဲ့ကြ၏။ အာကာသတွင် ကျက်စားသွားလာလျက်ရှိသည့် နတ်မိစ္ဆာဘုရင်၏ ဩဇာခံများဖြစ်ခဲ့ကြ၏။ ထာဝရဘုရား၏အမိန့်တော်ကို တော်လှန်သူတို့သည် ယခုအခါ၌ ထိုသူ၏စိုးမိုးအုပ်ချုပ်ခြင်းကို ခံလျက်နေကြရ၏။ အခါတစ်ပါးက ငါတို့သည်လည်း ထိုသူတို့နည်းတူပင် ဖြစ်ကြ၏။ ယုတ်ညံ့သည့်ဇာတိ၏ဆွဲဆောင်ရာသို့ လိုက်လျှောက်လျက် ကာယ၏အလိုနှင့် စိတ်၏အလိုသို့လိုက်၍ ပြုကျင့်ကြ၏။ ငါတို့သည်လည်း ဇာတိသဘောအရ အခြားသူတို့နည်းတူ ထာဝရဘုရား၏အမျက်တော်ကို ခံထိုက်သူများဖြစ်ကြသည်။” (ကျွန်ုပ်တို့သည် အပြစ်သားအာဒံ၏သားမြေးများဖြစ်၍ အပြစ်၌မွေးလာကြသည်။ မွေးချိန်မှစ၍ ကျွန်ုပ်တို့၏နှလုံးသည် အဆိုးဘက်သို့တိမ်းညွတ်လျက်ရှိသည်။ မှားယွင်းသော ထိုတိမ်းညွတ်ခြင်းသဘောကိုမထိန်းကွပ်လျှင် အလေ့အထဖြစ်လာနိုင်သည်။ ပတ်ဝန်းကျင်လူများလည်း အလားတူအမှုများ ပြုလျက်ရှိသည်ဖြစ်၍ “ပုံမှန်” ဟုပင်ထင်စရာဖြစ်သည်။ သို့သော် လူကိုဖန်ဆင်းပုံနှင့် လူသားများဆိုင်ရာ ရည်ရွယ်တော်မူချက်ကိုထောက်လျက် ကိုယ်တော့်အမြင်တွင် မည်သည်ကမှန်၍ မည်သည်ကမှားကြောင်း ကျမ်းစာက ခွဲခြားဖော်ပြပေသည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်စကားကို ကျွန်ုပ်တို့နားထောင်ပြီး ကိုယ်တော်ကိုချစ်၍နာခံလျှင် တစ်ခါကမျှမခံစားဖူးသည့် ဘဝအနှစ်သာရကိုခံစားရမည့်အပြင် ထာဝရအနာဂတ်ကိုပါ ပိုင်ဆိုင်ရလိမ့်မည်။ ဖန်ဆင်းရှင်က မြည်းစမ်းကြည့်ပါဟု ကျွန်ုပ်တို့ကို စေတနာအပြည့်နှင့် ဖိတ်ကြားတော်မူ၏။—ဆာ. ၃၄:၈။)
လူသည် အပြစ်ကြောင့် မည်သို့မည်ပုံ ဘုရားသခင်နှင့်ဆက်ဆံရေးပျက်ပြားရသနည်း
၁ ယော. ၃:၄၊ ၈၊ သမ– “အပြစ်ပြုကျင့်သူတိုင်းသည် မတရားမှုကိုပြုကျင့်ရာရောက်၏။ အပြစ်ကား၊ မတရားမှုတည်း။ အပြစ်ပြုကျင့်သူသည် . . . မာရ်နတ်ဘက်သားဖြစ်၏။” (ပြတ်သားလိုက်လေခြင်း။ အပြစ်လမ်းစဉ်ကို တမင်ရွေးချယ်ပြီး အပြစ်ပြုလေ့ပြုထရှိသူတို့အား ရာဇဝတ်ကောင်အဖြစ် ဘုရားသခင်ရှုမှတ်တော်မူ၏။ သူတို့ရွေးချယ်သောလမ်းစဉ်မှာ အဦးဆုံး စာတန်ရွေးချယ်သောလမ်းစဉ်တည်း။)
ရော. ၅:၈၊ ၁၀– “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်။ . . . ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ခြင်းကျေးဇူးတော်ကို ခံရသည်။” (အပြစ်သားများကို ရန်သူအဖြစ် ယူမှတ်တော်မူကြောင်း သတိပြုလေ။ သို့ ဖြစ်၍ မိတ်သဟာယဖွဲ့ ခြင်း ကျေးဇူးတော်ကိုလက်ခံမှ ပညာရှိရာရောက်မည်တကား။)
၁ တိ. ၁:၁၃– “[ပေါလုက] ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့် ကရုဏာတော်ကို ငါခံရပြီ။” (သို့သော် သခင်ဘုရားက သူ့အား လမ်းမှန်ကိုပြသောအခါ သူသည် မလိုက်လျှောက်ဘဲ တွန့်ဆုတ်လျက်မနေခဲ့။)
၂ ကော. ၆:၁၊ ၂၊ သမ– “လက်ခံဖွယ်အချိန်၌ ငါနားညောင်း၍ ကယ်တင်ရာနေ့ရက်၌ သင့်ကိုမစပြီ ဟူသောဗျာဒိတ်တော်ချက်အရ၊ ယခုပင်လက်ခံဖွယ်အချိန်၊ ယခုပင်ကယ်တင်ရာနေ့ရက် ဖြစ်သည့်အလျောက်၊ ဘုရားသခင့် [“မခံစားထိုက်သော၊” ကဘ] ကျေးဇူးတော်ကို အကျိုးမဲ့မခံစေမည့်အကြောင်း၊ ကိုယ်တော်နှင့်လုပ်ဖော်ဆောင်ဖက်ဖြစ်သူငါတို့သည် သင်တို့အား နှိုးဆော် [ပါ၏။]” (ယခုပင်ကယ်တင်ခြင်းရရန် အခွင့်အလမ်းတည်း။ ထိုမခံစားထိုက်သော ကရုဏာတော် ခံစားဖို့အခွင့်ကို အပြစ်သားတို့အား ထာဝစဉ်ကမ်းလှမ်းလျက် နေတော်မူမည်မဟုတ်။ ထို့ကြောင့် ကရုဏာတော်ကိုအကျိုးမဲ့မခံဖို့ သတိပြုရာသည်။)
ကျွန်ုပ်တို့သည် အပြစ်သားဘဝမှ မည်သို့လွတ်မြောက်နိုင်မည်နည်း
“ရွေးနုတ်ဖိုး” ခေါင်းစဉ်ကိုရှု။