ဘုရားသခင့်အလိုတော်နှင့်အညီ ဝတ်ပြုခြင်း
ယရှုက “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်” ဟုဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၃၊ ကဘ) ယင်းသည် မည်သို့သောအသိပညာမျိုးနည်း။ “ဘုရားသခင်၏အလိုတော်မှာ လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်ဖြစ်၏။” (၁ တိမောသေ ၂:၄၊ ကဘ) အကျယ်ဖွင့်ဆိုသည့်သမ္မာကျမ်းက ယင်းကို “[ဘုရားသခင်နှင့်ပတ်သက်သော] အမှန်တရားကို တိကျမှန်ကန်စွာသိနားလည်ပါ” ဟုပြန်ဆိုသည်။
ထို့ကြောင့် ဘုရားသခင်သည် မိမိအကြောင်း၊ မိမိရည်ရွယ်ချက်အကြောင်းကို အမှန်တရားနှင့်အညီ တိကျမှန်ကန်စွာ နားလည်စေလိုသည်။ ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာသည် ထိုအမှန်တရား၏အခြေခံဖြစ်သည်။ (ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင်အကြောင်း သမ္မာကျမ်းစာသွန်သင်ရာကို လူတို့တိကျမှန်ကန်စွာ သိနားလည်လာသောအခါ ရောမ ၁၀:၂၊ ၃ တွင်ဖော်ပြထားသည့် “ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြ” သော်လည်း “တိကျမှန်ကန်သော အသိပညာအတိုင်းမဟုတ်” သူတို့နှင့် တူတော့မည်မဟုတ်ပေ။ “သင်တို့သည် မသိသောအရာကို ကိုးကွယ်ကြ၏” ဟုယေရှုဆိုခဲ့သော ရှမာရိလူတို့နှင့်လည်း တူတော့မည်မဟုတ်ပေ။—ယောဟန် ၄:၂၂၊ ကဘ။
ထို့ကြောင့် ဘုရားသခင့်မျက်နှာသာရလိုပါက ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးဖို့လိုသည်– ဘုရားသခင်က ကိုယ်တော်တိုင်ရဲ့အကြောင်းနဲ့ပတ်သက်လို့ ဘာပြောသလဲ။ ဘယ်လိုဝတ်ပြုမှုမျိုးကို ကိုယ်တော်လိုလားသလဲ။ ကိုယ်တော့်ရည်ရွယ်ချက်တွေက ဘာလဲ၊ အဲဒီရည်ရွယ်ချက်တွေမှာ ကျွန်ုပ်တို့ ဘယ်လိုပါဝင်နိုင်မလဲ။ တိကျမှန်ကန်သောအသိပညာက ထိုမေးခွန်းများ၏ အဖြေမှန်ကိုရရှိစေသည်။ သို့မှသာ ဘုရားသခင့်အလိုတော်နှင့်အညီ ဝတ်ပြုနိုင်မည်ဖြစ်သည်။
ဘုရားသခင့်ဂုဏ်တော်ကို ညှိုးနွမ်းစေခြင်း
“ငါ့ကို ချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်” ဟုဘုရားသခင်မိန့်တော်မူသည်။ (၁ ဓမ္မရာဇဝင် ၂:၃၀) တစ်စုံတစ်ဦးကို ဘုရားသခင်နှင့်တန်းတူဖြစ်သည်ဟုဆိုခြင်းက ကိုယ်တော်ကို ဂုဏ်တင်ချီးမြှောက်ရာရောက်သလော။ ကက်သလစ်စွယ်စုံကျမ်းသစ်က ဆိုသည့်အတိုင်း မာရိကို “ဘုရားသခင်၏မယ်တော်၊” “ဖန်ဆင်းရှင်နှင့်ဖန်ဆင်းရာများစပ်ကြား . . . ဖျန်ဖြေစေ့စပ်သူအမျိုးသမီး” ဟုခေါ်ဆိုခြင်းသည် ဘုရားသခင်ကို ဂုဏ်တင်ချီးမြှောက်ရာရောက်သလော။ လုံးဝမရောက်ပေ၊ ယင်းတို့က ဘုရားသခင်ကို ရှုတ်ချရာရောက်၏။ ကိုယ်တော်နှင့်တန်းတူဖြစ်သူ တစ်ဦးမျှမရှိ၊ ယေရှုသည် ဘုရားသခင်မဟုတ်သောကြောင့် ဘုရားသခင်၌ သွေးသားမိခင်လည်းမရှိပေ။ “ဘုရားသခင်နှင့် လူတို့စပ်ကြားတွင် . . . ဖျန်ဖြေသူ တစ်ပါးတည်း” ဖြစ်သောယေရှုကို ဘုရားသခင်ခန့်အပ်ထားရာ “ဖျန်ဖြေစေ့စပ်သူအမျိုးသမီး” ဟူ၍မရှိပေ။—၁ တိမောသေ ၂:၅၊ ကဘ; ၁ ယောဟန် ၂:၁၊ ၂။
သုံးပါးတစ်ဆူအယူဝါဒသည် ဘုရားသခင်၏ အနေအထားအမှန်နှင့်ပတ်သက်၍ လူတို့၏နားလည်မှုကို ရှုပ်ထွေးစေသည်မှာ သေချာသည်။ ယင်းသည် စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်ကို လူတို့ တိကျမှန်ကန်စွာသိကျွမ်းလာပြီး ကိုယ်တော့်နည်းလမ်းများအတိုင်း ဝတ်ပြုခြင်းမှ အဟန့်အတားဖြစ်စေသည်။ ဓမ္မပညာရှင် ဟန်စ်ခွန်ဂ်က “ဘုရားသခင်သည် တစ်ပါးတည်း၊ တစ်ဆူတည်းဖြစ်သည်ဟူသော အယူအဆကို ယုတ်လျော့စေနိုင်သော သို့မဟုတ် ပျက်ပြယ်စေနိုင်သောအရာတစ်ခုခုကို အဘယ်ကြောင့် ထည့်သွင်းလိုသနည်း” ဟုဆို၏။ သို့သော် သုံးပါးတစ်ဆူအယူဝါဒက ထိုသို့သာဖြစ်စေခဲ့ပြီ။
သုံးပါးတစ်ဆူကို ယုံကြည်ကြသူတို့သည် “ဘုရားသခင်ကို တိကျမှန်ကန်စွာ သိကျွမ်းလိုစိတ် မရှိ” ကြပေ။ (ရောမ ၁:၂၈၊ ကဘ) ထိုအခန်းငယ်က “ဘုရားသခင်သည်လည်း သူတို့ကို မသင့်လျော်သောအမှု ပြုကြစေရန် နှစ်သက်တော်မမူသည့် စိတ်အခြေအနေသို့ အပ်လိုက်တော်မူ၏” ဟုဆက်ဆိုသည်။ အခန်းငယ် ၂၉ မှ ၃၁ တွင် ‘လူအသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ သစ္စာကတိဖျက်ခြင်း၊ မိသားစုချစ်ခင်စုံမက်မှုမရှိခြင်း၊ သနားကြင်နာစိတ်မရှိခြင်း’ စသည့် “မသင့်လျော်သောအမှု” အချို့ကို ဖော်ပြထားသည်။ ထိုအကျင့်များကို သုံးပါးတစ်ဆူကိုလက်ခံသော ဘာသာတရားများက ပြုကျင့်နေကြ၏။
ဥပမာ၊ သုံးပါးတစ်ဆူဝါဒီများသည် ထိုအယူဝါဒကို လက်မခံသူတို့အား ညှဉ်းပန်းနှိပ်စက်ပြီး အသေပင်သတ်ကြ၏။ ထို့ထက်ပိုဆိုးသည်မှာ စစ်ကာလအတွင်း သုံးပါးတစ်ဆူဝါဒီအချင်းချင်း သတ်ဖြတ်ကြသည်။ ကက်သလစ်အချင်းချင်း၊ ဩသဒေါက်စ်အချင်းချင်း၊ ပရိုတက်စတင့်အချင်းချင်း သတ်ဖြတ်ကြသည်။ ထိုသူအားလုံးသည် သုံးပါးတစ်ဆူဘုရား၏နာမဖြင့် သတ်ဖြတ်ခြင်းဖြစ်ရာ ယင်းထက်ပို၍ “မသင့်လျော်သောအမှု” ရှိနိုင်ပါဦးမည်လော။
“သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဟုယေရှု ရှင်းရှင်းလင်းလင်းမိန့်ဆိုခဲ့၏။ (ယောဟန် ၁၃:၃၅၊ ကဘ) “ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများသည် ဤသို့ ကွဲပြားထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို ကျင့်မနေသူတိုင်း ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကို မုန်းသောသူတိုင်းလည်း ဘုရားသခင်နှင့် မစပ်ဆိုင်” ဟု ကျမ်းစာက ဆိုခြင်းဖြင့် ပို၍အဓိပ္ပာယ်လေးနက်စေသည်။ ခရစ်ယာန်ညီအစ်ကိုချင်းကို သတ်သူတို့အား “ဆိုးညစ်သူ [စာတန်] နှင့်စပ်ဆိုင်၍ မိမိညီကိုသတ်သူ ကာဣန” နှင့်နှိုင်းယှဉ်ထားသည်။—၁ ယောဟန် ၃:၁၀-၁၂၊ ကဘ။
ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ ရှုပ်ထွေးစေသောသွန်သင်ချက်သည် ကိုယ်တော့်ပညတ်များကို ချိုးဖောက်စေသောအပြုအမူများကိုသာ ဖြစ်စေသည်။ ဒိန်းမတ်လူမျိုးဓမ္မပညာရှင် စိုရန်ကီယာကီဂါ့ဒ်က “ခရစ်ယာန်ဘောင်သည် ခရစ်ယာန်အယူဝါဒမှ ကွဲထွက်မှန်းမသိ ကွဲထွက်သွားနေသည်” ဟုဆိုသည့်အတိုင်း ခရစ်ယာန်ဘောင်တွင် အမှန်ဖြစ်ပျက်နေသည်။
ခရစ်ယာန်ဘောင်၏ ဝိညာဉ်ရေးအခြေအနေသည် တမန်တော်ပေါလု၏ ဤစကားများနှင့် တစ်ထပ်တည်းဖြစ်၏– “သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဆိုကြသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ အကြောင်းမူကား သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ နာခံမှုမရှိသူ၊ ကောင်းသောအမှုတစ်စုံတစ်ခုကိုမျှပြုရန် မထိုက်တန်သူများ ဖြစ်ကြ၏။”—တိတု ၁:၁၆၊ ကဘ။
ဘုရားသခင်သည် မကြာမီ ဤလောကစနစ်ဆိုးကို အဆုံးတိုင်စေချိန်တွင် သုံးပါးတစ်ဆူခရစ်ယာန်ဘောင်များသည် ကိုယ်တော်နှင့်စာရင်းရှင်းရပေလိမ့်မည်။ ခရစ်ယာန်ဘောင်သည် ဘုရားသခင်ကိုရှုတ်ချသော အပြုအမူများနှင့် သွန်သင်ချက်များကြောင့် ပြင်းပြင်းထန်ထန် တရားစီရင်ခံရတော့မည်။—မဿဲ ၂၄:၁၄၊ ၃၄; ၂၅:၃၁-၃၄၊ ၄၁၊ ၄၆; ဗျာဒိတ် ၁၇:၁-၆၊ ၁၆; ၁၈:၁-၈၊ ၂၀၊ ၂၄; ၁၉:၁၇-၂၁။
သုံးပါးတစ်ဆူကို ငြင်းပယ်ပါ
ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကို လျှော့ပေါ့၍မရနိုင်ပါ။ ထို့ကြောင့် ဘုရားသခင်ကို ကိုယ်တော့်အလိုတော်နှင့်အညီ ဝတ်ပြုနိုင်ရန် သုံးပါးတစ်ဆူအယူဝါဒကို ငြင်းပယ်ရမည်။ ထိုအယူဝါဒသည် ပရောဖက်များ၊ ယေရှု၊ တမန်တော်များနှင့် အစောပိုင်းခရစ်ယာန်များ ယုံကြည်သွန်သင်ခဲ့ရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ပြင် မှုတ်သွင်းခံကျမ်းစာတွင် မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဘုရားသခင် မိန့်ဆိုထားရာနှင့်လည်း ဆန့်ကျင်သည်။ ထို့ကြောင့် “ငါတစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါနှင့်တူသော အခြားဘုရားမရှိကြောင်းကိုလည်းကောင်း သိမှတ်ဝန်ခံကြလော့” ဟုဘုရားသခင်မိန့်ဆိုသည်။—ဟေရှာယ ၄၆:၉၊ ခမ။
ဘုရားသခင်ကို နားလည်ရခက်ပြီး နက်နဲရာဖြစ်စေခြင်းအားဖြင့် ဘုရားသခင့်အလိုတော်ကို မပြီးမြောက်စေပါ။ ယင်းအစား ဘုရားသခင်နှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များအကြောင်း လူတို့နားမလည်လေ ဘုရားသခင့်ရန်သူ၊ ‘ဤလောက၏ဘုရား’ စာတန်၏ဆန္ဒ ပြည့်ဝလေဖြစ်သည်။ “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကိုကွယ်စေ” ရန် ထိုသို့သောအယူဝါဒမှားများကို မြေတောင်မြှောက်ပေးသူမှာ စာတန်ပင်ဖြစ်သည်။ (၂ ကောရိန္သု ၄:၄၊ ကဘ) ထို့ပြင် ခရစ်ယာန်ဘုန်းကြီးများက သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ဓမ္မပညာရှင်များသာ နားလည်နိုင်သယောင် ဖြစ်စေသည့်အတွက် ယင်းသည် လူတို့ကို ကြိုးကိုင်ထားလိုသော သူတို့၏ဆန္ဒကိုလည်း ပြည့်ဝစေသည်။—ယောဟန် ၈:၄၄ ကိုရှု။
ဘုရားသခင်ကို တိကျမှန်ကန်စွာသိကျွမ်းခြင်း အသိပညာသည် အလွန်စိတ်သက်သာရာရစေသည်။ ယင်းသည် ဘုရားသခင့်နှုတ်မြွက်တော်နှင့်ဆန့်ကျင်သော သွန်သင်ချက်များ၊ အယူဖောက်ပြန်သွားသော အဖွဲ့အစည်းများမှ လွတ်မြောက်စေသည်။ “အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကိုလွှတ်လိမ့်မည်” ဟုယေရှုမိန့်ဆိုခဲ့၏။—ယောဟန် ၈:၃၂၊ ကဘ။
ဘုရားသခင်ကို အချုပ်အခြာအာဏာရှင်အဖြစ် ဂုဏ်တင်ခြင်း၊ ကိုယ်တော့်အလိုတော်နှင့်အညီ ဝတ်ပြုခြင်းဖြင့် အယူဖောက်ပြန်သောခရစ်ယာန်ဘောင်အပေါ် မကြာမီ ကျရောက်မည့် ကိုယ်တော်၏တရားစီရင်ချက်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထို့ပြင် ဤလောကစနစ်ကုန်ဆုံးချိန်တွင် ဘုရားသခင့်မျက်နှာသာတော်ကို မျှော်လင့်နိုင်မည်။ “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏။”—၁ ယောဟန် ၂:၁၇၊ ကဘ။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ပြင်သစ်နိုင်ငံမှ ဤရာစုနှစ်ချီပန်းပုရုပ်သည် သုံးပါးပေါင်းတစ်ဆူဘုရားများက “အပျိုစင်” မာရိကို ဘိသိက်ပေးနေဟန် ပုံဖော်ထားသည်။ သုံးပါးပေါင်းတစ်ဆူအယူကို ယုံကြည်ခြင်းကြောင့် မာရိကို “ဘုရားသခင့်မယ်တော်” အဖြစ် ကြည်ညိုကိုင်းရှိုင်းကြသည်