သင်ခန်းစာ ၉
ဘုရားသခင့်ကျေးကျွန်များ သန့် ရှင်းမှု ရှိရမည်
ကျွန်ုပ်တို့သည် အဘယ်ကြောင့် အရာရာ၌သန့်ရှင်းမှုရှိရမည်နည်း။ (၁)
ဝိညာဉ်ရေးသန့်ရှင်းမှု (၂)
စာရိတ္တရေးသန့်ရှင်းမှု (၃)
စိတ္တရေးသန့်ရှင်းမှု (၄)
ကာယရေးသန့်ရှင်းမှုဟူသည် အဘယ်နည်း။ (၅)
အဘယ်ညစ်ညမ်းသည့် အပြောအဆိုများကို ကျွန်ုပ်တို့ရှောင်ကြဉ်ရမည်နည်း။ (၆)
၁။ ယေဟောဝါဘုရားသခင်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ကိုယ်တော်သည် မိမိအားဝတ်ပြုကိုးကွယ်သူများထံမှ ဝိညာဉ်ရေး၊ စာရိတ္တရေး၊ စိတ္တရေးနှင့် ကာယရေးအရ သန့်ရှင်းမှုရှိကြရန်မျှော်လင့်တော်မူ၏။ (၁ ပေတရု ၁:၁၆) ဘုရားသခင်၏မျက်မှောက်တော်၌ သန့်ရှင်းစွာနေထိုင်ရန် အမှန်ပင်ကြိုးစားအားထုတ်ရပေမည်။ ကျွန်ုပ်တို့သည် သန့်ရှင်းမှုမရှိသော လောကကြီး၌ နေထိုင်နေရကြ၏။ ကျွန်ုပ်တို့ကိုယ်တိုင်၏ အမှားပြုလိုသည့်စိတ်ဆန္ဒကိုလည်း တိုက်လှန်ရန် ကြိုးစားအားထုတ်ရကြ၏။ သို့သော် ကျွန်ုပ်တို့လက်မလျှော့ရပေ။
၂။ ဝိညာဉ်ရေးသန့်ရှင်းမှု– ယေဟောဝါအား ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်လိုပါက မှောက်မှားသောဘာသာ၏ မည်သည့်သွန်သင်ချက်နှင့် မည်သည့်ဓလေ့ထုံးစံကိုမျှ ဆုပ်ကိုင်ထား၍ မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့သည် မှောက်မှားသောဘာသာမှ ထွက်လာရမည်ဖြစ်ပြီး ယင်းကို မည်သည့်နည်းဖြင့်မျှထောက်ခံအားပေးမှု မပြုရချေ။ (၂ ကောရိန္သု ၆:၁၄-၁၈; ဗျာဒိတ် ၁၈:၄) ဘုရားသခင်အကြောင်း အမှန်တရားကို ကျွန်ုပ်တို့သိရှိကြပြီဆိုပါက မုသားကိုသွန်သင်သောသူများ၏ လှည့်ဖြားမှုကိုမခံမိရန် သတိပြုကြရမည်။—၂ ယောဟန် ၁၀၊ ၁၁။
၃။ စာရိတ္တရေးသန့်ရှင်းမှု– ယေဟောဝါသည် မိမိအားဝတ်ပြုသူများကို အချိန်ရှိသ၍ စစ်မှန်သောခရစ်ယာန်များအဖြစ် ပြုမူကျင့်ကြံနေစေလိုတော်မူ၏။ (၁ ပေတရု ၂:၁၂) ကိုယ်တော်သည် ကျွန်ုပ်တို့ပြုမူလေမျှတို့ကိုသာမက တိတ်တဆိတ်ပြုမူသည့်အရာကိုပင် မြင်တော်မူ၏။ (ဟေဗြဲ ၄:၁၃) ကျွန်ုပ်တို့သည် လိင်စာရိတ္တယိုယွင်းမှုနှင့် ဤလောက၏ အခြားမသန့်ရှင်းသောအကျင့်အကြံများကို ကြဉ်ရှောင်သင့်၏။—၁ ကောရိန္သု ၆:၉-၁၁။
၄။ စိတ္တရေးသန့်ရှင်းမှု– ကျွန်ုပ်တို့၏စိတ်ကို သန့်ရှင်းစင်ကြယ်သောအတွေးအခေါ်များဖြင့် ဖြည့်စွက်ထားမည်ဆိုလျှင် ကျွန်ုပ်တို့၏အမူအကျင့်တို့သည်လည်း သန့်ရှင်းနေပေမည်။ (ဖိလိပ္ပိ ၄:၈) သို့ရာတွင် မသန့်ရှင်းသောအရာများကို တနုံ့နုံ့တွေးနေမည်ဆိုလျှင် ဆိုးညစ်သည့်လုပ်ရပ်များသာ ဖြစ်ပေါ်လာပေမည်။ (မဿဲ ၁၅:၁၈-၂၀) ကျွန်ုပ်တို့၏စိတ်ကို စွန်းထင်းစေနိုင်သည့် ဖျော်ဖြေရေးပုံစံများကို ကျွန်ုပ်တို့ရှောင်ကြဉ်သင့်၏။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို လေ့လာခြင်းအားဖြင့် သန့်ရှင်းသောအတွေးအခေါ်များနှင့် ကျွန်ုပ်တို့၏စိတ်ကို ဖြည့်ထားနိုင်ပေသည်။
၅။ ကာယရေးသန့်ရှင်းမှု– ခရစ်ယာန်များသည် ဘုရားသခင်အားကိုယ်စားပြုသူများဖြစ်ကြသောကြောင့် သူတို့၏ခန္ဓာကိုယ်နှင့် အဝတ်အစားများသည် သန့်ရှင်းစင်ကြယ်သင့်၏။ ကျွန်ုပ်တို့သည် အိမ်သာတက်ပြီးနောက် လက်ဆေးသင့်၏၊ အစာမစားမီ သို့မဟုတ် အစားအသောက်များကို မကိုင်မီ လက်ဆေးသင့်၏။ သင့်လျော်သည့် အညစ်အကြေးစွန့်စနစ်မရှိပါက အိမ်သာအညစ်အကြေးများကို မြေမြှုပ်သင့်၏။ (တရားဟောရာ ၂၃:၁၂၊ ၁၃) ကာယရေးသန့်ရှင်းမှုရှိခြင်းသည် ကျန်းမာစေ၏။ ခရစ်ယာန်တစ်ဦး၏အိမ်သည် အတွင်းအပြင် သပ်ရပ်သန့်ရှင်းသင့်၏။ ရပ်ကွက်တွင်ပုံသက်သေကောင်း တစ်ခုအဖြစ် ထင်ပေါ်သင့်၏။
၆။ သန့်ရှင်းသောအပြောအဆို– ဘုရားသခင့်ကျေးကျွန်များသည် အမြဲတမ်းအမှန်ကို ပြောဆိုရမည်။ လိမ်လည်သူများသည် ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံရကြ။ (ဧဖက် ၄:၂၅; ဗျာဒိတ် ၂၁:၈) ခရစ်ယာန်များသည် ညစ်ညမ်းသောစကားကို အသုံးမပြုကြချေ။ သူတို့သည် ညစ်ညမ်းသောပြက်လုံးများနှင့် မသန့်ရှင်းသောအဖြစ်အပျက်များကို ပြောလည်းမပြော နားလည်းမထောင်ကြချေ။ သူတို့၏သန့်ရှင်းသောအပြောအဆိုကြောင့် ကျောင်း သို့မဟုတ် အလုပ်နှင့် အိမ်နီးနားချင်းတို့တွင် အခြားသူများနှင့်မတူကြောင်းထင်ရှားသည်။—ဧဖက် ၄:၂၉၊ ၃၁; ၅:၃။
[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံ]
ဘုရားသခင့်ကျေးကျွန်များသည် ကဏ္ဍအသီးသီး၌ သန့်ရှင်းမှုရှိရမည်