သင်ခန်းစာ ၁၅
ဘုရားသခင့်အလိုတော်ကိုလုပ်ဆောင်ရန် အခြားသူများအားကူညီပေးခြင်း
သင်လေ့လာနေသည့် အရာများအကြောင်းကို အခြားသူများအား အဘယ်ကြောင့်ပြောပြရမည်နည်း။ (၁)
မည်သူနှင့် သတင်းကောင်းကို သင်ဝေမျှနိုင်မည်နည်း။ (၂)
သင့်ပြုမူနေထိုင်ပုံက အခြားသူများအပေါ် မည်သည့်အကျိုးသက်ရောက်နိုင်သနည်း။ (၂)
အသင်းတော်နှင့်အတူ မည်သည့်အချိန်၌ သင်ဟောပြောနိုင်မည်နည်း။ (၃)
၁။ ယခုဆိုလျှင် ကျမ်းစာထဲမှ ကောင်းသောအရာများစွာကို သင်သိရှိနေပေပြီ။ ဤအသိပညာက သင့်အား ခရစ်ယာန်ဥပဓိရုပ်ကို ပြုစုပျိုးထောင်ရန်အတွက် ဖြစ်စေသင့်ပြီ။ (ဧဖက် ၄:၂၂-၂၄) ထာဝရအသက်ရရှိနိုင်ရေးတွင် ယင်းကဲ့သို့သောအသိပညာသည် သင့်အတွက် မရှိမဖြစ်လိုအပ်လှ၏။ (ယောဟန် ၁၇:၃) သို့ရာတွင် အခြားသူများလည်း သတင်းကောင်းကို ကြားနာဖို့လိုအပ်၏၊ သို့မှသာ သူတို့ ကယ်တင်ခြင်းရရှိနိုင်မည်ဖြစ်သည်။ စစ်မှန်သောခရစ်ယာန်အားလုံးသည် အခြားသူများကို သက်သေခံရမည်။ ဤသည်မှာ ဘုရားသခင်၏အမိန့်တော်ဖြစ်၏။—ရောမ ၁၀:၁၀; ၁ ကောရိန္သု ၉:၁၆; ၁ တိမောသေ ၄:၁၆။
၂။ သင်လေ့လာနေသည့် ကောင်းသောအရာများကို သင့်အနီးအနားရှိသူများအားပြောပြခြင်းအားဖြင့် စတင်နိုင်သည်။ သင့်မိသားစု၊ မိတ်ဆွေများ၊ ကျောင်းနေဖက်များနှင့် အလုပ်ဖော်များကို ပြောပြပါ။ ထိုသို့ပြောဆိုရာတွင် ကြင်နာမှုနှင့် စိတ်ရှည်မှုတင်ပြပါ။ (၂ တိမောသေ ၂:၂၄၊ ၂၅) လူတို့သည် တစ်ဦးတစ်ယောက်ပြောဆိုရာများကို နားထောင်သည်ထက် ထိုသူ၏ပြုမူနေထိုင်ပုံကို ပို၍ကြည့်တတ်ကြောင်း သတိရပါ။ ထို့ကြောင့် သင့်ကောင်းသောပြုမူနေထိုင်ပုံသည် သတင်းစကားကို အခြားသူများနားထောင်လာအောင် ဆွဲဆောင်နိုင်သည်။—မဿဲ ၅:၁၆; ၁ ပေတရု ၃:၁၊ ၂၊ ၁၆။
၃။ အချိန်တန်သော် ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်နှင့်အတူ စတင်၍ဟောပြောရန် သင်အရည်အချင်းပြည့်မီလာပေမည်။ ယင်းသည် သင့်တိုးတက်မှုအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်၏။ (မဿဲ ၂၄:၁၄) အခြားသူတစ်ဦးကို ယေဟောဝါ၏ကျေးကျွန်ဖြစ်လာစေပြီး ထာဝရအသက်ရအောင် သင်ကူညီပေးနိုင်ခဲ့မည်ဆိုလျှင် မည်မျှပျော်ရွှင်ဖွယ်ဖြစ်မည်တကား!—၁ သက်သာလောနိတ် ၂:၁၉၊ ၂၀။